Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၉.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားတစ်ချို့ အလုပ်သမားသမဂ္ဂအဖွဲ့ ဖွဲ့စည်း
  2. မြန်မာနိုင်ငံအား ကြွေးမြီများပြန်ဆပ်ရန် ကမ္ဘာ့ဘဏ် သတိပေး
  3. ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် စီမံကိန်းတစ်ခုလျှော့ချ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ ကြေညာချက် ထုတ်ပြန်
  2. ၅၀၀၀တန် လှုပ်ရှားကြောင့် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ဝင်များအား အာဏာပိုင်မှ စစ်ဆေးမှုပြုလုပ်၍ ပြန်လွှတ်ပေးခဲ့

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားတစ်ချို့ အလုပ်သမားသမဂ္ဂအဖွဲ့ ဖွဲ့စည်း

ဖေဖော်ဝါရီ ၆ရက်နေ့မှ စတင်၍ လုပ်ခလစာများ တိုးပေးရေးနှင့် ပတ်သက်၍ ဆန္ဒပြခဲ့သည့် လှိုင်သာယာ စက်မှုဇုန်အမှတ် (၃)ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားတစ်ချို့သည် ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် ယာယီအလုပ်သမားသမဂ္ဂ ကော်မတီတစ်ရပ်အား ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း ယင်းအဖွဲ့အစည်းတွင် ပါဝင်သည့် အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဖေဖော်ဝါရီ ၆ရက်နေ့ကတည်းက ဆန္ဒပြခဲ့ကြပြီး တစ်ချို့အလုပ်သမားတွေကတော့ ဝါဏိဇ္ဇပဋိပက္ခရုံးမှာ ဆက်ပြီးဖြေရှင်းနေကြတယ်။ တစ်ချို့ ကတော့ စားဝတ်နေရေးကြောင့် အလုပ်ခွင်ပြန်ဝင်နေကြပြီ။ ဒါပေမယ့် အလုပ်ခွင်ပြန်ဝင်တဲ့သူတွေကပဲ ဒီအဖွဲ့အစည်းကို စပြီး ဖွဲ့စည်း လိုက်တာ ဖြစ်တယ်”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

ယင်းအလုပ်သမားသမဂ္ဂအဖွဲ့အစည်းအား အလုပ်ပြန်ဝင်နေကြသည့် လူဦးရေ ၉၀၀နီးပါးထဲမှ ၁၂၀၏ သဘောတူညီမှု လက်မှတ်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ကျန်သည့် လုပ်ငန်းခွင်သို့ မဝင်ဘဲ ဆက်လက်တောင်းဆိုနေသည့် လူများလည်း ရှိနေသေးသည်ဟု သိရပြီး ဖေဖော်ဝါရီလ ၂၇ရက်နေ့၌လည်း ရန်ကုန်မြို့ ရွှေဂုံတိုင်အနီးမှ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည် ဟုလည်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံအား ကြွေးမြီများပြန်ဆပ်ရန် ကမ္ဘာ့ဘဏ် သတိပေး

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအချို့အား ပေးဆပ်ရန်ကျန်ရှိသည့် ကြွေးမြီများကို ပြန်လည်ပေးဆပ်ပြီးမှသာ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းများမှ အကူအညီ အထောက်အပံ့များကို ပြန်လည်ပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးပြောကြားသည်။

“ကမ္ဘာ့ဘဏ်ရဲ့လုပ်ထုံးလုပ်နည်းတွေအရဆိုရင် ကြွေးရှိတဲ့နိုင်ငံတွေကို ရန်ပုံငွေတွေ၊ အကူအညီတွေ၊ အထောက်အပံ့တွေ မပေးရပါဘူး။ မြန်မာ နိုင်ငံပာာ ၁၉၉၈ခုနှစ်ကတည်းက နိုင်ငံတကာရဲ့ ကြွေးတွေတင်နေတာပါ။ ဒီလို အကြွေးတွေရှိနေတဲ့ အတွက်လည်း မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း အပြီးမှာ ကမ္ဘာ့ဘဏ်ဆီက အကူအညီတွေ မရခဲ့ပါဘူး”ပာု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ပြည်ပကြွေးများကို မြီရှင်နိုင်ငံကြီးများက အကူအညီပေးသည့်ပုံစံအနေဖြင့် လျှော်ပေးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းလျက်ရှိပြီး မြန်မာနိုင်ငံအပေါ် ကြွေးများ လုံးဝလျှော်ရန်ဆိုသည့် ကိစ္စမှာ ဖြစ်နိုင်ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတက အသိပေး ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြီရှင်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံက ကန်ဒေါ်လာ ခြောက်ဘီလီယံအနက် သုံးဘီလီယံကို အကူအညီ ပေးသလိုမျိုး လျှော်ပေးဖို့ အတွက် ညှိနှိုင်းထားပါတယ်”ပာု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စုဝန်ကြီးအချို့နှင့် မြန်မာ့ကြွေးမြီ နိုင်ငံအချို့တို့၏ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံမှ အီတလီနိုင်ငံအား ပေးရန်ကျန်ရှိသည့် ကြွေးမြီဒေါ်လာခြောက်သန်းအား တံတား တည်ဆောက်မှုအတွက် သံပေါင်ပေးခြင်းဖြင့် ကူညီရန် သဘောတူညီချက်ရရှိခဲ့ကြောင်း ၎င်းပွဲသို့ တက်ရောက်ခဲ့သည့် ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ၌ တင်ရှိလျက်ရှိသည့် ပြည်ပကြွေးမြီများမှာ ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိပြီး ၁၉၈၈ ခုနှစ်မတိုင်မီ ကာလအတွင်းက ကြွေးမြီများဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ တာဝန်ရှိသူများနှင့် လက်တွဲ၍ ပုဂ္ဂလိကလဏ္ဍ အခွင့်အရေးများဖန်တီးရန်၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းများ အဆင့်မြှင့်ရန်၊ ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်ရန် မြန်မာနိုင်ငံနှင့် လက်တွဲလုပ်ဆောင် ရန် အစီအစဉ်များရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် စီမံကိန်းတစ်ခုလျှော့ချ

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရန်လျာထားသည့် တည်ဆောက်ရေး စာရင်းများထဲမှ စီမံကိန်းတစ်ခု လျှော့ချလိုက်သည့် အတွက် စီမံကိန်းမြေဧရိယာပါ လျော့နည်းသွား ကြောင်း ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အခု ကျွန်တော်တို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ စက်မှုဇုန်တွေအပြင် ရထားလမ်းတွေ၊ ကားလမ်းတွေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ရေအသုံးပြုနိုင်ဖို့အတွက် ရေကာတာတွေနဲ့ မြို့ပြစီမံကိန်းတွေ တည်ဆောက်ဖို့အတွက် အရင်က လျာထား တာပါ။ ခု မြို့ပြစီမံကိန်း တည်ဆောက်တာကို လျှော့ချလိုက်တာပါ ”ပာု ယင်းက ဆက်လက်ပြောကြားခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၌ တည်ဆောက်ရန် လျာထားသည့် စာရင်းများထဲမှ ရေဖြူမြို့နယ်အတွင်းရှိ မြို့သစ်ဖွံ့ဖြိုးရေးအတွက် မြို့ပြ စီမံကိန်း ဖော်ဆောင်မည့် မြေဧရိယာများကို လျှော့ချလိုက်ခြင်းဖြစ်ပြီး မြို့ပြစီမံကိန်းအပြင် စက်မှုဇုန်များအတွင်း Green ဧရိယာကိုပါ ထည့်သွင်းသတ်မှတ် ထားကြောင်း သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ယခင်က ၂၅၀ စတုရန်းမိုင် ဧရိယာအတွင်း တည်ဆောက်ရန် သတ်မှတ်ထားသော်လည်း မြို့ပြစီမံကိန်း လုပ်ငန်းအား လျှော့ချလိုက်သည့်အတွက် ယခုအခါ ထားဝယ်ရေနက်ဆိပ်ကမ်း တည် ဆောက်ရန် ၂၀၄.၅ စတုရန်းမိုင်သာ ကျန်ရှိတော့ကြောင်း သိရသည်။

“ထားဝယ်ရေနက်ဆိပ်ကမ်းရဲ့ မြို့ပြစီမံကိန်းကို မလိုအပ်တော့လို့ လျှော့လိုက်ရတာပါ။ လောလောဆယ်အချိန်မှာ Green ဧရိယာကို ဘယ်လောက် ထားမယ်ဆိုတာ အတိအကျ မသိရသေးဘူး။ မြို့ခံအချို့ကတော့ ဒီရေဖြူမြို့သစ်စီမံကိန်း ဖျက်သိမ်းတဲ့အပေါ်မှာ ကျေနပ်ပုံ သိပ်မရဘူး”ပာု ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခု လျှော့ချလိုက်သည့် ရေဖြူမြို့သစ်ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် မြို့ပြစီမံကိန်းနေရာတွင် ရေနက်ဆိပ်ကမ်း စက်မှုလုပ်ငန်းအကြီးစား၊ အလတ်စား၊ အငယ်စားစက်ရုံများနှင့် ကားလမ်း၊ ရထားလမ်း၊ ရေကာတာများကို အစားထိုး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

                                           *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ ကြေညာချက် ထုတ်ပြန်

ကချင်ပြည်နယ်အတွင်း ထာဝရငြိမ်းချမ်းရေး ရရှိနိုင်စေရန် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ၂၀၁၂ ဖေဖော်ဝါ ရီလ ၂၈ ရက်နေ့တွင် “ကချင် ပြည်နယ်ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနား ပဲ့တင်သံ”အမည်ရှိ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

“၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ အချက်လေးချက် ပါဝင်ပါတယ်။ အဓိက ရည်ရွယ်တာကတော့ ကချင်ပြည်နယ်အတွင်းမှာ လွတ်လပ်ခြင်းတွေ၊ တရားမျှတခြင်းတွေနဲ့ တန်းတူညီမျှမှုတွေကို ဒေသခံပြည်သူတွေအားလုံး ခံစားရပြီး အာမခံချက်ရှိတဲ့ ပြည်ထောင်စု ဖြစ်လာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ပာု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

၎င်း “ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနား ပဲ့တင်သံ” အမည်ရှိ ကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင်ရန် ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးလှုပ်ရှားသူများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ပြည်သူတိုင်း နားလည်နိုင်မည့် စကားလုံးဝေါပာာရများကို ရွေးချယ်၍ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်ချက်များမှာ- ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာ နိုင်ငံသည် တိုင်းရင်းသားလူမျိုး ပေါင်းစုံနေထိုင်သော နိုင်ငံဖြစ်ကြောင်း၊ စစ်ဘေးဒဏ်သင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် လိုအပ်သော ထောက်ပံ့ကူညီမှုများ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်စေရန် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေးကို မိမိတို့အနေဖြင့် လိုလားကြောင်း၊ ယခု ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန်နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ အနာဂတ်လူမှုဘဝ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့သည် မိမိတို့တိုင်းပြည်တွင် လက်ငင်းဆောင်ရွက်ရမည့် ပြဿနာများ ဖြစ်ကြောင်းနှင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့ကို အာမခံချက် ရှိသည့် ပြည်ထောင်စုဖြစ်ရန်နှင့် နိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို ရပ်စဲနိုင်ရန် စစ်မှန်သော ငြိမ်းချမ်းရေးကို ရှေးရှုသည့် နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အလေးအနက် ဆန္ဒပြုကြောင်း စသည့်အချက်တို့ ဖြစ်သည်။

                             YC

-----------------------------------------------------------------------------------------------------------------------------------

၅၀၀၀တန် လှုပ်ရှားကြောင့် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ဝင်များအား အာဏာပိုင်မှ စစ်ဆေးမှုပြုလုပ်၍ ပြန်လွှတ်ပေးခဲ့

ဖေဖော်ဝါရီ ၂၈ရက်နေ့ မနက်ပိုင်းတွင် ကျပ် ၅၀၀၀တန်ဖုန်းကဒ်ရရှိရေးအတွက် တောင်ဒဂုံမြို့သစ်မြို့နယ်တွင် ပါဝင်လှုပ်ရှားသည့် ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဝင် ၁၁ဦးခန့်အား သက်ဆိုင်ရာ အာဏာပိုင်တစ်ချို့မှ ထိန်းသိမ်းလိုက်ကြောင်း သတင်းများအရ သိရသည်။

“အဖွဲ့ကတော့ ၁၁ယောက်ပေါ့။ သူတို့က ငါးထောင်တန်ဖုန်းတွေ ခွင့်ပြုရေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးရယ် ပြီးတော့ တန်ဖိုးနည်းဖုန်း သုံးခွင့် ပေးဖို့ရယ် ဆိုတဲ့စာတွေပါတဲ့ စာရွက်တွေ စတစ်ကာတွေကို လိုက်ဝေကြတာပါ။ အဲဒီလို လုပ်နေတဲ့အချိန်မှာ ရဲအဖွဲ့ တစ်ဖွဲ့ ရောက်လာပြီး ခေါ်သွားတာ ဖြစ်တယ်”ဟု ယင်းနေရာတွင် ရှိနေသည့် မျက်မြင်သက်သေတစ်ဦးမှာ ပြောပြချက်အရ သိရသည်။

ထိုအဖွဲ့အား ဦးတင်မောင်ကြည်မှ ဦးဆောင်သည်ဟု သိရှိရပြီး ၎င်းတို့ လိုက်လံဝေသည့် ရပ်ကွက်တစ်ခုဖြစ်သော (၇၀)ရပ်ကွက်မှ ရယကအဖွဲ့နှင့် သက်ဆိုင်ရာအာဏာပိုင်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ပြီး လက်မှတ်ရေးထိုးခိုင်းခဲ့သော်လည်း ၎င်းတို့သည် လက်မှတ်ရေးထိုးခြင်း အား မပြုလုပ်သည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပြီး ခွင့်ပြုချက်ပါမှသာ ဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှတ်ခဲ့ကြောင်း ယင်းလှုပ်ရှား ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရသိရသည်။

“ကျွန်တော်တို့ကို (၇၀)ရပ်ကွက်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ရပ်ကွက်လူကြီးရယ်၊ ရဲတစ်ချို့ရယ်က ခေါ်သွားပြီး လက်မှတ်ထိုးခိုင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့က မထိုးဘူး။ အဲဒါနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့တွေ့ပြီးမှ သူ့ခွင့်ပြုချက်တွေနဲ့ ဆက်လုပ်သွားမယ်လို့ သူတို့က ပြောလာတယ်။ အဲဒါနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို သွားတော့လည်း သူနဲ့တွေ့ခွင့်မရခဲ့ဘူး။ ပြီးတော့ ကျွန်တော်တို့က အခြေခံဥပဒေ ပုဒ်မတွေနဲ့ ပြောတော့လည်း သူတို့က ဘာမှ ပြန်မပြောဘဲ ဒီအတိုင်း လွှတ်ပေးလိုက်တယ်”ဟု ၎င်းမှ ပြောကြားသည်။

ထို့နောက် ၎င်းတို့အား နေ့လည် ၁၁နာရီအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရပြီး ယင်းအဖွဲ့တွင် ဦးတင်မောင်ကြည် ဦးဆောင်၍ ဦးလှကြည်၊ ဦးကျော်ဇင်လတ်၊ ဦးသန်းဝင်း၊ ဦးအေးဝင်း၊ တရုတ်ကြီး၊ ဦးစိုးမိုး၊ ဦးထင်ကျော်၊ ဦးစိုးမြင့်ဦးနှင့် အမျိုးသမီးများ ဖြစ်သည့် ဒေါ်ခင်အေး၊ ဒေါ်ခိုင်ဇာ သင်းနှင့် ဒေါ်ချိုတို့ ပါဝင်လှုပ်ရှားခဲ့သည်ဟုလည်း အဖွဲ့ ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၂၂ရက်မှ စ၍ တန်ဖိုးနည်း ဖုန်းကဒ်များရရှိရေးအတွက် တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် မြောက် ဥက္ကလာပမြို့နယ်တို့တွင်လည်း လှုပ်ရှားနေပြီဖြစ်ကြောင်းလည်း သိရှိရသည်။

ATM

                                                    ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ယနေ့အချိန်ထိ ငွေများတရားနိုင်၊ ပုဒ်မလေး-ပေးမှလုပ်၊ ရေများများလောင်းနိုင်ဖို့ လိုတယ်ဆိုတဲ့ ဝေါဟာရတွေဟာ ပြည်သူလူထုနယ်ပယ်မှာ ဖြစ်ပေါ် နေတာကိုက ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးကာလမှာ ပြင်ရမယ်ဆိုတာ အချက်ပြ သတိပေးနေတာပါပဲ၊ ဒီနေ့ နိုင်ငံတော်ရဲ့ ဖွင့်ဆိုချက်မှာ ၂၀၁၀ စီပီအိုင် ကနေ ၁၇၆ နိုင်ငံရဲ့ အဂတိလိုက်စားမှုကို ဖော်ပြတဲ့အခါမှာ ကျွန်တော်တို့ကို ဆိုးဆိုးဝါးဝါးအဆင့်မှာ သတ်မှတ်ထားပါတယ်၊ အဲဒီတော့ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွေ ဖိတ်ခေါ်နေတဲ့ အချိန်၊ လာရောက်ဖို့ လမ်းဖွင့်ထားတဲ့အချိန်မှာ ဒီအစီအရင်ခံစာတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အထိတ် တလန့် ဖြစ်စေပါ တယ်”

မတ် ၁ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၈၄) တွင်ပါသည့် “အမျိုးသားအဂတိလိုက်စားမှု တားမြစ်ရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းနိုင်ရေးနှင့် စပ်လျဉ်းသည့် အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် (သင်္ဃန်းကျွန်း မဲဆန္ဒယ်) တင်သွင်သည့် “သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရပေါ်ပေါက်လာရေးအတွက် အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူနိုင်ရန် လွတ်လပ်ပြီး အများပြည်သူ ယုံကြည်လက်ခံနိုင်သော အမျိုးသား အဂတိလိုက်စားမှုတားမြစ်ရေး၊ ကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော် အစိုးရအား လွှတ်တော်မှ တိုက်တွန်းချက်” အဆိုမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လူထုအကျိုးစီးပွားကို ပံ့ပိုးပေးတဲ့ ဥပဒေတွေထွက်ပေါ်လာဖို့လိုတယ်။ ဥပမာ တောင်သူလယ်သမား၊ အမျိုးသမီး၊ ဝန်ထမ်း၊ ကလေးသူငယ်စတာတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေထွက်ပေါ်လာဖို့ လိုတယ်။ နိုင်ငံသားတွေရဲ့ အကျိုးဆိုတဲ့နေရာမှာ Social Protection နဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ၊ Public Health နဲ့ သက်ဆိုင်တဲ့ဥပဒေတွေ ထွက်ပေါ်လာဖို့ လိုတယ်။ လူငယ်တွေရဲ့ ဖွံ့ဖြိုးမှု၊ သက်ကြီးရွယ်အို၊ မသန်မစွမ်းတွေကို ကာကွယ်ပေးတဲ့ ဥပဒေအသစ်တွေ ထွက်ပေါ်လာဖို့ လိုတယ်။ ပြီးတော့ လက်ရှိအချိန်မှာ Social Security Law ရှိပြီး ဖြစ်ပေမယ့် ရှိပြီးသားဥပဒေ Civil Service မပါဘူး။ ပြည်သူ ပြည်သား အားလုံးအတွက် ရည်ညွှန်းတဲ့ဥပဒေတွေ ထွက်ပေါ်လာဖို့လိုတယ်”

ဖေဖော်ဝါရီ ၂၉ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၉) တွင်ပါသည့် “ခေတ်ကာလနှင့် ကိုက်ညီမှုရှိသည့် ဥပဒေသစ်များ အလျင်အမြန် ထွက်ပေါ်လာရန်လိုအပ်” သတင်းမှ ရန်ကုန်တက္ကသိုလ်ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူး (ငြိမ်း) ဒေါက်တာဒေါ်သန်းနွဲ့၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- ပညာရေးက အရေးကြီးတယ် အားလုံးလက်ခံပါတယ်။ Human Resource ကလည်း အရေးပါတယ်ဆိုတာ အားလုံး သိထားကြပေမယ့် လက်ရှိ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်တဲ့အပိုင်းမှာ အငြင်းပွားစရာတွေ၊ အမြင်မတူတာတွေ ရှိလာတယ်။ မြန်မာနိုင်ငံပညာရေး ပြုပြင် ပြောင်းလဲမယ် ဆိုရင် တကယ့်လက်တွေ့မှာ ဘာတွေလုပ်သင့်သလဲဆိုတာ ရှင်းပြပေး ပါဦး။

ဖြေ- အခု နေပြည်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကပေါ့။ တနင်္လာကနေ ကြာသာပတေးအထိ လေးရက်ကြာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတိုးတက်ဖို့ ဘာတွေ လုပ်သင်သလဲဆိုတာ ဝိုင်းဝန်းဆွေးနွေးကြတယ်။ အရေးကြီးတာက မညှာမတာပေါ့။ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့လိုတယ်။ ပညာရှင်တွေကိုပဲ တိုင်ပင်လို့မရဘူး။ ပြည်သူတွေရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးရမယ်။ မိဘတွေ၊ ကျောင်းသားတွေကိုလည်း တိုင်ပင်ရမယ်။ ပညာရေးမှာ တကယ် ရင်ဆိုင်နေရတာက Quality ပြဿနာပဲ။ မူလတန်းကနေ အလယ်တန်း၊ အလယ်တန်းကနေ အထက်တန်း၊ အထက်တန်းကနေ ဘွဲ့လွန်ပညာရေးပေါ့။ တဖြည်းဖြည်း graduate နှုန်းက လျော့သွားတယ်။ အခြေခံပညာကျောင်းသားတွေ အများကြီးရှိပေမယ့် အလယ်တန်းတက်တဲ့ အခါကျတော့ ကျောင်းသား နည်းသွားတယ်။ အထက်တန်းတက်တဲ့ ကျောင်းသာက ပိုနည်းသွားတာပေါ့။ အဲဒါတွေကို တကယ်ဆောင်ရွက်ဖို့ လိုတယ်။ အဲဒီလို အဆင့်မြှင့်တင်ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောသလို ဆရာ၊ ဆရာမတွေရဲ့ လစာ၊ အခွင့်အရေးတွေ တိုးမြှင့်ဖို့လိုတယ်။

ဖေဖော်ဝါရီ ၂၉ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၉) တွင်ပါသည့် “ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment