Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၇.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံသည်  နာမည်ဆိုးဖြင့်ကျော်ကြားသည့် နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက (အထူးသဖြင့် အနောက်အုပ်စုဝင်နိုင်ငံများ) သတ်မှတ်ခြင်းခံခဲ့ရရာမှ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကြီးအပြီး ပေါ်ထွန်းလာသော နိုင်ငံရေးဖြစ်စဉ်သစ်တွင် ထင်မှတ်မထားသော အပြုသဘော ဆောင် ပြောင်းလဲမှုများ ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရသည်။ ကမ္ဘာ့ နိုင်ငံရေးအခြေအနေများလည်း ပြောင်းလဲမှုရှိနေသည်၊ ကမ္ဘာ့စီးပွားရေးတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယခင်ရာစုနှစ်ထက် ပိုမို ပေါင်းစည်း၍လာနေသည်ကို သဘောပေါက် နားလည်လာကြသော လက်ရှိ နိုင်ငံတော်ခေါင်းဆောင် များသည် နောက်ကျနေပြီ၊ ပြောင်းလဲမှဖြစ်တော့မည်ဟူသောအသိ ရှိလာနေပြီ။ ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူအကျိုး ရှေ့တန်းမတင်၊ ပွင့်လင်းမြင်သာ မှုမရှိခဲ့သော မြန်မာအစိုးရအဆက်ဆက်ကို ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရသော မျိုးဆက်များကလည်း အယုံအကြည်မရှိခဲ့ပါ။ မြန်မာပြည်သူများအ တွက် အပြောင်းအလဲဟူသည်မှာ ဆင်ခြင်တုံတရားထက် အိမ်မက်ထဲတွင်တောင် ထည့်မက်လို့မရခဲ့သည့် အခြေအနေမျိုးဖြစ်ခဲ့ရသည်။ ယခုအခါတွင်တော့ အစိုးရရော၊ ပြည်သူများပါ မလိုလားအပ်သည့် အမွေဆိုးကြီးတစ်ခုကို ပိုင်ဆိုင်လျက်သား ရှိနေသည်။ ဦးသိန်းစိန် အစိုးရအနေဖြင့် ယခင် အစိုးရ၏ နိုင်ငံတ ကာအသိုင်းအဝိုင်းတွင်ရော၊ ပြည်သူများကြားတွင်ပါ တရားဝင်မှုမရှိသည့် လုပ်ရပ်များကို အပေါင်းလက္ခဏာဆောင်သည့် လုပ်ရပ်များဖြင့် ခြေဖျက်နေရသ လို ပြည်သူများသည်လည်း အစိုးရသစ်၏ မှန်ကန်သော လုပ်ဆောင်ချက်များကို တစ်ခွန်းတစ်စ ချီးကျူးထောက်ခံခြင်းထက် ဒီမိုကရေစီ အတိုက်အခံများ ၏ စကားတစ်ခွန်းအပေါ် အသည်းခိုက်အောင် အားပေးနေသည်။ ထိုအခြေအနေမျိုးကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ဆူးခင်းလမ်းဖြစ် မည်လော၊ ပန်းခင်းလမ်းဖြစ်မည်လော ဟူသည်ကို ခွဲခြားသုံးသပ်ဖို့ရန် လိုအပ်လာပါသည်။

ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်တွင် အာဏာဗဟိုချက်ဆိုတာ မရှိဟု သိထားလျှင်ပင် ပြည်သူများမှာ မိမိတို့၏ အရိုးစွဲမှတ်သားထားပြီးဖြစ်သော အာ ဏာမှာ အကန့်အသတ်ဖြင့်သာ ဟူသောအသိကို ပြန်လည်ဆင်ခြင် စဉ်စားနိုင်ပြီ။ ဒီလိုအသိရှိဖို့ရန်မှာလည်း စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာ၏ ပါဝင်လှုပ်ရှားမှုမှာလည်း အရေးပါသည်။ ယခု ကျွန်တော်တို့မီဒီယာမှာ အချုပ်အခြာအာဏာသုံးရပ် ပိုင်းပိုင်းခြားခြား ကျင့်သုံးမှု မှန်ကန်လာအောင် နိုင်ငံ တော်ကို လမ်းပြပေးဖို့ လိုအပ်နေသေးသလို တစ်သီးတစ်ခြားဖြင့် အပြန်အလှန် ထိန်းကျောင်းမှုရှိသည့် စနစ်ဖြစ်သည်ကိုလည်း ပြည်သူများအား ထိထိ ရောက်ရောက် အသိမပေးနိုင်သေးပါ။ စီးပွားရေးကြောင့်လား၊ ဘက်လိုက်မှုကြောင့်လားမသိ၊ လွှတ်တော်တွင် အရေးကြီးသည့် ဥပဒေကြမ်းများ အတည် ပြုမှုထက် အတိုက်အခံများ၏ လှုပ်ရှားမှုများကို ပိုမို အသားပေးဖော်ပြနေကြသည်။ ပြည်သူများမှာ နှစ်ပေါင်းများစွာ နိုင်ငံအတွက် ပေးဆပ်ခဲ့ရသည့် နိုင်ငံ ရေးသမားများကို ဂရုဏာတရားဖြင့် ပိုမို စိတ်ဝင်စားမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သူတို့၏ လှုပ်ရှားမှုများကို ပြည့်ပြည့်စုံစုံ ဖော်ပြအပ်ပါသည်။ သို့သော် ဒီမို ကရေစီဆိုသည်မှာ အထက်ကဆိုခဲ့သလို အာဏာကို မည်သည့် တစ်ဦးတစ်ယောက်ထဲ၊ တစ်ပါတီထဲတွင်မရှိ၊ “ဗုံလုံတစ်လှည့်၊ ငါးပြန်တစ်လှည့်” ဖြစ်သင့် သည်ဟူသော အသိကို ပြည်သူများကို တင်ပြဖို့ မီဒီယာသမားများ၏ အဓိက တာဝန်ပင်ဖြစ်သည်။

အာဏာဗဟိုချက် မရှိတော့ဟု ဆိုလိုက်သည်နှင့် တစ်ခုမကရှိနိုင်သော အာဏာဗဟိုများ နိုင်ငံရေးဖြစ်စဉ်သစ်တွင် ကျိန်းသေပေါက် ရှိနေတော့ မည်။ ယခုလွှတ်တော်နှင့် အစိုးရအဖွဲ့တို့ကြား ဖြစ်ပေါ်နေသော နိုင်ငံရေးမှာလည်း ယင်းအချက်ကို သက်သေပြနေသည်။ လွှတ်တော်တွင် ဝန်ထမ်းများ လ စာတိုးရေးအတွက် ကန့်ကွက်သူမရှိသည့်အဆိုကို အစိုးရမှ မလိုက်လျှောနိုင်၊ အစိုးရမှ တင်သွင်းသော ဘတ်ဂျက်ရေးရာ ဥပဒေကြမ်းများတွင် မလိုအပ် သည့် စီမံကိန်းများကို လျော့ချ ဖြတ်တောက်ရန် လွှတ်တော်မှ အပြန်အလှန် ထိန်းကျောင်း ကွပ်ကွဲမှုများ ပြုလုပ်နေသည်။ ဘတ်ဂျက်ဖြစ်စဉ်တွင် နိုင်ငံရေး ဆုံးဖြတ်ချက် ခံယူရာ၌ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင်နှစ်ရပ်ကြား အလျော့အတင်း အပေးအယူများဖြင့် ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ရသည်မှာ ဒီမို ကရေစီနိုင်ငံတိုင်းလိုလို ကြုံတွေ့ရမြဲဖြစ်သည်။ နောက်ထပ်နောက်ထပ်သော အစိုးရသစ်၏ လုပ်ဆောင်ချက်များနှင့် လွှတ်တော်၏ ထိန်းကျောင်းမှုများ၊ တိုက်တွန်းမှုများတွင် အသစ်အသစ်သော မူဝါဒဆိုင်ရာ လွန်ဆွဲပွဲများ ကြုံလာဦးမည် ဖြစ်သည်။ ဤသည်မှာ ဒီမိုကရေစီ နိုင်ငံရေးဖြစ်စဉ်၏ သဘာဝပင် ဖြစ်သည်။

ပညာရှင်များကြားတွင်ရော၊ ခေါင်းဆောင်များကြားတွင်ပါ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပုံသဏ္ဍန်နှစ်မျိုးဖြင့် သုံးသပ်ကြသည်၊ လက်တွေ့ လုပ်ဆောင်ကြသည်။ ဆိုဗီယက်ယူနီယံကြီးကို အသွင်ကူးပြောင်းစဉ်က ဆိုဗီယက်ခေါင်းဆောင် ဂိုဗာချော့(စ်)မှ ဖော်ထုတ်ခဲ့သည့် အယူအဆ ဖြစ်ပါသည်။ တစ်ခုမှာ ပွင့်လင်းမြင်သာမှုဖြစ်ပြီး ကျန်တစ်ခုမှာ ပြုပြင်ပြောင်းလဲရေးဖြစ်သည်။ ဘယ်ဟာအရင်လုပ်ရမည်နည်း။ ဂိုဗာချော့(စ်)ကတော့ ပြုပြင်ပြောင်း လဲ ရေးကို ရွေးခဲ့သည်၊ ရလဒ်အားဖြင့်တော့ ဆိုဗီယက်ယူနီယံကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့သည်။ ပွင့်လင်းမြင်သာမှု မရှိသည့်အခါ ပြုပြင်ပြောင်းလဲ မှုများသည် ကန့်လန်ကာနောက်ကွယ်က ပြဇတ်တစ်ပုဒ်လို ပြောင်းတော့ပြောင်းနေသည်။ ဘာလုပ်နေမှန်းတော့မသိ။ ပြောင်းတာနှေးလွန်းရင်လည်း ထိ ရောက်မှုနည်းကာ မယုံကြည်မှုများ တိုးလာနိုင်သလို ပြောင်းတာမြန်လွန်းရင်လည်း မနိုင်မနင်းဖြစ်ကာ နိုင်ငံရေးသွက်ချာပါဒလည်း ဖြစ်သွားနိုင်သည်။ ပွင့် လင်းမြင်သာမှုမရှိလျှင် ပြုပြင်ပြောင်းလဲရေးမဖြစ်နိုင်၊ ပွင့်လင်း မြင်သာမှုမရှိသည့် ပြုပြင်ပြောင်းလဲရေးမှာလည်း မအောင်မြင်နိုင်၊ ယင်းနှစ်ခုမှာ တစ်ပြိုင် နက်တည်း သွားရမည်သာ ဖြစ်သည်။ အရမ်းကာရောကြီး သွားလို့လည်းမဖြစ်။ မြန်မာနိုင်ငံအပြောင်းအလဲမှာ အစားထိုး ပြောင်းလဲသွားခြင်းထက် လက် ဆင့်ကမ်း အသွင်ကူးပြောင်းသွားသည့် အနေအထားဖြစ်သည်ကို သတိချပ်သင့်သည်။ အကျိုးစီးပွားများ ချည်နှောင်ထားသေးသည်ကို ပါးနပ်စွာ အသိရှိ လျှင် စာဖတ်ပြီး အေးဆေးစွာ အနားယူနေသော တပ်ချုပ်ဟောင်းကြီးလည်း ဘယ်တော့မှ နိုင်ငံရေးဖြစ်စဉ်ထဲ ပြန်ဝင်လာနိုင်မည်မဟုတ်။ “မလျှော့ မတင်း စောင်းကြိုးညှိသကဲ့သို့” ကျင့်ကြံနိုင်ဖို့မှာ အားလုံးပါဝင်နေသည့် နိုင်ငံရေးတွင် ပါဝင်နေသော နိုင်ငံရေး Players အားလုံး၏ တာဝန်ဖြစ်ပါသည်။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment