Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြုပြင်ရဦးမည့် ကျေးလက်အုပ်ချုပ်မှု ယန္တရား

*****************************************

ဆောင်းပါးကဏ္ဍ

ပြုပြင်ရဦးမည့် ကျေးလက်အုပ်ချုပ်မှု ယန္တရား

မိုးတိမ်(ရွှေမော်ဝန်း)

(ဇူလိုင်လ ၇ရက်နေ့ထုတ် Envoy ဂျာနယ်အတွဲ(၃) အမှတ်(၁ဝ)မှ ထုတ်ယူဖော်ပြသည်။)

နိုင်ငံတော်အတွင်း ပြုပြင်ပြောင်းလဲမှုများတွင် ကျေးလက်ဒေသအတွင်း ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဆိုင်ရာများ ဦးတည်၍ ဆောင်ရွက်နေ သည့်နည်းတူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများလည်း ထိရောက်စွာ ပြောင်းလဲပေးရန် လိုအပ်နေသေးသည်။

အချို့သော တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ကျေးလက်အုပ်ချုပ်ရေးမှူးများ တရားဝင် ခန့်အပ်မှုမရှိသေးသည့် နည်းတူလိုအပ်သော နေရာများအတွက် အရည်အချင်းပြည့်ဝသော အုပ်ချုပ်ရေးမှူးများ ခန့်အပ်နိုင်ရေးသည်လည်း အရေးကြီးလှသောကဏ္ဍတွင် ပါဝင်နေပေသည်။

ကျေးလက်ဒေသအတွင်း ပညာတတ်နည်းပါးခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်မှုမရှိခြင်း၊ ကျေးလက်နေပြည်သူများ၏ ယုံကြည်ကိုးကားခြင်း ခံရမှု နည်းပါးခြင်း၊ အကျင့်ပျက်ခြစားမှုများ ရှိနေခြင်းတို့ကြောင့် အုပ်ချုပ်ရေးပိုင်း၌ ခန့်အပ်ရာတွင် အကြောင်းအမျိုးမျိုးသော အခက်အခဲများ ရှိနေသေး သည်။

အများပြည်သူထောက်ခံသော အစိုးရသစ်တက်လာချိန်တွင် ကျေးလက်၌ အများပြည်သူမသိရှိဘဲ မြှောက်တင်ပေးလိုနေသောပုံစံမျိုး တွေ့မြင် နေရသေးသည်။ ပြည်သူ့ဆန္ဒအား နိုင်ငံတော်မှ ဦးစားပေးအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက လမ်းညွှန်ထားပေသည်။ အကျင့်ပျက်ခြစား မှုများသည် မြို့ပေါ်ရပ်ကွက်များတွင် ပပျောက်မှုရှိလာသည့်နည်းတူ ကျေးလက်တွင် ပပျောက်အောင် ပိုမို အလေးထားပပျောက်အောင် ဆောင်ရွက်သင့် ပေသည်။

ကျေးလက်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ခန့်အပ်မှုများတွင် အကျင့်ပျက်ခြစားမှုများ ပါဝင်နေသည်။ ယင်းအတွက် ပြည်သူ့ဆန္ဒသည် ကျေးလက်တွင် ဖော်ဆောင်ရန် အားနည်းနေနေသေးသည်မှာ ဒီမိုကရေစီအလေ့အကျင့် မရှိသေးသည့်အတွက်ဟု ရှုမြင်မိသည်။

မြို့ပြနေပြည်သူများထက် ကျေးလက်နေပြည်သူများတွင် အခွင့်အလမ်းများ ပွင့်လန်းမှု အားနည်းနေသည်။ ယင်းအပေါ် အခွင့်ကောင်းယူ အသုံးချမှုများကြောင့် ကျေးလက်နေပြည်သူများနစ်နာခဲ့သည့် ဖြစ်ရပ်များ တွေ့မြင်နေရသည်။ အဆိုပါဖြစ်ရပ်များသည် ကျေးလက်တွင် အုပ်ချုပ်နေသော တာဝန်ရှိသူများ၏ အလေးထားမှုအားနည်းနေသည်ကို ပြသနေပေသည်။

ကျေးလက်ဒေသများအတွင်းမှ ပညာတတ်လူငယ်များစွာ ယနေ့အချိန်တွင် ထွက်ပေါ်လာနေသော်လည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွင် အသက် အရွယ်ပိုင်းအရသော်လည်းကောင်း၊ အတွေ့အကြုံပိုင်းအရသော်လည်းကောင်း၊ နုနယ်သေးသောကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင် ခန့်အပ်ရာ၌ အခက်အခဲများ ရှိလာနိုင်သည်။

ကျေးလက်တွင် လူလတ်ပိုင်းပညာတတ်များ နည်းပါးနေပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာများအား ခန့်အပ်ခံရသူများကို အစိုးရအနေဖြင့် သိရှိသင့် သည့် အုပ်ချုပ်မှုဆိုင်ရာများအား သင်ကြားလေ့လာပြသမှုများ ပြုလုပ်ရန် လိုအပ်လာသည်။

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများတွင် ရှေးအယူအဆ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ၊ ခန့်အပ်မှုဆိုင်ရာတွင် နီးစပ်ရာအား ထောက်ခံအား ပေးမှုများ ရှိနေသေးသည့်အတွက် အနာဂတ်ကျေးလက်အုပ်ချုပ်ရေးအပိုင်များ၌ အစိုးရအနေဖြင့်စနစ်တကျ ဆောင်ရွက်မှုနှေးကွေးနေသေးပါက ပြဿနာများ ပေါ်ပေါက်လာနိုင်သည်။

လက်ရှိတွင် ကျေးလက်ဒေသ၌ ယာယီအုပ်ချုပ်ရေးမှူများသာ ခန့်အပ်နိုင်သေးပြီး ကျေးလက်နေပြည်သူများ၏ အခက်အခဲများကို တင်ပြနိုင် သည့် အုပ်ချုပ်ရေးမှူးများမရှိသေးသည်ကို တွေ့မြင်ရပါသည်။

ယာယီခန့်အပ်ခံထားရသူများသည် ၎င်းအနေဖြင့် မည်သည်က အစပြုလုပ်ကိုင်ရမည်ဆိုသော အကြောင်းအရင်းတောင်မသိသည့် သူများသာ ဖြစ်လေသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် အခြေခံကျသော ယင်းကိစ္စများကို အကောင်အထည်ဖော်ဆောင်ရွက်မှုများ ပြုလုပ်လာရန် အချိန်တန်လာပေသည်။ ကျေးလက်နေပြည်သူများသည် ၎င်းတို့တွင်ရှိနေသော အခက်အခဲများအား သက်ဆိုင်ရာအစိုးရထံ တင်ပြပေးနိုင်သောသူ၊ ရပ်ရွာအကျိုးအား မဆိုင်းမတွလုပ်နိုင်သောသူ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက ဥပဒေကြောင်းအရ လိုက်နာကျင့်သုံးပေးနိုင်သည့် အုပ်ချုပ်ရေး မှူးများသာ လိုလားကြသည်။

ယင်းအတွက်ကြောင့် အခြေခံကျေးလက်မှအစ မြို့ပြအထိ အုတ်မြစ်ခိုင်မာမှုရှိစေရေး၊ တိုးတက်ဖွံ့ဖြိုးရေးတို့သည် အုပ်ချုပ်မှုပိုင်းဆိုင်ရာများ ကောင်းမွန်နေမှ ဖြစ်ပေလိမ့်မည်။ လျော့ရဲသော အုပ်ချုပ်မှုပိုင်းဆိုင်ရာတွေ ကျေးလက်တွင် ဆက်လက်ရှိမနေသင့်တော့ပေ။ ရပ်ကွက် (သို့မဟုတ်) ကျေးလက်ဥပဒေပြဌာန်းချက် အခန်း (၁၀)တွင် ကျေးလက်နေပြည်သူများ၏ နေဥပစာလုံခြုံမှုနှင့် ပစ္စည်းလုံခြုံမှု အခွင့်အရေး၊ ဘာသာသာသနာကိစ္စများ ဆောင်ရွက်ခွင့်၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းများပြုစုပျိုးထောင်ခွင့်၊ ပညာသင်ကြားရေးဆိုင်ရာ အခွင့်အရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေး၊များ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးများကို စောင့်ရှောက်သောသူသာ ဖြစ်ရမည်ဟု ပါဝင်သည်။

ယနေ့ နိုင်ငံတော်အစိုးရ ကျေးလက်နေပြည်သူများ၏ ဘဝအဆင့်မြင့်မားစေရေးအတွက် အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေး ဦး တည်ဆောင်ရွက်နေပြီး အသေးစားချေးငွေများ ထုတ်ချေးမှု ၊ကျေးလက်နေပြည်သူများ၏ အသိပညာဖွံ့ဖြိုးမှု ရှိလာစေရေးအတွက် ဆောင်ရွက်နေသော် ငြားလည်း ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေသော နိုင်ငံအဖြစ် ကြိုးစားဖော်ဆောင်လာသော အစိုးရအနေဖြင့် ကျေးလက်တွင်ဖြစ်ပေါ်နေသော မပြောင်းလဲ သေးသည့် အခြေအနေများကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေသေးကြောင်း အပြုသဘောဖြင့် ရှုမြင်မိပါသည်။

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံ၏အဓိကကျသော စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်မှုသည် ကျေးလက်ဒေသတွင်ရှိသောကြောင့် ယင်းအခြေခံ စွမ်းအားစုများ ပိုမိုဖြစ်ထွန်းလာစေရေး၊ ကျေးလက်နေပြည်သူများဘဝ ပိုမိုတိုးမြင့်လာစေရေးသည် လမ်းညွှန်ပြသမှုကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာ ယန္တရားအောက်တွင် မူတည်နေပြီး ညှိနှိုင်းထိန်းကျောင်းမှုရှိစေမည့် အုပ်ချုပ်မှုဆိုင်ရာကောင်းမွန်သော အုပ်ချုပ်ရေးမှူးများ ခန့်အပ်ထားခြင်းရှိနေမှသာ ကျေးလက်ဖွံ့ဖြိုးမှု စီမံကိန်းသည် ထိရောက်မည်ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment