Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၂.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်ထောင်စုအဆင့် အငြင်းပွားမှု ဘယ်လိုဖြေရှင်းကြမှာလဲ

*****************************************

ဆောင်းပါးကဏ္ဍ

ပြည်ထောင်စုအဆင့် အငြင်းပွားမှု ဘယ်လိုဖြေရှင်းကြမှာလဲ

ဉာဏ်လှိုင်လင်း

(သြဂုတ်လ ၂၂ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ-၃၊ အမှတ်-၁၀၈ မှ ထုတ်ယူတင်ပြချက်။)

နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေခုံရုံးသို့ ဖေဖော်ဝါရီ ၁၂ရက်တွင် လွှတ်တော် အသီးသီးကဖွဲ့စည်းထားသော ကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ်ထည့်သွင်း အဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ၊မရှိ တင်သွင်းခဲ့ပြီး  ခုံရုံးက မတ်လ၂၈ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်အခန်း၎ ဥပဒေပြုအခန်း၌ လွှတ်တော်အသီးသီး၏ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကို ပြည်ထောင်စု အဆင့်ဟု တိုက်ရိုက်ဖွင့်ဆိုထား ခြင်းမရှိသော်လည်း လွှတ်တော်များဆိုင်ရာ ဥပဒေများတွင် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဆိုသည်မှာ ဟူသော အဓိပ္ပါယ်ဖွင့်ဆိုသည်မှာဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် လွှတ်အသီးသီး၏ ကော်မတီကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့်ဟု ထည့်သွင်းဖွင့်ဆို ထားသည်။

ပြည်သူ့လွှတ်တော်

ယင်းကိစ္စရပ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်ဖွဲ့စည်းပုံ  အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များကို သြဂုတ်လ၂၁ရက် မတိုင်မီ မိမိ အသိစိတ်ဓာတ်ဖြင့် တာဝန်မှအနားယူစေခြင်းဆောင်ရွက်ရန်နှင့်  နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က ခုံရုံးသို့ ဖေဖော်ဝါရီလ ၂ရက်တွင် တင်သွင်းခဲ့သည့် တင်သွင်းလွှာအား ပြန်လည်ရုတ်သိမ်းပေးပါရန် သြဂုတ်လ၁၄ရက်၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်း မရှိပါက လွှတ်တော်အခွင့်အရေးကော်မတီကတဆင့် ကိုယ်စားလှယ် ၃၀၁ဦး လက်မှတ်ရေးထိုး၍ ဥက္ကဋ္ဌထံ တင်ပြ ထားသည့် အခြေခံဥပဒေပုဒ်မ ၃၃၄ပါ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်း နည်းလမ်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ကော်မရှင်နှင့် အဖွဲ့တို့ကို ပြည်ထောင်စုအဆင့်မဟုတ်ဟု ဖွဲ့စည်းပုံအခြခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့သဖြင့် အခြားမဏ္ဍိုင်များအား စောင့်ကြည့်ထိန်းညှိရန်နှင့် လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာအခက်အခဲများစွာ ရှိနေသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာခုံရုံးက သမ္မကိုယ်စား တင်သွင်းသည့် တင်သွင်းလွှာသည် “တည်ဆဲဥပဒေတစ်ရပ်ဖြစ်သော လွှတ်တော်အသီးသီး ဆိုင်ရာ ဥပဒေများပါ စကားရပ်ကို အဓိပ္ပါယ်ဖွင့်ရန် တင်ပြခြင်းမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်၎ ဥပဒေပြုရေးအခန်းပါ ‘ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း’ဆိုသည့် စကာရပ်ကို ဖွင့်ဆိုရန်သာ ဖြစ်သည်”ဟု ဆိုသည်။ ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၂၄ အရ အပြီးအပြတ် အတည်ဖြစ်ကြောင်း ရှင်းလင်းသည်။

၎င်းတို့၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံခြေခံ ဥပဒေပါ ဥပဒေပြုရေးအခန်းအရလည်းကောင်း၊ အမျိုးသားညီလာခံ ဆွေးနွေးချက် မှတ်တမ်းများအရ လည်းကောင်း ၁၉၇၃ခုနှစ် စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေအရလည်းကောင်း ညီညွတ်မှုရှိကြောင်း ခုံရုံးက ရှင်းပြသည်။ ယင်းဥပဒေများ အပေါ် အနက်အဓိပ္ပါယ်ကောက်ယူပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲစည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်နှင့် ယင်းအဖွဲ့အစည်း တစ်ရပ် ရပ်ကို ကိုယ်စားပြုသောအဖွဲ့ဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၏ တူညီချက်တင်ပြရယူပြီး ခန့်ထားသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း ခုံရုံးက ပြောသည်။

ဆုံးဖြတ်ချက်သည် အခြေခံဥပဒေရ ဆုံးဖြတ်ခြင်းဖြစ်သဖြင့် လွှတ်တော်က စွပ်စွဲပြစ်တင်၍ မိမိတို့အား နှုတ်ထွက်စေရုံမျှဖြင့် ပျက်ပြယ်မည် မဟုတ် ဘဲ အခြေခံဥပဒေကိုပြင်မှသာ ပျက်ပြယ်မည်ဖြစ်ကြောင်း ပြောသည်။ ထို့ပြင် ၎င်းတို့၏ ဆောင်ရွက်ချက်သည် အခြေခံဥပဒေပါ စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်း ၅ချက်ဖြင့် ငြိစွန်းခြင်းမရှိသဖြင့် ပေးအပ်သည့်တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၀ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။

နိုင်ငံတော် သမ္မတ

လွှတ်တော်အသီးသီး၏ ကော်မတီ နှင့်ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်ပါက ပြည်ထောင်စုအဆင့်နှင့် လျော်ညီသည့် ငွေကြေးကိစ္စများ နှင့်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို မိမိတို့အစိုးရ အဖွဲ့အနေဖြင့် တာဝန်ရှိလာမည်ဖြစ်သည့်အပြင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ နှင့်ညီညွတ်ရန် လိုအပ်သဖြင့် ယင်းကိစ္စရပ်ကို ခုံရုံးသို့ တင်သွင်းမေမြန်း ခြင်းဖြစ်ကြောင်း ထိုသို့ဆောင်ရွက်ခြငးသည် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဆုံးဖြတ်ချက်ကို ပယ်ပျက်စေရန် ယင်းကိစ္စအား တင်သွင်းခဲ့သည့် ၎င်း၏တင်သွင်းလွှာကိုပြန်လည် ရုတ်သိမ်ရန်မှာမူ ဥပဒေအရ မည်သိှုှ့မျှ မဖြစ်နိုင် ကြောင်း နိုင်ငံတော်သမ္မတက ရှင်းပြသည်။ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှအနားယူစေရေး  ဆောင်ရွက်မည်ဆိုပါကလည်း တရားဥပဒေနှင့် ညီညွတ်ခြင်း မရှိကဲ့သို့ တရားမျှတမှုလည်း ရှိမည်မဟုတ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ ထို့ပြင်ခုံရုံးအဖွဲ့သည် ဥပဒေရေးရာနှင့် တရားစီရင်ရေး ဆိုင်ရာ အတွေ့အကြုံရှိကျွမ်းကျင်သူများ ဖြစ်ကြ၍ မှားယွင်း၍သော်လည်းကောင်း ဘက်လိုက်၍သော်လည်းကောင်း ဆုံး ဖြတ်မည့်ပုဂ္ဂိုလ်များ မဟုတ်ကြ ကြောင်း ဖော်ပြထားသည်။

သဝဏ်လွှာတွင်  မိမိတို့ နိုင်ငံသည် ဒီမိုကရေစီစနစ် ကျင့်သုံးစ ကမ္ဘာ့အလယ်တွင် မျက်နှာပွင့်လန်းကာစအခြေအနေတွင် ရှိသေးကြောင်း ယခု အငြင်းပွားမှုပြဿနာကြောင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေး မဏ္ဍိုင်ကြီးသုံးရပ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်လျော့ရပ်တန့်ခြင်း မရှိစေရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ဖြေရှင်းရန်နည်းလမ်းကိုမူ “လွှတ်တော်က စွပ်စွဲပြစ်တင်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း-၁၂ (ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်း)တွင် ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုဆောင်ရွက်ပါက မည်သည့်ကိုမျှ ထိခိုက်မှုမရှိစေဘဲ သင့်လျော်မည် ဖြစ်ကြောင်း”ဖော်ပြထားသည်။

ဖြေရှင်းရန် နည်းလမ်းနှစ်သွယ်

ပြည်သူ့လွှတ်တော်က ခုံရုံးအဖွဲ့ဝင်များ၊ တာဝန်မှအနားယူစေခြင်း ယင်းကိစ္စနှင့်ပတ်သက်၍ တင်သွင်းခဲ့သည့် သဝဏ်လွှာအား ပြန်လည် ရုတ်သိမ်းခြင်းမရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၃၄ အရ ခုံရုံးအဖွဲ့အား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ အကြောင်းအချက်များဖြင့် စွပ်စွဲပြစ်တင်၍ ခုံရုံး အဖွဲ့ကို နှုတ်ထွက်စေခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ပျက်စေရန်ကြိုးပမ်းမည်ပာု သိရသည်။

ထိုသို့ စွပ်စွဲပြစ်တင်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စွပ်စွဲပြစ်တင်လိုသော စွပ်စွဲချက်ကို ပြည်သူ့လွှတ်တော်(သို့)အမျိုးသားလွှတ်တော် တစ်ရပ်ရပ်ကဆောင်ရွက်နိုင်သည်။ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံတစ်ပုံက လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာ လွှတ်တော်သို့ တင်သွင်း နိုင်သည်။ ယင်းစွပ်စွဲချက်ကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံက ထောက်ခံပါက ဆက်လက် အရေးယူ ဆောင်ရွက်ရမည်ဖြစ်ပြီး အခြား လွှတ်တော် တစ်ရပ်က ယင်းစွပ်စွဲချက်ကို အဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးရမည်ပာု ပြဋ္ဌာန်းထားသည်။

နိုင်ငံတော်သမ္မတအကြံပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းနည်းလမ်းဖြင့်ဆောင်ရွက်လျှင် “ပြင်ဆင်ရန် အဆိုတင်သွင်းသည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြပါက လွှတ်တော်က လက်ခံဆွေးနွေးရမည်”ပာု ပြဋ္ဌာန်းထားသည်။ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ ယင်းကဲ့သို့သော ကိစ္စရပ်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ယခုအငြင်းပွားမှုကိုဖြေရှင်းရန် သက်ဆိုင်ရာများက အဆိုပြုထားကြသည့် နည်းလမ်းနှစ်သွယ် ရှိသည့်အနက် မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာပင် ဖြစ်သည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment