Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၈.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မွန်သူပုန်များနှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုး

(CNA သတင်းဌာနမှ 27 Feb 2012 ရက်စွဲပါ Myanmar inks peace pact with Mon rebels: state media ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် စစ်ဖြစ်ရန် အသင့်ဟု မြောက်ကိုရီးယားထုတ်ဖော်

(CNN သတင်းဌာနမှ 27 Feb 2012 ရက်စွဲပါ North Korea: Ready to go to war with US, South Korea ကို ဘာသာ ပြန်ဆိုသည်)

  1. ဗီယက်နမ်ကွန်မြူနစ်ပါတီတွင် ရက်ဒီကယ်ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေး

(BBC News မှ 27 Feb 2012 ရက်စွဲပါ Vietnam communist meeting debates radical reforms ကို ဘာသာ ပြန်ဆိုသည်)

**************************************************************************************

မွန်သူပုန်များနှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုး

(CNA သတင်းဌာနမှ 27 Feb 2012 ရက်စွဲပါ Myanmar inks peace pact with Mon rebels: state media ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရနှင့် မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြား ငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမ သဘောတူညီချက် တစ်ရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများက ရေးသားဖော်ပြသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) အကြားအပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ပြီးဖြစ်ရာ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုများနှင့် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုများ စတင်ပြီ ဖြစ်ကြောင်း The New Light of Myanmar သတင်းစာကဖော်ပြသည်။

အကျဉ်းစခန်းများတွင် အကျဉ်းချခံနေရသော မွန်ပြည်သစ်ပါတီမှ ရဲဘော်ရဲဘက်များကို လွှတ်ပေးမည်ဟု မြန်မာ အာဏာပိုင်များက ကတိကဝတ် ပြုခဲ့ကြောင်း၊ အဓမ္မလုပ်သား ပပျောက်ရေးဆောင်ရွက်ရန် နှစ်ဖက်စလုံးက သဘော တူညီခဲ့ကြကြောင်း ယင်းသတင်းစာကဆိုသည်။

မွန်ပြည်သစ်ပါတီ၏ စစ်ဘက်အဖွဲ့အစည်းဖြစ်သော မွန်အမျိုးသားလွတ်မြောက်ရေးတပ် (MNLA) သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အနက် သေးငယ်သောတပ်ဖွဲ့တစ်ခုဖြစ်သည်။ MNLA သည် မြန်မာနိုင်ငံတောင်ပိုင်းရှိ တောင်ပေါ်ဒေသများ၌ အခြေစိုက်ပြီး တပ်ဖွဲ့ဝင် အင်အား ၁၀၀၀ ခန့်မျှရှိသည်ဟု ယုံကြည်ရသည်။ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဗြိတိသျှကိုလိုနီများလက်မှ လွတ်လပ်ရေးရရှိပြီးသည့် အချိန်မှ စကာ နေရာဒေသ အနှံ့အပြား၌ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါ စစ်မက်ပဋိပက္ခများ အဆုံးသတ်နိုင်ရေးမှာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဓိက တောင်းဆိုမှု တစ်ရပ်ပင်ဖြစ်သည်။

ယမန်နှစ်အတွင်း အာဏာရရှိခဲ့သော မြန်မာသမ္မတဦးသိန်းစိန်သည် ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အဆက်မပြတ် လုပ်ဆောင်လျက် ရှိရာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်မက်ပဋိပက္ခ အဆုံးသတ်ရေးမှာ တစ်စိတ်တစ်ပိုင်း အပါအဝင်ဖြစ်သည်။ ယခုအခါ အစိုးရသည် ကရင်၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များအပါအဝင် တိုင်းရင်သား လက်နက်ကိုင်တပ်ဖွဲ့ အတော်များများနှင့် ပဏာမ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် မြန်မာပြည် မြောက်ပိုင်း၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ပစ်ခတ်တိုက်ခိုက်မှုများက မြန်မာ့အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ချက်များကို ညှိုးမှိန်သွားအောင် လုပ်ဆောင်လျက်ရှိသည်။

***********************************************************************

အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် စစ်ဖြစ်ရန် အသင့်ဟု မြောက်ကိုရီးယားထုတ်ဖော်

(CNN သတင်းဌာနမှ 27 Feb 2012 ရက်စွဲပါ North Korea: Ready to go to war with US, South Korea ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယား မဟာမိတ်နှစ်နိုင်ငံပူးပေါင်း၍ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် နှစ်စဉ်စစ်ရေးလေ့ကျင့်မှု စတင် ပြုလုပ်ချိန်တွင် မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံက အဆိုပါ နှစ်နိုင်ငံနှင့် စစ်မက်ဖြစ်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

"အင်အား ထောင်ပေါင်းများရှိသည့် မြောက်ကိုရီးယားတပ်ဖွဲ့များသည် နျူကလီးယားလက်နက်များ တပ်ဆင်ကာ စစ်မက်ဖြစ်ပွားရန် အသင့်နေရာ ယူထားပြီ ဖြစ်သည်" ဟု မြောက်ကိုရီးယားအစိုးရ၏ KCNA သတင်းအေဂျင်စီက ရေးသားသည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေး လေ့ကျင့်မှုများသည် မြောက်ကိုရီးယားအပေါ် ကြိုတင်လက်ဦးမှု ရယူကာ ချေမှုန်းနိုင်ရေးအတွက် လေ့ကျင့်မှုတစ်ရပ်အဖြစ် ပြုံယမ်းအစိုးရက ရှုမြင်သည်ဟု ယင်းသတင်းဌာနက ဆိုသည်။

လတ်တလောတွင် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်၍လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားအကြား လတ်ရှိဆွေးနွေးပွဲမှုများမှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြီးဆုံးသွားခဲ့ပြီး ထင်သာမြင်သာရှိသော တိုးတက်ဖြစ်ထွန်းမှု အနည်းငယ်သာရရှိခဲ့သည်။ အဆိုပါ ဆွေးနွေးမှုများသည် မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်ဂျုံအီလ် သေဆုံးသွားပြီးနောက် ပထမဆုံး ပြုလုပ်ဖြစ်သည့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်သော ဆွေးနွေးမှုများပင်ဖြစ်သည်။ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်မှာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ကွယ်လွန်ခဲ့ပြီးနောက် ၎င်း၏နေရာကို အငယ်ဆုံးသားဖြစ်သူ ကင်ဂျွန်အန်က ရယူခဲ့သည်။

ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်ကွယ်လွန်သွားမှုကြောင့် အမေရိကန်ပြည်ထောင်စု၏ အစီအစဉ်များဖြစ်သော မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံမှု ပြန်လည်ဖော်ဆောင်ရေး၊ နျူကလီးယားအစီအစဉ် အဆုံးသတ်ရေးနှင့် ပတ်သက်သော ပုံမှန်ဆွေးနွေးပွဲ ကျင်းပရေး၊ အမေရိကန်စားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ် ပြန်လည်စတင်ရေး အစရှိသည်တို့မှာ ကမောက်ကမဖြစ်ခဲ့ရသည်။ မြောက်ကိုရီးယားအစိုးရသည် စားနပ်ရိက္ခာ အထောက်အပံ့ ရယူရန် အလို့ငှာ ၎င်း၏ ယူရေနီယံ သန့်စင်မှုများကို ရပ်ဆိုင်းပေးမည့်သဘောတွင်ရှိသည်။

ယခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်စတင်ပြုလုပ်သော အမေရိကန်နှင့် တောင်ကိုရီးယား နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် တပ်ဖွဲ့ဝင် အင်အား ၂၁၀၀ ခန့်ပါဝင်သည်။ ဝါရှင်တန်အစိုးရကမူ ယခု စစ်ရေးလေ့ကျင့်မှုများသည် ကာကွယ်ရေးအတွက်သာ ဖြစ်ပြီး မည်သည့် ပထဝီ နိုင်ငံရေး အရေးကိစ္စတို့နှင့်မျှ ပတ်သက်ခြင်း မရှိကြောင်း အာမခံပြောဆိုသည်။

တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် စစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်လေ့ရှိသည်။ သို့သော် ၎င်းတို့၏ လေ့ကျင့်မှုများသည် ရန်စမှုဖြစ်သည်ဟု မြောက်ကိုရီးယားက မကြာခဏဆိုသလို ပြစ်တင်ဝေဖန်လေ့ ရှိသည်။

KCNA သတင်းဌာနအဆိုအရ မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျွန်အန်သည် အနောက်တောင်ပိုင်း ဒေသရှိ စစ်ဘက်စခန်းများသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း၊ ယင်းစစ်ဘက်စခန်းများအနက်မှ စခန်းတစ်ခုသည် ၂၀၁၀ ခုနှစ်က တောင်ကိုရီးယားကျွန်းသို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့သည့် စခန်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် တောင်ကိုရီးယား အရပ်သားနှစ်ဦးနှင့် မရိန်းတပ်သားနှစ်ဦး သေဆုံးခဲ့ရသည်။ ပြုံယမ်းအစိုးရကမူ မိမိတို့၏ တပ်ဖွဲ့ဝင်များသည် တောင်ကိုရီးယားတပ်ဖွဲ့များ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရာ ဧရိယာအတွင်း တုံ့ပြန်မှုများ ပြုလုပ်လျက် ရှိကြောင်း ပြောကြားသည်။ အဆိုပါ စစ်စခန်းများသို့သွားရောက်စဉ် ကင်ဂျွန်အန်က "ရန်သူများကို အင်အားကြီးမားသည့် လက်တုံ့ပြန် တိုက်ခိုက်မှု ပြုလုပ်သွားရန် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များကို အမိန့်ပေးခဲ့ကြောင်း၊ ရန်သူများကို မြောက်ကိုရီးယား ရေပိုင်နက်အတွင်းသို့ ဝ ဒဿမ ဝဝ၁ မီလီမီတာမျှပင် ဝင်ရောက်ကျူးကျော်ခွင့် မပြုသင့်ဟု ပြောဆိုခဲ့ကြောင်း" KCNA က ဖော်ပြသည်။

*********************************************************************

ဗီယက်နမ်ကွန်မြူနစ်ပါတီတွင် ရက်ဒီကယ်ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေး

(BBC News မှ 27 Feb 2012 ရက်စွဲပါ Vietnam communist meeting debates radical reforms ကို ဘာသာ ပြန်ဆိုသည်)

ပေါလစ်ဗျူရိုတစ်ခုလုံး အပါအဝင် ကိုယ်စားလှယ် ၁ဝဝဝ ဦး တို့သည် လက်ရှိအုပ်ချုပ်နေသော ကွန်မြူနစ်ပါတီအား ပြောင်းလဲရေးအတွက် စတင် ဆွေးနွေးလျက် ရှိသည်။ ယင်းတို့သည် ပြည်သူလူထု ယုံကြည်မှု ရရှိရန် မည်သို့ လုပ်ဆောင်မည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ သုံးရက်ကြာ ဆွေးနွေးကြမည် ဖြစ်သည်။

လွန်ခဲ့သည့်နှစ်လက ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Nguyen Phu Trong က ပါတီသည် အာဏာ ဆက်လက်ရှိနေစေလိုပါက ပြုပြင်ပြောင်းလဲရေး လုပ်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အဆုံးသတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ဗီယက်နမ်ခေါင်းဆောင်များသည် အကျင့်ပျက် ခြစားမှုတွင် အခြေခိုင်နေပြီး နိုင်ငံပိုင်လုပ်ငန်းများကိုလည်း မှားယွင်းစွာ စီမံခန့်ခွဲမှုများ ပြုလုပ်လျက် ရှိသည်။ ယင်းတို့သည် Haiphong တွင် ပြင်းထန်သော ဆန္ဒပြမှုများပြီးနောက် ပြည်သူလူထုအတွင်း မြေယာ ရပိုင်ခွင့်များနှင့် ပတ်သက်၍ မငြိမ်မသက်မှုများကို ရင်ဆိုင်ရလျက် ရှိသည်။ သတင်းစာနှင့် အင်တာဗျူးတွင် Mr. Nguyen က တိုင်းပြည်သည် စိန်ခေါ်မှုများ၊ အခက်အခဲပေါင်း မြောက်မြားစွာနှင့် ရင်ဆိုင်နေရကြောင်း၊ ငွေဖောင်းပွမှုနှုန်း မြင့်မားခြင်းနှင့် ပြည်တွင်းပြည်ပ ကြွေးမြီများ မြင့်မားနေခြင်း တို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ယင်းက လူထုသုံးစွဲငွေကို ပြန်လည်ချိန်ညှိရန် အထူးအရေးကြီးပြီး ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု တို့တွင် အတားအဆီးဖြစ်နေမှုများကို အမြန်ဆုံး ဖယ်ရှားရမည်ဟု ဆိုသည်။

"ပါတီဝင်တချို့ဟာ မူမရှိကြဘူး။ တစ်ကိုယ်ကောင်း၊ အတ္တကြီးမှုနဲ့ အခွင့်အရေးသမားတွေ ဖြစ်နေပါတယ်" ဟုလည်း ယင်းက ပြောသည်။ "သူတို့ဟာ အပြောနဲ့အလုပ် မညီတော့ပါဘူး။ ပါတီစည်းကမ်းနဲ့လည်း မညီတော့ဘူး။ အမှားလုပ်တဲ့သူတွေကိုလည်း စည်းကမ်းနဲ့ ကိုင်တွယ်ဖို့ မလုပ်နိုင်တော့ဘူး" ဟု ဆက်လက်ပြောသည်။

ဝန်ကြီးချုပ် Nguyen Tan Dung က ၎င်း၏နှစ်သစ်ကူး နှုတ်ခွန်းဆက် သတင်းစကားတွင် စီးပွားရေးနှင့် ဆိုင်သော အကျိုးစီးပွားများသည် မူဝါဒ ချမှတ်ရာတွင် ကြီးစွာ လွှမ်းမိုးနေကြောင်း ဖော်ပြခဲ့သည်။

သတင်းထောက်များက ပြောကြားရာတွင် တိုင်းပြည်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြင်ဆင်မှုများ အတွက် စတင်လုပ်ဆောင်ရန် နီးကပ်နေပြီ ဖြစ်ကြောင်း၊ လူ့အခွင့်အရေး အားကောင်းစေရေးနှင့် ရာဇဝတ်မှု ကျူးလွန်သူများအား အကာအကွယ် ပေးထားခြင်း ကဲ့သို့ တိုင်းပြည် အာဏာဖြင့် တစ်ဦးချင်းအပေါ် ကန့်သတ်ပေးထားခြင်းများကို ပြင်ဆင်ရတော့မည် ဖြစ်သည်။

****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment