Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၁.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ နဲ့ မလေးရှား ဒုံရင်းအခြေအနေထဲပြန်ရောက်နေပြီလား

(The Diplomat မှ 10 July 2012 ရက်စွဲပါ Backsliding in Burma and Malaysia? ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ အရေးယူမှုများ ဖယ်ရှားရေး အာဆီယံမျှော်လင့်လျက်ရှိ

(10 July 2012 ရက်စွဲပါ VOA News မှ Irwin Loy ရေးသားသော ASEAN hoping for removal of Burma sanctions ကိုဘာသာပြန်ဆိုသည်။)

                                ***************************************************************

ဘာသာပြန်သတင်းများ

မြန်မာ နဲ့ မလေးရှား ဒုံရင်းအခြေအနေထဲပြန်ရောက်နေပြီလား

(The Diplomat မှ 10 July 2012 ရက်စွဲပါ Backsliding in Burma and Malaysia? ကိုဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှဒေသတွင် မြန်မာနှင့် မလေးရှားနှစ်နိုင်ငံသည် ဘာသာရေး၊ တိုင်းရင်းသားလူမျိုးရေး၊ နိုင်ငံရေး အစရှိသည့် အခန်းကဏ္ဍတို့တွင် မိုးနှင့် မြေကြီးကဲ့သို့ ကွာခြားလွန်းလှသော်လည်း ပြည်တွင်း၌  များစွာလိုအပ်လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ကာ လတ်တလောကာလများအတွင်း အနောက်နှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းကြရာ၌ အလားသဏ္ဍာန်ဆင်နေသလိုရှိသည်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများကို မြန်မာနှင့် မလေးရှားမှ ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့က များစွာကြိုဆိုခဲ့ကြသည်။

သို့သော် မလေးရှားတွင် မီဒီယာများအပေါ် ဖိနှိပ်မှုများထပ်မံပေါ်ပေါက်လာပြီး မြန်မာတွင်မူ တစ်ကြိမ်တစ်ခါက ကြုံခဲ့ဖူးသလို နိုင်ငံရေးတွင် တက်ကြွစွာလှုပ်ရှားသူများကို ပြန်လည်ဖမ်းဆီးထိန်းသိမ်းသည့်ဖြစ်စဉ်မျိုး ပြန်လည် ထွက်ပေါ်လာမည်ကို စိုးရိမ်နေရသည်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)၏ အဆိုအရ လူသိများသော မလေးရှား ဘလော့ဂ်ဂါတစ်ဦးဖြစ်သူ Syed Abdullah Hussein Al-Attas မှာ တရားဝင်လျှို့ဝှက်အက်ဥပဒေ(OSA)  ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ၎င်းသည် ဂျိုဟောဆူလတန်နှင့်ပတ်သက်၍ အငြင်းပွားစရာ  ရေးသားချက်များကို ဘလော့ဂ်တွင်တင်ခဲ့ပြီးနောက် ယင်းသို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။ ၎င်းနှင့်အတူ အခြားအမျိုးသမီးတစ်ဦးမှာလည်း ထိန်းသိမ်းခံထားရသည်။

Sayed Abdullah အင်တာနက်ဘလော့ဂ်တွင် ရေးသားလွှင့်တင်ခဲ့သော အကြောင်းအရာများမှာ ဂျိုဟောအိမ်ရှေ့မင်းသား Ismail Sultan Ibrahim နှင့်ပတ်သက်ပြီး ရန်စလိုသော၊ စော်ကားလိုသော အရေးအသားမျိုးဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် အိမ်ရှေ့မင်းသားသည် သဘာဝလွန် စွမ်းအင်များကို အထူးစိတ်ဝင်တစားနှစ်သက်သူဖြစ်ကြောင်း ဖော်ပြပြီး လျှို့ဝှက်စာရွက်စာတမ်းများကိုလည်း Sayed Abdullah က ဘလော့ဂ်ပေါ်တွင် တင်ခဲ့သည်။

မြန်မာနိုင်ငံတွင်မူ ၁၉၆၂ ခုနှစ်ကဖြစ်ပေါ်ခဲ့သော ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံအပေါ် စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်နေ့မတိုင်မီ နိုင်ငံရေးလှုပ်ရှားသူများ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ တက်ကြွစွာလှုပ်ရှားသူများအဆိုအရ မြန်မာအစိုးရသစ်သည် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ချီးမွမ်းပြောဆိုခံရသော်လည်း ယခင်စစ်အစိုးရကဲ့သို့ ဖိနှိပ်မှုများ ပြုလုပ်ဆဲဖြစ်ကြောင်း၊ ဇူလိုင် ၇ ရက် (ဆဲဗင်းဂျူလိုင်)မတိုင်မီ အစိုးရအာဏာပိုင်များက တက်ကြွစွာလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။

ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်အထိမ်းအမှတ်အတွက် လှုပ်ရှားသူများမှာကျောင်းသားများဖြစ်ပြီး ၎င်းတို့ကို အာဏာပိုင်များက ပြန်လွှတ် ပေးလိုက်ကြောင်း၊ ထိုသို့ဖမ်းဆီးရခြင်းမှာ နားလည်မှုလွဲမှားခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားသည်။ သို့သော် ယခုအခြေအနေမျိုးတွင် ၎င်းတို့ အနေဖြင့် မည်သည့်အခါမျှထိန်းသိမ်းမခံသင့်ပေ။

တရားမျှတမှုမရှိဘဲ မှားယွင်းစွာထိန်းသိမ်းခံရမှုမှာ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အာဆီယံနိုင်ငံများအတွက် အရေးကိစ္စတစ်ခုဖြစ်လာသည်။

အာဆီယံသည် အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မှုမပြုသည့် မူဝါဒကိုကျင့်သုံးပြီး ယခုလို ဖမ်ဆီး ထိန်းသိမ်းမှုမျိုး အပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများကို ကန့်သတ်ထားသည်။ သို့သော် အာဆီယံသည် ယခုအခါ နယ်စည်းများနှင့် ဈေးကွက်များကိုဖွင့်လှစ်ရန် လုပ်ဆောင်လျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် အပြည့်အဝ ပူးပေါင်းမှုရှိသည့် လူ့အသိုင်းအဝိုင်းတစ်ရပ်ပေါ်ထွန်းရန် ဦးတည်ချက်ရှိထားရာ ယခုလို ဖမ်းဆီးထိန်းသိမ်းမှုက ဒေသတွင်းအရေးကြီးသော အချက်ပေးသံများကို ဖြစ်ပေါ်စေကာ နိုင်ငံတကာ နိုင်ငံရေးဇာတ်ခုံပေါ်၌ ဗူးပေါ်သလို ပေါ်နိုင်ပေသည်။

                                                            **************************************

မြန်မာနိုင်ငံမှ အရေးယူမှုများ ဖယ်ရှားရေး အာဆီယံမျှော်လင့်လျက်ရှိ

(10 July 2012 ရက်စွဲပါ VOA News မှ Irwin Loy ရေးသားသော ASEAN hoping for removal of Burma sanctions ကိုဘာသာပြန်ဆိုသည်။)

ယခုအပတ်တွင် ကမ္ဘောဒီးယား၌ အရှေ့တောင်အာရှမှဝန်ကြီးများသည် အဆင့်မြင့်ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေကြရာ၊ အချို့စောင့်ကြည့်လေ့လာသူများက(၂၀၁၄)ခုနှစ်ကို လှမ်းမျှော်ကြည့်နေကြသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ကြီး၏ ဥက္ကဋ္ဌတာဝန် ယူမည်ဖြစ်သည်။ VOA နှင့် အာတာဗျူးတွင် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Surin Pitsuwan က ပြောကြားရာ၌ အာဆီယံအဖွဲ့ကြီးသည် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများကို အားပေးနိုင်ခဲ့ခြင်းအတွက် နာမည်ကောင်းရရှိမှုမှာ ထိုက်တန်ကြောင်း ပြောကြားခဲ့သည်။ သို့သော် နိုင်ငံတကာ အရေးယူမှုများ အားလုံးဖယ်ရှားမသွားသေးသည့်အတွက် စိတ်ပျက်ကြောင်းဖော်ပြခဲ့သည်။

ဧပြီလဆန်းပိုင်းက အာဆီယံခေါင်းဆောင်များ ဖနွမ်းပင်တွင်တွေ့ဆုံခဲ့ရာ၌ မြန်မာနိုင်ငံနှင့်ပတ်သက်သော မေးခွန်းများတွင် နိုင်ငံတကာ အရေးယူမှုများ မည်သည့်အချိန်တွင် ဖယ်ရှားမည့်အကြောင်းမဟုတ်ဘဲ၊ ရုတ်သိမ်းပေးရန်ကိုသာ အာရုံပြုခဲ့ကြသည်။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့ခြင်းကြောင့် အာဆီယံ ခေါင်းဆောင်များစိတ်ထဲတွင် မြန်မာနိုင်ငံအား ပြန်လည်ချီးမြှင့်သင့်ကြောင်း ခံစားကြရသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တုန့်ပြန်ခဲ့သည်။ အမေရိကန်၊ သြစတြေးလျနှင့် ဥရောပသမဂ္ဂတို့သည် ၎င်းတို့၏ အရေးယူမှုများ ဖြေလျော့ ပေးကြောင်းကြေညာခဲ့သည်။ သို့သော် အာဆီယံအတွက်မူ ရည်မှန်းချက်မှာ အရေးယူမှုများ အားလုံးဖယ်ရှားသွားရေး ဖြစ်သည်။

ယခုအပတ် ဝန်ကြီးများ၏အစည်းအဝေးတွင် မြန်မာနိုင်ငံကိစ္စကို အများကဆွေးနွေးမှု အနည်းငယ်သာရှိသော်လည်း ဒေသတွင်း ခေါင်းဆောင်များကမူ အလေးပေးမှုရှိနေကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Surin Pitsuwan က ပြောကြားခဲ့သည်။

“အမေရိကန်နဲ့အီးယူဟာ မတူတဲ့သီးခြားမဟာဗျူဟာတွေ ကိုင်စွဲထားတယ်လို့ကျွန်တော်ထင်တယ်” အီးယူက အရေးယူမှုတွေကို ယာယီ ရုတ်သိမ်းပေးလိုက်တော့ ဘာမဆိုလုပ်လို့ရသွားပြီး၊ ဒါပေမယ့် အရေးယူမှုတွေကို ပြန်လည် ချမှတ်နိုင်ပါတယ်။ အမေရိကန်ကတော့ တဆင့်ပြီးတဆင့် ဖြေလျော့နေပါတယ်။ ဗျူဟာနှစ်ခုမတူပါဘူး။ ဒါကိုကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် လုပ်ဆောင်တဲ့နှုန်း ဒီထက်ပိုမြန်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ တဖြည်းဖြည်းပြောင်းလဲလာနေတာတွေက အရေးယူမှုတွေနဲ့ပတ်သက်ပြီး ပြန်စဉ်းစားပေးဖို့ အလွန်အမင်း အရေးကြီးနေပြီလို့ ပြသနေပါတယ်။”ဟု Surin ကပြောသည်။

“လုပ်ဆောင်ရမယ့်အရာတွေက လျင်လျင်မြန်မြန်ဖြစ်မလာတော့ စိတ်ပျက်တယ်လို့ပြောရမယ့် သဘောရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဆွေးနွေးဖက်နိုင်ငံတွေဖြစ်တဲ့ ဒီအဓိက တိုင်းပြည်တွေရယ်၊ အုပ်စုကြီးတွေဟာ ဆုံးဖြတ်ရမှာဖြစ်လို့ သူတို့ကိုယ်ပိုင်အခွင့်အရေးပါပဲ။ ကျွန်တော်တို့ကတော့ သရုပ်ပြပေး၊ ရှင်းပြပေးရုံပဲ တတ်နိုင်ပါတယ်။ အခုထိကတော့ အရာရာဟာ ဦးတည်ချက်မှန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ဆိုရမှာပါ။ နောက်ပြန် မလှည့်တော့ဘူးဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မြန်မာအစိုးရနဲ့ပြည်သူတွေဟာ သက်တောင့်သက်သာရှိလာစေဖို့ ထိုက်တန်နေပါပြီ။ အလျင်အမြန် လုပ်ပေးသင့်ပါတယ်”ဟု Surinကပြောသည်။

သို့သော် အချို့စောင့်ကြည့်လေ့လာသူများကလည်း ပွင့်ပွင့်လင်းလင်းအကဲဖြတ်မှုများ ရှိသည်။

“အာဆီယံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့အရေးယူမှုတွေကို ဖယ်ရှားပေးစေလိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ဝင်တစ်ဦးကို အဆင့် ခွဲခြားဆက်ဆံသလို ဖြစ်နေလို့ပါပဲ”ဟု New South Wales တက္ကသိုလ်မှ အာဆီယံရေးရာကျွမ်းကျင်သူ Carlyle Thayer ကပြောကြားခဲ့သည်။

“သူတို့က ပြုပြင်ပြောင်းလဲမှုတွေဟာ အပေါင်းလက္ခဏာဆောင်တဲ့ လမ်းကြောင်းမှာရှိနေပြီလို့ မြင်ကြပါတယ်။ ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ နဲ့ နော်ဝေတို့ဟာ သူတို့ရဲ့အရေးယူမှုတွေကို ယာယီရုတ်သိမ်းခြင်း၊ ဖယ်ရှားခြင်းတို့ ပြုလုပ်ပေးခဲ့ပေမယ့် ရပ်ဆိုင်း သွားခဲ့ခြင်းတော့ မရှိသေးပါဘူး။ မြန်မာနိုင်ငံ နောက်ပြန်သွားခဲ့ရင် ပြန်လည်ချမှတ်လို့ရအောင် ထားလိုပုံ ရပါတယ်”ဟု ၎င်းကပြောသည်။

“အရေးယူမှုတွေဟာ အရမ်းရှုပ်ထွေးပါတယ်။ အီးယူမှာဆိုရင် အားလုံးရဲ့သဘောတူညီမှုနဲ့ ချမှတ်ထားတာဖြစ်ပြီး၊ အမေရိကန်မှာဆိုရင် ကွန်ကရတ်ကချမှတ်ထားတဲ့ အရေးယူမှုတွေရော၊ အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ ချမှတ်ထားတဲ့ အရေးယူမှုတွေရောရှိပါတယ်။ နှစ်ခုစလုံးမှာရှုပ်ထွေးတဲ့ ဥပဒေတွေဖြစ်ပါတယ်။ ဒီတော့အားလုံး သဘောတူ ရုတ်သိမ်းဖို့ထက်စာရင် ယာယီရုတ်သိမ်းဖို့ ပိုပြီးလွယ်ကူပါတယ်”ဟု Thayer ကပြောသည်။

ယခုလောလောဆယ်တွင်မူ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့် ၂၀၁၄ ခုနှစ်ကိုသာ ရှေ့ရှုနေကြောင်း Surin က ပြောသည်။

“အာဆီယံဥက္ကဋ္ဌ လုပ်လိုတယ်ဆိုရင်တော့ ဒါဟာဂုဏ်သိက္ခာရှိမှု၊ ဂုဏ်ပြုခံရမှု၊ တာဝန်ယူရမှုတွေ အားလုံးပါဝင်ပါတယ်။ ဒီအတွက်အာဆီယံဟာ အများကြီးအထောက်အပံ့ပြုပေးရပါတယ်။ ဒါကို အာဆီယံက အားတက်စရာ အဖြစ်မြင်ပါတယ်”ဟု Surin က ပြောပါသည်။“ အခု ကျွန်တော်တို့ သူတို့ကို ကူညီနေပါတယ်။ သူတို့အတွက် အခွင့်အလမ်းတွေ ဖွင့်ပေးနေပါတယ်။ အစည်းအဝေးတွေကို လာရောက်လေ့လာရပါတယ်။ ဒါမှ ၂၀၁၄ မှာ လုပ်နိုင်မှာပါ” ဟု Surin ကပြောသည်။

မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရေးတွင် တတ်နိုင်သမျှ ဒုက္ခများမဖြစ်ပေါ်စေရေးအတွက် အာဆီယံသည်  အရေးကြီးသောကဏ္ဍမှ ပါဝင်နေသော်လည်း၊ ဥက္ကဋ္ဌနေရာရရှိခြင်းကြောင့် မြန်မာအစိုးရသည် ပြည်တွင်းတွင် အကျိုးအမြတ်များ ရရှိသည်။ အထွေထွေရွေးကောက်ပွဲများမှာ နောက်တစ်နှစ် ၂၀၁၅ တွင် ကျင်းပမည် ဖြစ်သည်။

ကျိုတိုတက္ကသိုလ်မှ နိုင်ငံရေးခွဲခြမ်းစိတ်ဖြာလေ့လာသူ Pavin Chachavalpongpun က ပြောကြားရာတွင် အကယ်၍ မြန်မာနိုင်ငံသည် ထိုအချိန်တွင် ရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတစွာ ပြုလုပ်ပေးနိုင်မည်ဆိုပါက အာဆီယံဥက္ကဋ္ဌကြောင့် အစိုးရ၏ပုံရိပ် မြင့်တက်လာခြင်းမှသည် ထိုထက်ပို၍ ပုံရိပ်ကောင်းများ ရရှိနိုင်မည်ဖြစ်သည်။

“၂၀၁၄ ဟာ မြန်မာနိုင်ငံအတွက်ရော၊ အာဆီယံအတွက်ပါ အရေးကြီးတဲ့နှစ်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၁၄ မှာ မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲအတွက်တစ်နှစ်ပဲ လိုတော့တဲ့အချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ခေါင်းဆောင်တွေဟာ အာဆီယံဥက္ကဋ္ဌနေရာကို ရယူ လိုတာဟာ သူတို့အစိုးရကို တရားဝင်စေလိုတာရယ် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရလိုတာရယ်ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးမှာ အလွန်တရာအရေးကြီးတဲ့ အကြောင်းတစ်ခု ရှိနေပါတယ်။ တိုင်းပြည်ကိုတံခါးဖွင့်ဖို့ အာဆီယံရဲ့ဆွေးနွေးဖက်နိုင်ငံတွေရယ်၊ အာဆီယံက အလားအလာ ရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ရရှိလာအောင်၊ ပြသရမယ့်အချိန် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွက် အရေးကြီးတယ်လို့ ပြောတာပါ”ဟု Pavin Chachavalpongpun ကပြောသည်။

အာဆီယံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌနေရာအတွက် လုပ်ဆောင်မှုများ ချောချောမွေ့မွေ့ရှိကြောင်းပြသလိုစိတ် ပြင်းပြနေမည် ဖြစ်သည်ဟု Pavin က ပြောသည်။ ထို့ကြောင့် ထိုကိစ္စသည် လူ့အခွင့်အရေးကဲ့သို့သော အခြားကိစ္စများထက် ဦးစားပေးနေရာတွင် ရှိနေလိမ့်မည် ဖြစ်ပါ တော့သည်။

                                        ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment