Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အစိုးရနှင့်အတိုက်အခံ ပူးပေါင်းဆောင်ရွက်ရန်စီစဉ်ခဲ့ကြစဉ်က

*****************************************

ဆောင်းပါးကဏ္ဍ

အစိုးရနှင့်အတိုက်အခံ ပူးပေါင်းဆောင်ရွက်ရန်စီစဉ်ခဲ့ကြစဉ်က

မောင်ဝံသ

(၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ထုတ်၊ ပြည်သူ့ခေတ် ဂျာနယ်မှ ထုတ်ယူဖော်ပြသည်။)

၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မြန်မာနိုင်ငံ ပါလီမန် ပြည်သူ့ လွှတ်တော် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ မဲဆန္ဒနယ် ၂၅၀ အနက် သန့်ရှင်းဖဆပလက ၂၀၃ နေရာ နိုင်တယ်။ တည်မြဲဖဆပလက ၃၉ နေရာ နိုင်တယ်။ ပမညတ အဖွဲ့က တစ်နေရာပဲ အနိုင်ရခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်များ ကြေညာပြီး ရက် ၆၀ မကြာခင်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရက ဦးနု ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ကို အာဏာလွှဲပေးခဲ့တယ်။ ၁၉၆၀ ပြည့်နှစ် ဧပြီ ၁ ရက်နေ့မှာ တတိယ ပြည်သူ့လွှတ်တော် ညီလာခံ အစည်းအဝေးကို ကျင်းပပြီး အာဏာလွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ပါတယ်။

၁၉၆၀ ပြည့်နှစ် ဧပြီလက စပြီးတက်လာတဲ့ သန့်ရှင်းဖဆပလ တစ်ဖြစ်လဲ ပြည်ထောင်စုပါတီ အစိုးရဟာ တစ်နှစ် ခန့်အကြာ ၁၉၆၁ ခု ဧပြီလ ၁၁ ရက် နေ့စွဲနဲ့ ပါလီမန် ဒီမိုကရေစီစနစ် ထွန်းကားရေး ကော်မတီ အစီရင်ခံစာဆိုတဲ့ စာတမ်း တစ်စောင်ကို အစိုးရ ပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေခဲ့တယ်။

ပါတီစုံ ကော်မတီ တစ်ရပ်ဖွဲ့စည်းခဲ့ပုံ

အဲဒီ အစီရင်ခံစာမှာ အပိုင်း ၆ ပိုင်း ပါတယ်။ အပိုင်း ၁ မှာ ကော်မတီ ဖွဲ့စည်းပုံကို ဖော်ပြတယ်။ (မူရင်း စာလုံး ပေါင်းအတိုင်း)

“၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၂၈ ရက်နေ့စွဲပါ ဝန်ကြီးချုပ်ရုံး၊ အမှုတွဲ အမှတ် ၃၂၊ ခ-ပ ၆၀ မှ ကောက်နုတ်ချက် အမိန့်စာ၌ အစိုးရအာဏာ ရရှိထားသော နိုင်ငံရေးပါတီတစ်ခုသည် မိမိ ရရှိထားသော အာဏာနှင့် အခွင့်အရေးများကို သုံးစွဲရာတွင် အခြားအာဏာလက်မဲ့ နိုင်ငံရေးပါတီများနှင့် တိုင်းသူပြည်သားများအပေါ်တွင် မတရားမှုများ မပြုကျင့်နိုင်စေခြင်းငှာ အဆိုပါ အခွင့်အရေးများ သုံးစွဲခြင်းကို တိကျစွာ သတ်မှတ်ထားရှိရန် လိုအပ်သည့် အတွက် ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတက အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်ဟု ပါရှိပါသည်။ ကော်မတီ အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်” လို့ ဆိုကာ ပထစ၊ ဖဆပလ၊ ရတည (ရခိုင်တိုင်းရင်းသား၊ ညီညွတ်ရေးအဖွဲ့)နဲ့ ပမညတ အဖွဲ့တို့မှ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားပုံကို ဖော်ပြထားသည်။

သမ္မတဟောင်း ဒေါက်တာဘဦးက သဘာပတိ၊ အဖွဲ့ဝင်များအဖြစ် နိုင်ငံတော် တရားဝန်ကြီးချုပ်ဟောင်း ဦးသိမ်းမောင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတင်၊ ပထစ အဖွဲ့ ကိုယ်စားလှယ် ၆ ဦး ဝန်ကြီး သခင်တင်၊ ဝန်ကြီး ဗိုလ်မှူးအောင်၊ ဝန်ကြီး ဒေါက်တာဦးဧမောင်၊ ဝန်ကြီး စဝ်ခွန်ချို၊ ဗိုလ်မင်းခေါင်၊ ဗိုလ်တင်မောင်ကြီး၊ ဖဆပလအဖွဲ့မှ ကိုယ်စားလှယ် ၅ ဦး - ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်သာခင်၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ချစ်မောင်၊ ရတညအဖွဲ့မှ ကိုယ်စားလှယ် ၅ ဦး- ဦးကျော်မင်း၊ ဦးလှထွန်းဖြူ၊ ဦးဘမြိုင်၊ ဦးစံထွန်းခိုင်၊ ဦးမောင်ဦးကျော်၊ ပမညတ အဖွဲ့မှ ကိုယ်စားလှယ် ၅ ဦး - မွန် ဦးဘိုချို၊ သခင်ချစ်မောင်၊ ဦးဘငြိမ်း၊ ဦးသိန်းဖေမြင့်၊ ဦးပီဝမ်းတို့ ပါဝင်ကြပါသည်။

အာဏာအလွဲသုံးနိုင်တဲ့ ကိစ္စရပ်များ

အပိုင်း ၂ မှာ ကော်မတီရဲ့ တာဝန်ဝတ္တရားများကို ဖော်ပြထားတယ်။ အပိုင်း ၃ မှာ ကော်မတီရဲ့ ဆောင်ရွက်ချက်များ ပါရှိတယ်။ ဆောင်ရွက်ချက် အချို့ကို ဖော်ပြထားရာမှာ -

                “အစိုးရ အာဏာ ရရှိထားသော နိုင်ငံရေးပါတီတစ်ခုသည် မိမိအာဏာရရှိချိန်အတွင်း မည်ကဲ့သို့သော ကိစ္စရပ်များတွင် အာဏာကို အလွဲသုံးစား ပြုလုပ်လိုက ပြုလုပ်နိုင်ပါသနည်း” ဟူသော ပုစ္ဆာ၏အဖြေကို ရှာဖွေရာတွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေ အရပ်ရပ်တို့ကို ထောက်ရှု၍ အောက်ဖော်ပြပါ အချက်အလက်များကို တွေ့ရှိခဲ့လေသည်။

(က) အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ပါလီမန် အတွင်းဝန်များသည် အစိုးရပိုင် ယာဉ်များကို အသုံးပြုခြင်း။

(ခ) နိုင်ငံရေးပါတီအနေနှင့် နိုင်ငံတော်အစိုးရ အသံလွှင့်ဌာနကို အသုံးပြုခြင်း။

(ဂ) အစိုးရ အရာထမ်း အမှုထမ်းများအား ပါတီနိုင်ငံရေး ကိစ္စရပ်များတွင် အသုံးပြုခြင်း။

(ဃ) အစိုးရဘုတ်အဖွဲ့နှင့် ကော်ပိုရေးရှင်းများတွင် နိုင်ငံရေး ပါတီဝင်များအား အဖွဲ့ဝင် လူကြီးများ အဖြစ် ခန့်အပ်ခြင်း။

(င) အစိုးရ ကြော်ငြာများကို သတင်းစာ တိုက်များသို့ ပေးပို့ခြင်း။

(စ) အစိုးရ အနေနှင့် ပေးနိုင်သော စီးပွားရေး အခွင့် အရေးများကို ချထားပေးခြင်း။

ဆိုတဲ့ အချက်တွေကို ဖော်ပြထားပြီး

                “ကော်မတီသည် လက်ရှိ နိုင်ငံတော်အစိုးရ သက်ဆိုင်ရာဌာန အသီးသီးမှ ကျင့်သုံးလိုက်နာသော ဥပဒေများကိုသာမက ပါလီမန် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးလျက်ရှိသော နိုင်ငံအသီးသီးမှ အခြေခံစည်းမျဉ်း ဥပဒေများ၊ အက်ဥပဒေများ၊ အစဉ်အလာများကိုပါ နှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲ့ပြီးလျှင် အောက်ပါအတိုင်း သဘောတူညီခဲ့ကြလေသည်” ဆိုကာ အပိုင်း ၄ သဘော တူညီချက်များအဖြစ် အောက်ပါအချက်တွေကို ဖော်ပြထားပါတယ်။

၁။       အစိုးရယာဉ်များကို အသုံးပြုခြင်း-

(က) အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ပါလီမန် အတွင်းဝန်များသည် ပါလီမန် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ကြေငြာသည့်နေ့မှစ၍ ယင်းရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်နေ့အထိ အစိုးရပိုင်ယာဉ်များကို အစိုးရလုပ်ငန်းနှင့် သက်ဆိုင်သော အရေးတကြီးအခြေအနေမှ ပေါ်ပေါက်သည့် ကိစ္စရပ်များ ဆောင်ရွက် ရန်မှ တစ်ပါး အစိုးရအနေဖြင့် အသုံးမပြုရန်။

မှတ်ချက်- အရေးတကြီး အခြေအနေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၉၄ (၁)တွင် ပြဌာန်းထားသော စစ်မက်၊ နိုင်ငံတွင် ဆူပူမှု၊ ပြည်ထောင်စုနိုင်ငံ၏ တည်တံ့မှုကို အန္တရာယ်ဖြစ်စေအံ့သော အထူးအရေးတကြီး အခြေအနေ၊ ပြည်ထောင်စုနိုင်ငံကို ထိခိုက်နေသော စီးပွားရေး အရေးတကြီး အခြေတို့ကို ဆိုလိုပါသည်။

(ခ) အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပါလီမန် အတွင်းဝန်များသည် ပါလီမန် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ကြေညာသတ်မှတ်ထားသော အချိန်ကာလ မဟုတ်သည့် သာမန်အချိန်ကာလတွင် အစိုးရယာဉ်များကို အသုံးပြုရာ၌ မိမိတို့၏ သိက္ခာကို စောင့်စည်းထိန်းသိမ်းလျက် အသုံးပြုကြရန် သဘော တူကြပါသည်။

၂။ အစိုးရ အသံလွှင့်ဌာနကို အသုံးပြုခြင်း-

(က) ပါလီမန် အထွေထွေ ရွေးကောက်ပွဲ အချိန်ကာလမဟုတ်သည့် သာမန်အချိန်ကာလတွင် ပါလီမန်၌ မိန့်ကြားသော အစိုးရသဘောထား မိန့်ခွန်းများနှင့် အစိုးရကြေညာချက်များကို ထုတ်ပြန်ကြေညာရန်မှအပ မည်သည့် နိုင်ငံရေးပါတီ အသင်းအဖွဲ့နှင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တို့၏ ကိုယ်ရေးကိုယ်တာ ဝါဒဖြန့်မှုအတွက် နိုင်ငံတော် အသံလွှင့်ဌာနကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန်။

(ခ) ပါလီမန် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် အမတ်လောင်းများ အမည်တင်သွင်းလွှာကို စိစစ်ပြီး သည့်နေ့မှစ၍ လူမျိုးစုလွှတ်တော် ရွေးကောက်ပွဲမကျင်းပမီ တစ်နေ့အထိ အောက်ဖော်ပြပါ အရည်းအချင်းများနှင့် ပြည်စုံသည့် တရားဝင် နိုင်ငံရေးအဖွဲ့အစည်း အသီးသီးတို့အား နိုင်ငံတော် အစိုးရ အသံလွှင့်ဌာန အသံလွှင့်ခွင့်ပြုရန်။

တရားဝင် နိုင်ငံရေး အဖွဲ့အစည်းဆိုသည်မှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး စည်းမျဉ်းဥပဒေများတွင် မည်သို့ပင် ဆိုထားစေကာမူ-

(၁) နိုင်ငံနှင့် လူမျိုးအတွက် ကောင်းမွန် တိကျ ခိုင်လုံသော ဝါဒနှင့် ရည်မှန်းချက် ရှိခြင်း၊

(၂) နိုင်ငံနှင့် အဝန်း အဖွဲ့ခွဲများ၊ အဖွဲ့ဝင်များ ပြည့်စုံ လုံလောက်စွာ ရှိခြင်း၊

(၃) အရပ်ရပ်၌ အမတ်လောင်းများ လုံလောက်စွာ ပါဝင်ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်း၊ ဟူသော အရည်အချင်း အင်္ဂါရပ်များနှင့် ပြည့်စုံသော နိုင်ငံရေး အဖွဲ့ အစည်းကို ဆိုလိုပါသည်။

ရှင်းလင်းချက်- အရပ်ရပ်၌ အမတ်လောင်းများ လုံလောက်စွာ ပါဝင်ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်းဆိုရာ၌ ပြည်သူ့လွှတ်တော် တွင် အမတ်လောင်း ဦးရေ ၁၅၀ထက် မနည်း ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းကို ဆိုလိုပါသည်။

(ဂ) အထက်ဖော်ပြပါ အဂါင်္ရပ် ၃ခုနှင့် ပြည့်စုံသော နိုင်ငံရေး အဖွဲ့အစည်းများအား ပါလီမန်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ် တော် အမတ်လောင်းများ၏ အမည် တင်သွင်းလွှာကို စိစစ်ပြီးသည့်နေ့မှစ၍ လူမျိုးစုလွှတ်တော် ရွေးကောက်ပွဲမကျင်းပမီ တစ်ရက် အချိန်ကာလအတောအတွင်း နိုင်ငံရေးအဖွဲ့ တစ်ဖွဲ့အတွက် နိုင်ငံတော်အစိုးရ အသံလွှင့်ဌာနမှ တစ်ကြိမ်လျှင် တစ်နာရီထက် မပိုသော စုစုပေါင်း အကြိမ် ၅ကြိမ်ထက် မများဘဲ တူမျှသော အသံလွှင့်ခွင့်ကို ချမှတ်ပေးရန် …. စသည်ဖြင့် ဖော်ပြထားပြီး အပိုင်း ၅မှာ ' သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် နည်းလမ်း' ၊ အပိုင်း ၆မှာ ' နိုင်ငံတော် အစိုးရ ထံ တင်ပြ အကြံပေးချက်များ ' ပါရှိပါသည်။

အထက်ပါဖော်ပြပါ တင်ပြ အကြံပေးချက်တွေကို အကောင်အထည် ဖော်နေချိန်မှာပဲ ၁၉၆၂ခု မတ်လ ၂ရက်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကော်စီက အာဏာသိမ်းလိုက်လို့ အစီအစဉ်တွေကလည်း နိဌိတံသွားပါတော့တယ်။

အာဏာရပြီး အကျင့်မပျက်အောင်

အသိမ်းအဆည်းကောင်းတဲ့ မိတ်ဆွေတစ်ယောက်ဆီကရတဲ့ အစီရင်ခံစာ စာအုပ်ငယ်ကလေးမှာ ပါရှိတဲ့အချက်တွေဟာ အာဏာရ ပါတီများ အကျင့်မပျက်အောင် ထိန်းကွပ်ဖို့ ကြိုးပမ်းချက် ဖြစ်နေတာကို တွေ့ရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ လွန်ခဲ့တဲ့ နှစ် ၅၀နီးပါးခန့်က အာဏာရနဲ့ အာဏာမဲ့ပါတီများရဲ့ တိုင်းပြည်အကျိုးရှေးရှုပြီး ပူးပေါင်းဆောင် ရွက်မှု တစ်ရပ်ကိုလည်း တစေ့တစောင်း တွေ့လိုက်ရကြောင်းပါဗျာ။

ကိုးကားချက်-

၁။ ပါလီမန် ဒီမိုကရေစီ စနစ်ထွန်းကားရေး၊ ကော်မတီ အစီရင်ခံစာ၊ ၁၁ဧပြီ ၁၉၆၁၊ အစိုးရ ပုံနှိပ်တိုက်၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့။

၂။ မြန်မာ့နိုင်ငံရေး၊ တတိယတွဲ၊ မြန်မာ့ သမိုင်း ဖြစ်ရပ် အမှန်များ ရေးသားပြုစုရေး အဖွဲ့၊ ၁၉၉၁။

**********************************************************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment