Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၉.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား လေကြောင်းဆက်သွယ်မှုပြန်လည်စတင်မည်

(The Daily Star မှ  28 Feb 2012 ရက်စွဲပါ "Bangladesh-Myanmar air link to resume" ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့ဈေးကွက်မှ ပလေယာအသစ်များ

(The Wall Street Journal မှ 29 February 2012 ရက်စွဲပါ “New players in Myanmar’s Markets” ကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်ရေး ပြုပြင်ပြောင်းလဲမှုလိုအပ်ဟု ကမ္ဘာ့ဘဏ်သုံးသပ်

(BBC သတင်းဌာနမှ 27 Feb 2012 ရက်စွဲပါ “China reforms needed to sustain growth, says World Bank" ကို ဘာသာ ပြန်ဆိုသည်)

************************************************************************************************

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား လေကြောင်းဆက်သွယ်မှုပြန်လည်စတင်မည်

(The Daily Star မှ  28 Feb 2012 ရက်စွဲပါ "Bangladesh-Myanmar air link to resume" ကို ဘာသာ ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား လေကြောင်းချိတ်ဆက်ပြန်သန်းမှု ပြန်လည်စတင်နိုင်ရေးအတွက် သဘာတူစာချုပ် လက်မှတ်ရေးထိုးရန် စီစဉ်လျက် ရှိကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်အရပ်ဘက်လေကြောင်းနှင့် ခရီးသွားဝန်ကြီးဌာနက မြန်မာနှင့် လေကြောင်းဆက်သွယ်နိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းကိစ္စအဝဝကို အပြီးပြတ် လုပ်ကိုင်ဆောင်ရွက်ပြီးဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့အနေနဲ့ စာရွက်စာတမ်းတွေကို လက်မှတ်ထိုးပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေဆီကို ပို့ပြီးပါပြီ။ ယခု ရက်သတ္တပတ်အတွင်း အခြေအနေ တိုးတက်မှု ရှိလာလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်" ဟု အဆိုပါဝန်ကြီးဌာန ဝန်ကြီး Md Atharul Islam က ပြောကြားသည်။ မစ္စတာ Atharul Islam သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အဆိုပါခရီးစဉ်သည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် လေကြောင်းဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများရှာဖွေရန်ဖြစ်ကြောင်း ပြောကြားသည်။

နှစ်နိုင်ငံ၊ ရန်ကုန်နှင့် ဒါကာမြို့တော်အကြား ခရီးသည်တင်လေယာဉ်ခရီးစဉ် တစ်ပတ်လျှင် ၇ ကြိမ်နှင့် ကုန်တင်လေယာဉ်ခရီးစဉ်တစ်ပတ်လျှင် ၄ ကြိမ် ပြေးဆွဲရန် လေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို ကနဦးအကောင်အထည်ဖော်ခဲ့သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါသဘောတူညီချက်အရ ပုဂ္ဂလိကလေကြောင်းလိုင်းများအပါအဝင် လေကြောင်းလိုင်း အတော်များများ အနေဖြင့် ခရီးသည်တင် လေယာဉ် ခရီးစဉ်နှင့် ကုန်တင်လေယာဉ်ခရီးစဉ်များကိုပြေးဆွဲနိုင်မည်ဖြစ်သည်။ ယခုလို လေကြောင်းခရီးစဉ်များ တိုးပွားလာခြင်းဖြင့် ခရီးသွားလုပ်ငန်းကို များစွာ အထောက်အကူ ပြုစေမည်ဖြစ်ပြီး နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေး၊ ပြည်သူများအချင်းချင်းဆက်ဆံရေးကိုပါ မြှင့်တင်ပေးရာရောက်မည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina သည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့စဉ် နှစ်နိုင်ငံ လေကြောင်း ဆက်သွယ်မှု ပြန်လည်စတင်နိုင်ရန် မြန်မာအစိုးရကိုပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သော Biman လေကြောင်းသည် ယခင်က ရန်ကုန်နှင့် ဒါကာအကြား ပြေးဆွဲခဲ့သော်လည်း ၂၀၀၇ ခုနှစ်တွင် အရှုံးပေါ်သောကြောင့်ဟု ဆိုကာ ပြေးဆွဲမှု ရပ်ဆိုင်းခဲ့သည်။

 ***********************************************************************************************************

မြန်မာ့ဈေးကွက် မှ ပလေယာအသစ်များ

(The Wall Street Journal မှ 29 February 2012 ရက်စွဲပါ “New players in Myanmar’s Markets” ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအတွင်းမှ စီးပွားရေးခွင်မှန်သမျှကို တပ်မတော်အာဏာပိုင်များနှင့် ရောင်းရင်းများက နှစ်ပေါင်းများစွာ လက်ဝါးကြီး အုပ်ထားခဲ့သော်လည်း ယခုအခါ ပြုပြင်ပြောင်းလဲမှုများ၏ အကျိုးဆက်အဖြစ် ရန်အောင်ကျော် ကဲ့သို့သော လုပ်ငန်းရှင်အသစ်များ ပေါ်ထွက်လျက် ရှိသည်။

ယခင် အစိုးရလက်ထက် အဆက်အသွယ်ရှိသူများကိုသာ လက်ဝါးကြီးအုပ်ခွင့်ပေးမှုကြောင့် အသက်ရှုကြပ်နေသော မြန်မာ့စီးပွားရေးနယ်ပယ်တွင် ယခုအခါ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများပိုမို တိုးပွားလာပြီဟု အသက် ၃၉ နှစ် အရွယ် လုပ်ငန်းရှင်က ဆိုသည်။ ဝယ်လိုအားကောင်းသော ဟောင်ကောင် ဈေးကွက်သို့ ရေခဲရိုက် ပုဇွန်ထုပ်များ ပို့သော အဆိုပါလုပ်ငန်းရှင်သည် ရာဘာစိုက်ပျိုးမြေရှာခြင်း၊ အသေးစားသတ္တုတူးဖော်ခွင့်လိုင်စင် ရရှိရန် ကြိုးစားခြင်း တို့အပြင် ပိုမိုပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးရန်အတွက် ရွေးကောက်ပွဲဝင်ရန်ပင် စဉ်းစားနေပြီ ဖြစ်သည်။

“ယခု အစိုးရသည် သွင်းကုန်၊ထုတ်ကုန် ကုမ္ပဏီများအပေါ် စည်းကမ်းဥပဒေများ ဖြေလျော့ပေးမှုကြောင့် ယခင်ကထက် များစွာ လွယ်ကူလာသည်။ ယခင်က သွင်းကုန်၊ ထုတ်ကုန်စာရင်းကို ကုန်သွယ်ရေးကောင်စီက တစ်ပတ်လျှင် တစ်ကြိမ်သာ ကိုင်တွယ်ခြင်းကြောင့် များစွာကြန့်ကြာခက်ခဲခဲ့သော်လည်း ယခုအခါ ရက်အနည်းငယ်သာ ကြာတော့သည်” ဟု မြန်မာလုပ်ငန်းရှင်က ဆိုသည်။

အာရှ၏ နောက်ပိတ်ဆုံးမှ မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရ ကုမ္ပဏီများနှင့် ရောင်းရင်းလုပ်ငန်းရှင်များက ကျွန်းနှင့် သစ်မာ၊ ကျောက်မျက်နှင့် လယ်ယာကဏ္ဍ အပါအဝင် စီးပွားရေးမှန်သမျှကို လက်ဝါးကြီးအုပ် ထိန်းချုပ်ထားမှုကြောင့် နိုင်ငံစီးပွားရေးကျဆင်းကာ ပြည်သူများ ဆင်းရဲတွင်းနက်ကာ ဒုက္ခတွေ့နေသော်လည်း တပ်မတော် အစိုးရ အာဏာခိုင်မြဲအောင် အထောက်အကူပြုခဲ့သည်ဟု အနောက်နိုင်ငံ ခေါင်းဆောင်များက ပြောဆိုကြသည်။

သို့သော်လည်း လက်ရှိနှစ်များအတွင်း အသေးစား စီးပွားရေးလုပ်ငန်းများ ထွက်ပေါ်လာခဲ့ကြပြီး၊ အများစုမှာ အစိုးရက ဂရုမစိုက်သော ဈေးကွက်များတွင် လမ်းဖောက်ကာ ဟာကွက်ကို ဖြည့်ခဲ့ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၌ မနှစ်က အစိုးရသစ်အာဏာလွဲမယူခင်ကပင် လယ်ယာကဏ္ဍ၊ ခရီးသွားလုပ်ငန်း နှင့် အခြားစီးပွားရေး ကဏ္ဍများတွင် လုပ်ငန်းချဲ့ထွင်နိုင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို တိုးတိုးတိတ်တိတ်စတင်၍ လွတ်လပ်ခွင့် ပေးခဲ့သည်။ ၎င်းတို့ ဩဇာကြီးလာသည်နှင့် အမျှ အစိုးရအားကဏ္ဍများစွာ ထပ်မံ၍ တံခါးဖွင့်ရန်၊ ရှုပ်ထွေးသော ငွေလဲနှုန်းစနစ်ကို ပြင်ဆင်ရန် ဖိအား ပေးခဲ့ကြသည်။

ထို့နောက် ရွေးကောက်ပွဲအပြီး အာဏာလွဲပြောင်းယူခဲ့သော အစိုးရသစ်သည် အင်တာနက်ဆင်ဆာ၊ မီဒီယာ ဆင်ဆာကို ဖြေလျှော့ပေးခြင်း၊ အဓိက အတိုက်အခံပါတီကြီးကို တရားဝင် လှုပ်ရှားခွင့်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများစွာကို လွှတ်ပေးခြင်း စသည်တို့ကို ဆက်တိုက် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စု ကလည်း သံတမန်ဆက်သွယ်မှု အပြည့်အဝပြန်လည်ထူထောင်တော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး အကယ်၍ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲများ လွတ်လပ်မျှတပါက Sanctions များ ဖြေလျော့ပေးရန် စဉ်းစားမည်ဟု အသိပေး ပြောကြားခဲ့သည်။

“ဒီလုပ်ငန်းရှင် အသစ်တွေဟာ အစိုးရအတွက် ရပေါက်ရလမ်း ထွင်ပေးသူတွေ မဟုတ်ပါဘူး၊ သူတို့ စိတ်ဝင်စားတာ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး ကြီးထွားလာဖို့ပါ။ တချို့ စီးပွားရေးအုပ်စုတွေ ထင်ထင်ပေါ်ပေါ် လှုပ်ရှားနိုင်တာကို လူတိုင်း အံ့အားသင့်နေကြပါတယ်၊ ဒါဟာ တကယ့်ကို အသစ်ပါ” ဟု ဩစတြေးလျ Macquarie University မှ ပါမောက္ခ ရှောင်တာနဲလ်က ပြောကြားသည်။

ယခုအချိန်သည် စီးပွားရေးလုပ်ငန်းများ လွတ်လပ်စွာ ဖွံ့ဖြိုးနေပြီဟု ပြောရန် အချိန်စောသေးသကဲ့သို့ အစိုးရ၏ အခွင့်ထူးပေးမှုများ ရှိနေဆဲ ဖြစ်သောကြောင့် ကုမ္ပဏီများ၏ အောင်မြင်မှု၊ စံချိန်စံညွှန်း ကိုက်ညီမှုတို့ကို သုံးသပ်ရန် ခက်ခဲလျက် ရှိသည်။ သို့သော် ပြည်တွင်းမှ လူထုနှင့် အကဲခတ် လေ့လာသူများကမူ စီးပွားရေး ကဏ္ဍကို အုပ်ဆိုင်းထားသော ရေခဲပြင်ကွဲသွားပြီဟု မှတ်ချက်ပေးကြသည်။

သာဓကတစ်ခုမှာ ပဲအမျိုးမျိုးတင်ပို့သည့် စီးပွားရေး နယ်ပယ်ပင် ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေး ထွန်းကားသော မြန်မာနိုင်ငံသည် ၂ဝဝ၂ နောက်ပိုင်းတွင် အိမ်နီးချင်းအိန္ဒိယနိုင်ငံသို့ ပဲအမျိုးမျိုး တင်ပို့ကာ အကျိုးအမြတ်များသော ဈေးကွက်တစ်ခုကို ဖော်ထုတ်ခဲ့ပြီး ယခုအခါ နှစ်စဉ် ဒေါ်လာ သန်း ၈ဝဝ နီးပါးဖြင့် လည်ပတ်နေကာ ဆက်စပ်လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းလျက် ရှိပေသည်။

ပဲဈေးကွက်ကို လေ့လာထားသော ဂျပန်ပညာရှင် အီကူကို အိုကာမိုတို၏ အဆိုအရ ယင်းလုပ်ငန်းသည် တပ်မတော်အစိုးရ၏ မျက်စိအောက်တွင် စတင်ဖွံ့ဖြိုးလာခြင်း ဖြစ်သည်ဟု သိရှိရသည်။ ယခုအခါ စိုက်ပျိုးထုတ်လုပ်ရန် လွယ်ကူပြီး မြေဩဇာ အနည်းငယ်သာ လိုအပ်သော ပဲအမျိုးမျိုးကို တင်ပို့နေသော မြန်မာနိုင်ငံသည် ကနေဒါနိုင်ငံကိုပင် ယှဉ်ပြိုင်နေပြီ ဖြစ်သည်။ အခြားသော အငယ်စား စီးပွားရေးလုပ်ငန်းများမှာလည်း အဖွဲ့ဝင်ဖြစ်ရန် သိသိသာသာ လွယ်ကူလာသော ကုန်သွယ်ရေးအသင်းအဖွဲ့များမှ တစ်ဆင့် ကြီးပွားတိုးတက်ရန် လမ်းစကို ရှာဖွေလျက်ရှိသည်။ ယင်းအသင်းအဖွဲ့များ အနက် ခေါင်သူကြီးဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) သည် ယခင်က အစိုးရနှင့် အပေးအယူ တည့်အောင် ဆက်သွယ်ထားသော အဖွဲ့တစ်ခုအဖြစ် လူသိများသော်လည်း ယခုအခါ ပြုပြင်ပြောင်းလဲရေး လိုလားသော အလတ်စား လုပ်ငန်းရှင်များ ထောင်နှင့်ချီကာ ပါဝင်နေပြီ ဖြစ်သည်။

ယင်းအဖွဲ့၏ ယခင် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား စီးပွား ကူးသန်းဝန်ကြီး အဖြစ် မနှစ်က ခန့်အပ်ခဲ့ခြင်းသည် စီးပွားရေးသမားတစ်ဦးအား အစိုးရအဖွဲ့၌ ပထမဆုံးအကြိမ် တာဝန်ပေးခံရခြင်း ဖြစ်သည်။

"အခုတော့ ဝန်ကြီးကို အစည်းအဝေးတက်အောင် ခေါ်ဖို့ အရမ်း လွယ်ကူသွားပါပြီ။"ဟု အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။ ဦးမြင့်စိုးက ယင်းအပါအဝင် အခြားအသင်းအဖွဲ့များက ကုန်ကြမ်းတင်သွင်းမှု လွယ်ကူရန်၊ အလုပ်သမားအခွင့်အရေးများ ထပ်မံပေးရန် တွန်းအား ပေးနေကြသည်ဟု ပြောကြားသည်။ ရန်ကုန်ဟိုတယ်၊ ဘီယာဘားတွင် ဘီယာသောက်နေသော ဦးမြင့်စိုးက "စီးပွားရေး ဥတုဝန်းကျင် ကြီးကြီးမားမား ပြောင်းလဲသွားပြီ။ ကျွန်တော်တို့ ပိုက်ဆံ ပိုပြီး ရှာနိုင်တော့မယ်" ဟု ဆိုလိုက်သည်။ အလုပ်သမား ၂ သိန်းခွဲခန့်ကို အလုပ်ရရှိစေခဲ့သော မြန်မာအထည်ချုပ် လုပ်ငန်းနယ်ပယ်သည် အမေရိကန်ပိတ်ဆို့အရေးယူမှုများကြောင့် အသည်းအသန် ရုန်းကန်ခဲ့ရပြီး အလုပ်သမားများစွာမှာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း အလုပ်လုပ်ရန် ထွက်ခွာသွားကြသည်ဟု ဦးမြင့်စိုးက ပြောသည်။

သို့သော် ယခုအချိန်တွင် ပြောင်းလဲလာသည့် လက္ခဏာများ ရှိနေပြီဖြစ်သည်။ ဂျပန်နှင့် ကိုရီးယားသို့ အထည်အလိပ်တင်ပို့မှုသည် ၂ဝဝ၈ တွင် ဒေါ်လာ ၁၆၂ သန်းမှ ၂ဝ၁၁ တွင် ဒေါ်လာသန်း ၅၃ဝ သို့ ၃ ဆခန့် တိုးလာသည်ဟု Global Trade Information Services ၏ ကိန်းဂဏန်းများအရ သိရှိရသည်။ အီးယူနှင့် အမေရိကန် အရေးယူမှုများ ဖြည်းဖြည်းမှန်မှန် ဖြေလျှော့ပေးနေမှုကြောင့် လုပ်အားခ ဈေးပေါသော မြန်မာနိုင်ငံသို့ ကမ္ဘာ့ အထည်အလိပ် လုပ်ငန်း နာမည်ကြီး တံဆိပ်များ ပြန်ရောက်လာအောင် ဆွဲဆောင်နိုင်ပါလိမ့်မည်။

အိမ်နီးချင်း တရုတ်နိုင်ငံအပေါ် အလွန်အကျွံမှီခိုစေခဲ့သော အနောက်နိုင်ငံအရေးယူမှုများမှ လွတ်မြောက်လိုသည့် မြန်မာခေါင်းဆောင်များ၏ ဆန္ဒသည်လည်း အပြောင်းအလဲကို မောင်းနှင်သော အကြောင်းရင်းများထဲတွင် ပါဝင်သည်ဟု အကဲခတ်များက ဆိုသည်။ မြန်မာတာဝန်ရှိသူများကလည်း မိမိတို့ တိုင်းပြည် ပဋိပက္ခ နွံထဲတွင် နှစ်ပေါင်းများစွာ နစ်ခဲ့ပြီးနောက် ယခုအခါ ပြန်လည်သင့်မြတ်မှုကို ဆောင်ကြဉ်းရန် အမှန်တကယ် ရိုးသားစွာ လိုလားပါသည်ဟု ထုတ်ဖော် ပြောဆိုထားကြပြီး ဖြစ်သည်။

သို့သော်လည်း ကိုယ့်အားကိုယ်ကိုး စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ရေဆန်လမ်းကို ရင်ဆိုင်နေကြရဆဲပင် ဖြစ်သည်။ ကားဈေးကွက်ကို လွတ်လပ်ခွင့် ပေးစပြုနေသော်လည်း မော်တော်ကား ကောင်းကောင်းကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူရန် ခက်ခဲနေဆဲ ဖြစ်သည်။ ရန်ကုန်မှ ပုဇွန်ပို့ကုန်လုပ်ငန်းရှင် ရန်အောင်ကျော်သည် အနှစ် ၂ဝ ကျော် သက်တမ်းရှိ မော်တော်ကားဟောင်းတစ်စီးကို မောင်းနှင်နေရသည်။ ပိုမို၍ ပြောင်းလဲမှုများကို တွန်းအားပေးနိုင်ရန်အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အမတ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရန်ပင် စဉ်းစားနေသည်ဟု ရန်အောင်ကျော်က ဆိုသည်။ ရန်အောင်ကျော်က ယင်းအနေဖြင့် စတော့ဈေးကွက် ဖွံ့ဖြိုးလာခြင်းကို မြင်တွေ့လိုသည့်အပြင် အာဏာရှိသူများအတွက် ခိုင်းနွားအဖြစ် အသုံးတော်ခံ နေသော နိုင်ငံပိုင်ကုမ္ပဏီများကို ထိန်းချုပ်လိုသည်ဟု ထုတ်ဖော် ပြောကြားသည်။

ယခင်နှစ် မေလက စားအုန်းဆီ တင်သွင်းခွင့်ကို လက်ဝါးကြီး အုပ်မှုအား ဖယ်ရှားခဲ့ခြင်းသည် ကိုယ့်အား ကိုယ်ကိုး လုပ်ငန်းရှင်များအတွက် လမ်းစပွင့်လာသည့် ပထမဆုံး လက္ခဏာဟု စီးပွားရေး လုပ်ငန်းရှင်များက ဆိုကြသည်။ ယခင်က ယင်းဈေးကွက်ကို တပ်မတော်ပိုင် ကုမ္ပဏီများနှင့် ဗိုလ်ချုပ်မှူးကြီးကို အပိုင်ကပ်ထားသော လုပ်ငန်းရှင်များကသာ ထိန်းချုပ်ထားခဲ့သည်ဟု စီးပွားရေး သတင်းရပ်ကွက်က ပြောကြားသည်။ ယခုအစိုးရက လက်ဝါးကြီး အုပ်မှုကို အဆုံးသတ်ကာ လွတ်လပ်စွာ ယှဉ်ပြိုင်ရန် တံခါးဖွင့်ပေးလိုက်ချိန်တွင် ဟင်းချက်ဆီ ဈေးနှုန်းများ ချက်ချင်း ကျဆင်းသွားခဲ့သည်။

စီးပွားရေး အသင်းအဖွဲ့များတွင် ကဏ္ဍပေါင်းစုံမှ ပါဝင်နေသော UK ကျောင်းဆင်း မြန်မာလုပ်ငန်းရှင် ဦးမိုးကျော်က "အခုတော့ ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို ထုတ်ဖော် တင်ပြလို့ ရနေပါပြီ။ ဘာဖြစ်နေသလဲ ဆိုတာကိုလည်း အစိုးရဖက်က သိလာကြပြီ။ ကုန်သည်ကြီးများအသင်းနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် အစိုးရနဲ့ ပေါင်းကူးတဲ့ တံတားတစ်စင်းလို့ တင်စားချင်ပါတယ်။ အရင်က ပြဿနာကတော့ ကျွန်တော်တို့ဆီကိုပဲ လာတဲ့ တစ်လမ်းမောင်း (တစ်ဖက်သတ်) တံတားဖြစ်ခဲ့တဲ့ အချက်ပါပဲ။ အခုတော့ ကွာခြားသွားပါပြီ။ ကျွန်တော်တို့မှာ ပြောရေးဆိုခွင့် အမှန်တကယ်ကို ရှိနေပါပြီ" ဟု သုံးသပ် ပြောကြားသွားသည်။

**********************************************************************

တရုတ်စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်ရေး ပြုပြင်ပြောင်းလဲမှုလိုအပ်ဟု ကမ္ဘာ့ဘဏ်သုံးသပ်

(BBC သတင်းဌာနမှ 27 Feb 2012 ရက်စွဲပါ “China reforms needed to sustain growth, says World Bank" ကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံ၏ စီးပွားရေးသည် အကယ်၍ လွန်ခဲ့သည့် ဆယ်စုနှစ် ၃ ခုတာ ကာလကအတိုင်း ထူးခြားသော ခြေလှမ်းဖြင့် ဆက်လက် တိုးတက်သွားမည် ဆိုပါက တရုတ်အစိုးရအနေဖြင့် အခြေခံဈေးကွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်ရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ် (World Bank) က သုံးသပ်လိုက်သည်။

တရုတ်နိုင်ငံသည် ယခုအခါ အလှည့်အပြောင်း ဖြစ်မည့်အဆင့်သို့ ရောက်ရှိလာပြီဖြစ်ပြီး ရေရှည် တည်တံ့နိုင်မှု မရှိသော တိုင်းပြည်စီးပွားရေး မိုဒယ်လ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်လျက် ရှိသည်။

ဗဟိုအစိုးရ၏ အခန်းကဏ္ဍနှင့် နိုင်ငံပိုင်လုပ်ငန်းကြီးများအား ပြန်လည် အဓိပ္ပာယ် သတ်မှတ်ဖော်ပြပေးရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။ အကယ်၍ တိုင်းပြည်စီးပွားရေး တိုးတက်မှု နှေးကွေးနေမည် ဆိုသော်မှ တရုတ်ပြည်သည် ၂ဝ၃ဝ ပြည့်နှစ်မတိုင်မီ ကမ္ဘာ့အကြီးဆုံး စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်လာဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ဆက်လက်သုံးသပ်သည်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်သော အစီရင်ခံစာတွင်မူ တရုတ်ပြည်စီးပွားရေးသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း တစ်နှစ်လျှင် စီးပွားရေးတိုးတက်မှု ပျမ်းမျှ ၁၀ ရာခိုင်နှုန်းဖြင့် မြင့်တက်ခဲ့ရာ ကမ္ဘာ့အကြီးဆုံး ကုန်ပစ္စည်း တင်ပို့သူနှင့် ထုတ်လုပ်သူနိုင်ငံ ဖြစ်လာကြောင်း ဖော်ပြသည်။ ယခုအခါ တရုတ်သည် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သည်။

သို့တိုင်အောင် အဆိုပါ တိုးတက်မှုနှုန်းသည် နက်နဲ့လှသည့် ပြုပြင်ပြောင်းလဲမှုများမပြုလုပ်ပါက ရေရှည် တည်တံ့နိုင်မည် မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာကဆိုသည်။ “ပြုပြင်ပြောင်းလဲမှုကို မဖြစ်မနေ လုပ်ကိုင်ပေးရမည့် အခြေအနေတွင် ရှိသည်။ အကြောင်းမှာ တရုတ်ပြည်သည် ယခုအခါ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်တွင် အချိုးအကွေ့ဖြစ်မည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ဖြစ်သည်” ဟု ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Robert Zoellick က ဆိုသည်။

“တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်မှုဆိုင်ရာ မိုဒယ်လ်ဟာ ရေရှည်တည်တံ့နိုင်ခြင်း မရှိပါဘူး။ အခုချိန်ဟာ အိုးနင်းခွက်နင်းနဲ့ ပြီးမြောက်အောင် လုပ်ရုံနဲ့ မပြီးပါဘူး။ ခုချိန်မှာ ရှေ့ဖြစ်လာမယ့် အရေးကိစ္စတွေ၊ ဖြစ်စဉ်တွေအတွက် အသေအချာပြင်ဆင်ပြီး ကမ္ဘာပေါ်မှာဖြစ်နေတဲ့ အပြောင်းအလဲတွေနဲ့ အမျိုးသားစီးပွားရေး လုပ်ငန်းတွေနဲ့ အသားတကျ ဖြစ်အောင် လုပ်ရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်က သုတေသနပြုလုပ်ရာမှထွက်ပေါ်လာသော အရေးကြီးသည့် အချက် ၆ ချက်ကို အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းတို့မှာ-

၁။ ဈေးကွက်အခြေပြုစီးပွားရေးမြှင့်တင်နိုင်ရေးအတွက် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ သတ်မှတ်ပြဋ္ဌာန်းရမည်။

ဤသို့လုပ်ကိုင်ပါမှ အစိုးရ၏ အခန်းကဏ္ဍကိုပြန်လည်သတ်မှတ်နိုင်ကာ နိုင်ငံပိုင်လုပ်ငန်းများအား ပြုပြင် ပြောင်းလဲနိုင်မည် ဖြစ်သည်။ ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ပြီး ဈေးကွက်ယှဉ်ပြိုင်မှုကို မြှင့်တင်နိုင်မည် ဖြစ်သည်။

၂။ တီထွင်ဆန်းသစ်မှုခြေလှမ်းများ သွက်လက်လျင်မြန်အောင် ပြုလုပ်ရမည်။ ပြည်တွင်းနှင့် ပြည်ပမှ ကမ္ဘာလုံးဆိုင်ရာ သုတေသန စီမံကိန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် တီထွင်ဆန်းသစ်မှုကိုမြှင့်တင်ရမည်။

၃။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံလာရေး၊ ရင်းမြစ်များကို အကျိုးရှိရှိ ထိရောက်စွာ သုံးစွဲရေး အစရှိသည်တို့ကို အားပေး အားမြှောက်ပြုရမည်။

၎။ ထပ်တိုးအခွန်ဘဏ္ဍာများ တစ်စုတစည်းတည်း ဖြစ်အောင်ပြုလုပ်ခြင်း၊ ဒေသအစိုးရတို့၏ ဘဏ္ဍာကိုမြှင့်တင်ပေးခြင်း အစရှိသည်တို့ဖြင့် ငွေကြေးစနစ် အင်အားကောင်းမွန်လာအောင်လုပ်ကိုင်ရမည်။

၅။ နိုင်ငံသားများအားလုံးအတွက် လူမှုလုံခြုံရေးစနစ်ကောင်းများထွက်ပေါ်အောင်မြှင့်တင်ပေးရမည်။

၆။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် ပိုမိုစေ့စပ်ချိတ်ဆက်ရမည် အစရှိသည်တို့ဖြစ်သည်။

လက်ရှိကိန်းဂဏန်းများအရ တရုတ်ပြည်၏ စီးပွားရေးမှာ တည်ငြိမ်အေးစက်လျက်ရှိသည်ဟုဆိုရမည်။ ၂၀၁၀ ပြည်နှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက ယမန်နှစ် ဒီဇင်ဘာလမတိုင်မီ သုံးလတာ တရုတ်နိုင်ငံ၏ ဂျီဒီပီမှာ ၈ ဒဿမ ၉ ရာခိုင်နှုန်းဖြင့် မြင့်တက်လျက်ရှိသည်။ သို့သော် အဆိုပါနှုန်းထားသည် တတိယ သုံးလပတ်အတွင်း၌ရှိခဲ့သော နှုန်းထားတက် ၉ ဒဿမ ၁ ရာခိုင်နှုန်းကျဆင်းလာခြင်းဖြစ်ပြီး ၂ နှစ်ကျော်ကာလအတွင်း အနှေးကွေးဆုံးခြေလှမ်း ဖြစ်သည်။ ယခုလအစောပိုင်းတွင် ထွက်ပေါ်ခဲ့သော အစိုးရကိန်းဂဏန်းများအရ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တရုတ် ပြည်ပပို့ကုန်များအပေါ် ဝယ်လိုအားမှာ ကျဆင်းခဲ့သည်။

***************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment