Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၉.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာကို ဂျပန် ငွေပြန်ချေးတော့မည်

(The Japan Times မှ 29 Feb 2012 ရက်စွဲပါ “Yen loans for Myanmar to resume” သတင်းကို ဘာသာပြန်သည်)

  1. မြန်မာ့ပြောင်းလဲမှုများ မည်မျှ ဝေးဝေးသွားမည်နည်း

(NPR မှ 28 Feb 2012 ရက်စွဲပါ Anthony Khun ရေးသားသော How far will the changes in Myanmar go? ကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************

မြန်မာကို ဂျပန် ငွေပြန်ချေးတော့မည်

(The Japan Times မှ 29 Feb 2012 ရက်စွဲပါ “Yen loans for Myanmar to resume” သတင်းကို ဘာသာပြန်သည်)

ကာလကြာရှည် အပယ်ခံ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို ကူညီရန်အတွက် ၁၉၈၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ပြန်လည် ငွေချေးမှု စတင်ရန် ဂျပန်အစိုးရက စီစဉ်နေသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရိုဂင်းဘက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

“မြန်မာအစိုးရက လုပ်နေတဲ့ ဒီမိုကရေစီကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ တကယ် ဟုတ်တယ်လို့ ကျွန်တော်ခံစားမိပါတယ်။ ကောင်းတဲ့ဘက်ကို ရောက်လာတဲ့ မြန်မာအစိုးရရဲ့ ခြေလှမ်းတွေ ဆက်လက်အရှိန်ရနေဖို့အတွက် အခြေခံအဆောက်အဦးတွေကို ပုံအောတည်ဆောက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီအတွက် ချေးငွေအစီအစဉ် ပြန်လည်စတင်ဖို့ လိုအပ်နေပါတယ်” ဟု ဂင်းဘက တိုကျိုတွင် ထုတ်ပြန်ကြေညာသည်။

                “အရင် နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနဲ့ ဖိနှိပ်ခဲ့ပြီးနောက်မှာ လတ်တလော ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး ဆက်တိုက်တိုးတက်မှုရှိနေတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကူညီတဲ့နေရာမှာ ဂျပန်နိုင်ငံက ဦးဆောင်ကဏ္ဍကနေ ပါဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဂင်းဘက ပြောကြားသည်။

လာမည့် ဧပြီ ၂၁ ရက် တိုကျိုတွင် ကျင်းပမည့် ဂျပန်- မဲခေါင် ထိပ်သီးညီလာခံ၏ အဝန်းအဝိုင်းတွင် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါနှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမည့်အချိန်၌ မြန်မာနိုင်ငံအား ငွေပြန်ချေးမည့် အစီအစဉ်ကို တရားဝင်ကြေညာမည်ဟု ဂင်းဘက အသိပေး ပြောဆိုသွားသည်။

*************************************************************

မြန်မာ့ပြောင်းလဲမှုများ မည်မျှ ဝေးဝေးသွားမည်နည်း

(NPR မှ 28 Feb 2012 ရက်စွဲပါ Anthony Khun ရေးသားသော How far will the changes in Myanmar go? ကို ဘာသာ ပြန်ဆိုသည်)

တစ်ချိန်က နိုင်ငံတကာက အထီးကျန်ပစ်ထားခဲ့သော ဖိနှပ်သော စစ်အစိုးရ၏ မြန်မာနိုင်ငံသည် မကြာသေးမီ လများအတွင်း အရှေ့တောင် အာရှတွင် ရေပန်းအစားဆုံးနိုင်ငံတစ်ခုဖြစ်လာသည်။

ပြီးခဲ့သည့်နှစ်က အမည်ခံအရပ်သားအစိုးရသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြောင်းလဲမှုများပြုလုပ်ခဲ့သည်။ ယခုအခါ နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများနှင့် ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့ အလုံးအရင်းနှင့် သွားရောက်နေကြပြီး၊ နိုင်ငံခြားအစိုးရများသည် ၎င်းတို့၏ အရေးယူမှုများကို ရုန်သိမ်းရန် စဉ်းစားလျက်ရှိသည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများသည် အာရပ်ကမ္ဘာကို တုန်လှုပ်စေခဲ့သော အာရပ်နွေဦးနှင့် သိသာစွာခြားနားပြီး အပေါ်ပိုင်းမှ စတင်သော ပြောင်းလဲမှု(From the top down) ဖြစ်သည်။ သို့သော် အရေးပါသော မေးခွန်းများအတွက် အဖြေ မထွက်သေးပေ။ ယခုပြောင်းလဲမှုများမှာ ကံသေကံမ သေချာပြီဟု ရှင်းရှင်းလင်းလင်း မသိနိုင်သေးပေ။

၂၀၀၈ အခြေခံဥပေဒသည် ပြည်သူ့လွှတ်တော်ကို ဖြစ်ပေါ်စေခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ် ပြည်သူ့လွှတ်တော် မပေါ်ပေါက်မီက ဗိုလ်ချုပ်များ ပါးစပ်မှ ပြောသမျှသည်သာ ဥပဒေဖြစ်ခဲ့ရသည်။

ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် စောငြိမ်းသင်က ပြောကြားရာတွင် လွှတ်တော်သည် သက်တမ်း နုနယ်သေးပြီး ခရီးရှည်ကြီး သွားရဦးမည်ဟု ဆိုသည်။ “ဒီလွှတ်တော်က ထိထိရောက်ရောက် ဥပဒေပြုနိုင်ဖို့ အားမကောင်းသေးပါဘူး။ သက်တမ်းနုပါသေးတယ်။ ဒါပေမယ့် တဖြည်းဖြည်းတော့ သူ့လုပ်ငန်းတာဝန် ထမ်းဆောင်နိုင်တဲ့ စွမ်းအားတွေ ရလာပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

သို့သော် လွှတ်တော်တွင် အာဏာရပါတီနှင့် စစ်တပ်မှ ၈၀%ကျော် လွှမ်းမိုးထားသည်ဆိုသော်လည်း ဆန္ဒပြမှုများနှင့် အလုပ်သမားသမဂ္ဂများ တရားဝင်အောင် ဥပဒေအတည်ပြုနိုင်ခဲ့သည်။ ယခုအခါ မီဒီယာဥပဒေကြမ်းကို ပြုစုနေပြီဖြစ်သည်။ ထို့အပြင် ပိုမိုကြီးမားသော ပြောင်းလဲမှုများလည်း ရှိပေလိမ့်ဦးမည်၊ ယခုဧပြီလ ၁ ရက်ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်အသစ်များ (၄၈)နေရာ ရွေးချယ်မည်ဖြစ်ရာ ၎င်းထဲမှ တစ်ဦးသည် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာမည်ဖြစ်သည်။

အစိုးရသည် ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့လာသူများကို ခွင့်ပြုရန် စဉ်းစားလျက်ရှိပြီး၊ ရွေးကောက်ပွဲတွင် အစစ်အမှန် ဖြစ်ရမည်ဖြစ်ကြောင်း ကတိများ ပေးခဲ့သည်။ ယခင်စစ်အစိုးရ လက်ထက်က နံပါတ်သုံးခေါင်းဆောင် ဗိုလ်ချုပ်ကြီးဖြစ်ခဲ့သူ ဦးရွှေမန်းက လာမည့် ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတပြီး အများလက်ခံလိမ့်မည် ဖြစ်ကြောင်း နိုင်ငံခြားနှင့် မြန်မာ သတင်းထောက်များအား ပြောကြားခဲ့သည်။

ဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲရေးသမားများ၏ ခေါင်းဆောင်သဖွယ် ထွက်ပေါ်လာသူ ဖြစ်သည်။ အစိုးရ အသစ်ရော၊ အဟောင်းရောမှ ခေါင်းဆောင်များနှင့် တွေ့ဘူးသူ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ပြောကြားရာတွင် ဗိုလ်ချုပ်များသည် ယူနီဖောင်း ချွတ်ခဲ့သော်လည်း ၎င်းတို့၏ နိုင်ငံရေး အမြင်ဟောင်းများ၏ အရိပ်က ထိုးနေဆဲဖြစ်ကြောင်း ဆိုခဲ့သည်။ “သူတို့ဟာ ပြင်ပ အသွင်အပြင်မှာသာမက အတွေးအခေါ်များတွင်ပါ အာဏာရှင်ဆန်ဆန်၊ စစ်သားဆန်ဆန် လုပ်ဆောင်တွေးခေါ်မှုတွေ ရှိနေပါတယ်” ဟု ၎င်းက အကဲခတ်သည်။ “ဒါပေမယ့် အခုတော့ သူတို့ဟာ အားပေးစရာမလိုပဲ၊ အရင်က လုပ်ခွင့်ပြောခွင့်မရတဲ့ ကိစ္စတွေကို စတင် လုပ်ဆောင်လာကြပါတယ်” ဟု ၎င်းက ပြောသည်။

ဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့သည် ယခင်စစ်အစိုးရ၏ လက်ထက်က လူသိမခံဝံ့သော လစ်ဘရယ်သမားများ ဖြစ်လိမ့်မည်ဟု အယူအဆတစ်ခုက ဆိုသည်။ ၎င်းအယူအဆမှာ အစိုးရနှင့် အတိုက်အခံပါတီများကြား၊ ကြားဝင်ညှိနှိုင်းရန် ကြိုးစားနေသော လူထုအခြေပြုအဖွဲ့တစ်ခုဖြစ်သော Myanmar Egress မှ ဒုက္ကဋ္ဌဦးလှမောင်ရွှေ၏ အယူအဆဖြစ်သည်။

“အဲဒီအချိန်တုန်းက ဒီပြုပြင်ပြောင်းလဲရေး ဝါဒီတွေဟ နိုင်ငံကို ပြောင်းလဲလိုတဲ့ ဆန္ဒရှိခဲ့မှာပါပဲ။ ဒါပေမယ့် အဲဒီအချိန်က နိုင်ငံရေးစနစ်အရ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ အခုသူတို့လုပ်နိုင်တဲ့ အာဏာရှိလတော့ စလုပ်တဲ့သဘောပါပဲ”ဟု ၎င်းက ပြောသည်။

ရန်ကုန်တွင် ဝါရင့်သတင်းစာဆရာ သီဟစောက ပြောကြားရာတွင် မြန်မာခေါင်းဆောင်တွေ အိမ်နီးချင်း နိုင်ငံတွေကို ခရီးသွားတော့၊ ဒေသတွင်းမှာ မြန်မာနိုင်ငံဘယ်လောက်နောက်ကျကျန်ခဲ့တယ်ဆိုတယ်ရယ်၊ တရုတ်အပေါ် မိရိုးဖလာ မှီခိုခဲ့ရမှုအတွက် ဘယ်လောက် ပေးဆပ်ခဲ့ရသည် ဆိုသည်များကို သဘောပေါက်လာကြသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် တရုတ်အတွက် ကုန်ကြမ်းပစ္စည်း ရယူနိုင်သည့် အရင်းအမြစ်အဖြစ် လည်းကောင်း၊ အိန္ဒိယသမုဒ္ဒရာသို့ ထွက်နိုင်သော မဟာဗျူဟာကျသည့် အနောက်တံခါးပေါက် အဖြစ်လည်းကောင်း အရေးပါလှသည်။

“သူတို့ဟာ တရုတ်နဲ့ နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့ကြတာပါ။ တရုတ်က သူတို့ကို လက်နက်ကနေ ပလပ်စတစ် ပစ္စည်းအထိ အားလုံး ဖြည့်ဆည်းပေးပါတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာ သူတို့ သဘောပေါက်လာပုံ ရပါတယ်။ တရုတ်ဆီက သူတို့ ဘာမှများများစားစား မရလိုက်ဘူးဆိုတာ သိလာပုံပါပဲ”ဟု သီဟစောက ပြောသည်။ သီဟစောက ပြောကြားရာတွင် ပြီးခဲ့သည့်နှစ်က ဦးသိန်းစိန်က တရုတ်၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော မြစ်ဆုံ ရေလှောင်တမံ ရပ်ဆိုင်းရေးအတွက် မီဒီယာနှင့် လွှတ်တော်သည် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် နွေရာသီမှစ၍ မီဒီယာဆိုင်ရာဆင်ဆာများ လျော့ပေါ့ပေးခဲ့ရာ၊ ယခင်က တားမြစ်ထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အကြောင်းအရာများကို ရှေ့စာမျက်နှာများတွင် ဖော်ပြခွင့် ရလာခဲ့သည်ဟု သီဟစောက ပြောသည်။ သို့သော် သတင်းစာလွတ်လပ်ခွင့်မှာ မေးခွန်းကြီးတစ်ခု ဖြစ်နေဆဲဖြစ်ပြီး၊ အမေရိကန်ပုံစံသတင်းစာ လွတ်လပ်ခွင့်မှာ မဖြစ်နိုင်သေးကြောင်း ၎င်းက ခန့်မှန်းသည်။ “ကျွန်တော်တို့ရနိုင်တာကတော့ အင်ဒိုနီးရှား၊ မလေးရှားတို့လို အာဆီယံ အိမ်နီးချင်းတွေရဲ့ ပုံစံနဲ့ ပိုတူပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။ ထိုနေရာတွင် မြန်မာနိုင်ငံသည် စင်္ကာပူကဲ့သို့ ပျော့ပြောင်းသော အာဏာရှင်စနစ်ကို သွားလိုပုံ ပေါက်သည် ဟု ၎င်းက ပြောသည်။ စင်္ကာပူတွင် အစိုးရသည် ပွင့်လင်းသော ဆင်ဆာမရှိဘဲ၊ သတင်းစာဆရာများသည် မကြာခဏ တရားစွဲခံကြရသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံအဖွဲ့ကြီး၏ ဥက္ကဋ္ဌနေရာယူသည့် အချိန်တွင် နိုင်ငံတကာက စေ့စေ့စပ်စပ် စောင့်ကြည့်မှုကို ကြုံတွေ့ရမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Natalegawa က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌ နေရာအတွက် ဆုံးဖြတ်ခဲ့ခြင်းသည် ၎င်း၏ လုပ်ဆောင်မှုများအတွက် ဆုလာဒ်ဖြစ်သည် သာမက နိုင်ငံတကာ၏ မျှော်လင့်ချက်များ လုပ်ဆောင်ပေးရန် ဆွဲဆောင်ခြင်းလည်း ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

                “ဒါဟာ ဒီနေ့မြန်မာနိုင်ငံဘယ်လိုဖြစ်နေပြီဆိုတာ စိတ်ချပြီလို မဲပေးလိုက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ မျှော်လင့်မှုတွေ၂၀၁၄ မှာ ဘယ်လိုရှိမလဲဆိုတာ မျှော်လင့်တာပါ” ဟု ၎င်းကပြောသည်။

ယခုအချိန် အထိမူ ပြုပြင်ပြောင်းလဲမှုများ ရှေ့သို့ ဆက်လက်လုပ်ဆောင်နေသော်လည်း အခက်အခဲများ ကိုလည်း တွေ့နေရကြောင်း ၎င်းက ဆိုသည်။

မြန်မာခေါင်းဆောင်များကမူ ပြုပြင်ပြောင်းလဲရေးများ၊ နောက်ပြန်မလှည်တော့ဟု ဆိုကြသော်လည်း ၂၀၀၈ အခြေခံဥပဒေတွင် စစ်တပ်ကို အရေးပေါ် အာဏာ ရယူခွင့်ပေးထားသည်။ အကယ်၍ အစိုးရသည် ၎င်း၏ ပြုပြင်ပြောင်းလဲမှုများ အတွက် ကတိများကို ချိုးဖောက်ပြီး ပြုပြင် ပြောင်းလဲရေးများ ပြန်သိမ်းသွားခဲ့လျှင် ခေတ်သစ်သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သော ကိစ္စရပ်တစ်ခုကား မဟုတ်တော့ကြောင်း ဆိုရမည် ဖြစ်သည်။

*******************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment