Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၇.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံကို နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ အလွန်စိတ်ဝင်စားလျက်ရှိ

(Scand Asia မှ 23 Feb 2012 ရက်စွဲပါ Overwhelming Interest in Burma/Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. ပထမအကြိမ် မြန်မာ- အိန္ဒိယ ခရီးရှည် ကားမောင်းပြိုင်ပွဲ မတ်လတွင် ကျင်းပမည်

(New Kerala မှ 26 Feb 2012 ရက်စွဲပါ “First Myanmar- India car rally in March” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မီဒီယာလွတ်လပ်ခွင့်အချို့၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့် တစ်စိတ်တစ်ပိုင်းဖြင့် နိုးထလာသော မြန်မာ

(The Guardian မှ 25 Feb 2012 ရက်စွဲပါ Mark Honigsbaum ရေးသားသော Burma awakes to glasnost: a (partly) free press and (some) freedom of expression ကို ဘာသာ ပြန်ဆိုသည်)

**************************************************************************************

မြန်မာနိုင်ငံကို နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ အလွန်အမင်းစိတ်ဝင်စား

(Scand Asia မှ 23 Feb 2012 ရက်စွဲပါ Overwhelming Interest in Burma/Myanmar ကို ဘာသာ ပြန်ဆိုသည်)

မကြာသေးခင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် ထိုင်း-ဒိန်းမတ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက နံနက်စာ တည်ခင်းဧည့်ခံရင်း ဆွေးနွေးပွဲတစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာ့အရေးကိစ္စနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ဧည့်သည်တော်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး HE Hemniti Winther တက်ရောက် အမှာစကား ပြောကြားခဲ့ရာ ဒိန်းမတ်နိုင်ငံသာမက ထိုင်း-ဆွီဒင်နိုင်ငံသားများ၊ ထိုင်း-နော်ဝေနိုင်ငံသားများ၊ ထိုင်း-ဖင်လန် စက်မှုလုပ်ငန်းရှင်များအပါအဝင် လူအမြောက်အများလည်း စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသည်။

ဘန်ကောက်မြို့ Grand Millennium Sukhumvit ခန်းမကြီး၌ ကျင်းပပြုလုပ်သော အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်းရှင် ၈၅ ဦးတိတိ တက်ရောက်ခဲ့ပြီး ပွင့်လင်းလာသော မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အလားအလာများနှင့် ပတ်သက်၍ စိတ်ပါဝင်စားစွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဒိန်းမတ်သံအမတ်ကြီး၏ အဆိုအရ မြန်မာနိုင်ငံသည် သဘာဝရင်းမြစ်များ လွန်စွာ ကြွယ်ဝ ချမ်းသာနေသည့်တိုင် အလွန်အမင်း ဆင်းရဲနွမ်းပါးသည့် အဆင့်တွင် ရှိနေသေးသည်။ သို့သော် ယမန်နှစ် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများ တိုးမြင့်နေရသည့် အကြောင်းများတွင် အလုပ်သမားလူတန်းစားအများစုမှာ ပညာတတ်များမဟုတ်သည့်တိုင် လုပ်အားခ လွန်စွာ ချိုသာသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှာ ဆယ်စုနှစ်တစ်ခုတာမျှ ပိတ်ထားခဲ့ရပေရာ လူငယ်များ၏ အင်္ဂလိပ်စာ ပြောဆိုနိုင်မှု စွမ်းရည်မှာ လူကြီးများလောက်ကောင်းမွန်မှုမရှိပေ။

သို့အတွက်ကြောင့် မြန်မာအစိုးရသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် ခြေလှမ်း အနည်းငယ်မျှသာ လှမ်းနိုင်ကြောင်း၊ ဥရောပ သမဂ္ဂ (အီးယူ) အနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးနေချိန်တွင် အမေရိကန်ပြည်ထောင်စု အနေဖြင့်လည်း များမကြာမီကာလအတွင်း ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးလာဖွယ်ရှိကြောင်း ဒိန်းမတ်နိုင်ငံသံအမတ်ကြီးကပြောသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ ရှင်းလင်းပြတ်သားမှုရှိသော ဥပဒေဆိုင်ရာမူဘောင်များ မရှိခြင်းပင်ဖြစ်သည်။ မြန်မာပြည်တွင် ဥပဒေဟူသောအကြောင်းအရာမှာ လစ်လပ်နေပြီး အချို့သော အနေအထားမျိုးတွင် ယင်းဥပဒေကို နားလည် သဘောပေါက်ရန် ခက်ခဲကြောင်း သံအမတ်ကြီးက သတိပေးပြောဆိုသည်။

ဤသို့သော အခြေအနေမျိုးတွင် မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာကြာမြင့်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဖြေရှင်းနိုင်ခြင်း ရှိ၊ မရှိဟူသောကိစ္စကို မေးခွန်းထုတ်သည်။ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခကိစ္စကို နိုင်ငံတကာမီဒီယာများက စိုးရိမ်တကြီး ရေးသားလျက်ရှိသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ယခုအခါ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ချိတ်ဆက်ရန် တံခါးဖွင့်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည် မြန်မာ၏ အိမ်နီးချင်းများဖြစ်သော ထိုင်း၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် အစရှိသည့် နိုင်ငံများနှင့်ထိစပ်နေသော နယ်နိမိတ်များကို သိမ်းပိုက်ထားကြသောကြောင့်ဖြစ်သည်။

အထက် ဖော်ပြပါ ဆွေးနွေးပွဲကို ဒိန်းမတ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း အမှုဆောင် ဒါရိုက်တာ Savija Korslund က ဖွင့်လှစ်ပေးခဲ့သည်။ မိန့်ခွန်းပြောဆိုမှုများပြုလုပ်ပြီး မကြာမီအချိန်ပိုင်း၌ ဒိန်းမတ်သံအမတ်ကြီး အနေဖြင့် အကဲဆတ်ပြီး ထူးခြားသော မေးခွန်းများစွာကို ရင်ဆိုင် ဖြေကြားခဲ့ရသည်။ နောက်ဆုံးတွင် ဒိန်းမတ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Peter Romhild က ဆွေးနွေးပွဲ အဆုံးသတ်ပေးရန် တိုက်တွန်းပြောဆိုပြီး သံအမတ်ကြီး Mikael H Winther ကို အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့သည်။

***************************************************************************

ပထမအကြိမ် မြန်မာ- အိန္ဒိယ ခရီးရှည် ကားမောင်းပြိုင်ပွဲ မတ်လတွင် ကျင်းပမည်

(New Kerala မှ 26 Feb 2012 ရက်စွဲပါ “First Myanmar- India car rally in March” သတင်းကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းတို့ကို အားပေး မြှင့်တင်ရန်အတွက် ပထမအကြိမ် မြန်မာ- အိန္ဒိယ ကားမောင်းပြိုင်ပွဲကို မတ်လတွင် ကျင်းပရန် စီစဉ်လျက်ရှိသည်။

အဆိုပါပြိုင်ပွဲကို အိန္ဒိယနိုင်ငံမှ နိုင်ငံတကာကုန်သွယ်ရေးဆိုင်ရာ အရှေ့မြောက်ပိုင်းအဖွဲ့ချုပ် (NEFIT) က ကမကထပြု ကျင်းပခြင်းဖြစ်ပြီး ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းညီလာခံ၏ အဝန်းအဝိုင်းတွင် ကျင်းပပြုလုပ်မည်ဟု သိရှိရသည်။

မတ်လ ၁၃ မှ ၂၁ အထိ ကျင်းပမည့် ဂူဝါဟာတီ- ရန်ကုန်- ဂူဝါဟာတီ ခရီးရှည် ကားပြိုင်ပွဲတွင် ကီလိုမီတာ ၅ဝဝဝ ခန့် မောင်းနှင်ကြမည်ဖြစ်ပြီး၊ မော်တော်ယာဉ် ၅၅စီးနှင့် ယာဉ်မောင်း ၂၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ကြမည်ဟု သိရှိရသည်။

**********************************************************

မီဒီယာလွတ်လပ်ခွင့်အချို့၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့် တစ်စိတ်တစ်ပိုင်းဖြင့် နိုးထလာသော မြန်မာ

(The Guardian မှ 25 Feb 2012 ရက်စွဲပါ Mark Honigsbaum ရေးသားသော Burma awakes to glasnost: a (partly) free press and (some) freedom of expression ကို ဘာသာ ပြန်ဆိုသည်)

ရန်ကုန်မြို့လယ်ရှိ စာအုပ်အဟောင်းရောင်းသော ဆိုင်တစ်ဆိုင်တွင် ဆိုင်ပိုင်ရှင် ဦးဌေးအောင်သည် ဒေါ်အောင်ဆန်းစုကြည်၏ Freedom from Fear စာအုပ်ကို ရောင်းဝယ်ရင်း အလုပ်ရှုပ်လျက်ရှိသည်။ အစိုးရ ဆန့်ကျင်ရေးစာများ ရေးသားသော ဂျော့အိုဝဲလ်(George Orwell) ၏ စာအုပ်များကိုလည်း ပြသထားသေးသည်။ ဦးသန့်မြင့်ဦး၏ The River of Lost Footsteps စာအုပ်ကိုလည်း ရောင်းချလျက်ရှိသည်။ "အရင်ကဆို အစိုးရ ဆန့်ကျင်ရေးလို့ ယူဆရတဲ့ စာအုပ်တွေကို နောက်ခန်းထဲမှာ ဝှက်ထားရတယ်။ အခုတော့ ရဲထောက်လှမ်းရေးတွေကို မကြောက်ရတော့ပါဘူး" ဟု ဦးဌေးအောင်က ပြောသည်။

ထိုနည်းတူစွာပင် မြန်မာနိုင်ငံတွင် အခြားမီဒီယာများအတွက်လည်း တဖြည်းဖြည်း လွတ်လပ်ခွင့်တိုး၍ ရလာပြီ ဖြစ်သည်။ သတင်းစာဆရာများသည် ဆယ်စုနှစ်ပေါင်းများစွာ ထောင်ကျမည်နှင့် ထိုထက်ဆိုးသော ပြစ်ဒဏ်များကို ကြောက်ရွံ့၍နေထိုင်ခဲ့ရသည်။ ကွန်ပြူတာ သို့မဟုတ် ဖက်စ်ကို ခွင့်ပြုချက်မရဘဲ ပိုင်ဆိုင်ခြင်းကို တားမြစ်ထားခဲ့သည်။ အင်တာနက် ဆက်သွယ်ရေးကိုလည်း တင်းကျပ်စွာ ထိန်းချုပ်ထားခဲ့သည်။ တရားဝင်အားဖြင့် အဆိုပါ ကန့်သတ်ချက်များမှာ ရှိနေဆဲဖြစ်သော်လည်း လက်တွေ့တွင်မူ အစိုးရသည် ဆင်ဆာစည်းမျဉ်းများကို ဖြေလျော့ပေးလျက် ရှိသည်။ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် တံခါးဖွင့်ပေးခြင်း (Burmese glasnost) ပင် ဖြစ်သည်။

ထိုသို့ လွတ်လပ်ခွင့်ပေးလာခြင်းအတွက် မြင်သာသော လက္ခဏာမှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံများ နေရာအနှံ့တွင် တွေ့နေရခြင်းပင် ဖြစ်သည်။ သူမနေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ကာလက သူမ၏ ဓာတ်ပုံ ပုံနှိပ်ထုတ်ဝေခြင်းမှာ တရားမဝင် လုပ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ ယခုအခါ ကြားဖြတ်ရွေးကောက်ပွဲများ နီးကပ်လာသည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသော တီရှပ်များ ရန်ကုန်မြို့လမ်းများပေါ်တွင် လွတ်လပ်စွာ ရောင်းချနေပြီး ပုဂ္ဂလိကသတင်းစာစောင်များတွင် မျက်နှာဖုံး၌ သူမ၏ ပုံမပါသော ရက်သတ္တပတ်ဟူ၍ မရှိပေ။

မတ်လတွင် ဦးသိန်းစိန်၏အစိုးရသည် နိုင်ငံရေးပါတီများအား အသံလွှင့်စည်းရုံးခွင့် ပေးမည်ဖြစ်သည်။ နောက်ဆုံး အသံမလွှင့်မီ ထုတ်လွှင့်မည့် အကြောင်းအရာကို ပြန်ကြားရေးဝန်ကြီးဌာန ဆင်ဆာသို့ တင်ပြရမည် ဖြစ်သည်။

ထိုနေရာသည် အဓိကနေရာဖြစ်သည်။ မြန်မာ့နိုင်ငံရေး ကြေးမုံပြင်တွင် ခွင့်ပြုသောကိစ္စ၊ ခွင့်မပြုသော ကိစ္စများကို စဉ်းစားရသည်မှာ မှန်းဆရသော ကစားပွဲ (Guessing Game) တစ်ခုသဖွယ်ဖြစ်နေသည်။ "ကန့်သတ်တဲ့ မျဉ်းက အဆက်မပြတ်ကို ပြောင်းနေပါတယ်" ဟု မြန်မာတိုင်းမ်ဂျာနယ်မှ ပြောရေးဆိုခွင့်ရှိသူ အယ်ဒီတာတစ်ဦးက ပြောသည်။ "လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရေးခွင့်ရမယ်လို့ စဉ်းတောင် မစဉ်းစားမိခဲ့တဲ့ ဆောင်းပါးတွေ ပုံနှိပ်ဖော်ပြခွင့် ရနေပါပြီ" ဟု ယင်းက ဆက်လက်ပြောသည်။ သို့သော် နည်းအမျိုးမျိုးဖြင့် အဖြေထုတ်နေဆဲ ကာလသာဖြစ်နေဆဲ ဖြစ်ပြီး သေချာသည့်နည်းမှာ ဆင်ဆာသို့ တင်ပြလိုက်ပြီး ခွင့်ပြုချက်ရမှသာ ပြီးစီးကြောင်း ၎င်းက ရှင်းပြသည်။

အပတ်စဉ်တိုင်း မြန်မာတိုင်းမ်အပါအဝင် ပုဂ္ဂလိကအပတ်စဉ် စာစောင်များသည် မထုတ်ဝေမီ နှစ်ရက် ကြိုတင်၍ အစိုးရစာပေစိစစ်ရေးဌာနသို့ တင်ပြကြရသည်။ (အစိုးရသတင်းစာများသာ နေ့စဉ်ထုတ်ဝေခွင့် ရကြသည်) စာပေစိစစ်ရေးတွင် အစိုးရက ဆိုသော "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ" ကို ဆန့်ကျင်သည်ဟု ယူဆသော ဆောင်းပါးများကို စာပိုဒ်များသော်လည်းကောင်း၊ တစ်ခါတစ်ရံ တစ်ပုဒ်လုံးသော်လည်းကောင်း ပယ်ခဲ့သည်။ ယခင်က ဆင်ဆာသည် တစ်ပတ်လျှင် ဆောင်းပါးဆယ်ပုဒ်ခန့် ပိတ်ခဲ့သော်လည်း ယခုအခါ တစ်ပတ်လျှင် ပျမ်းမျှ သုံးပုဒ်ခန့်သာ ပိတ်တော့သည်။

သို့ရာတွင် အချို့အကြောင်းအရာများမျာ ရေးခွင့်မရဘဲ ပိတ်ပင်ခံထားရဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ရန်ကုန်ရှိ တရုတ်နိုင်ငံသားပိုင်စက်ရုံ ဆန္ဒပြမှုကို ရေးသားခွင့် မပြုဟု မြန်မာတိုင်းမ်က ပြောသည်။ ထို့အတူ မြေယာပြုပြင်ပြောင်းလဲရေး ကိစ္စများလည်း ရေးခွင့်မရှိသေးပေ။

စာပေစိစစ်ရေးမှ နောက်ထပ်ခွင့်မပြုသော ဆောင်းပါးမှာ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ဆောင်းပါး ဖြစ်သည်။ ယင်းဆောင်းပါးသည် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္တုပ္ပတ္တိရုပ်ရှင်အစီအစဉ်အောကာင်း မည်သူ့ကိုမျှ ထိခိုက်ခြင်းမရှိဟု ယူဆရသော ဆောင်းပါးဖြစ်သည်။ ဆောင်းပါးတွင် မင်းကိုနိုင်က ဗိုလ်ချုပ်၏ တက္ကသိုလ် ကျောင်းသားဘဝတွင် မပါမဖြစ်သော ကျောင်းသားသမဂ္ဂ အဆောက်အဦးနှင့် ကျောင်းသားသမဂ္ဂအလံကို ထည့်သွင်း ရိုက်ကူးရေး ဖော်ပြထားသည်။ သမဂ္ဂအလံမှာ ကြယ်ဖြူနှင့် ရွှေရောင် ဒေါင်းရုပ်တို့ ဖြစ်ရာ ကြယ်ဖြူမှာ စစ်တပ်၏ သင်္ကေတဖြစ်နေရာ ဆင်ဆာက ထိုအချက်ကြောင့် ပယ်ခဲ့ခြင်း ဖြစ်ပုံရသည်။

နောက်ထပ် မတို့မထိရသော အကြောင်းအရာများမှာ တိုင်းရင်းသား ပဋိပက္ခများအကြောင်းနှင့် စစ်တပ်၏ အဓမ္မလုပ်အားပေး စေခိုင်းခြင်း ကိစ္စများ ဖြစ်သည်။ ထပ်မံ၍ အာဏာပိုင်များသည် သတင်းစာဆရာများအား ကချင်နှင့် အခြားပဋိပက္ခ ဖြစ်နေသော ဒေသများသို့ သွားရောက်ခြင်းကို ခွင့်မပြုဘဲ ထိုဒေသတွင် ကျူးလွန်မှုများအား သတင်းရေးသားခြင်း မပြုနိုင်အောင် တားဆီးထားသည်။ သို့သော်မြန်မာအများစုက ဆယ်စုနှစ်များစွာ အထီးကျန်နေခဲ့ရပြီး ယခုတံခါးဖွင့်ပေးခြင်း အသစ်များသည် ခဏသာ လုပ်ဆောင်ခြင်းမဟုတ်တော့ဘဲ နောက်သို့ ပြန်လှည့်လိမ့်မည်မဟုတ်ဟု သတိထား၍ အကောင်းမြင်လျက် ရှိသည်။ ပြဿနာမှာ ယခုပြောင်းလဲခြင်းများသည် ဥပဒေဖြင့် အခိုင်အမာဖြစ်တည်ခြင်း မရှိသေးဘဲ ဆန္ဒပြမှုအသစ်များ ဖြစ်ပေါ်ပြီး အစိုးရကလည်း ယခင်လုပ်ရပ်ဟောင်းများသို့ ပြန်လှည့်မသွားနိုင်ဆိုသည်ကို မည်သူမျှ အာမခံနိုင်ခြင်း မရှိပေ။

ထို့ကြောင့် မြန်မာအများစုက အမှန်တကယ်စမ်းသပ်မှုသည် ယခုနှစ်နှောင်းပိုင်း မီဒီယာဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးကြသည့်အခါ ထွက်ပေါ်လာမည်ဟု ယုံကြည်လျက်ရှိသည်။ ဥပဒေကြမ်းကို တွေ့မြင်ခဲ့ရသူ တစ်ဦး၏ အဆိုအရ ဥပဒေတွင် စာပေစိစစ်ရေးကို မထားရှိတော့ဘဲ ယင်းအစား ဒေသတွင်း အိမ်နီးချင်းနိုင်ငံများရှိ သတင်းစာဥပဒေ (Press Code)နှင့် အစားထိုးမည်ဖြစ်သည်ဟု သိရသည်။ ဥပဒေတွင် အမှန်တကယ် လွတ်လပ်သော သတင်းလွတ်လပ်ခွင့်ပေးထားပြီး အနာဂတ်တွင် ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာကို ခွင့်ပြုထားသည်။

ဆင်ဆာများ ဖြေလျော့ပေးခြင်းသည် အပြကောင်းရုံ သက်သက်မဟုတ်ဟု သက်သေ ပြသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနသည် ယင်း၏ ဝန်ထမ်းများအား လူထုဆက်သွယ်ရေး အနုပညာကို လေ့ကျင့်ပေးရေးအတွက် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲများတွင် သတင်းစာဆရာများကို ဖိတ်ကြားခဲ့သည်။ အစိုးရဆင်ဆာ ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ် ဦးတင့်ဆွေက ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံကြောင်း ပြောကြားနေချိန်တွင် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ရန်လိုသောသဘောဖြင့် သတင်းစာဆရာများအား အန္တရာယ်ရှိသော ပုရွက်ဆိတ်နီများ အဖြစ် ဖော်ပြခဲ့သည်။

ယခုအချိန်ထိမူ အနည်းဆုံးအားဖြင့် မြန်မာနိုင်ငံသည် သူ့နည်း သူ့ဟန်ဖြင့် တံခါးဖွင့်မှုမှာ ပုံပေါ်လာပြီ ဖြစ်သည်။ လွန်ခဲ့သည့် ၉ ရက်က ဒေါ်အောင်ဆန်းစုကြည် မြစ်ဝကျွန်းပေါ်သို့ ရွေးကောက်ပွဲအတွက် ခရီးထွက်ရာ သူမအား ထောက်ခံသော လူအုပ်ကြီးက သူမ၏ရုပ်ပုံပါသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။ သူမ စင်မြင့်ပေါ်သို့ တက်သည်နှင့် လူအုပ်ကြီးက မြန်မာနိုင်ငံတော်သီချင်းကို ပြိုင်တူရွတ်ဆိုကြရာ အမှန်ပင် စိတ်လှုပ်ရှားရသည်။ သူမက "ဆင်းရဲမွဲတေမှုလျှော့ချရေး" "လူမှုရေးတရားမျှတရေး" နှင့် "တရားဥပဒေစိုးမိုးရေး" တို့ကို ပြောကြားခဲ့ရာ မြန်မာနိုင်ငံတွင် ထိုစကားလုံးများ မကြားရသည်မှာ ကြာပြီဖြစ်သည်။

ထိုရက်သတ္တပတ်တွင် မြန်မာပို့စ်သည် မျက်နှာဖုံးတွင် ဒေါ်အောင်ဆန်းစုကြည်ပုံ ဖော်ပြ၍ သူမ၏မိန့်ခွန်း ကောက်နုတ်ချက်များနှင့်တကွ အသေးစိတ် သတင်းရေးခဲ့သည်။ အစိုးရ၏ တရားဝင် ပြောရေးဆိုခွင့် ဟုဆိုအပ်သော The New Light of Myanmar က မသိကျိုးကျွန် ပြုခဲ့သည်။ မြစ်ဝကျွန်းပေါ်တွင် ထိုနေ့က ကြက်သီးထခဲ့ရသည့်ဖြစ်ရပ်မှာ စာရေးသူက တက်ရောက်လာသူအချို့ကို ဓာတ်ပုံရိုက်ခဲ့ရာ "ကျွန်တော်တို့ သိပ်ပျော်တယ်။ ကမ္ဘာကြီးကို ပြောပေးပါ။ ကျွန်တော်တို့ လွတ်လပ်နေပြီလို့" ဟု ယင်းတို့က ဆိုခဲ့ကြသည့်ဖြစ်ရပ် ဖြစ်သည်။ စာရေးသူက ပြောပေးမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ အမှန်တကယ် လွတ်လပ်ခြင်း ဟုတ်မဟုတ် ဆိုသည်ကိုမူ အချိန်က စကားပြောလိမ့်မည် ဖြစ်သည်။

********************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment