Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

 ၁၇.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နှလုံးသားနှင့်ခံစားသည့် အမူအကျင့်များမှ ဦးနှောက်ဖြင့်ချင့်ချိန်သည့် အမူအကျင့်များသို့

****************************************

ဆောင်းပါးကဏ္ဍ

နှလုံးသားနှင့်ခံစားသည့် အမူအကျင့်များမှ ဦးနှောက်ဖြင့်ချင့်ချိန်သည့် အမူအကျင့်များသို့

ယခုလ (၁၄)ရက်နေ့က ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် အခြေစိုက်သည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းခုံရုံးတွင် (ITLOS) မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ရေပြင်ပိုင်နက် အငြင်းပွားမှုကို အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။ ဆုံးဖြတ်ချက်ချမှတ်အပြီး မကြာမီပင် အင်တာနက် စာမျာက်နှာများပေါ်၌ “ရေပြင်ပိုင်နက် အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ် အနိုင်ရ”ဟူသော သတင်းများတက်လာခဲ့ပြီး နိုင်ငံတကာ တရားရုံးက မူလသတ်မှတ် ထားသည့် မိုင် ၁၀၇၀၀ထက် ပို၍ မိုင် ၁၁၀၀၀ ရရှိခဲ့သည်ဟူသည့် မှတ်ချက်ပေးထားမှုများလည်း ပါဝင်သည်။

မည်သို့ပင်ဆိုစေကာမူ အဆိုပါ သတင်းများမှာ မြန်မာနိုင်ငံသားအားလုံးအတွက် ခံပြင်းဒေါသထွက်စရာ ဖြစ်ခဲ့ပါသည်။ ချက်ချင်းဆိုသလို အဆိုပါ သတင်းများ၏ အောက်တွင် နာကြည်းမှု၊ ခံပြင်းမှု၊ ဒေါသထွက်မှုများဖြင့် ရေးသားထားသည့် မှတ်ချက်များလည်း တက်လာခဲ့သည်။ ထိုမှတ်ချက်များတွင် လက်ရှိအစိုးရကို ပြစ်တင်ဝေဖန်မှုများ၊ မြန်မာ့တပ်မတော်ကို သရော်ထားမှုများ၊ ဘင်္ဂလားလူမျိုးများကို ဆဲဆိုထားမှုများသာမက ဝါးလုံးရှည်နှင့် သိမ်းကျုံး ရမ်း၍ ပြည်တွင်းမှ အင်ဒီးယားနွယ်ဖွားများကိုပါ ရော၍ဆဲဆိုထားသော မှတ်ချက်များလည်း ပါဝင်ပေသည်။ အမျိုးသားရေး စိတ်ဓာတ်ဆိုသည်မှာ ဆတ်ဆတ်ထိမခံသည့် ကိစ္စဖြစ်သလို မိမိတို့၏မြေယာကို ချစ်မြတ်နိုးလွန်း၍ အရှေ့တိုင်း၏အိုင်းရစ်များဟု ကင်ပွန်းတပ်ခံရသော မြန်မာတို့အနေဖြင့် ထိုမျှသော ပေါက်ကွဲမှုများသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စသာဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။ သို့ရာတွင် အခြားရှုထောင့်မှ ကြည့်ပါက မြန်မာတို့မှာ စိတ်ခံစားမှု(Emotion) လွန်ကဲသောအခံရှိပေရာ အချို့အချို့သော ကိစ္စရပ်များတွင် ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်မှုလည်း ပျောက်ကွယ်သွားတတ် သည့် သဘောလည်းရှိ ပေသည်။ ချစ်ခြင်းမုန်းခြင်း ပြင်းထန်သည့်အတွက် အရာရာကို နှလုံးသားနှင့် ခံစားတတ်သော အကျင့်စရိုက်တို့က အမှားအမှန်၊ လက်တွေ့ဖြစ်ရပ်ဆိုသည်ထက် မိမိတို့ဟာဒယနှင့် ထိသည့်ဘက်ကိုသာ လိုက်ပါဆုံးဖြတ်စေသည်။ မိမိတို့ မြန်မာလူမျိုးများ၏ အကျင့်တစ်ခုကို ဖော်ပြ ရလျှင် မိမိလိုလားသူ တစ်ဦးတစ်ယောက်က ဤကိစ္စသည် ကောင်းသည်ဟုဆိုလျှင် အပြောခံရသူကပါလိုက်၍ ကောင်းကြောင်းထောက်ခံသည်။ အခြားသူ တစ်ဦးတစ်ယောက်ကလည်း ဤကိစ္စ မကောင်းဟုဆိုလျှင် အပြောခံရသူကလည်း လိုက်၍မကောင်းဟု ထောက်ခံပြန်သည်။ ဤသည်မှာ အကောင်း အဆိုးကို ဝေဖန်ပိုင်းခြားရန်ထက် အယုံလွယ်တတ်သော၊ လက်တွေ့ကျကျ သုံးသပ်ရန် ဝန်လေးသော မိမိတို့၏ စရိုက်ပင်ဖြစ်တော့သည်။

ယခု ပင်လယ်ရေပြင်ပိုင်နက် အငြင်းပွားမှုတွင်လည်း ထိုနည်းနှင်နှင်သာ ဖြစ်ပါသည်။ အင်တာနက်ပေါ်တက်လာသည့် သတင်းကို လိုက်၍ စိတ် ခံစားမှုနှင့် ဆုံးဖြတ်လိုက်ကြခြင်းပင်ဖြစ်သည်။ မည်သည့်ကိုးကားချက်၊ ရည်ညွှန်းချက်မျှမပါသော သတင်းတစ်ပုဒ်အပေါ်တွင် အမျိုးသားရေး ခံစားမှုနှင့် ပေါက်ကွဲလိုက်ခြင်းပင် ဖြစ်သည်။ လူ့ဓမ္မတာအရ မိမိတို့၏ပစ္စည်းကို အပ်တိုတစ်ချောင်းမျှပင် အဆုံးအရှုံးမခံနိုင်သည့် သဘောရှိရာ ယခုကဲ့သို့ ရေပိုင်နက်နှင့် ကျွန်းများ ဆုံးရှုံးရပြီဆိုသောသတင်းက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဖုံးကွယ်သွားစေလိုက်ခြင်းပင်ဖြစ်သည်။

စာရေးသူအနေဖြင့် နိုင်ငံတကာ ဥပဒေများကို နားလည်ခြင်းမရှိ၍ အသေးစိတ် ဖော်ပြနိုင်ခြင်းမရှိသည်ကိုမူ စာရှုသူ ပရိတ်သတ်အား တောင်းပန် လိုပါသည်။ သို့ရာတွင် ထိုရေပြင်ပိုင်နက် ပြဿနာကို ဥပဒေရေးရာအရ ထောက်ပြရှင်း လင်းထားပြီး မည်သည့်ဘက်ကမှ အနိုင်ရရှိခြင်းမရှိဟု ရေးသား ထားသည့် ဆောင်းပါးများလည်း ထွက်ပေါ်လာပြီဖြစ်ပါသည်။ စာရေးသူ နားလည်သမျှ အကျဉ်းရုံးတင်ပြရလျှင် မြန်မာတို့ တောင်းဆိုသော နယ်နိမိတ်နှင့် ဘင်္ဂလားဒေ့ရှ် တောင်းဆိုသော နယ်နိမိတ်အတွင်း မျဉ်းနှစ်ခုကြားတွင် ITLOS က မျဉ်းအသစ်ရေးဆွဲပေးလိုက်ခြင်းသာဖြစ်ပါသည်။ ထိုမျဉ်းနှစ်ကြောင်း ကြားတွင် နယ်နမိတ်သတ်မှတ်ပေးလိုက်မှုမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပိုမို၍ကျယ်ဝန်းနေသဖြင့်သာ ဘင်္ဂလားဒေ့ရှ်က ပိုရသည်ဟု၍ ဖြစ်ပါသည်။

bdnews.24.com မှာ ဘင်္ဂလားဒေ့ရှ်၏ အွန်လိုင်းသတင်းစာ ဝဘ်ဆိုဒ်ဖြစ်ပြီး ထိုအထဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့သည် များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လိုအပ်ချက်အတိုင်း ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံလုံးက မဟာဗျူဟာကျသည့် ကိစ္စတစ်ရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း တို့ပါဝင်သည်။ မြန်မာနိုင်ငံဘက်မှလည်း အိမ်နီးချင်းမိတ်ဝတ်မပျက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟူသည့် ကြေညာချက်များလည်း ထုတ်ပြန်ခဲ့ပါသည်။ နောက်တစ်နေ့ထုတ် မြန်မာ့အလင်းသတင်းစာများတွင် ITLOS၏ ဆုံးဖြတ်ချက်မှာ နှစ်ဦးနှစ်ဖက်အတွက် မျှတကြောင်းနှင့် မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်နေသည့် ကမ်းလွန်လုပ်ကွက်များကို ထိခိုက်ခြင်း မရှိဟူ၍ ဖော်ပြသွားသည်ကို တွေ့ရသည်။ မြန်မာအစိုးရအနေဖြင့် အာဏာတည်မြဲရေးမှာ အဓိကဖြစ်ပြီး ပိုင်နက်ဆုံးရှုံးခြင်းမှာ အဓိက မဟုတ်ဟုဆိုလျှင် တရားသည့်မှတ်ချက်မျိုးမဟုတ်ဟု ဆိုရမည် ဖြစ်ပါသည်။ အစိုးရကောင်းဖြစ်စေ၊ ဆိုးသွမ်းသော အစိုးရဖြစ်စေ မိမိပိုင်နက်အတွက် အစွမ်းကုန်ကာကွယ်လေ့ရှိပါသည်။ ဤနေရာတွင် အကြောင်းသင့်၍ ရေးသားရလျှင် တရုတ်ပြည်နှင့် မြန်မာနိုင်ငံ နယ်နိမိတ်သတ်မှတ်ချက် စာချုပ်ရေးဆွဲစဉ်က မြန်မာပိုင်ရွာသုံးရွာကို တရုတ်ထံ ပေးအပ်လိုက်ရပြီး တရုတ် နိုင်ငံမှလည်း မြေအစားပြန်ပေးခဲ့ရာ မြန်မာဘက်က မြေအကျယ်အဝန်း ပို၍ရခဲ့ပါသည်။ နိုင်ငံတကာ ဆက်ဆံရေးပညာရပ်တွင် နယ်မြေလဲလှယ်ခြင်း များကို တွေ့ရမည်ဖြစ်ပြီး နယ်နိမိတ်အကျယ်အဝန်း ပိုမိုရရှိမှု မရရှိမှုထက် ဗျူဟာကျမှုနှင့် အကျိုးအမြတ်ဖြစ်ထွန်းမှုတို့အပါ် မူတည်၍ နယ်မြေ လဲလှယ် ကြခြင်းပင် ဖြစ်သည်။ ယခုကိစ္စရပ်တွင်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်ပါသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်ဖက်လုံးက တင်ပြသော နယ်နိမိတ် တောင်း ဆိုမှုကို ITLOS မှ တရားသူကြီး ၂၁ ဦးအနက် ၂၀ ဦးက နှစ်နိုင်ငံလုံး၏ တောင်းဆိုမှုကို ပယ်ချ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် နယ်နိမိတ်ကို သတ်မှတ်ပေး လိုက်ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာ အင်စတီကျူးရှင်းတစ်ခုအနေဖြင့် ဘက်လိုက်ခြင်းထက် တရားဥပဒေအရ လျှောက်လဲချက်များကို ကြားနာ၍ ဆုံးဖြတ် သွားခြင်းသာဖြစ်ပါသည်။ ထို့ကြောင့်သာလျှင် နှစ်နိုင်ငံလုံးက ကျေကျေနပ်နပ်ဖြင့် လက်ခံသွားခဲ့ခြင်းသာ ဖြစ်သည်။

ယခုကိစ္စသည် တင်စား၍ ဆိုရပါက မိုးမီးလောင်နိုင်သည့် ကိစ္စရပ်ဟု ဆိုရမည်သာဖြစ်သည်။ အခန့်မသင့်လျှင် လူထုဆန္ဒပြပွဲများ မှ တဆင့် တိုင်းပြည်ဆူပူသည် အထိဖြစ်နိုင်သည်။ ထို့ကြောင့် ယခုကိစ္စ၏ နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိရှိ ဆွပေးသော သတင်းများကို တင်ပေးခြင်းလောဟူ၍ စဉ်းစားနိုင်သည်။ သတင်းများတွင် ရေးသားဖော်ပြသကဲ့သို့ မြန်မာအစိုးရအနေဖြင့် ယခုကိစ္စတွင် ရှေ့နေချုပ်အဆင့်လောက်ကိုသာ စေလွှတ်ခဲ့၍ ပေါ့တန်စွာ သဘောထားခဲ့သည်ဟူ သည်မှာလည်း မဟုတ်မှန်ပေ။ မြန်မာနိုင်ငံဘက်မှ ငှားရမ်းထားသည့် ရှေ့နေများမှာလည်း ကမ္ဘာကျော် တက္ကသိုလ် ကြီးများမှ နိုင်ငံတကာရေကြောင်းဥပဒေဆိုင်ရာ ပါမောက္ခကြီးများ ဖြစ်ကြပါသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်ထက် ရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ပို၍ နားလည်တတ်သိလိမ့်မည်ဟု ယူဆပါသည်။ အကယ်၍ ITLOS ၏ ဆုံးဖြတ်ချက်မှာ တရားမျှတမှုမရှိခဲ့လျှင်ပင် မိမိတို့အနေဖြင့် ဥပဒေကြောင်းအရ အချက်အလက်များ စုဆောင်း၍ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော ဥပဒေအကြံပေးများ ငှားရမ်း အယူခံတက်နိုင်ပါသေးသည်။ တရားရင်ဆိုင်ရာတွင် ရာထူး အဆင့်အတန်းထက် လျှောက်လဲကြားနာချက်ကသာ အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။

ဒီမိုကရေစီဆိုသည်မှာ မင်းမဲ့စရိုက်မဟုတ်ပေ။ ဒီမိုကရေစီနည်းအရ ပြည်သူတို့မှာ မိမိတို့လိုလားချက်များကို ဖော်ထုတ်တောင်းဆိုနိုင် သော် လည်း အမှားတစ်ခုကို အမှန်ဖြစ်ရန် တောင်းဆို၍ မရနိုင်ပေ။ ထို့ပြင် ဒီမိုကရေစီသည် အကြမ်းဖက် ဆူပူရန်မဟုတ်၊ ပွင့်လင်းမြင်သာ၍ လွတ်လပ်မှု ရှိပြီး အများလက်ခံနိုင်မည့် အခြေအနေတစ်ရပ်ကို ဖန်တီးရယူရခြင်းပင် ဖြစ်သည်။

ဤဖြစ်ရပ်က မိမိတို့ ပြည်သူများနှလုံးသားနှင့်ခံစားသည့် အကျင့်များကို လျော့ချ၍ ဦးနှောက်ဖြင့် ပိုမိုသုံးသပ်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း သတိပေးနေသကဲ့သို့ရှိသည်။ ဒီမိုကရေစီကို လိုလားသည့်  လူ့အဖွဲ့အစည်းတွင် တရားဥပဒေကို လေးစားလိုက်နာမှု၊ အများသဘောတူညီမှုကို လက်ခံ နိုင်မှုတို့ ရှိရန် လိုအပ်မည် မဟုတ်ပါလော။

********************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၇.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ထိုင်း-မြန်မာ ကုန်သွယ်ရေး၌ ဥပဒေ လိုက်နာန် ထိုင်းကုန်သွယ်ညွှန်ချုပ် သတိပေး
  2. မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဖျက်သိမ်းတော့မည်
  3. ကြိုးမဲ့စနစ်ဖြင့် ယာဉ်စီးခ ပေးသွင်းနိုင်မည့် iPay စနစ် စတင်အသုံးပြုမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ၂၀၁၄ တွင် မြန်မာနိုင်ငံမှ အာဆီယံအစည်းအဝေး ၁၀၀၀ ကျော် လက်ခံကျင်းပပေးရမည်
  2. နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပြည်တွင်းစစ်ရပ်စဲရေး တောင်းဆိုသူတစ်ဦး ဖမ်းဆီးခံရ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ထိုင်း-မြန်မာ ကုန်သွယ်ရေး၌ ဥပဒေ လိုက်နာန် ထိုင်းကုန်သွယ်ညွှန်ချုပ် သတိပေး

မြန်မာနိုင်ငံနှင့် ကုန်သွယ်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မည့် ထိုင်းလုပ်ငန်းရှင်များအနေဖြင့် တိုင်းပြည်၏ စည်းမျဉ်းဥပဒေများကို လေးစား လိုက်နာရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေး တိုးမြှင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ နျူတာဝမ်ဆာ ကွန်တာနာဂါက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မကြာသေးမီကာလ အတွင်းက ထိုင်းကုန်သွယ်ညွှန်ချုပ် ဦးဆောင်သည့် ကုန်သွယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့ပြီး ရန်ကုန်မြို့တော်အား ဗပိာုပြု၍ ထိုင်း-မြန်မာ ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့စီးပွားရေးတံခါး ဖွင့်လာတာနဲ့အမျှ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံဖို့အတွက် စောင့်ဆိုင်းနေကြပါပြီ။ ခုလို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့အတွက်ကို လုပ်ဆောင်နေကြပါပြီ”ပာု စီးပွားရေး လေ့လာနေသူတစ်ဦးက ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရများက သဘောတူညီချက်အရ ထိုင်းမြန်မာ ကုန်သွယ်ရေး နယ်စပ်ဂိတ်နှင့် ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့်အတွက် ထိုင်း-မြန်မာ ကုန်သွယ်မှုကဏ္ဍများမှာ ပိုမိုတိုးမြင့်လာခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများမှာလည်း ပိုမို လမ်းပွင့်လာခဲ့ကြောင်း သိရသည်။

“လက်ရှိအချိန်မှာ ကမ်ချာနာပူရီပြည်နယ်မှာ ယာယီစစ်ဆေးရေးဂိတ်တွေ ဖွင့်ဖို့အတွက် သုံးသပ်နေပါတယ်။ ပြီးတော့ မဲပောာင်ဆောင်နဲ့ ပရာချပ် ချီရီခန် စစ်ဆေးရေးဂိတ်တွေမှာလည်း လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတွေ တိုးမြှင့်ဖို့အတွက် စီစဉ်နေပါတယ်။”ပာု ထိုင်းကုန်သွယ်ညွှန်ချုပ် မစ္စတာ နျူတာ ဝမ်ဆာကွန်တာနာဂါက ပြောကြားသည်။

ထို့ပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံ၏ အခွန်နှစ်ထပ်ကောက်ခံမှု သဘောတူစာချုပ်မှာ ၂၀၁၂ ဇန်နဝါရီလမှ စတင်၍ အကျိုးသက်ရောက်ခဲ့သော်လည်း လုပ်ငန်းရှင်များ အဆင်ပြေနိုင်စေရန် ဒေါ်လာ ၃၀၀ ကျော်သည့် ကုန်ပစ္စည်းများ တင်ပို့ရောင်းချမှုတွင် အခွန် ၃.၅ ရာခိုင်နှုန်း ကောက်ခံမှုကို ဖယ်ရှားပေးခဲ့ ကြောင်း သိရသည်။

“မြန်မာနိုင်ငံနဲ့ စီးပွားရေး ကုန်သွယ်မှုကဏ္ဍတွေ မြှင့်တင်နိုင်ဖို့အတွက် မကြာခင်မှာ ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဖီတွန်ထရီ ဗီဂျေကာဆမ် ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်လေ့လာမှာပါ” ထိုင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဖျက်သိမ်းတော့မည်

မြန်မာနိုင်ငံ၏ စာပေနှင့် စာနယ်ဇင်းကဏ္ဍ မြင့်တက်လာနိုင်စေရန် မကြာမီကာလအတွင်း မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့အား ဖျက်သိမ်း၍ မြန်မာနိုင်ငံ သတင်းစာဆရာ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချီသူများအသင်းပာူ၍ ခွဲခြားသတ်မှတ်ကာ ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအသင်းကို တိုးမြှင့်မှုတွေ လုပ်ဆောင်မယ်ဆိုရင် ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် ပြုပြင်ပြောင်းလဲမှု တွေကို လုပ်ဆောင်ပြီးတော့ အရင်တပ်မတော် အစိုးရလက်ထက်က ရှိခဲ့တဲ့ပုံစံကို ပြောင်းလဲရမယ်”ပာု ၎င်းက ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအသင်းအား ဖျက်သိမ်း၍ မြန်မာနိုင်ငံ သတင်းစာဆရာ၊ မြန်မာနိုင်ငံစာရေးဆရာ အသင်းနှင့် မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေ ဖြန့်ချီသူများအသင်းအား တည်ထောင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများကို ရေးဆွဲခဲ့ပြီးဖြစ်သည့်အတွက် အရေးပေါ်ညီလာခံ ခေါ်ယူကာ အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

“မတ်လ ၂၄ ရက်နေ့မှာ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ပဉ္စမအကြိမ် အရေးပေါ်ညီလာခံ ခေါ်ယူပြီးတော့ စာနယ်ဇင်းအဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့အတွက် ဆွေးနွေးသွားမှာပါ။ ပြီးတော့ ဒီအစည်းအဝေးကို စိတ်ဝင်စားတဲ့လူတွေ၊ ကိုယ်စားလှယ်တွေ အားလုံးကို ဖိတ်ခေါ်သွားမှာပါ။ ဒီအစည်းအဝေးမှာ ကြိုတင်ရေးဆွဲထားတဲ့ အသင်းအဖွဲ့တွေကို ညီလာခံမှာ တင်ပြသွားမှာပါ”ပာု မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအသင်းမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ သတင်းစာဆရာ၊ မြန်မာနိုင်ငံစာရေးဆရာ အသင်းနှင့် မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချီသူများ အသင်းအား ဖွဲ့စည်းပြီးပါက မြန်မာ မီဒီယာ အသင်းချုပ်ကိုပါ ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကြိုးမဲ့စနစ်ဖြင့် ယာဉ်စီးခ ပေးသွင်းနိုင်မည့် iPay စနစ် စတင်အသုံးပြုမည်

ကြိုးမဲ့စနစ်ဖြင့် လိုင်းကားများပေါ်တွင် ယာဉ်စီးခပေးသွင်းနိုင်မည့် iPayစနစ်ကို ယခုလ ၁၅နေ့မှ စတင်၍ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ကြိုးမဲ့စနစ်ဖြင့် ယာဉ်စီးခ ပေးသွင်းနိုင်မည့် iPay စနစ်ကို ဗန္ဓုလပို့ဆောင်ရေးယာဉ်လိုင်းမှ သမိုင်း၊ လှည်းတန်း၊ မြေနီကုန်း၊ ဆူးလေ သို့သွားသည့် ပါရမီယာဉ်လိုင်းကားများတွင် စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“အခု ယာဉ်လိုင်းတွေမှာ အသုံးပြုမယ့် iPay စနစ်က ငွေအကြွေ ဆောင်စရာမလိုဘူး။ ကိုယ်က လိုင်းကား တက်စီးလို့ ငွေပေးချတဲ့အခါ ၀.၁ စက္ကန့် သာ ကြာမြင့်မှာပါ။ ဒီ iPay စနစ်ဆော့ဖ်ဝဲကို အိန္ဒိယနဲ့ မြန်မာနိုင်ငံက IT ပညာရှင်တွေ ရေးဆွဲထားတာပါ။ စက်ရဲ့တန်ဖိုးက လေးသိန်းလောက် ရှိပေမယ့် မြန်မာနိုင်ငံက လိုင်းကားတွေပေါ်မှာတော့ အလကားတပ်ဆင်ပေးသွားမှာပါ”ပာု iPay စနစ် ပြုလုပ်မည့် ကစ္ဆကနဒီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လိုင်းကားများ စီးနင်းရာတွင် ကြိုးမဲ့စနစ်ဖြင့် ယာဉ်စီးခပေးသွင်းနိုင်သည့် iPay  စနစ်တွင် ကတ်ထဲသို့ အနည်းဆုံး တစ်ထောင်ကျပ်မှ အများဆုံး တစ်သိန်းကျပ်အထိပေးသွင်းထားနိုင်ပြီး iPay ကတ်အား တစ်ကတ်လျှင် သုံးရာကျပ်ဖြင့် အများပြည်သူထံသို့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“ကိုယ်က လိုင်းကားစီးလို့ ငွေပေးချေတဲ့အခါမှာ ငွေလက်ခံဖြတ်ပိုင်းတစ်ခုကို ရရှိမယ်။ ၃၀၀ ခရီးပဲဖြစ်ဖြစ်၊ ၅၀ ခရီးပဲဖြစ်ဖြစ် ကျသင့်ငွေကို ဖြတ်သွားမှာပါ။ အခုလို လုပ်လိုက်တော့ ဘာပဲပြောပြော ငွေအကြွေ အခက်အခဲပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားတာပေါ့”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

လိုင်းကားများစီးနင်းရန် iPay စနစ်အသုံးပြုရာတွင် လက်ကျန်ပိုက်ဆံနည်းနေပါက ကစ္ဆပနဒီမှ ဖွင့်လှစ်ထားသည့် ရုံးခွဲများတွင် ငွေထပ်မံ ဖြည့်သွင်းနိုင်ပြီး iPay ကတ်စနစ်တွင် မိမိကတ်အား အခြားလူများအသုံးမပြုနိုင်စေရန် လုံခြုံရေးစနစ်ကိုပါ ထည့်သွင်းပေးထားကြောင်း သိရသည်။

“အခုလို လုပ်လိုက်တော့ ကျွန်တော်တို့ ပြည်သူတွေအတွက်တော်တော်ကို အဆင်ပြေနိုင်ပါလိမ့်မယ်။ လိုင်းကားစီးပြီဆို အမြဲအကြွေအခက်အခဲ ပြဿနာက ဖြေရှင်းနေရတယ်။ နေ့စဉ် ခရီးသွားလာနေတဲ့ လူတွေအတွက်လည်း စိတ်အနှောင့်အယှက်ကြုံရတယ်”ပာု နေ့စဉ် ရန်ကုန်မြို့တွင်း ခရီးသွားလာ နေသူတစ်ဦးက ဆိုသည်။

ထို့ပြင် iPay ပိုက်ဆံ စနစ်အသုံးပြုမှုများကို လိုင်းကားများတွင်သာမက ရထားစီးနင်းခြင်း၊ Taxi စီးနင်းခြင်း၊ သင်္ဘောစီးနင်းခြင်းနှင့် အခြား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင်ပါ အသုံးပြုနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

၂၀၁၄ တွင် မြန်မာနိုင်ငံမှ အာဆီယံအစည်းအဝေး ၁၀၀၀ ကျော် လက်ခံကျင်းပပေးရမည်

လာမည့် ၂၀၁၄ ခုနှစ်တွင်  မြန်မာနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှ စတင်၍ အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေး၊ အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးပေါင်း ၁၀၀၀ ကျော်ကို လက်ခံကျင်းပ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မတ်လ ၁၅ ရက်နေ့၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပချိန်မှာ အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခေါင်းဆောင်တွေနဲ့ အစည်းအဝေးနဲ့  အရှေ့အာရှ နိုင်ငံ ခေါင်းဆောင်တွေနဲ့ အစည်းအဝေးတွေကိုပါ တစ်ဆက်တည်း ကျင်းပဖို့ရှိတဲ့အပြင်  ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ EU,WTO,ADB အကြီး အကဲတွေပါ တက်ရောက်မှာ ဖြစ်ပါတယ်”ပာု ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာနိုင်ငံအား လက်ခံလာခဲ့ကြပြီး လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် အာဆီယံ ခေါင်းဆောင်များ အကြား သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပြည်တွင်းစစ်ရပ်စဲရေး တောင်းဆိုသူတစ်ဦး ဖမ်းဆီးခံရ

မတ်လ ၁၅ရက်နေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် ပြည်တွင်းစစ်ရပ်ရန် အချက်များဖြင့် ဆန္ဒတောင်းဆိုခဲ့သည့် ဦးအောင်မြင့်နှင့် မထက်ထက်အောင်တို့အား ဗဟန်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ဖမ်းဆီးမေးမြန်းမှုများ ပြုလုပ် ခဲ့သည်ဟု သတင်းရရှိသည်။

ယင်းကဲ့သို့ ဆန္ဒတောင်းဆိုသည့် ဦးအောင်မြင့်နှင့် သမီးဖြစ်သူ မထက်ထက်အောင်တို့အား ဗဟန်းမြို့နယ်မှ သက်ဆိုင်ရာက စစ်ဆေးမေးမြန်း မှုများ ပြုလုပ်၍ သမီးဖြစ်သူ မထက်ထက်အောင်အား ပြန်လွှတ်ပေးခဲ့ပြီး ၎င်း၏ဖခင်အား ဆက်လက်ထိန်းသိမ်းထားကြောင်း မထက်ထက်အောင်၏ ပြောဆိုချက်အရ သိရသည်။

“အမှန်တကယ် စပြီးတောင်းဆိုဆန္ဒပြတာက ဇန်နဝါရီလ ၃ရက်နေ့ထဲက လုပ်တာပါ။ အဲဒါ မတ်လ ၁၅ရက်နေ့က ဗဟန်းမြို့နယ်က ကား မှတ်တိုင်မှာ ကားစောင့်နေတုန်း မြို့နယ်ရဲစခန်းကလာခေါ်ပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်မယ်ဆိုပြီး ခေါ်သွားတာပါ။ ပြီးတော့ ကျွန်မတို့ရဲ့ ကိုယ်ရေး အကျဉ်းတွေယူပြီး ပြည်လမ်းမှာရှိတဲ့ လွှတ်တော်စုပေါင်းရုံးမှာ လူခွဲပြီး စစ်ဆေးပါတယ်။ ပြီးတော့ သူတို့က ကျွန်မကျောင်းပြီးပေမယ့် ဘွဲ့လက်မှတ် မရသေး တာကို အခုလိုမျိုး ဆက်လုပ်နေမယ် ဆိုရင် ဘွဲ့လက်မှတ်ရမှာမဟုတ်ဘူးဆိုပြီး ခြိမ်းခြောက်ခံရပါတယ်”ဟု ၎င်းမှ ပြောကြားသည်။

ထို့နောက် မထက်ထက်အောင်အား မတ်လ ၁၆ရက်နေ့ နေ့လည်တွင် အာမခံဖြင့် ပြန်လည်လွှတ်မြောက်ခဲ့ပြီး ဖခင်ဖြစ်သူ ဦးအောင်မြင့်အား ဆက်လက်ထိန်းသိမ်းထားသည်ဟုလည်း သိရသည်။

“ကျွန်မအဖေကို ဖမ်းထားတာ ၂၄နာရီကျော်သွားပြီဆိုတော့ အဖေဘယ်မှာလဲလို့ သူတို့ကို ဖုန်းဆက်ပြီး လှမ်းမေးကြည့်တော့ အဲဒီ မြို့နယ် အုပ်ချုပ်ရေးရုံးက စိတ်ရောဂါကုဆေးရုံကို ပို့ထားတယ်လို့ပြောပါတယ်။ ပြီးတော့ သူ့နာမည်ကိုမေးတာလည်း ကောင်းကောင်းမဖြေဘဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောပြီး ဖုန်းချသွားပါတယ်”ဟု ၎င်း၏ ထပ်မံပြောပြချက်အရ သိရသည်။

ဦးအောင်မြင့်သည် ယင်းကဲ့သို့ တောင်းဆိုဆန္ဒပြုသည့်နေမှစ၍ NLDပါတီတံဆိပ်၊ NLDအား ထောက်ခံသည့် စာတမ်းပါ စပို့ရှပ်အား ဝတ်ဆင် ထားပြီး သံခြေကျင်းများခတ်၍ တောင်းဆိုဆန္ဒပြခဲ့သည်ဟုလည်း သိရသည်။

ထို့ပြင် ၎င်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ၁၉၉၉ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၀၇ခုနှစ် ရွှေဝါရောင်အရေးအခင်းတွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် ထောင်ဒဏ်ကျခံခဲ့ပြီး စက်တင်ဘာလတွင် ပြန်လည်လွတ်မြောက်လာသူတစ်ဦး ဖြစ်ကြောင်းလည်း ၎င်း၏ ပြောဆိုချက်အရ သိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"လက်ရှိ (မြန်မာ)အစိုးရအပေါ်ထားရှိတဲ့ ကနေဒါရဲ့ပိတ်ဆို့မှုတွေကို စတင်လျှော့ချပေးဖို့ဆိုတာ ကျွန်တော့်အတွက် အရမ်းကို သည်းထိတ်ရင်ဖို ဖြစ်ပါလိမ့် မယ်။ ဒါပေမယ့် ရွေးကောက်ပွဲကိုတော့ အနီးကပ် စောင့်ကြည့်ချင်ပါတယ်။ မဲဆွယ်ဖို့ ရက်သတ္တပတ် သုံးပတ်ခွဲပဲရှိတော့တဲ့အချိန်မှာ မဲစာရင်းမှာ ဘောင် မ၀င်တာတွေ အများကြီးရှိနေတာကို သိရတဲ့အတွက် အရမ်းစိုးရိမ်မိပါတယ်"

မတ် ၁၆ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၉) အမှတ် (၅၆၁) တွင်ပါသည့် “ကြားဖြတ်ရွေးကောက်ပွဲ အနီးကပ် စောင့်ကြည့်မည်” သတင်းမှ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လူထုလှုပ်ရှားမှုများကို ဆောင်ရွက်တော့မည့် လူငယ်များအဖို့ စိတ်ခံစားမှုသက်သက်ဖြင့် လုပ်ဆောင်၍ မရနိုင်ပေ။ အလေးအနက်ထားပြီး စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်၏။ လက်တွေ့ကျသော၊ ဘဝကပေးသော သင်ခန်းစာများ၊ အတွေ့အကြုံများဖြင့် မိမိတို့နှင့် လိုက်လျောညီထွေသော အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများကို ဖွဲ့စည်း၍ လှုပ်ရှားသင့်ပါသည်။ သမိုင်း၏ ဖြစ်ရပ်မှန်များကိုလည်း အမှန်အတိုင်း ဂဃနဏ သိရှိနားလည်ရန် လိုပါသည်။ (ပန်းချီ ဆရာ မောင်ဒီကဲ့သို့ မြန်မာ့နိုင်ငံရေးအကြောင်းကိုလည်း မသိဘဲ ဦးနေဝင်းက ပါတီစုံဒီမိုကရေစီစနစ်သို့ ပြောင်းပေးတော့မည်ကို ဗကပများကြောင့် မပြောင်းခဲ့ဟု သူ့စိတ်ထဲမှ ခံစားချက်၊ ဗကပအပေါ် တစ်ဖက်သတ်အမြင်စောင်းမှု၊ မမှန်ကန်သောသတင်း ယုံကြည်မှုတို့ဖြင့် အမနာပရေးခြင်းမျိုး မဖြစ်သင့်ပေ။ မောင်ဒီအဖို့ သင်ခန်းစာယူရန် သင့်၏။ မိမိမကျွမ်းသော ဘာသာရပ်ကို အခြေမခိုင်ဘဲ မရေးသင့်ပေ။ ကျားကျားမီးယပ်လုပ်ပြီး ရေးသား လိုက်ခြင်းမျိုးက ကိုယ့် အထုပ် ကိုယ်ဖြည်ပြသလို ဖြစ်တတ်ပေသည်”

မတ် ၁၅ ထုတ် Popular News အတွဲ (၄) အမှတ် (၁၁) တွင်ပါသည့် ဆောင်းပါးရှင် ထက်မြတ်၏ “နိုင်ငံရေးပါတီ နိုင်ငံရေး အဖွဲ့အစည်း” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ပြည်သူ့ငွေစာရင်းကော်မတီက စစ်ဆေးတွေ့ရှိခဲ့တဲ့ ပြည်ထောင်စုဝနကြီးဌာနခြောက်ခုရဲ့ အချက်အလက်တွေကို ပြည်ထောင်စု လွှတ်တော်ကို တိုက်ရိုက် တင်ပြသွားမှာပါ။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တခြားဝန်ကြီးဌာနတွေကို ထပ်မံစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်တွေကို ထပ်မံတင်ပြလာရင် အခု ရရှိထားတဲ့ အချက်အလက်တွေနဲ့ပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ကို ထပ်မံတင်ပြပေးသွားဖို့ရှိပါတယ်။ ကျွန်တော်တို့ကတော့ လွှတ်တော်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောက်ရွက်သွားမှာဖြစ်ပြီး အရေးယူမှုအပိုင်းကတော့အုပ်ချုပ်ရေးဘက်က ဆောင်ရွက်ရမှာ ပါ”

မတ် ၁၆ ထုတ် Biweekly ELEVEN အတွဲ (၄) အမှတ် (၅၀) တွင်ပါသည့် “ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးတွေ့ရှိခဲ့သော ပြည်ထောင်စု ဝန်ကြီးဌာနအချို့နှင့် ပတ်သက်သည့် အချက်အလက်များကို ပြည်ထောင်စုလွှတ်တော်သို့ တိုက်ရိုက်တင်ပြသွားမည်ဖြစ်ပြီး ကျန် ဝန်ကြီးဌာနများကိုလည်း ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs