Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၁.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီ၏ စံတန်ဖိုးနှစ်ရပ်

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီ၏ စံတန်ဖိုးနှစ်ရပ်

ဘုန်းထက်ဝင်း

(မြန်မာနိုင်ငံ၏ ပင်မရေစီးကြောင်းနိုင်ငံရေးမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်သစ်တွင် ယခင်နိုင်ငံရေးစိတ်အခံများဖြင့် ပါဝင်လာဖို့ မလွယ်ကူပေ။ လက်တွေ့နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်ပြီး သူများဖြစ်သော်လည်း statemen ကောင်းတို့ လက္ခဏာရပ်များ မရှိလျှင် မြန်မာ့ နိုင်ငံရေးမှာ ရှေ့တိုးဖွံ့ဖြိုးတိုးတက်ရန် ခဲယဉ်းဦးမည်။ ထိုအတွက်ကြောင့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဖော်ပြခဲ့ဖူးသည့် သမိုင်းထဲမှ statemen နှစ်ဦး၏ ဒီမိုကရေစီအပေါ်သဘောထားနှင့် ယင်းတို့၏ သဘောထားပြည့်ဝမှုတို့အား သုံးသပ်ထားသည့် ဆောင်းပါးကို ပြန်လည်ဖော်ပြလိုက်ပါသည်။)

လွန်ခဲ့သောနှစ်ပေါင်း ၇၆ နှစ်ခန့် ၁၉၃၅ ဧပြီလထုတ် ဂန္တလောက မဂ္ဂဇင်းတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုသန့်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင်တူညီဝတ်စုံ ဝတ်သင့်သည်ဟူသော အချက်နှင့်ပတ်သက်၍ "ကျောင်းတွေမှာ လွတ်လပ်စွာ ဝတ်စားဆင်ယင်မှုသည် အလွန်တရာ အရေးကြီးကြောင်း ကျွန်တော်ယုံကြည်သည်။ လွတ်လပ်သော ပတ်ဝန်းကျင်၏ အမှတ်အသား ဖြစ်သည်။ ကျွန်တော်တို့ကျောင်းများ၌ ခက်ခဲစွာ ဆန့်ကျင်တိုက်ခိုက်နေရသော အချက်မှာ လူ့ဘဝတွင် ပုံစံကိုက်ပြုလုပ်မှုပင်ဖြစ်သည်။ ယင်းပုံစံကိုက်ပြုလုပ်မှုကို ကြီးထွားခွင့်ပြုလိုက်သည်နှင့် တစ်ပြိုင်တည်း၊ ၎င်းသည် လူ့ဘောင်ကြီးကို ဖျက်ဆီးချေတော့မည်"  ဟူ၍ ရေးသားခဲ့လေသည်။

ကိုသန့်၏ရေးသားချက်ကို ပြန်လည်ချေပရေးသားသည့် ဆောင်းပါးမှာ နောက်လထုတ် ဂန္တလောကမဂ္ဂဇင်းတွင် ပါလာသည်။ ရေးသူကား ကျောင်းသား ခေါင်းဆောင်း ကိုအောင်ဆန်း။ "ကျွန်တော်တို့၏ အမိနိုင်ငံအတွက် ညီရင်းအကိုကဲ့သို့ တစိတ်တသဘောတည်း၊ တညီတညွတ်တည်း ပူးတွဲ သစ္စာရှိမှုကို ကျွန်တော်တို့ နှစ်သက်သည်။ အထူးသဖြင့် ပြည်တွင်းဖြစ်အထည်တွေကို ဝတ်ရမည်။ အရေးပါ အရာရောက်အောင် လုပ်ရမည်။ ဤနည်းဖြင့် လွတ်လပ်ရေး ဟူသည်၊ အမျိုးသားပန်တိုင်အဖြစ် ကျွန်တော်တို့နှင့် ရင်အုပ်မကွာ ရှိလာမည်။ လွတ်လပ်စွာ ဝတ်စားဆင်ယင်ရေးဟူသည်မှာ လွတ်လပ်သော ပတ်ဝန်းကျင် အရသာထက်၊ ဝါကြွားမှု၊ ပလွှားမှုများအတွက် အလိုလိုက်မှု စည်းစိမ်ခံစားမှုများအတွက်သာ အထောက်အကူပြုလိမ့်မည်၊ လူ့ဘဝ၏ ပုံစံကိုက် ပြုလုပ်သူများသည်၊ အမျိုးသားလွတ်မြောက်ရေးအတွက် အကြွင်းမဲ့ လိုအပ်သောအရာများ ဖြစ်သည်ဟု ကျွန်တော်နားလည်သည်၊ ပင်နီအကျီ ထူလပြစ်ကြီးများသည်၊ သက်တောင့် သက်သာမရှိဟု ဦးသန့်က စောဒက တက်မည်လော။ ကျွန်တော် မထင်ပါ။ ကျွန်တော်သိရသလောက် ဦးသန့်သည်လည်း အမျိုးသားရေးဝါဒသမားပင် ဖြစ်သည်" ဟူ၍ဆိုလေသည်။

သို့နှင့် ကိုသန့်၏ဖြေဆိုချက်သည် နောက်လမှာ ပါလာပြန်သည်။ ပညာရေးလောကနှင့် ပတ်သက်ပြီး သခင်အောင်ဆန်းကို မေးခွန်းထုတ်သည်။ "ကိုအောင်ဆန်းသည် လူပြိန်းအမြင်ကို တင်ပြလာသည်။ ကျွန်တော်အနေဖြင့် ပြဿနာတစ်ရပ်ကို လူတွေပညာတတ်အောင် သင်ပေးနေသူ တစ်ယောက်၏ ရှုထောင့်မှ ကြည့်မြင်သုံးသပ်သည်"ဟူ၍ ပြန်လည်ရေးသားခဲ့လေသည်။ ဤကဲ့သို့ အပြန်အလှန်ရေးသား ငြင်းခုံခဲ့သူနှစ်ဦးမှာ နောင် ကမ္ဘာသိ မြန်မာ့သားကောင်း များဖြစ်လာကြသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်တို့ ဖြစ်ကြသည်ကို စာဖတ်သူ အများ သိနှင့်ပြီးသား ဖြစ်လေသည်။

နှစ်ဦးစလုံး၏ ပြေဆိုချေပချက်များကို သရုပ်ခွဲစိစစ်ကြည့်ပါက ဒီမိုကရေစီ၏ အဓိက စံတစ်မျိုးဖြစ်သည့် စုစည်းခြင်းနှင့် ကွဲပြားခြားနားခြင်း (Unity and Diversity) သဘောတရားကို ရောင်ပြန်ဟပ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အဓိကဆိုလိုရင်းမှာ စုစည်းညီညွတ်မှု(Unity) ဖြစ်သည်။ တူညီဝတ်စုံ ဝတ်ခြင်း သည် စိတ်ပညာသဘောအရ ညီညွတ်မှုရှိခြင်းနှင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များကို  တညီတညွတ်တည်း လိုက်နာခြင်းကို ရည်ရွယ်ပါသည်။ ဦးသန့် ဆိုလိုသည်မှာကား လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်မှုကို အဓိက အသားပေးဖော်ပြဟန်ရှိပြီး တစ်ခြားသူများ၏ အယူအဆ အတွေးအခေါ်များ ကိုလည်း နှလုံးသွင်းဆင်ခြေကာ သဘောကျနှစ်ခြိုက်ဖြစ်ပေါ်မှုမရှိသည့် တိုင် အပြိုင်တည်ရှိခွင့်ပေးခြင်း ဖြစ်သည်။

အမှန်စင်စစ် လွတ်လပ်မှုဟူသည်မှာ စည်းကမ်းရှိမှသာပို၍ ပီပြင်မည်ဖြစ်သည်။ တစ်ဦးချင်းလွတ်လပ်မှုကိုပြောတိုင်း ၎င်းတာဝန်ယူရမည့် စည်းကမ်းလည်း တစ်ပါတည်းရှိနေမည်သာဖြစ်သည်။ ယင်း စုစည်းခြင်းနှင့် ကွဲပြားခြားနားမှု သဘောတရားကို လက်ရှိမြန်မာနိုင်ငံရေးအပေါ် တင်ကြည့်ပါက ထူးခြားချက် နှစ်ချက် ပေါ်ထွန်းလာပါသည်။ ပထမတစ်ခုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်သည်။ လက်ရှိ အာဏာရအစိုးရရော၊ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော နိုင်ငံရေးအင်အားစုများရော အဓိကလိုချင်သည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်သည်။ ယင်းကို မကြာမီက ပြောကြားခဲ့သည့် နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းပါ အားသုံးအားမှ နိုင်ငံရေးအင်အားတွင် အကျယ်တဝန့် ဖော်ပြထားလေသည်။ မိန့်ခွန်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ယခုလို ရုပ်ပိုင်းဆိုင်ရာသာမက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရဲ့  အခြေခံဖြစ်တဲ့ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားအောင်လည်း ဆောင်ရွက်သွားမှာဖြစ်သည်ဟု  ပြောကြားချက် ကြည့်ခြင်းအားဖြင့် စုစည်းညီညွတ်မှု သဘောကို အဓိကဖော်ပြလိုခြင်း ဖြစ်လေသည်။

ဒုတိယတစ်ခုမှာ နိုင်ငံရေးတွင် မတူညီသော သဘောထားများကို လက်ခံနားလည်နိုင်သည့် လွတ်လပ်သည့် စိတ်ဓာတ်(liberal- mind set) ဖြစ်သည်။ နည်းလမ်းများ မတူညီသည့်တိုင် ပန်းတိုင်တူညီမည်ဆိုပါက ရန်သူအဖြစ် သဘောမသက်ရောက်သွားစေဘဲ ပြိုင်ဘက်အဖြစ်သာ သဘောထားမည် ဖြစ်သည်။ အထက်၌ဆိုခဲ့သည့်အတိုင်း ကွဲပြားခြားနားမှုသည် လွတ်လပ်မှုရှိခြင်းကို ဆိုလိုသည်ဖြစ်ရာ လွတ်လပ်မှုနှင့်အတူ တာဝန်ယူရမည် စည်းကမ်းလည်း ပါဝင်မည် ဖြစ်သည်။ ယင်းသဘောကို သမ္မတမိန့်ခွန်း၌ "မတူညီတဲ့ သဘောထားအမြင်တွေ ရှိကြမှာဖြစ်သော်လည်း တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ကြမယ်၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့်အာဏာကို တရားနည်းလမ်းကျနစွာဖြင့် ရယူကြမယ်ဆိုရင် နတ်လူသာဓုခေါ်ကြမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားပြီး လက်ကမ်းကြိုဆိုနေမှာဖြစ်ကြောင်း အသိပေး ပြောကြားအပ်ပါသည်"ဟု ပြောကြားခဲ့လေသည်။  သို့ဆိုပါ၍ မြန်မာနိုင်ငံရေးအပေါ် သြဇာသက်ရောက်နေသော နိုင်ငံရေးအင်အားစုအားလုံးမှ  စုစည်းညီညွတ် မှုနှင့် ကွဲပြားခြားနားမှုကို သေချာနားလည် သဘောပေါက်ကာ လက်တွေ့ကျကျ ကျင့်သုံးအကောင်အထည်ဖော်ပါက အားလုံးမျှော်လင့်ထားကြသော ဖွံ့ဖြိုးရေး ပန်းတိုင်သို့ ငြိမ့်ငြိမ့်ညောင်းညောင်း ရောက်ရှိသွားနိုင်ဖြစ်ပါကြောင်း....။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment