Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၉.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အိန္ဒိယအရှေ့မြောက်သည် အိမ်နီးချင်းနိုင်ငံများနှင့် ရထားလမ်းဆက်သွယ်မည်

(8 July 2012 ရက်စွဲပါ The Stateman မှ Northeast may get rail link to neighbouring nations ကိုဘာသာပြန်သည်)

  1. ပို၍ မျှော်လင့်ချက်ကောင်းလာသော အာဆီယံ

(9 July 2012 ရက်စွဲပါ The Jakarta Post မှ ခေါင်းကြီးပိုင်းဖြစ်သော A more hopeful ASEAN ကိုဘာသာပြန်ဆိုသည်)

  1. ဗြိတိသျှကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံသို့ လာရောက်မည်

(The independent မှ 9 July 2012 ရက်စွဲပါ “British business head to Burma for trade delegation”သတင်းကို ဘာသာပြန်ဆိုသည်)

                                         ***************************************************************

ဘာသာပြန်သတင်းများ

အိန္ဒိယအရှေ့မြောက်သည် အိမ်နီးချင်းနိုင်ငံများနှင့် ရထားလမ်းဆက်သွယ်မည်

(8 July 2012 ရက်စွဲပါ The Stateman မှ Northeast may get rail link to neighbouring nations ကိုဘာသာပြန်သည်)

အိန္ဒိယ၏ ကုန်းတွင်းပိတ် အရှေ့မြောက်နယ်မြေနယ်သည် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘူတန်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ဖြင့် ရထားလမ်း ဆက်သွယ်မှု ရရှိတော့မည်ဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ခရီးသွားလုပ်ငန်းကို ဖြစ်ပေါ်စေရန် လိုအပ်သော လုပ်ဆောင်မှု ဖြစ်သည်။

Northeast Frontier Railway (NFR)သည် ကွင်းဆင်းလေ့လာချက်အစီရင်ခံစာကို မီးရထားဘုတ်အဖွဲ့သို့ တင်ပြထားပြီး ဖြစ်သည်။ ဘုတ်အဖွဲ့သည် အရှေ့မြောက်ပြည်နယ်များဖြစ်သော ဘီဟာနှင့်အနောက်ဘန်ဂေါတို့ကို နီပေါအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်နိုင်ရန် မျှော်မှန်းလျက်ရှိသည်။

“ကျွန်တော်တို့ဟာ မီးရထားဘုတ်အဖွဲ့ကို အစီရင်ခံစာ တင်ထားပါတယ်။ သူတို့ဆီက စကားပြန်စောင့်နေပါတယ်။ အရှေ့မြောက်ပြည်နယ်တွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ ရထားလမ်းဆက်အသွယ် တိုးချဲ့ချင်လို့ တောင်းဆိုထားတာ ကြာပါပြီ”ဟု အကြီးတန်း NFR တာဝန်ရှိသူတစ်ဦးကဆိုသည်။

အခြား အဆိုပြုထားသော ရထားလမ်းများမှာ ဘီဟာနယ်ရှိ Jangboni မှ နီပေါရှိ Biratnagar သို့လည်းကောင်း၊ အနောက်ဘန်ဂေါရှိ New Jalpaiguri မှ နီပေါရှိ Kakrabita သို့လည်းကောင်း၊ အနောက်ဘန်ဂေါရှိ Hasimara မှ ဘူတန်ရှိ Phuentsholing သို့လည်းကောင်း၊ အာသံရှိ Pathsala မှ ဘူတန်ရှိ Namlang သို့လည်းကောင်း ဖြစ်သည်။

“မဏိပူရမှာရှိတဲ့ Jiribam နဲ့မိုးရေးကိုဖြတ်ပြီး မြန်မာနိုင်ငံကို ဆက်သွယ်မယ့် အစီအစဉ်လဲရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်သွယ်ရေးအတွက် မကြာခင် ကွင်းဆင်းတိုင်းတာပါမယ်”ဟု အဆိုပါ NFR တာဝန်ရှိသူက ပြောသည်။

                                                                    *******************************************

ပို၍ မျှော်လင့်ချက်ကောင်းလာသော အာဆီယံ

(9 July 2012 ရက်စွဲပါ The Jakarta Post မှ ခေါင်းကြီးပိုင်းဖြစ်သော A more hopeful ASEAN ကိုဘာသာပြန်ဆိုသည်)

ယခုအပတ် ဖနွမ်းပင်တွင်ပြုလုပ်မည့် အာဆီယံနှစ်ပတ်လည်အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်မှ တင်းမာမှုများသည် ထင်ထင်ရှားရှား ထွက်ပေါ်လာဖွယ်ရှိသည်။ အစည်းအဝေးတွင် အဆိုပါ သယံဇာတကြွယ်ဝသော ရေပြင်တွင် စစ်အင်အားတည်ဆောက်မည့် အန္တရာယ်ကို အရေးမကြီးအောင် ပြုလုပ်မည့် ရည်ရွယ်ချက်မရှိဘဲ ပြင်းထန်သောဝေဖန်မှုများကို ပြန်လည်ဖြေကြားရန် အခွင့်အလမ်းများ ဖြစ်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားတက်ဖွယ် တိုးတက်မှုရှိသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုလည်း ပြောဆိုကြမည် ဖြစ်သည်။

ဇူလိုင်လ(၁၂)ရက်နေ့ အာဆီယံဒေသတွင်းဖိုရမ်(ARF)ကျင်းပသည့်အခါ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အီးယူ အပါအဝင် အဓိကကျသော ကမ္ဘာ့ပလေယာများ တက်ရောက်ကြမည် ဖြစ်သည်။ နိုင်ငံတကာ မီဒီယာများကလည်း တောင်တရုတ်ပင်လယ်ပဋိပက္ခကို အာရုံပြုဖွယ်ရှိသည်။ မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုသည်လည်း နောက်ထပ်အဓိကကျသော ကိစ္စတစ်ရပ် ဖြစ်လာနိုင်သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်ဖိလစ်ပိုင်တို့၏ နယ်မြေတောင်းဆိုမှုများ၌ တူညီသောနယ်မြေများ ပါဝင်နေသည်။ ထို့အပြင် တိုင်ဝမ်၊ ဗီယက်နမ်၊ မလေးရှားနှင့် ဘရူးနိုင်းတို့ကလည်း နယ်မြေများ တောင်းဆိုထားသည်။ Beijing နှင့် မနီလာတို့သည် အသံကျယ်ကျယ်ဟစ်သော ဒစ်ပလိုမေစီ (megaphone diplomacy)ကို ပိုမိုလုပ်ဆောင်လာသည်။ မနီလာသည် ကမ္ဘာကြီးအား ၎င်း၏ အမေရိကန်နှင့် နီးစပ်သောဆက်ဆံရေးကို သိအောင်ပြုလုပ်လာသည်။

ထို့အပြင် အာဆီယံသည် ဈေးကွက်တစ်ခုတည်း(single market)အဖြစ် အသွင်ပြောင်းရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် အီးယူအဖွဲ့ဝင်အချို့၏ စီးပွားရေးမှာ ပြိုလဲလျက်ရှိရာ၊ အီးယူ၏ ခြေလှမ်းအတိုင်း လိုက်လုပ်ရန် စိတ်အားထက်သန်မှုသည် ကျရှုံးကောင်း ကျရှုံး နိုင်သည်။

အဖွဲ့တွင်းတွင် ကွဲပြားမှုများ ရှိကောင်းရှိနေနိုင်သည်ဆိုသော်လည်း၊ ယခုဖနွမ်းပင်တွင်ကျင်းပမည့် အစည်းအဝေး၌ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသည် နိုင်ငံတကာ အသိုင်းအဝိုင်းအား အဖွဲ့ကြီးက မြန်မာခေါင်းဆောင်များကို ၎င်း၏ ပြည်သူများအပေါ် နှိပ်ကွပ်မှုများရပ်ဆိုင်းရန်နှင့် ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ထားမှုများ ရပ်ဆိုင်းရန် စိတ်ရှည်စွာနားချရှင်းပြနိုင်မည်ဖြစ်သည်။

၁၉၈၀ ခုနှစ်များဆီက ကမ္ဘောဒီးယားသည် တရုတ်နောက်ခံပြုသော ခမာ(Rouge)များနှင့် ဗီယက်နမ်ထောက်ခံသော ဟွန်ဆန်တို့ကြား ပြည်တွင်း စစ်ဖြစ်ပွားခဲ့သဖြင့် ပျက်စီးခြင်းသို့ရောက်ခဲ့ရသည်။ ၁၉၉၀ အစောပိုင်းကာလများတွင် အာဆီယံ၏ သံတမန်ဆိုင်ရာ မနေမနားကြိုးပမ်းမှုများ အထူးသဖြင့် အင်ဒိုနီးရှား၏ အရေးကြီးသောကဏ္ဍမှ ပါဝင်လှုပ်ရှားမှုကြောင့် ကမ္ဘောဒီးယားတွင် ငြိမ်းချမ်းရေးပြန်လည်ရရှိခဲ့သည်။

အာဆီယံခေါင်းဆောင်များအား ၎င်းတို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသောမူဝါဒများအပေါ် ဝေဖန်ခဲ့သော်လည်း ထိုမူဝါဒသည် မြန်မာနိုင်ငံတွင် ကောင်းစွာအလုပ်ဖြစ်ခဲ့ပြီဆိုသည်ကို ငြင်းဆိုရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ အာဆီယံအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့သူများပင် ငြင်းဆိုရန် ခက်မည်ဖြစ်သည်။

ယခု အစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏမောင်လွင် တက်ရောက်လာပါက ၎င်းသည် အာဆီယံဝန်ကြီးများနှင့် အဖွဲ့ကြီး၏ ဆွေးနွေးဖက် အမေရိကန်၊ အီးယူ၊ ဂျပန်၊ သြစတေးလျ၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယားတို့ထံမှ နွေးထွေးသော ကြိုဆိုမှုများကို ရရှိမည်ဖြစ်သည်။

သို့ဖြစ်၍ သမ္မတဦးသိန်းစိန်အတွက် ကြီးမားသော သက်သာရာရမှုပင် ဖြစ်သည်။ အများစုက ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်၏ စိတ်ရင်းအမှန်နှင့် ကတိကဝတ်များအပေါ် ကြီးစွာသတိထားလျက် ရှိနေသေးသော်လည်း၊ ၎င်း၏ မြန်မာနိုင်ငံအား အပယ်ခံနိုင်ငံအဖြစ်မှ ရပ်ဆိုင်းသွားရန် ရဲဝံ့သော ဆုံးဖြတ်ချက်သည် အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲမှုများကို ဖြစ်စေခဲ့ပြီ ဖြစ်သည်။

အာဆီယံခေါင်းဆောင်များသည် ၂၀၁၄ တွင် မြန်မာနိုင်ငံ၌ထိပ်သီးအစည်းအဝေးကျင်းပရန် ကတိပေးထားပြီး ဖြစ်သည်။ ထိုအချိန်တွင် မြန်မာပြည်သူများ၏ လိုလားချက်များ အတန်အသင့် ပြည့်မှီမည်ဟု ယူဆရသည်။

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ၏ လက်ရှိတိုးတက်မှုများကို အပေါင်း လက္ခဏာဆောင်သော အမြင်ရှိသည်။

အာဆီယံသည် ဆင်းရဲသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ စဉ်ဆက်မပြတ်စေရေး သေချာစေရန် စိတ်အား၊ လူအားထက်သန်စွာ လုပ်ဆောင်ပေးလျက်ရှိသည်။ သို့သော် ခေါင်းဆောင်များ သတိရနေရမည့်အချက်မှာ အခြား အာဆီယံတိုင်းပြည်များတွင်လည်း ဒီမိုကရေစီဆိုင်ရာလိုအပ်ချက် ဆိုးရွားစွာရှိနေသည်ဆိုသည့် အချက်ဖြစ်သည်။ ဒေသတွင်းတွင် တချိန်က ဒီမိုကရေစီချန်ပီယံဖြစ်စေခဲ့သော ထိုင်းနိုင်ငံတွင် အခြေအနေမှာ မရေရာရှိနေဆဲဖြစ်ပြီး စစ်တပ်က အရပ်သားအစိုးရအပေါ် ပါဝါရှိကြောင်း ပြသနေဆဲဖြစ်သည်။

ယခု အာဆီယံနှစ်ပတ်လည်အစည်းအဝေးမှာ ပိုမိုခိုင်မာသော ရလဒ်များရလာမည်ဟု ကျွန်ုပ်တို့မျှော်လင့်ရသည်။ တောင်တရုတ်ပင်လယ်တွင် ရန်လိုမှုများလျှော့ချနိုင်ရေးကို ယခုအစည်းအဝေးမှ ထွက်ပေါ်လာစေရန် မျှော်လင့်ရမည်ဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးနှင့် လုံခြုံရေးဆွေးနွေးမှုကိုလည်း မျှော်လင့်ရသည်။

အာဆီယံသည် နယ်ပယ်စုံတွင် အားတက်ဖွယ် တိုးတက်မှုများပြသခဲ့ပြီးဖြစ်သကဲ့သို့ မြန်မာနိုင်ငံမှ တိုးတက်မှုများသည်လည်း အာဆီယံ၏ အရေးပါသော အောင်မြင်မှုများထဲမှတစ်ခုဖြစ်သည်။

                                                                    ******************************************

ဗြိတိသျှကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံသို့ လာရောက်မည်

(The independent မှ 9 July 2012 ရက်စွဲပါ “British business head to Burma for trade delegation”သတင်းကို ဘာသာပြန်ဆိုသည်)

ကမ္ဘာ့အင်အားကြီးရေနံကုမ္ပဏီများဖြစ်သော BP နှင့် Shell တို့ပါဝင်သော ဗြိတိသျှကုမ္ပဏီများအဖွဲ့သည် ဇူလိုင်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မည်ဖြစ်ရာ၊ ဗြိတိသျှအစိုးရ၏ ကမကထပြုမှုဖြင့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့သွားမည့် ဗြိတိသျှစီးပွားရေး ကိုယ်စားလှယ်အဖွဲ့ ဖြစ်သည်ဟု သိရသည်။

လေ့လာရေးခရီးသွားမည့် အဆိုပါမစ်ရှင်သည် ၁၉၉၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံသို့စေလွှတ်သည့် ပထမဆုံး ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ဖြစ်ပြီး၊ ယခုနှစ် အစောပိုင်း ဥရောပနှင့် အမေရိကန် Sanction များ ရုတ်သိမ်းပြီး နောက်ပိုင်း စီးပွားရေးသဘာတူညီမှုများရရှိရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြချိန်တွင် ၎င်းခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မထုတ်ယူရသေးသော သယံဇာတများကြွယ်ဝ၍၊ တရုတ်နှင့် အိန္ဒိယအကြားတည်ရှိသော မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အလားအလာကောင်းသည့် ရွှေတွင်းတစ်ခုသဖွယ် ရှုမြင်နေကြသော်လည်း၊ မြန်မာနိုင်ငံမှ(အာဏာရှင်)အစိုးရ၏ နည်းနည်းနှင့် ဖြေးဖြေးလျော့၍ များများနှင့် မြန်မြန်ပြန်လိုချင်သည့် မဟာဗျူဟာအပေါ် စိုးရိမ်ပူပန်သည်ဟု လူ့အခွင့်အရေးအုပ်စုများက ထုတ်ဖော်ပြောဆိုထားသည်။

ယခင်နိုင်ငံရေးအကျဉ်းသား အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မကြာသေးမီက ဗြိတိန်နိုင်ငံ ခရီးစဉ်အပြီးတွင် နေပြည်တော်နှင့် လန်ဒန်အကြား ဆက်ဆံရေးသိသိသာသာ နွေးထွေးလာခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို သတိထား၍ ထောက်ခံပြောဆိုခဲ့သော်လည်း ကုမ္ပဏီအကျိုးစီးပွားအတွက်သာမကဘဲ၊ မြန်မာနိုင်ငံနှင့် ပြည်သူများအတွက်ပါ အကျိုးရှိသင့်သည်ဟု သတိပေး ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲတွင်းနက်နေသော သာမန်ပြည်သူများ တိုးတက်စေမည့် ရင်းနှီးမြှုပ်နှံမှုမျိုးကို မပြုလုပ်ဘဲ၊ သဘာဝ သယံဇာတများကို အပြောင်ရှင်းထုတ်ယူရန် အာရုံစိုက်ကြိုးပမ်းနေသော တရုတ်နိုင်ငံနှင့် မြန်မာအစိုးရအကြားမှ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအပေါ် မြန်မာပြည်သူများက ကျေနပ်မှုမရှိကြပေ။

BP နှင့် Shell သည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် လေ့လာကြမည့်အဖွဲ့တွင် အဓိကပါဝင်သူနှစ်ဦးဖြစ်သည်ဟု Independent သတင်းစာက ခန့်မှန်းထားသည်။

နိုင်ငံတကာစွမ်းအင်ကုမ္ပဏီအများစုမှာ BP နှင့် Shell ထက်ကြိုတင်၍ လက်ဦးထားကြပြီး ဖြစ်ပေသည်။ Total နှင့် Chevron သည် ထိုင်းနှင့် မလေးရှားကုမ္ပဏီများနှင့် လက်တွဲကာ မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့များကို ယခင်ကပင် ထုတ်ယူခဲ့ကြပြီးဖြစ်သည်။

ဗြိတိသျှကုန်သွယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကမူ “လက်ရှိမြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုအနေအထားကြောင့် သဘောတူစာချုပ်ချုပ်ရန် မမျှော်လင့်သေးကြောင်းနှင့် နားထောင်လေ့လာ၍ အချက်အလက်ရှာဖွေ စုဆောင်းရန်သာဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားလိုက်သည်။

အသုံးရခက်သော ATM စက်များ၊ သုံးမရအောင်နှောင့်နှေးသော အင်တာနက်နှင့်ဟိုတယ်လည်း အနည်းငယ်သာရှိသော ရန်ကုန်မြို့တော်တွင် ယခုလပိုင်းများအတွင်း နိုင်ငံတကာစီးပွားရေးသမားများ စုပြုံရောက်ရှိလာခဲ့သည်။ ဥရောပတိုက်သား ပညာရှင်တစ်ဦးက “တကယ့်ကို တစီစီပါပဲဗျာ၊ အနောက်ပိုင်း တောရိုင်းဒေသတစ်ခုနဲ့ တူတယ်လို့ ခံစားမိပါတယ်။ ဒီမှာ ပိုက်ဆံအများကြီးရနိုင်တဲ့ အခွင့်အရေးရှိနေတယ်ဗျ”ဟု မှတ်ချက်ပေးသည်။

Shell ရေနံကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက “Shell ကုမ္ပဏီဟာ ချမှတ်ထားတဲ့မဟာဗျူဟာနဲ့ကိုက်ညီမယ့် ကမ္ဘာ့စီးပွားရေး အခွင့်အလမ်းတွေကို အမြဲတမ်းလေ့လာရှာဖွေနေပါတယ်။ Shell ဟာလောလောဆယ် မြန်မာနိုင်ငံနဲ့ပတ်သက်မှု မရှိသေးပါဘူး။ နောက်ပြီးတော့ Shell ဟာ အစိုးရမှန်သမျှနဲ့ စည်းကမ်းချက်တွေကိုလည်း အပြည့်အဝ လေးစားလိုက်နာလေ့ ရှိပါတယ်။ လတ်တလောမှာတော့ ဒီဒေသရဲ့စီးပွားရေး၊ နိုင်ငံရေး၊ ကုန်သွယ်ရေး အခင်းအကျင်းတွေကို ကောင်းစွာနားလည်နိုင်ဖို့အတွက် သက်ဆိုင်ရာ Stakeholders တွေအားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေတုန်းပါပဲ”ဟု ရှင်းလင်းပြောကြားသည်။

                                         ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment