Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

ကျွန်တော်တို့ ရန်ကုန်ခရော်နီကယ် သတင်းလွှာကို ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ
ရပ်နားထားရာမှ ယခုအခါ သတင်းလွှာ အတွဲ(၂) အမှတ် (၁) ကို
ပြန်လည်ထုတ်ဝေခဲ့ပြီး စာဖတ်သူများထံ ပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ

၁။ သမ္မတကြီး၏ ယခုအကြိမ်လွတ်ငြိမ်းချမ်းသာမှုအပေါ်ပြည်တွင်းပြည်ပ ထောက်ခံသူများပြား
၂။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးခင်ညွန့်ထောက်ခံ
၃။ KNU နှင့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးပြီ
၎။ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်း NLD ထုတ်ပြန်ကြေညာ
၅။ ကချင်လွတ်မြောက်ရေးတပ်မတော် စစ်ပြင်ဆင်
၆။ ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် တိုင်းဒေသကြီးဝန်ကြီးတစ်ဦး နှုတ်ထွက်
၇။ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံတပ်ဖွဲ့များ အာဏာပြိုင်
၈။ ချင်းအမျိုးသားတပ်ဦး (CNF) ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး
၉။ ကူးတို့ဆိပ် မီးလောင်ပေါက်ကွဲမှုအား ဖော်ထုတ်ရန် အထူးခုံရုံးအဖွဲ့
ရုံးထိုင် စတဲ့သတင်းတွေအပြင် ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာသတင်းများ
ကဏ္ဍကိုလည်း ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာ အဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ
သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်
မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား
မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be
reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တာဝန်ကိုယ်စီ ကျေခဲ့ကြသည်၊ ကျေကြဦးမည်

***********************************

ဆောင်းပါးကဏ္ဍ  

တာဝန်ကိုယ်စီ ကျေခဲ့ကြသည်၊ ကျေကြဦးမည်

နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးက ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကိစ္စကို ရှင်းလင်းပြောကြားခဲ့သည်။ ယခုလွှတ်ပေးလိုက်သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ၏ အမည်စာရင်းကို NLD က ပေးပို့သောစာရင်းကို အခြေခံ၍ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့မှာ နိုင်ငံတော်တည်ငြိမ်ရေးနှင့် အများပြည်သူ အတွက် အန္တရာယ်ပြုနိုင်ခြင်းမရှိဟု ယူဆ၍ ပြန်လည်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်းကိုလည်း ဆက်လက်ရှင်းပြခဲ့သည်။ ကျန်ရှိနေသူများမှာ နိုင်ငံတော်လုံခြုံရေး အတွက် အန္တရာယ်ရှိပုံရကြောင်း ဆိုလိုချင်ပုံရသည်။ ဥပမာ တောင်ကြီးထောင်တွင် ကျန်ရှိနေခဲ့သော ဦးရွှေထူးကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ဖောက်ခွဲမှုနှင့် ဆက်နွယ်နေ၍ ယခု လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့်အထဲတွင် ပါဝင်ခြင်းမရှိခဲ့ပေ။

မည်သို့ပင် ဆိုစေကာမူ ယခုကဲ့သို့ ယုံကြည်ချက်ဖြင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်လာသည့်သတင်းမှာ နိုင်ငံရေး အင်အားစုများနှင့် အများပြည်သူအတွက်မူ ကျေနပ်ဝမ်းသာနိုင်မည့် သတင်းကောင်းတစ်ပုဒ်ပင် ဖြစ်ခဲ့ပါသည်။ ဤနေရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူမျာ လွတ်မြောက်ခွင့်ရရှိရန် အစွမ်းကုန်ကြိုးပမ်းခဲ့ကြသည့် နိုင်ငံရေးအင်အားစုများနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် သမ္မတကြီး၊ ပြန်လည်လွတ်မြောက်လာကြသော ပုဂ္ဂိုလ်များဟူ၍ အခြမ်းကြီးသုံးခြမ်းဖြစ်လာသည်။ ထိုအခြမ်းကြီးသုံးခြမ်းအပေါ်တွင် အစိုးရအဖွဲ့နှင့် ပြည်သူတို့၏ အမြင်များကို သုံးသပ်ရန်လည်း လိုပေမည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဆိုသည့် ခေါင်းစဉ်ဖြင့် တပ်မတော်အစိုးရ အာဏာသိမ်းချိန်မှစ၍ တလျှောက်လုံး ကြွေးကြော်လာခဲ့သမျှ ယခုတစ်ကြိမ်တွင်မှ အကောင်အထည်ပေါ်လာခဲ့သည်။ အကျဉ်းကျခံ နိုင်ငံရေးသမားများအတွက် မည်သို့ပင်  လှုပ်ရှားမှုတွေ၊ ဖိအားပေးမှုတွေ ရှိခဲ့စေကာမူ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ အဖြေမထွက်ခဲ့။ စစ်အုပ်ချုပ်ရေးရပ်စဲ၍ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည်ဟု လမ်းပြမြေပုံ ၇ ရပ်ကို ကြေညာပြီးချိန်တွင်မူ အားလုံး ပါဝင်သော နိုင်ငံရေးဖြစ်စေရန်အတွက် ဒေါ်အောင်ဆန်းဆုကြည်အပါအဝင် အကျဉ်းကျခံနိုင်ငံရေးသမားများ ပြန်လည်လွတ်မြောက်လာရန် ဆန္ဒတွေ ရှိခဲ့သော်လည်း စနစ်တကျ အကွက်ချလုပ်တတ်သော စစ်တပ်ကြောင့် ရွေးကောက်ပွဲကိုထောက်ခံသူ နိုင်ငံရေးအကျဉ်းသားအချို့သာ လွတ်မြောက်ခဲ့သည်။ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူစတွင်လည်း နိုင်ငံရေးအကျဉ်းသားနှင့်ပတ်သက်သည့် အဆိုတင်သွင်းခဲ့စေကာမူ လွှတ်တော်တွင် အထမြောက်ခြင်း မရှိခဲ့ပေ။  ပထမအကြိမ် လွှတ်တော်ခေါ်ယူခြင်းမှာ စစ်အစိုးရက ဦးဆောင်ကျင်းပခြင်းဖြစ်၍ ထိုကိစ္စမအောင်မြင်ခဲ့ဟု သုံးသပ်ခဲ့ကြသည်။ သို့သော်လည်း လွှတ်တော် နိုင်ငံရေးအင်အားစုများအနေဖြင့် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အမျိုးသားဒီမိုကရေစီပါတီမှ ဦးသိန်းညွန့်က ဦးဆောင်၍ နိုင်ငံရေး အကျဉ်းသားများ ကိစ္စကို စတင်တင်သွင်းဆွေးနွေးခဲ့သည်။  အပြန်အလှန် ညှိနှိုင်းကြရင်းဖြင့် နိုင်ငံရေးအကျဉ်းသားများဟူသည့် စကားရပ်အစား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများဟူ၍ ပြောင်းလဲတင်သွင်းခဲ့ရသည်။ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏  ပါးနပ်မှု၊ စိတ်ကောင်းစေတနာရှိမှုနှင့် ဝါယမ စိုက်ထုတ်မှုတို့ကြောင့် ထိုအဆိုမှာ လမ်းစပေါ်လာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ဦးဇာဂနာ၊ မစုစုနွေးတို့ကဲ့သို့သော နာမည်ကြီးများ လွတ်မြောက်လာခဲ့သည်။ စစ်တပ်ပုံစံဖြင့် အသားကျ လာခဲ့သော အစိုးရအနေဖြင့်လည်း တဆင့်ချင်းသာ ဖြေးဖြေးချင်း အကောင်အထည်ဖော်ခဲ့ရသည်။ ယခုအချိန်တွင်မူ အားလုံးကလက်ခံနိုင်မည့် အတိုင်းအတာ တစ်ခုအထိ ဖြစ်လာခဲ့ပြီဟု ဆိုရမည်ဖြစ်ပါသည်။ နိုင်ငံရေးအရ ဖမ်းချိန်တန်၍ ဖမ်းခြင်းဖြစ်သလို လွှတ်ချိန်တန်၍ လွှတ်ခြင်းဖြစ်သည်၊ ကျေးဇူးတင်ရန် မလိုအပ်ဟု ဆိုကြသည့် စကားရပ်များကိုမူ ကန့်ကွက်စရာရှိပါသည်။ ယခင်က အာဏာကိုဆုပ်ကိုင်ထားသူ ဗိုလ်ချုပ်မှူးကြီး၏အမိန့်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ နိုင်ငံရေးသမားများကို ဖမ်းဆီးရာတွင် အဓိကတာဝန်ရှိခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည်ပင်လျှင် အထက်အမိန့်အရ ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။ ၎င်းကိုယ်တိုင်ပင်လျှင် နိုင်ငံရေး အရ ထိန်းသိမ်းခံခဲ့ရသည်။

ထို့ကြောင့် ယခုလွတ်မြောက်လာသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ဖမ်းဆီးထိန်းသိမ်းရန် အဓိကအမိန့်ပေးခဲ့သူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်ပြီး လက်ရှိ သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ထိုစဉ်အခါက အနှီကိစ္စရပ်များတွင် တစုံတရာ အာဏာမရှိခဲ့ဟု ဆိုရမည်ဖြစ်ပါသည်။ ထို့ပြင် ဖမ်းဆီးရာတွင် တာဝန်လုံးလုံးလျားလျားခံရန် မလိုဟု မဆိုနိုင်သည့်တိုင် ယင်းတို့ ပြန်လည်လွတ်မြောက်ရေးအတွက် ထိုစဉ်အခါက အာဏာမရှိခဲ့သည့် သမ္မတကြီး ဦးသိန်းစိန်မှာ မည်သို့မျှ မလုပ်ဆောင်နိုင်ခဲ့သည့်အချက်ကိုလည်း နားလည်ပေးရန်လိုပါလိမ့်မည်။ သမ္မတကြီးအနေဖြင့် ၎င်း၏လုပ်ပိုင်ခွင့် ပီပီပြင်ပြင် ရှိလာသည့် အချိန်တွင်မူ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ပြန်လည်လွတ်မြောက်လာရေးအတွက် စေတနာထား ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိဟုပင် ဆိုရမည်ဖြစ်ပါသည်။  ယခင်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက် ပြန်လည်ထိန်းသိမ်းလိုက်နှင့် သံသရာလည်နေခဲ့ သော ကိစ္စရပ်များလည်း ယခုကဲ့သို့ ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေကြောင့် ထပ်မံဖြစ်ပွားရန် မရှိတော့ဟုလည်း ယူဆကောင်း ယူဆနိုင်ပါသည်။ ဤသည်မှာ သမ္မတကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ အမျိုးသားဒီမိုကရေစီ ပါတီဥက္ကဌ ဦးသိန်းညွန့်၊ ယုံကြည်ချက်ကြောင့် အကျဉ်းသားများ လွတ်မြောက်ရေးအဆိုကို ထောက်ခံခဲ့သည့် တပ်မတော်ကိုယ်စားလှယ်များနှင့် အကျဉ်းကျခံ နိုင်ငံရေးသမားများ လွတ်မြောက်ရန် စိတ်ရင်းစေတနာမှန်ခဲ့သူ အစိုးရအရာရှိကြီးအချို့တို့မှာ အစိုးရနှင့် လွှတ်တော်ကဏ္ဍများမှ အစွမ်းကုန်ကြိုးပမ်းခဲ့ပြီး ကျေးဇူးတင်ထိုက်သည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ပါလိမ့်မည်။ ထို့ပြင် အမှန်တရားအတိုင်း ဖြစ်စေရန်အတွက် ပြည်ပမီဒီယာများ ချဲ့ကားပြောဆိုခဲ့သည့် ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရသူ ၂၀၀၀ကျော် အစား ၆၀၀ ကျော်ဟု စာရင်းအတိအကျဖြစ်အောင် ပြုစုပေးပြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် NLD အနေဖြင့် လည်း တာဝန်ကျေခဲ့ကြောင်း  အသိအမှတ်ပြုရပါလိမ့်မည်။

ပြည်သူလူထုအနေဖြင့်မူ ယင်းတို့ချစ်ခင်လေးစားသော၊ တိုင်းပြည်အတွက် အနစ်နာခံခဲ့သော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို လွတ်မြောက်စေလိုသည့် ဆန္ဒမှာ ထာဝရကိန်းအောင်းနေခဲ့သည် ဖြစ်ပါသည်။ ယုံကြည်ချက်ကြောင့် အကျဉ်းသားများ လွတ်မြောက်ရေးအတွက်  ကမ်ပိန်းများ ပြုလုပ်ခြင်း၊ ဆိုရှယ်နက်ဝပ်များမှ လူထုစိတ်ဝင်စားမှု ရရှိလာအောင် ရေးသားလှုံ့ဆော်ခြင်း၊ ပြန်လည်လွတ်မြောက်လာသူများကို အကြောက်အလန့်ကင်းစွာ ကြိုဆိုခဲ့ကြခြင်း တို့ကလည်း ပြည်သူလူထုအနေဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအပေါ်တွင် တာဝန်ကျေခဲ့ကြောင်း အသိအမှတ်ပြုရလိမ့်မည် ဖြစ်ပါသည်။ ထို့ပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ကိစ္စကိုရသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင် ရေးသားလှုံ့ဆော်ပြီး ပြည်သူလူထုနှင့် အစိုးရကို တပ်လှန့်သတိပေးခဲ့သည့် မီဒီယာသည်လည်း စတုတ္ထမဏ္ဍိုင်၏ တာဝန်ကိုကျေပွန်ခဲ့ကြောင်း သက်သေပြခဲ့ပြီ ဖြစ်ပါသည်။

ယခုကဲ့သို့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက တာဝန်ကျေခဲ့ပြီဖြစ်သလို ပြန်လည် လွတ်မြောက်လာသည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေးအခင်းအကျင်းများကို အခြေခံ၍ မိမိတို့အပေါ် တာဝန်ကျေခဲ့ကြသည့် stake holder အသီးသီးအပေါ်တွင် တာဝန်ကျေရန် ကြိုးပမ်းကြလိမ့်မည်ဟုလည်း ယူဆရပါသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ကဲ့သို့ နိုင်ငံရေး အခင်းအကျင်းကြီး ဖြစ်ပေါ်လာရန် ၎င်းတို့၏ဘဝများကို အကျဉ်းထောင်များတွင် မြုပ်နှံပေးဆပ်ထားခဲ့ကြသည့်တာဝန်ကို ကျေပွန်ပြီးခဲ့သည်ဖြစ်ရာ လက်ရှိအချိန်ကဲ့သို့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်နေသည့် ကာလတွင်လည်း အစိုးရ၊ လွှတ်တော်၊ ပြည်သူတို့နှင့်လက်တွဲ၍ ဖြစ်ပေါ်လာသည့် အခြေအနေနှင့်အညီ နိုင်ငံအတွက် ပြည်သူအတွက် တာဝန်ကျေရန် ကြိုးပမ်းကြမည်ဟု ယုံမှား သံသယဖြစ်ဖွယ်မရှိသောကြောင့်ဖြစ်ပါသည်။

***************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၄.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင် ပိုမိုရရှိ
  2. အထူးစီးပွားရေးဇုန်များ တည်ဆောက်ပြီးပါက အာမခံလုပ်ငန်းများ တိုးတက်နိုင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတကြီး၏ ယခုအကြိမ်လွတ်ငြိမ်းချမ်းသာမှုအပေါ်ပြည်တွင်းပြည်ပ ထောက်ခံသူများပြား
  1. ဒေါ်အောင်ဆန်းစုကြည်ကို ဦးခင်ညွန့်ထောက်ခံ
  2. လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြဝတီမြို့၌ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင် ပိုမိုရရှိ

တစ်နှစ်ခွဲခန့် သွားလာရန် ယာယီပိတ်ပင်ထားသည့် မြဝတီ-ထိုင်းနယ်စပ်ရှိ မြဝတီမြို့တွင် ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ပေးနေပြီး ထိုင်းနိုင်ငံတွင်းသို့ အလွယ်တကူ ဝင်ရောက်လာနိုင်သည့်အတွက် ၎င်းဒေသရှိ မြန်မာ ရွှေ့ပြောင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိလာကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေသည့်အတွက် ထိုင်းနိုင်ငံ တစ်ဝန်းလုံးရှိ အလုပ်သမားရှာဖွေရေး ကိုယ်စားလှယ်များမှာ မြဝတီမြို့တွင် ရုံးခန်းများဖွင့်လှစ်၍ အလုပ်သမား စုဆောင်းမှုများ ပြုလုပ်လာကြောင်း သိရသည်။

ယခင် ထိုင်းနိုင်ငံအတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာလုပ်သားများမှာ တရားမဝင်မှောင်ခို လမ်းကြောင်းမှ သွားရောက်ကြသည့် အတွက် မလိုလားအပ်သည့် ပြဿနာကိစ္စရပ်များဖြစ်ပေါ်ခဲ့ပြီး လမ်းခုလတ်တွင် ထိုင်းရဲများ၏ ဖမ်းဆီးခြင်းကို မကြာခဏခံရလေ့ရှိကြောင်း ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်ခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရများ၏ သဘောတူညီချက်အရ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှ ကုန်သွယ်မှု လုပ်ငန်း ပြန်လည်စတင်ခဲ့သည့် မြဝတီကုန်သွယ်ရေးဇုန်၌ သုံးပတ်အတွင်း အမေရိကန်ဒေါ်လာ နှစ်သန်းနီးပါး ကုန်သွယ်မှုပြုလုပ်လာနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်နိမိတ်ဖြစ်သော သောင်ရင်းမြစ်ဘေး တစ်ဖက်နိုင်ငံတွင် မြေထိန်းနံရံ တည်ဆောက်မှုနှင့် ပတ်သက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတားပိတ်ခဲ့ပြီး ကုန်သွယ်မှုလုပ်ငန်းများမှာလည်း ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် အစိုးရသစ်လက်ထက်မှစတင်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှု အပြန်အလှန်ရယူဆွေးနွေးညှိနှိုင်း၍ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အထူးစီးပွားရေးဇုန်များ တည်ဆောက်ပြီးပါက အာမခံလုပ်ငန်းများ တိုးတက်နိုင်မည်

မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အထူးစီးပွားရေးဇုန်များ တည်ဆောက် အကောင်အထည်ဖော်မှုများ ပြီးဆုံးသွားပါက မြန်မာ့အာမခံလုပ်ငန်းများအနေဖြင့်လည်း ပိုမို တိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အထူးစီးပွားရေးဇုန်စီမံကိန်းများ တည်ဆောက်ပြီးစီးသွားပါက ၎င်းဇုန်များအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အာမခံထားခြင်းကို အဆင်ပြေ လွယ်ကူ ချောမွေ့နိုင်စေရန် မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း၌ တည်ဆောက်နေသော အထူးစီးပွားရေးဇုန်များ တစ်ခုမှပြီးစီးခြင်း မရှိသေးသော်လည်း ၎င်းဇုန်များ တည်ဆောက်ပြီးစီးသွားပါက အာမခံလုပ်ငန်းမှာလည်း ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များအတွင် လုပ်ငန်း သဘောအရ လုပ်ငန်းရှင်များ အဆင်ပြေစေရေး အတွက် အာမခံရုံးများ ဖွင့်လှစ်ထားရှိသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက်မှ စတင်၍ ပြောင်းလဲလာသည့် စီးပွားရေးမူဝါဒများနှင့်အညီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာလည်း နိုင်ငံတွင်းသို့ တရှိန်ထိုးဝင်ရောက်လာပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အထူးစီးပွားရေးဇုန်များကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

Ref:Hot News

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတကြီး၏ ယခုအကြိမ်လွတ်ငြိမ်းချမ်းသာမှုအပေါ်ပြည်တွင်းပြည်ပ ထောက်ခံသူများပြား

သမ္မတအသစ်၏ စတုတ္ထအကြိမ်လွတ်ငြိမ်းချမ်းသာခွင့် ဆုံးဖြတ်ချက်အပေါ် ပြည်သူလူထုအပြင် နိုင်ငံတကာမှလည်း ထောက်ခံကြိုဆိုမှု များပြားခဲ့ကြောင်း သိရသည်။

ယခုလွတ်မြောက်လာသည့် တက်ကြွလှုပ်ရှားသူများကို လာမယ့်ရွေးကောက်ပွဲနှင့် ပြည်သူ့ရေးရာကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အတားအဆီးများ မရှိအောင် မြန်မာအစိုးရအနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။

အမေရိကန်သမ္မတ အိုဘားမားကလည်း သမ္မတ၏ယခုအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ကို ကြိုဆိုကြောင်းနှင့် ယင်းလုပ်ရပ်သည် မြန်မာနိုင်ငံ၏ ကြီးမားသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူသားတိုင်း ရသင့်ရထိုက်သော အခွင့်အရေးများအတွက် အိုဘားမားအနေဖြင့် ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူများ လွတ်မြောက်ရေး၊ ဒီမိုကရေစီအစိုးရပေါ်ထွန်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရက ရှေ့ဆက် ဆောင်ရွက်လာတာနဲ့အမျှ အမေရိကန်နိုင်ငံအနေဖြင့် ဆက်လက်ပူပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိုဘားမားက ဆက်လက်ပြောဆိုလိုက်သည်။

“အရမ်းပျော်တယ်။ ကျွန်မယောင်္ကျား အခုလိုပြန်လွတ်လာလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး” ဟု ပြန်လည်လွတ်မြောက်လာသူ ကိုဇော်မင်းဦး ဇနီးက တအံ့တသြပြောဆိုသည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားအမြောက်များ ပြန်လည်လွတ်မြောက်လာသော်လည်း ဆက်လက်လွတ်ပေးရန် ကျန်ရှိနေသေးကြောင်း ပြန်လည် လွတ်မြောက်လာသူ ကိုမင်းကိုနိုင်၏ညီ ကိုအောင်နိုင်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှုကို ကြိုဆိုသည့်အပြင် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ဦးတည်နေပြီဟု ယူဆကြောင်း ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောကြားသည်။

ယင်းကဲ့သို့ သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးသမားများကို ရန်ကုန်လေဆိပ်၌ လာရောက် ကြိုဆိုနေသူ ပြည်သူတစ်ဦးက “အခုလွတ်လာတဲ့သူတွေနဲ့ ကျွန်မ တစ်ယောက်မှမသိပါဘူး။ ဒါပေမဲ့ လာကြိုတာပါ။ သမ္မတကြီးကိုလည်း အရမ်းကျေးဇူးတင် ပါတယ်” ဟု ပြောဆိုသည်။

ယခုကဲ့သို့ တိုင်းပြည်အတွက်အလုပ်လုပ်နိုင်သည့် နိုင်ငံရေးသမားများ ပြန်လည်လွတ်မြောက်လာသည့်အတွက် ဝမ်းမြောက်မိပါကြောင်း အတိုက်ခံ နိုင်ငံရေးအင်အားစုများက တညီတညွှတ်တည်းပြောဆိုသည်။

လွတ်ငြိမ်းချမ်းသာမှုများထဲတွင် စတုတ္ထအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ကို ပညာရှင်များ၊ နိုင်ငံရေးအင်အားစုများ၊ ပြည်သူလူထုများအပြင် နိုင်ငံတကာမှ လည်း ပိုမိုကြိုဆိုလျက်ရှိကြောင်းသိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်ကို ဦးခင်ညွန့်ထောက်ခံ

နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ လှုပ်ဆောင်မှုများကိုထောက်ခံကြောင်း ဇန်နဝါရီ ၁၃ရက်နေ့တွင် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ လက်ရှိကြိုးပန်းဆောင်ရွက်မှုများသည် တိုင်ပြည်အနာဂတ်အတွက် ကောင်းမွန်လာလိမ့်မည်ဟု ရှုမြင်ပါကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ်၊ ပြီးရင် လွတ်တော်ထဲရောက်မယ်၊ သိပ်ကောင်းတာပေါ့။ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လို ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်သူကို နောင်အနာဂတ်မှာ တိုင်းပြည်အတွက် တကယ်အကျိုးရှိမယ့် ပုဂ္ဂိုလ်ပါတော့ တိုင်းပြည်အတွက်သိပ်ကောင်းပါတယ်။ ထောက်ခံ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံကို ထောက်ခံပါတယ်” ဟု ဦးခင်ညွှန့်က ဆိုသည်။

ဦးခင်ညွှန့်သည် ယခုကဲ့သို့ လွတ်မြောက်လာသော်လည်း သူ၏တပည့်များမှ တချို့သော လုပ်ဖော်ကိုင်ဖက်များသည် အကျဉ်းထောင်များထဲတွင် ဆက်လက်ကျန်ရှိနေသေးကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးခင်ညွှန့်က “လက်ရှိအစိုးရက တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်နေတဲ့အခါကျတော့ လွတ်လာလိမ့်မယ်လို့ထင်ပါတယ်” ဟု ပြောကြားသည်။

ဦးခင်ညွှန့်နှင့် သူ၏လုပ်ဖော်ကိုင်ဖက်တချို့ လွတ်မြောက်လာခဲ့သော်လည်း ဦးခင်ညွှန့်ထောင်ချခဲ့သော နိုင်ငံရေးအကျဉ်းသားများ ပြန်လည် မလွတ် မြောက်လာသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက ပြောကြားသည်။

“၂၀၀၄ကတည်းက ဦးခင်ညွှန့်အဖွဲ့ကပျက်သွားပြီပဲ သူဖမ်းခဲ့တဲ့လူအားလုံးကိုတော့ ပြန်လွှတ်ပေးသင့်တာပေါ့” ဟု ကိုမြအေးက ပြောကြားသည်။

ယင်းကဲ့သို့ ကျန်ရှိနေခဲ့ရသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးနိုင်ရန်အတွက် ပြန်လည်စိစစ်လုပ်ဆောင်သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုပြုံးချိုက ပြောကြားသည်။

အမေရိကန်သမ္မတ အိုဘားမားကလည်း သမ္မတဦးသိန်းစိန်၏ ယခုအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကြိုဆိုကြောင်းနှင့် ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ လျှောက်နေသော မြန်မာနိုင်ငံ၏ ကြီးမားသောဖြေလှမ်းတစ်ခု ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်များ ပြည့်ဝရန်အတွက် ဆက်လက် လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ မြန်မာအစိုးရနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ သမ္မတ၏ လွတ်ငြိမ်းချမ်းသာမှုများကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် လွတ် မြောက်လာပြီဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှကောက်ယူထားသော စစ်တမ်းများအရ သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ယခင်ရွေးကောက်ပွဲ အတွေ့အကြုံများကို သင်ခန်းစာယူ၍ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ဖြစ်စေရေး ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမဆောင်၌ ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ၎င်းမှ ယခုကဲ့သို့ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

၎င်း အစည်းအဝေး၌ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှ မြန်မာနိုင်ငံရှိ ပြည်သူများထံသို့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပြန့်ပွားစေရေးနှင့် နိုင်ငံရေး ပါတီအချင်းချင်း အပြန်အလှန်ထိန်းကျောင်းစေမည့်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ဥပဒေနှင့်အညီ တိကျရဲဝံ့စွာ ဘက်မလိုက်ဘဲ လုပ်ဆောင်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ လွတ်တော်တွင်းလစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်ရန် ဆောင်ရွက်သွားလိမ့်မည်ပာု ယုံကြည်ပြီး  ထိုသို့ကျင်းပသွားရန် လိုအပ်သလို တိုက်တွန်းနှိုးဆော်သွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလီယံပော့ဂ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာရှိကြောင်း သိရသည်။

YC

                                        *****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့လုပ်ငန်းက ဖုန်းကိုအားပြုပြီး လုပ်နေရတာ။ ဘယ်နိုင်ငံကဖုန်းနဲ့မှလည်း ချိတ်ပြီးမသုံးပါဘူး။ ကိုယ်တိုင်ပဲ သုံးတာပါ။ ဖုန်းမရှိတဲ့လူတွေ လာပြောလည်း ပေးပြောလိုက်တယ်။ ဒီလောက်ပါပဲ။ ဖုန်းများများပြောလို့ ပိတ်တယ်ဆိုတာတော့ အဓိပ္ပယ်မရှိပါဘူး။ ကျွန်တော်တို့ ဖုန်းများများပြောရင် ဆက်သွယ်ရေးအတွက် ဘဏ္ဍငွေတောင်ရသေးတယ်။ တကယ်လို့ ဖုန်းကို အချိန်အကြာကြီး ပြောလို့မရဘူးဆိုရင်လည်း ဖုန်းကို ဘယ်လောက်ကြာကြာပြောရင် လိုင်းပိတ်ပါမယ် ဆိုပြီး သတင်းစာထဲကနေ ထည့်ကြေညာသင့်တယ်။ ဒါမှ ကျွန်တော် တို့လည်းသတိထားနိုင်မှာပါ”

ဇန်နဝါရီ ၂၈ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၈) အမှတ် (၅၅၂) တွင်ပါသည့် “ဖုန်းပြောဆိုချိန်ကြာမြင့်သည့် ဖုန်းများ လိုင်းပိတ်ခံရဟုဆို” သတင်းမှ အပိတ်ခံရ သည့် ဖုန်းပိုင်ရှင် ကိုကျော်သိန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကိုယ်ပိုင်ကျောင်းဥပဒေမှာ မရှင်းတာက အပြင်ကျူရှင်ဆရာတွေပါ ပါဝင်သက်ရောက် အကျုံးဝင်၊ မဝင်ဆိုတာပဲ။ ဒီစည်းမျဉ်း အရည်အချင်းရှိမှသာ ကျူရှင်ဆရာအဖြစ် လုပ်ကိုင်ခွင့်ရမယ်ဆိုရင်တော့ ကျူရှင်တွေ အားလုံးပိတ်ပြီး အလုပ်လက်မဲ့ဖြစ်ကြရမယ့် အနေအထားတောင် ဖြစ်နေတယ်။ ကျောင်းဆရာ မဟုတ်ဘဲ ဝါသနာအရ စာသင်နေကြတဲ့သူတွေပါ။ စာသင်ခွင့်မရှိတော့ရင် ပညာရေးအပိုင်းတွေကိုတစ်မျိုးတစ်ဖုံထိခိုက် နိုင်တယ်လို့ ထင်တယ်”

ဇန်နဝါရီ ၁၇ ထုတ် NewsWatchအတွဲ (၇) တွင်ပါသည့် “ကိုယ်ပိုင်ကျောင်းသို့ ကူးပြောင်းလုပ်ကိုင်မည့် ဆရာများကြောင့် အစိုးရကျောင်းရှိ ဆရာနှင့် ကျောင်းသားအချို့ ကွာခြားမှု ပိုများလာတော့မှာလား” သတင်းမှ အင်္ဂလိပ်စာပြ ပြင်ပကျူရှင် ဆရာတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့နိုင်ငံ မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံဆိုတော့ တကယ်တမ်းလွတ်လပ်ပွင့်လင်းလာရင် ပြည်ပနိုင်ငံတွေက လာရောက် ရင်းနှီး မြုပ်နှံချင်ကြသူတွေချည်းပါပဲ။ ကျွန်တော်တို့ ဘယ်လိုပုံသဏ္ဍာန်မျိုးနဲ့ ရင်းနှီးမြုပ်နှံခွင့်ပေးမလဲ။ အရေးကြီးတာ ကျွန်တော်တို့ နိုင်ငံသားတွေ အလုပ်လက်မဲနှုန်းကို ကျဉ်းသထက်ကျဉ်းအောင် လုပ်နိုင်တဲ့နည်းကို စဉ်းစားဖို့လိုတယ်။ ပြီးတော့ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်တဲ့နေရာမှာ လူသားအရင်းအမြစ်လို့ခေါ်တဲ့ နည်းပညာ အတွေ့အကြုံကောင်းတွေကို သူတို့ဆီက ရအောင်ယူတက်ဖို့ လိုတယ်။ ဒီတော့ Only One ရင်းနှီးမြှုပ်နှံခွင့်ပြုနေထက်စာရင် ဘယ်ရွေ့၊ ဘယ်မျှ၊ ဘယ်နေရာ၊ ဘယ်ဌာနမှာ ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် မြန်မာနိုင်ငံသားစစ်စစ်တွေ အနိမ့်ဆုံး တစ်ဦး၊ နှစ်ဦးပါမှ ရင်းနှီးမြှုပ်နှံခွင့်ပြုမယ်ဆိုတာမျိုးဆိုရင် ကျွန်တော်တို့နိုင်ငံ ပိုအကျိုးရှိနိုင်တယ်။ ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့နိုင်ငံသားတွေဟာသူတို့တွေပြန်သွားရင် လက်ဗလာပဲ၊ နည်းပညာမှ မရလိုက်တာမျိုး ဆိုရင်တော့ ရာဇဝင်ထဲက ဥပမာလိုပိုးသာကုန် မောင်ပုံစောင်းမတက်သဘောမျိုးဖြစ်မှာပဲ။ ဒါတွေကိုလည်း ကျွန်တော်တို့ သတိထားဖို့ သင့်တယ်”

ဇန်နဝါရီ ၁၃ ထုတ် First Weekly အတွဲ (၁) အမှတ် (၁၁) တွင်ပါသည့် “မြန်မာပြည်ကိုလာရောင်ရင်းနှီးမြှုပ်နှံမယ့် ပြည်ပလုပ်ငန်းရှင်တွေကို တိုက်ရိုက်ခွင့်ပြုမိန့် ထုတ်ပေးတာနဲ့ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုခုဖြင့် ပေါင်းစပ်ရင်းနှီးမြှုပ်နှံခွင့်ပြသင့် ဒါမှသာနည်းပညာပိုင်းဆိုင်ရာများ အတွေ့အကြုံကောင်းများ ပြည်တွင်း လုပ်ငန်းရှင်များရရှိမှာဖြစ်” သတင်းမှ ပြည်တွင်းလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 *****************************************

 

 

 

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs