Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၁.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာပြည် ပြုပြင်ပြောင်းလဲမှုများ

(Financial Times မှ 8 July 2010 ရက်စွဲပါ Editorial ဖြစ်သော Myanmar Reforms ကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံတွင် မလေးရှားတို့ ပိုမိုရင်းနှီးမြှုပ်နှံစေချင်

(Bernama သတင်းမှ 10July 2012 ရက်စွဲပါ “Myanmar wants more Malaysia investments”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. သဘောထားတင်းမာသူပုဂ္ဂိုလ်အား ဒုသမ္မတသစ်အဖြစ် မြန်မာစစ်တပ်ရွေးချယ်

(The Stateman သတင်းစာမှ 10 July 2012 ရက်စွဲပါ Myanmar army picks hardliner as new V.P ကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာပြည် ပြုပြင်ပြောင်းလဲမှုများ

(Financial Times မှ 8 July 2010 ရက်စွဲပါ Editorial ဖြစ်သော Myanmar Reforms ကို ဘာသာပြန်ဆိုသည်။)

တိုင်းပြည်တစ်ပြည်၏ အမည်နာမနှင့်ပတ်သက်၍ အရေးကြီးသည့် ခေါင်းဆောင်နှစ်ဦး သဘောထား မတိုက်ဆိုင်ကြသည့်အခါ အကောင်းမြင်တတ်သူတစ်ဦးတစ်ယောက်က တိုင်းပြည်၏ရှေ့ရေးကို ပကတိသဘော၊ အရှိသဘောဖြင့် ထောက်မကူညီရမည်ဟု တွေးတောကောင်း တွေးတောပေလိမ့်မည်။ ယခု မြန်မာနိုင်ငံ၏ အမည်နာမကိစ္စမှာလည်း စကားပြောနေပြီဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် တရားဝင်ဖြစ်နေပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံကို Burma ဟုပင် ဆက်လက်ခေါ်ဆိုမှုနှင့် သူမ၏ ထင်မြင်ချက်များက ရှိပြီးသား နာမည်ကျော်ကြားမှုကို ပို၍ အလေး သာစေသည်။ Myanmar နှင့် Burma ဟူသောအခေါ်အဝေါ်ကိစ္စကြောင့် ပြုပြင်ပြောင်းလဲရေးသမ္မတ ဦးသိန်းစိန်နှင့် သူမအကြား အချင်းများသလို ဖြစ်နေသည့်ကိစ္စက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်အပေါ် အန္တရာယ်ပေးနိုင်သည့် အနေအထားတွင်ရှိသည်။

လက်ရှိအချိန်အထိတော့ အလားအလာကောင်းသည့် အရိပ်လက္ခဏာအချို့ရှိနေဆဲဖြစ်သည်။ မကြာသေးခင်ရက်ပိုင်းက ယခင် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ရင်းနှီးချစ်ခင်မှုရှိသော ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ ၎င်းသည် မြန်မာ့အရေးကိစ္စအတော်များများတွင် သမ္မတဦးသိန်းစိန်နှင့် စိတ်သဘောထားချင်း တိုက်ဆိုင်မှုမရှိဟုသိရသည်။ ထိုအရေးကိစ္စများတွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလည်းပါဝင်သည်။ ဦးတင်အောင်မြင့်ဦးမှာ ရာထူးမှနှုတ်ထွက်လိုက်သည်၊ သို့မဟုတ် ထုတ်ပယ် ခံရသည်ဟု အချို့ကဆိုကြပြီး ၎င်းနှုတ်ထွက်သွားမှုကြောင့် ဦးသိန်းစိန်အနေဖြင့် ပြုပြင်ပြောင်းလဲရေး ဒုတိယလှိုင်းကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်တော့မည်ဟု သုံးသပ်ကြသည်။

သို့သော် ဦးသိန်းစိန်မှာ သူတစ်ဦး တစ်ယောက်တည်း လုပ်ချင်တိုင်းလုပ်၍မရပေ။ ဒုတိယသမ္မတရာထူးကို စစ်ဘက် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက အမည်စာရင်းပေးသွင်းပြီးနောက် အတည်ပြုခန့်အပ်မည်ဖြစ်သည်။ သို့သော် ဦးသိန်းစိန်သည် စစ်ဘက်မှအငြိမ်းစား ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ရာ ၎င်းအနေဖြင့် ဒုတိယသမ္မတရာထူးခန့်အပ်မည့်ကိစ္စတွင် စစ်ဘက်လွှတ်တော်ကိုယ်စားလှယ်များကို မဖြစ်မနေ စည်းရုံးသိမ်းသွင်းမှုများ ပြုလုပ်ရမည်ဖြစ်သည်။ သို့မှသာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား ပိုမိုဖိအားပေးလုပ်ကိုင်သွားနိုင်မည်ဖြစ်သည်။

အကယ်၍ သမ္မတဦးသိန်းစိန်သာ ၎င်းအလိုရှိသော လမ်းကြောင်းကိုဖောက်နိုင်မည်ဆိုပါက လယ်ယာစိုက်ပျိုးရေး၊  ဆောက်လုပ်ရေးနှင့် လျှပ်စစ် စွမ်းအင်အပါအဝင် အရေးကြီးသောဝန်ကြီးဌာနများမှ ဝန်ကြီးရာထူးများကို ပြောင်းလဲ ခန့်အပ်သွားဖွယ်ရှိသည်။ ထို့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတော်များများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအား အောင်မြင်စွာလုပ်ကိုင်နိုင်သူ မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကိုလည်း သူ၏ သမ္မတရုံးသို့ ခေါ်ယူကာ ရာထူးတိုးပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ သို့ရာတွင် ကချင်တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ယနေ့ အချိန်အထိ ရလဒ်ကောင်းများမထွက်ရှိနိုင်ဘဲဖြစ်နေရာ ယင်းကိစ္စက သမ္မတဦးသိန်းစိန်၏ “မြန်မာနိုင်ငံတော်သစ်” စီမံကိန်းအား ကြီးမားသောခြိမ်းခြောက်မှုကြီးတစ်ရပ် သဖွယ်ဖြစ်နေသည်။

ဦးသိန်းစိန်သာ ၎င်းဆန္ဒရှိသည့် ကက်ဘိနက်အဖွဲ့မျိုးဖွဲ့စည်းနိုင်ပြီဆိုပါက ၎င်းအနေဖြင့် နှစ်ကာလကြာ စောင့်ဆိုင်းနေရသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။ ယင်းဥပဒေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံသို့ ဝင်ရောက်လိုစိတ်ဖြစ်အောင် တွန်းအားပေးမည်ဖြစ်ရာ မြန်မာ့စီးပွားရေး တိုးတက်မှုအတွက် လွန်စွာအရေးကြီးသည်။ ထို့နောက် ဦးသိန်းစိန်ကိုယ်တိုင် လုပ်ဆောင်ရန် စာရင်းသွင်းထားပြီးဖြစ်သည့် အရေးကိစ္စကြီးများကို အကောင်အထည်ဖော်လုပ်ကိုင်ရမည်ဖြစ်သည်။ ထို့အတူ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အသီးသီးမှ အသီးအပွင့်နှင့် အကျိုးအမြတ်များကို မြန်မာပြည်သူများအားလုံး မျှဝေခံစားနိုင်ရေးမှာလည်း လွန်စွာ အရေးကြီးသည်။ အကယ်၍ ထိုသို့သာ လုပ်ဆောင်သွားနိုင်မည်ဆိုပါက Myanmar သို့မဟုတ် Burma (မြန်မာနှင့် ဗမာ) အမည်အတွက် အငြင်းပွားမှုများမှာလည်း အပယိက ကိစ္စမျှသာဖြစ်သွားပေလိမ့်မည်။

                                                                ******************************************

မြန်မာနိုင်ငံတွင် မလေးရှားတို့ ပိုမိုရင်းနှီးမြှုပ်နှံစေချင်

(Bernama သတင်းမှ 10July 2012 ရက်စွဲပါ “Myanmar wants more Malaysia investments”သတင်းကို ဘာသာပြန်ဆိုသည်။)

နှစ်ပေါင်း ၅၀ အဆက်ဖြတ် စစ်အုပ်ချုပ်ရေးကာလအပြီး၊အာရှရင်းနှီးမြှုပ်နှံမှုဈေးကွက်တွင် အရေးပေါ်ရေပန်းစားလာသော မြန်မာနိုင်ငံက ၎င်း၏ ကြီးမားသောအခွင့်အလမ်းများကို လာရောက်ဖမ်းဆုပ်ကြရန်၊ အဓိကအားဖြင့် စားသောက်ကုန်နှင့် ခရီးသွားလုပ်ငန်းတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန်အတွက်  မလေးရှားကုမ္ပဏီများ ယခုထက်ပိုမိုလှုပ်ရှားကြအောင် ဖိတ်ခေါ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ အရှိန်ရမြန်ဆန်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် အနောက်အုပ်စုနိုင်ငံများ၏ Sanctions များ အပြန်အလှန် ဖြေလျော့ပေးမှုများကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ အာရုံစိုက်ခြင်းကိုခံနေရပြီး ယခု ထွက်ပေါ်လာသော ဈေးကွက်အခွင့်အလမ်းများကို ပူးပေါင်း ဖမ်းဆုပ်ကြရန် မလေးရှားအပါအဝင် နိုင်ငံခြားကုမ္ပဏီများကို လမ်းဖွင့်ပေးနေသည်”ဟု မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းအမှုဆောင်ကော်မတီဝင် ဦးရဲမင်းအောင်က ပြောကြားသည်။              

“မြန်မာနှင့်မလေးရှားအကြား ဆက်ဆံရေးသည် အားနည်းနေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ကိုင်မှုများတွင် အတူတကွ လုပ်ကိုင်သွားနိုင်ကြရန်အတွက် အားသာချက်၊ အားနည်းချက်များကို အဖြေရှာကြရန် အရေးကြီးကြောင်း”ဦးရဲမင်းအောင်က ပြောကြားသွားသည်။

“မြန်မာနိုင်ငံဟာ ဆန်အဓိကထွက်ရှိပြီး မလေးရှားနိုင်ငံကလည်း ဆန်ကိုကျယ်ကျယ်ပြန့်ပြန့် စားသုံးနေကြတဲ့အတွက် မြန်မာနိုင်ငံရဲ့ စားသောက်ကုန် ပြုပြင်ထုတ်လုပ်မှုကဏ္ဍမှာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ မလေးရှားရဲ့ ခေတ်မီတဲ့လူသုံးကုန် ပစ္စည်းတွေကိုလည်း မြန်မာဈေးကွက်ထဲကို အများကြီး တင်သွင်းနေပါတယ်။ ဒါတွေကို နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်း သို့မဟုတ် ဖက်စပ် ရင်းနှီးမြှုပ်နှံခြင်းကို ခွင့်ပြုထားပါတယ်”ဟု ၎င်းက Bernama သတင်းဌာနသို့ပြောကြားသည်။

“အလားအလာကောင်းနေတဲ့ အခြားစိတ်ဝင်စားစရာကဏ္ဍတွေကတော့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖြစ်ပြီး အထည်ချုပ်နဲ့ ရေနံဓာတု လုပ်ငန်းတွေက နောက်ကကပ်လိုက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိပြောင်းလဲမှုတွေကြောင့် ကမ္ဘာ့နိုင်ငံ အများအပြားက လွန်စွာ စိတ်ဝင်စားနေကြတဲ့အပြင် ဒေသတွင်း စင်ကာပူ၊ ထိုင်း အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက စတင်ရင်းနှီးမြှုပ်နှံနေကြပါပြီ။ ဒါပေမယ့် မလေးရှားကတော့ အရမ်းနည်းနေပါတယ်”ဟုInstitute of Strategic and International Studies Malaysia က ကြီးမှူးကျင်းပသော မြန်မာ့ရေးရာဖိုရမ်တွင် ”ကမ္ဘာနှင့်ဒေသတွင်းသို့ တံခါးဖွင့်ဆက်ဆံနေသော မြန်မာ”ဟူသောခေါင်းစဉ်ဖြင့်ဆွေးနွေးအပြီးတွင် ဦးရဲမင်းအောင်က သတင်းထောက်များအား ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးတာဝန်ကိုပါ ယူထားသော ဦးရဲမင်းအောင်က ”ယခင် မလေးရှားဝန်ကြီးချုပ် မဟာသီယာသည် Petronas မြန်မာနိုင်ငံသို့ အခြေချစေနိုင်ခဲ့သော စီးပွားရေးညှိနှိုင်း ဆောင်ရွက်မှုများစွာကို လုပ်ဆောင်ပေးခဲ့ပြီး တစ်ချိန်တည်းတွင် အာဆီယံအဖွဲ့ထဲသို့ မြန်မာနိုင်ငံ ပူးပေါင်း ဝင်ရောက်နိုင်စေရန် အားပေးထောက်ခံခဲ့သည်”ဟု ဆက်လက်ပြောဆိုသွားသည်။

ထို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် အာဆီယံအဖွဲ့အကြောင်းကို စတင်ဖော်ပြလာခဲ့ကြပြီး ပြည်သူများကလည်း  မလေးရှား၊ စင်ကာပူတို့၏ အကြောင်းကို စတင်ပြောဆိုလာခဲ့ ကြသည်ဟု ဦးရဲမင်းအောင်က ဆိုသည်။

“မြန်မာနိုင်ငံသည် လက်ရှိစီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် အားပေးထောက်ခံမှုနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုကို လိုအပ်နေသေးသည်”ဟု ၎င်းကဆက်လက်ပြောကြားသွားခဲ့သည်။

                                                                **********************************

သဘောထားတင်းမာသူပုဂ္ဂိုလ်အား ဒုသမ္မတသစ်အဖြစ် မြန်မာစစ်တပ်ရွေးချယ်

(The Stateman သတင်းစာမှ 10 July 2012 ရက်စွဲပါ Myanmar army picks hardliner as new V.P ကို ဘာသာပြန်ဆိုသည်)

ယခင် စစ်အစိုးရနှင့်နီးစပ်မှုရှိပြီး သဘောထားတင်းမာသူအဖြစ် ရှုမြင်ခံရသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေအား လွှတ်တော်မှ စစ်ဘက်ကိုယ်စားလှယ်များက ဒုတိယသမ္မတအဖြစ်တင်မြှောက်ရန် အမည်စာရင်းတင်သွင်းလိုက်ကြောင်း စစ်ဘက်အရာရှိတစ်ဦးက AFP သို့ ပြောကြားသည်။

"ဦးမြင့်ဆွေအနေနဲ့ တိုင်းပြည်အတွက်ပိုပြီး အလုပ်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်"ဟု ဗိုလ်မှူးချုပ် ဝေလင်းက သတင်းထောက်များကိုပြောကြားသည်။ ဦးမြင့်ဆွေအား ဒုတိယသမ္မတအဖြစ် အမည်စာရင်းပေးသွင်းမှုကို လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုပေး လိမ့်မည်ဖြစ်သည်။

စစ်တပ်ကျောထောက်နောက်ခံ မြန်မာအရပ်သားအစိုးရက ကက်ဘိနက်အဖွဲ့ ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်မည်ဟု သုံးသပ် ပြောဆိုမှုများ ထွက်ပေါ်နေစဉ်ကာလအတွင်း ဒုတိယသမ္မတရာထူး ပြောင်းလဲခန့်အပ်မှု ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုလွှတ်တော်သို့ ပထမဆုံး တက်ရောက်ပြီးနောက် မကြာမီအချိန်တွင်ပင် နိုင်ငံပိုင်မီဒီယာက ဒုတိယဝန်ကြီးခြောက်ဦးအား ရာထူးပြောင်းလဲခန့်အပ်မှုကို ကြေညာချက်ထုတ်ပြန်သည်။

“ဒုတိယသမ္မတသစ်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် ပိုမို လုပ်ကိုင်ပေးလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြောကြားသည်။

ဦးမြင့်ဆွေသည် ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်နီးစပ်သူဟု ရှုမြင်ခံရသော်လည်း နှုတ်ထွက်သွားသည့် ဦးတင်အောင်မြင့်ဦးထက်ပို၍ သဘောထားပျော့ပျောင်းကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။

 *****************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment