Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၀.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒု-သမ္မတနှုတ်ထွက်မှုက မြန်မာ့ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်များကို အရှိန်မြင့်စေမှာလား

(CNN သတင်းဌာနမှ 6 July 2012 ရက်စွဲပါ Will vice president’s exit boost Myanmar’s reform efforts? ကို ဘာသာပြန်ဆိုသည်)

  1. အမေရိကန်အဝတ်အထည်ကုမ္ပဏီများ မြန်မာကို ရင်းမြစ်ရယူရေးနယ်ပယ်အဖြစ် ရှုမြင်

(Apparel News မှ 6 July 2012 ရက်စွဲပါ Apparel Companies Eye Myanmar as Next Sourcing Spot ကိုဘာသာပြန်ဆိုသည်)

  1. ဒု-သမ္မတနေရာအတွက် လက်ရှိဗိုလ်ချုပ်ကြီးတစ်ဦးကို တပ်မတော်က ထောက်ခံဖွယ်ရှိ

(Bloomberg မှ 9 July 2012 ရက်စွဲပါ“Myanmar army backs general for vice president, law marker says” သတင်းကို ဘာသာပြန်သည်)

*****************************************

ဘာသာပြန်သတင်းများ

ဒု-သမ္မတနှုတ်ထွက်မှုက မြန်မာ့ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်များကို အရှိန်မြင့်စေမှာလား

(CNN သတင်းဌာနမှ 6 July 2012 ရက်စွဲပါ Will vice president’s exit boost Myanmar’s reform efforts? ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးမှ နှုတ်ထွက်သွားမှုသည် သမ္မတဦးသိန်းစိန်အတွက် ပြုပြင်ပြောင်းလဲမှုများပိုမို လုပ်ကိုင်ရန် လမ်းဖွင့်ပေးလိုက်သလိုရှိကြောင်း မြန်မာ့အရေးလေ့လာသူပညာရှင်များက သုံးသပ်ပြောကြားသည်။

ဦးတင်အောင်မြင့်ဦး ဒုတိယသမ္မတရာထူးမှ နုတ်ထွက်မှုကို ဇူလိုင်လ ၄ ရက်နေ့တွင် အစိုးရက တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။ ၎င်းသည် ကျန်းမာရေးမကောင်းသောကြောင့် စင်ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု အစိုးရ၏ ကြေညာချက်ကဆိုသည်။

ဦးတင်အောင်မြင့်ဦးသည် အငြိမ်းစားယူသွားပြီဖြစ်သော မြန်မာစစ်အာဏာရှင်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ရင်းနှီးချစ်ခင်မှုရှိသူ ဖြစ်ပြီး မြန်မာ့အရေးလေ့လာအကဲခတ်သူများက ၎င်းသည် သဘောထားတင်းမာကာ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို သဘောတူ လက်ခံခြင်းမရှိကြောင်း၊ ယခုလို ရာထူးမှနှုတ်ထွက်သွားခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်ကြောင်း သုံးသပ် ကြသည်။

"သမ္မတအနေနဲ့ ပိုပြီးသဘောထားပျော့ပျောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒုတိယသမ္မတနေရာမှာ အစားထိုးခန့်အပ်လိမ့်မယ်လို့ လူ အတော် များများက မျှော်လင့်နေကြတယ်။ ဖြစ်နိုင်တာက သူနဲ့သဘောထားချင်းတူညီပြီး ပြုပြင်ပြောင်းလဲရေးတွေ ရှေ့ဆက်လုပ်ဆောင်လို့ရမယ့် ပုဂ္ဂိုလ်မျိုးထဲကပေါ့"ဟု ထိုင်းအခြေစိုက် မြန်မာသတင်း မီဒီယာဖြစ်သော ဧရာဝတီမဂ္ဂဇင်းမှအယ်ဒီတာ ဦးအောင်ဇော်ကပြောကြားသည်။

ဗြိတိန်သတင်းစာဖြစ်သော Financial Times ကပြီးခဲ့သည့် ဧပြီလအတွင်း မြန်မာနှင့်ပတ်သက်သော သတင်းတစ်ပုဒ်ရေးသားခဲ့ရာတွင် "ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးအပါအဝင် အချို့သော သဘောထားတင်းမာသူများ အနေဖြင့် ရာထူးမှဖယ်ရှားခံရမည့် အခြေအနေမျိုးနှင့် ရင်ဆိုင် နေရသည်"ဟု ဖော်ပြပါရှိသည်။

သမ္မတဦးသိန်းစိန်သည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း တိုင်းပြည်အတွက် အရေးကြီးသည့် ပြုပြင်ပြောင်းလဲကြီးများကို လုပ်ကိုင်ခဲ့သည့်အတွက် လူအများ၏ ချီးမွမ်းပြောဆိုခြင်းခံရသည်။ ၎င်း၏ လုပ်ငန်းစဉ်များထဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ပါတီဝင်များအား လွှတ်တော်အတွင်းသို့ဝင်ရောက်နိုင်အောင် လမ်းဖွင့် ပေးခဲ့မှုလည်း ပါဝင်သည်။ သို့သော် မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများက ဦးတင်အောင်မြင့်ဦး ဦးဆောင်သော ကွန်ဆာဗေးတစ်(ရှေးရိုးဆန်သူ)တစ်စုကြောင့် အစိုးရ၏ ပြောင်းလဲမှုခြေလှမ်းများ နှေးကွေးနေသည်ဟု သုံးသပ်ပြောဆိုခဲ့ကြသည်။

ယခု ဒုတိယသမ္မတရာထူးမှ နှုတ်ထွက်သွားမှုနှင့်အတူ ကက်ဘိနက်အဖွဲ့တွင်း ရာထူးပြောင်းလဲခန့်အပ်မှုများ ပြုလုပ်ကာ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများ ပိုမိုလျင်မြန်လာနိုင်ကြောင်း အကဲခတ်များကဆိုသည်။ အထူးသဖြင့် လတ်တလော အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့ အရေးယူမှုများ ဆိုင်းငံ့လိုက်ပြီးနောက် စီးပွားရေးဆိုင်ရာ ဥပဒေရေးဆွဲမှုလုပ်ငန်းစဉ်များကို ပိုမိုလုပ်ကိုင်လာနိုင်မည်ဟု ဆိုကြသည်။

မြန်မာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမှာ ပြည်ပမှစီးပွားရေးလုပ်ငန်းများ၏ရပိုင်ခွင့်များကို ကာကွယ်ပေးပြီး ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံမှုပြုကြရန် အားပေးအားမြှောက်ပြုသည့် ဥပဒေဖြစ်သည်။ အဆိုပါ ဥပဒေကို အဆုံးသတ် ရေးဆွဲနေသည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မည်သည့်အကြောင်းကြောင့် နှောင့်နှေးကြန့်ကြာနေသည်ဟူသည်မှာ ရှင်းရှင်းလင်းလင်းမရှိသေးပေ။

လက်ရှိ အစိုးရအဖွဲ့တွင်ပါဝင်သူများမှာ အတူတကွအလုပ်လုပ်ကိုင်နိုင်ခြင်း၊ ဆွေးနွေးညှိနှိုင်းနိုင်ခြင်းမရှိရာ အကျိုးဖြစ်ထွန်းမှုရှိစေမည့် အုပ်ချုပ်ရေးယန္တရားမဟုတ်ကြောင်း ဦးအောင်ဇော်ကပြောသည်။ အကယ်၍ ဦးသိန်းစိန်အနေဖြင့် ဝန်ကြီးအချို့ကို ဖယ်ရှားနိုင်ခြင်းမရှိပါက ပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်များထိခိုက်မှုရှိနိုင်ကြောင်း ၎င်းကဆိုသည်။

သို့ရာတွင် လစ်လပ်သွားသော ဒုတိယသမ္မတရာထူးခန့်အပ်မည့်ကိစ္စမှာ သမ္မတဦးသိန်းစိန်တစ်ဦးတည်းအပေါ်တွင် မူတည်နေခြင်းမဟုတ်ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတဖြစ်ခွင့်ရှိသူမှာ စစ်ဘက်တွင် တာဝန် ထမ်းဆောင်ဖူးသူ ဖြစ်ရလိမ့်မည်။ ယင်းရာထူးကို စစ်ဘက်မှ လွှတ်တော်ကိုယ်စားလှယ်များက အမည်စာရင်းပေးရန် လိုအပ်သည်။ သို့ရာတွင်လည်း ဒုတိယသမ္မတရာထူးအတွက် စစ်ဘက်မှ အမည်တင်သွင်းမည့် ကိစ္စကို လွှတ်တော်နှင့် သမ္မတတို့၏ ပူးတွဲဆုံးဖြတ်ချက်ဖြင့် အတည်ပြုလာဖွယ်ရှိသည်။

“ကြိုတင်ဒိုင်ယာလော့ခ်လုပ်တာတို့၊ ဆွေးနွေးနေတာတို့ရှိပါတယ်။ ကျွန်တော့်အထင်ပြောရရင် ဒုတိယသမ္မတရာထူး ဆက်ခံမယ့်သူကို ရွေးချယ် ပြီးလောက်ပါပြီ။ ဒါပေမဲ့နောက်ဆုံး အဆုံးအဖြတ်တော့ထွက်မလာသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီိကိစ္စဟာလောလောဆယ် အထိမခံဖြစ်နေလို့ပါ”ဟု ၎င်းကဆိုသည်။

“ဦးတင်အောင်မြင့်ဦးမရှိတော့တဲ့နောက်ပိုင်း မြန်မာနိုင်ငံကို အနီးကပ်စောင့်ကြည့်နေကြတဲ့ အစိုးရတွေအနေနဲ့ သက်သာရာရလာမယ်လို့ ထင်ပါတယ်”ဟု ၎င်းကဆိုသည်။

                                                 ****************************************************

အမေရိကန်အဝတ်အထည်ကုမ္ပဏီများ မြန်မာကို ရင်းမြစ်ရယူရေးနယ်ပယ်အဖြစ် ရှုမြင်

(Apparel News မှ 6 July 2012 ရက်စွဲပါ Apparel Companies Eye Myanmar as Next Sourcing Spot ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှတင်သွင်းသည့်ကုန်ပစ္စည်းများ ဝယ်ယူမှုအား ပိတ်ပင်သည့်ကြေညာချက် မထုတ်ပြန်မီအချိန်က အမေရိကန်အဝတ်အထည် ကုမ္ပဏီများသည် မြန်မာပြည်ထွက် အဝတ်အထည်များအား တစ်နှစ်လျှင် ဒေါ်လာ ၄၀၉ သန်းဖိုးအထိ ဝယ်ယူခဲ့ကြသည်။

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးနှင့် အရပ်သားလွတ်လပ်ခွင့်ချိုးဖောက်မှုများကို ဒဏ်ခတ်အရေးယူသည့်အနေဖြင့် မြန်မာပြည်မှတင်ပို့သော ပစ္စည်းများဝယ်ယူမှုကို ၂၀၀၃ ခုနှစ်မှ စတင်ပိတ်ပင်လိုက်သည့်အချိန် နောက်ပိုင်းတွင်မူ အဆိုပါ ပမာဏမှာ သုညအထိရောက်ရှိသွားသည်။ သို့သော် ယခု အမေရိကန်ပြည်ထောင်စုက နှစ်ပေါင်း ၂၂ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ခန့်အပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာလိုက်ချိန်တွင် အမေရိကန် အဝတ်အထည် ကုမ္ပဏီများက ယခင်ကအတိုင်း ပြန်လည်ဝယ်ယူမှုများပြုလုပ်ရန် ကြိုးပမ်းနေကြပြီဖြစ်သည်။

မြန်မာနိုင်ငံမှ အထည်ချုပ်စက်ရုံအလုပ်သမားများအတွက် တစ်လတာ လုပ်အားခမှာ အမေရိကန်ဒေါ်လာ ၈၀ မျှသာ ရှိသည်။ မြန်မာ၏အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် နှိုင်းယှဉ်မည်ဆိုပါက လုပ်အားခများစွာသက်သာသည်။ ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်လုပ်သားတစ်ဦး၏ တစ်လတာလုပ်အားခမှာ အမေရိကန်ဒေါ်လာ ၁၂၀ ဖြစ်သည်။

"ရှင်းပါတယ်ဗျာ။ မြန်မာနိုင်ငံကိုသွားရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ စိတ်ဝင်စားမှုတွေ ဒုနဲ့ဒေးရှိနေပါတယ်။ မြန်မာပြည်ဟာ နောက်ထပ် အကျိုးစီးပွားဖြစ်ထွန်းစေမယ့် နယ်ပယ်သစ်တစ်ခုပါ"ဟု ဟောင်ကောင်အခြေစိုက်အမေရိကန်ကုမ္ပဏီ Luen Thai မှ ဥက္ကဌ Rick Helfenbein က ပြောကြားသည်။

မည်သို့ပင်ဆိုစေ အမေရိကန်အထည်အလိပ်နှင့် အဝတ်အထည်တင်သွင်းသူကုမ္ပဏီများအနေဖြင့် မြန်မာပြည်နှင့် ပြန်လည် ချိတ်ဆက်ပြီး တီရှပ်၊ အကျီနှင့် ချည်ထည်ဘောင်းဘီများ မှာယူတင်သွင်းရန် နှစ်အနည်းငယ်ခန့် စောင့်ဆိုင်းကြရဖွယ်ရှိသည်။ မြန်မာသည် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံး နိုင်ငံဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော်မျှ စစ်အာဏာရှင်စနစ်အောက်သို့ ရောက်ရှိခဲ့သည်။

မြန်မာအရပ်ဘက်အစိုးရသစ်သည် ၂၀၁၁ ခုနှစ်၊ အာဏာရရှိလာသည့်အချိန်မှစ၍ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ ပါလီမန် ရွေးကောက်ပွဲများ လွတ်လပ်မျှတစွာကျင်းပပေးခြင်း၊ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှလွှတ်ပေးပြီး နိုင်ငံရေး လှုပ်ရှားခွင့်ပြုခြင်း အစရှိသည်တို့အပါအဝင် များစွာသော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ဆက်တိုက်အကောင်အထည်ဖော်ခဲ့သည်။

သို့သော် အမေရိကန်သမ္မတ ဘားရက်အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က မြန်မာနှင့် အမေရိကန်အကြား ကုန်သွယ်မှုများ ပြန်လည်စတင်မှုမပြုမီ မြန်မာအစိုးရအနေဖြင့် ထို့ထက်ပိုသော တိုးတက်ဖြစ်ထွန်းမှုများနှင့် တံခါးဖွင့်မှုများပြုလုပ်ရန် လိုအပ်သည်ဟု ယုံကြည်လျက်ရှိသည်။

သို့အတွက်ကြောင့် အမေရိကန်ကွန်ဂရက်က မြန်မာနိုင်ငံလွတ်လပ်မှုနှင့် ဒီမိုကရေစီရေးဆိုင်ရာ အက်ဥပဒေ(၂၀၀၃)အရ ဇူလိုင်လ ၂၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် မြန်မာမှတင်ပို့သော ကုန်ပစ္စည်းများ ပိတ်ပင်ကန့်သတ်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြန်လည်သက်တမ်းတိုးရန် ကြိုးပမ်းလျက်ရှိသည်။

                                                        ************************************************

ဒုသမ္မတနေရာအတွက် လက်ရှိဗိုလ်ချုပ်ကြီးတစ်ဦးကို တပ်မတော်က ထောက်ခံဖွယ်ရှိ

(Bloomberg မှ 9 July 2012 ရက်စွဲပါ“Myanmar army backs general for vice president, law marker says” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာ့တပ်မတော်အရာရှိလွှတ်တော်အမတ်များသည် ယခုလအတွင်း တရားဝင်နှုတ်ထွက်သွားသော ဒုတိယသမ္မတတစ်ဦး၏နေရာတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီးတစ်ဦးဖြင့်အစားထိုးခြင်းကို ထောက်ခံကြဖွယ်ရှိသည်ဟု အာဏာရပြည်ခိုင်ဖြိုးပါတီ လွှတ်တော်အမတ်တစ်ဦးက ပြောကြားသည်။

အခြေခံဥပေဒအရ လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်းနေရာရထားသည့် တပ်မတော်အရာရှိလွှတ်တော်အမတ်များက လစ်လပ်ဒုတိယ သမ္မတနေရာအတွက် ဗိုလ်ချုပ်ကြီးလှဌေးဝင်း(သို့)ဗိုလ်ချုပ်ကြီးစိုးဝင်းကို အမည်စာရင်းတင်သွင်းကြဖွယ် ရှိသည်။ ဦးတင်အောင်မြင့်ဦးရာထူးနေရာတွင် အစားထိုးခြင်းကိစ္စကို လွှတ်တော်တွင် မနက်ဖြန်စတင်လိမ့်မည်ဟု ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ဦးစောလှထွန်းက ပြောကြားသည်။

လက်ရှိအစိုးရသစ်မှာ တပ်မတော်ခေါင်းဆောင်ပိုင်းက တစ်ယောက်ယောက်ကို လိုအပ်နေပါတယ်။ ဒီနှစ်ယောက်ထဲကဖြစ်ဖြစ်၊ အခြားတပ်မတော် ထိပ်ပိုင်းအရာရှိ တစ်ယောက်ပဲဖြစ်ဖြစ်၊ တပ်မတော်က ရွေးချယ်ချင်ပုံရပါတယ်”ဟု အောက်လွှတ်တော်ဥပဒေမူကြမ်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက တယ်လီဖုန်းဖြင့် ဖြေကြားသော်လည်း အသေးစိတ်ပြောဆိုခြင်းမပြုပါ။

မနှစ်ကတစ်နှစ်လုံး မြန်မာနိုင်ငံ၏ဒီမိုကရေစီဦးတည်ခဲ့မှုများသည် အနောက်အုပ်စု Sanctions များကို လျော့သွားစေသည့်အပြင် လူဦးရေ ၆၄ သန်းရှိသော မြန်မာ့ဈေးကွက်အခွင့်အလမ်းများကို စူးစမ်းလိုသော ရင်းနှီးမြှုပ်နှံသူများကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။ မကြာမီက သိသာသော အပြောင်းအလဲများ ဖြစ်ပေါ်လာစေနိုင်သည့် အစိုးရအဖွဲ့ ပြန်လည်နေရာချမှုပြုလုပ်ရာတွင် ဒုတိယသမ္မတအစားထိုး နာမည်တင်သွင်းခွင့်ကို တပ်မတော်ကလည်း(အခြေခံဥပဒေအရ)ရရှိထားသည်ဟု မြန်မာနိုင်ငံအကြောင်း စာအုပ်နှစ်အုပ်ရေးသားထားသူ ဦးသန့်မြင့်ဦးက ဆိုသည်။

ဒီလိုနေရာပြန်လည်ချထားမှုဟာ သမ္မတရဲ့ ပြုပြင်ပြောင်းလဲမှုအစီအစဉ် အားကောင်းလာအောင် ကြိုးပမ်းမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီအစီအစဉ်ဟာ အုပ်စုကွဲ၊ အယူအဆကွဲတွေနဲ့ မပတ်သက်ပါဘူး။ သမ္မတကြီးရဲ့အစီအစဉ်တွေ ရနိုင်သလောက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်အောင် ကြိုးစားမှုသက်သက်ပဲ ဖြစ်ပါတယ်”ဟု ဦးသန့်မြင့်ဦးက တယ်လီဖုန်းဖြင့် ပြောကြားသည်။

အမည်မဖော်လိုသူ မြန်မာ့နိုင်ငံရေးအကဲခတ်တစ်ဦးကမူ“အရာအားလုံးသည် ဦးသန်းရွှေ၏ အကွက်အတိုင်း ရွေ့လျားနေခြင်းဖြစ်ပြီး၊ အပျော့ဂိုဏ်း၊ အမာဂိုဏ်း ဆိုသည့်ကိစ္စမှာလည်း ဦးသန်းရွှေ ဖန်တီးထားသည့် အကွက်တစ်ခုသာဖြစ်ကြောင်း၊  ယခု ဒုတိယသမ္မတရွေးချယ်ရာတွင်လည်း ထင်ကြေး အမျိုးမျိုးထွက်ပေါ်လာအောင် ၄၊ ၅ ယောက်ခန့်၏ နာမည်များကိုသတင်းလွှင့်ပြီးမှ သူရွှေးချယ်ထားသူကို တင်မြှောက်မှာဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေး Scenario ကို ခန့်မှန်းရာတွင် ဦးသန်းရွှေကိုချန်ထားမိပါက လမ်းလွဲသွားနိုင်ကြောင်း” မှတ်ချက်ပေးပြောဆိုသွားသည်။

 

စီးပွားရေး စိန်ခေါ်မှုများ

အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဦး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး တို့သည်လည်း၊ ဒုတိယသမ္မတရာထူးအတွက် တစ်ပြေးနေကြသည်ဟု ဦးစောလှထွန်းက ပြောကြားသည်။ သမ္မတ၏ အကြံပေး တစ်ဦးဖြစ်သူ ဦးနေဇင်လတ်ကမူ ယခုအစိုးရအဖွဲ့တွင်း နေရာပြန်ချမည့် ကိစ္စကို မှတ်ချက်ပေးရခြင်းကို ငြင်းဆိုထားသည်။

လူငယ်လူရွယ် အလုပ်လက်မဲ့ပြဿနာသည် ချိန်ကိုက်ဗုံးတစ်လုံးဖြစ်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုထားခြင်းကို ဖြေရှင်းသည့်အနေဖြင့် သမ္မတဦးသိန်းစိန်က ၂၀၁၆ မတိုင်မီ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၇.၇ ရာခိုင်နှုန်းသို့ ရောက်ရှိရေးကို ပစ်မှတ်ထားကာ အလုပ်အကိုင် ဖန်တီးပေးခြင်း၊ ဝင်ငွေတိုးစေခြင်းတို့ကို ဆောင်ရွက်မည်ဟု ယခင်လက ကတိပြုထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေလေးပုံတစ်ပုံမှာ ဆင်းရဲတွင်းနက်ပြီး၊ ၇၀ ရာခိုင်နှုန်းမှာ ရွံ့ထဲ၊ နွံထဲလယ်ယာလုပ်ငန်းခွင်တွင် ရုန်းကန်နေရကြရကာ၊ ၄ ဦးတွင် ၃ ဦးမှာ လျှပ်စစ်မီး သုံးစွဲခွင့်မရကြဟု ADB အာရှဖွံ့ဖြိုးရေးဘဏ် အစီရင်ခံစာအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်အတွင်းသို့ရောက်ရှိလာအောင် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၊ မျှတစွာ ကျင်းပပေးခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုက Sanctions အချို့ကို ဖြေလျှော့ပေးခဲ့သည့်အပြင် ဒဲရက်မစ်ချယ်ကို ပထမဆုံး အမေရိကန်သံအမတ်ကြီးအဖြစ် နေပြည်တော်သို့စေလွှတ်ရန် ဆီးနိတ်လွှတ်တော်က ဇွန် ၂၉ ရက်တွင် အတည်ပြုပေးလိုက်ပြီဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ဝါရှင်တန်က ခွင့်ပြုလိုက်ပြီဖြစ်၍ မြန်မာနိုင်ငံသို့ ကိုကာကိုလာ ဝင်လာတော့မည်ဖြစ်သလို၊ Caterpillar Asia အကြီးအကဲ ကယ်ဗင် ဦးဆောင်သော အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည်လည်း လာမည့်လတွင် နေပြည်တော်သို့ ရောက်လာတော့မည်ဟု သိရှိရသည်။

                         *****************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment