Transparency Myanmar

transparency.myanmar@gmail.com

၂၃.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့ငွေကြေးစနစ် ပြုပြင်မှု IMF အကြီးအကဲချီးကျူး

(AFP သတင်းမှ 22 April 2012 ရက်စွဲပါ IMF Chief louds Myanmar's currency reform ကို ဘာသာပြန်ဆိုသည်)

  1. အရေးယူမှုများသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ကဏ္ဍတစ်ခုမှပါဝင်ခဲ့သလော

(22 April 2012 ရက်စွဲပါ BBC News မှ Jonah fisher ရေးသားသော Did economic sanctions Play a role in Burma’s reform? ကို ဘာသာ ပြန်ဆိုသည်)

*****************************************

မြန်မာ့ငွေကြေးစနစ် ပြုပြင်မှု IMF အကြီးအကဲချီးကျူး

(AFP သတင်းမှ 22 April 2012 ရက်စွဲပါ IMF Chief louds Myanmar's currency reform ကို ဘာသာပြန်ဆိုသည်)

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်အတွက် မြန်မာအစိုးရသစ်၏ အခြေခံအကျဆုံး စီးပွားရေး ပြုပြင်ပြောင်းလဲမှု တစ်ခုဖြစ်သော ရှုပ်ရှုပ်ထွေးထွေး ငွေလဲနှုန်းစနစ်အား ပြင်ဆင်နေခြင်းကို ကမ္ဘာ့ငွေကြေး ရံပုံငွေအဖွဲ့ IMF အကြီးအကဲဖြစ်သူ ခရစ်စတင်းလာဂတ် (Christine Lagarde) က စနေနေ့တွင် ချီးကျူး ပြောကြားလိုက်သည်။

IMF သည် လက်ရှိ ငွေလဲနှုန်းစနစ် ပြောင်းလဲမှု ကိစ္စနှင့် ပတ်သက်ပြီး မြန်မာငွေကြေး တာဝန်ရှိသူများနှင့် ဂရုတစိုက် သတိထား လုပ်ဆောင်လျက် ရှိသည်ဟု လာဂတ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

သတင်းထောက်တစ်ဦး၏ မေးခွန်းကို တုံ့ပြန်သည့် လာဂတ်က "ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ ကျွန်မတို့ အရမ်းကို တက်တက်ကြွကြွ လုပ်ဆောင်နေကြပါတယ်။ ဒီအပြောင်းအလဲကို သူတို့ လုပ်ခဲ့ကြတယ်။ သူတို့ အောင်မြင်မှု ရခဲ့တယ်လို့ ချီးကျူးစကား ပြောရမှာပါ" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ယင်း၏ကျပ်ငွေ နှုန်းရှင်ထားခြင်းကို ဧပြီ ၂ ရက်တွင် စတင်ခဲ့သည်။ ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၈၁၈ ကျပ်ငွေလဲနှုန်းကို အခြေခံရန် သတ်မှတ်ခဲ့ပြီး ပြင်ပမှောင်ခိုဈေးကွက်ရှိ တန်ဖိုးနှင့် ကိုက်ညီအောင် တရားဝင် ငွေလဲနှုန်းကို ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ နှုန်းရှင်ထားခြင်းဖြင့် ကျပ်ငွေတန်ဖိုးကို ဈေးကွက်က ဆုံးဖြတ်ပေးခြင်းကို ခွင့်ပြုသွားမည် ဖြစ်သည်ဟု ဗဟိုဘဏ်က ပြောကြားသည်။ မြန်မာနိုင်ငံ အနေနှင့် တံခါးဖွင့်လာသည်နှင့်အမျှ ကြီးထွားလာမည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူ ချောမွေ့အောင် ရိုးရှင်းသော ငွေလဲနှုန်း စနစ်က အထောက်အကူ ပြုလိမ့်မည်ဟု အကဲခတ် လေ့လာသူများက ဆိုသည်။

လာဂတ်က "သူတို့ လိုအပ်တဲ့ နည်းပညာ အကူအညီ မှန်သမျှ ကျွန်မတို့ ဆက်လက် ဖြည့်ဆည်းပေးရမှာပါ။ ရှင်တို့ သိတဲ့အတိုင်း ဒါက တစ်ရက်ချင်း အပေါ် အခြေခံပြီး ဖြစ်ပေါ်နေတာပါ။" ဟု ပြောသည်။ ယခုကဲ့သို့ ငွေကြေးစနစ် ပြုပြင်မှုသည် နှစ်ပေါင်းများစွာ အထီးကျန် စစ်အုပ်ချုပ်ရေးကြောင့် ခေတ်ဟောင်းတွင် ကျန်ခဲ့သော စီးပွားရေးကဏ္ဍ ခေတ်မီအောင် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲခြင်း၏ အစီအစဉ် တစ်စိတ် တစ်ပိုင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် မနှစ်က အစိုးရသစ်တင်မြှောက်ပြီး နောက်ပိုင်း ကမ္ဘာ့အပယ်ခံ ဘဝမှ မြန်ဆန်စွာ ရုန်းထ နာလံထူလာခဲ့ခြင်း ဖြစ်သည်။

ယခင် တပ်မတော်အစိုးရ လက်ထက်က နှစ်ပေါင်းများစွာ အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည်လည်းး ယခုလ အစောပိုင်းတွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက် ခံရပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၏ မကြုံစဖူး ပြုပြင်ပြောင်းလဲမှုများကို အားပေး ထောက်ခံ ကူညီရန်အတွက် အနောက်နိုင်ငံများ ကလည်း ယခင် အရေးယူ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးရေးကို စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။

"အရေးယူမှုအချို့က ရုတ်သိမ်းထားပြီးသားပါ။ မြန်မာတွေရဲ့ စတင်မှုဟာ အခုဆို အရှိန်ရနေပါပြီ။ ကျွန်မရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ကတော့ အရှိန် မရပ်ဘဲ ဆက်သွားနိုင်ဖို့ပါပဲ" ဟု လာဂတ်က ဆက်လက် ပြောဆိုသွားသည်။

******************************************

အရေးယူမှုများသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ကဏ္ဍတစ်ခုမှပါဝင်ခဲ့သလော

(22 April 2012 ရက်စွဲပါ BBC News မှ Jonah fisher ရေးသားသော Did economic sanctions Play a role in Burma’s reform? ကို ဘာသာ ပြန်ဆိုသည်)

လွန်ခဲ့သော နှစ်ကမြန်မာနိုင်ငံသည် ကြီးစွာသော ပြောင်းလဲမှုများကို ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် အဆိုပါ ပြုပြင်ပြောင်းလဲမှုများကို ဆုလာဘ်ပေးသည့် အနေဖြင့် လည်းကောင်း၊ ပြုပြင်ပြောင်းလဲရေးများ ထပ်မံလုပ်ဆောင်ရန် အားပေးသည့်အနေဖြင့် လည်းကောင်း ဥရောပသမဂ္ဂမှ နိုင်ငံခြားရေး ဝန်ကြီးများသည် မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသော စီးပွားရေးအရ အရေးယူမှုများကို ယာယီရပ်ဆိုင်း(surpend) ထားမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အရေးယူမှုများရှိနေသော်လည်း မြန်မာနိုင်ငံသည် စီးပွားရေးအရ ယခင်နှစ်ကထက် 5.5% တိုးတက်ခဲ့သည်။ ပို၍ ကျယ်ကျယ် ပြန့်ပြန့် ဆိုရလျှင် ထိုသို့တိုးတက်လာရခြင်းမှာ အိမ်နီးချင်းတရုတ်နှင့် ထိုင်းနိုင်ငံတို့မှ အဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုများကို ကျေးဇူးတင်ရမည် ဖြစ်ပြီး၊ ကမ္ဘာလှည့် ခရီးသည်များ တိုးပွားလာခြင်းကလည်း တစ်ကြောင်း ဖြစ်သည်။

ဥရောပ၏ အရေးယူ ကန့်သတ်ချက်များမှာ အပြင်းထန်ဆုံး မဟုတ်ခဲ့ပါ။ အမေရိကန်သည် ကုန်သွယ်ရေး နှင့် ငွေကြေးဆိုင်ရာ အရေးယူမှုများ အလုံးစုံ ပါဝင်သော ကန့်သတ်မှုများ ပြုလုပ်ခဲ့ချိန်တွင်၊ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ငန်းများ အားလုံးမပြုလုပ်ပိတ်ပင်ခြင်းကိုပင် အပြည့်အဝ မပြုလုပ်ခဲ့ပေ။

ထိုအစား ဥရောပသမဂ္ဂသည် မြန်မာအစိုးရခေါင်းဆောင်များနှင့် စစ်တပ်မှ ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားခြင်းနှင့် ဗီဇာ ပိတ်ပင်ထားခြင်းများ ပါဝင်သော ပစ်မှတ်ထားသည့် အရေးယူမှုများကို ပြုလုပ်ခဲ့ပါ သည်။ မြန်မာအစိုးရပုဂ္ဂိုလ်များနှင့် ပတ်သက်သော ကုမ္ပဏီများတွင် ရင်းနှီး မြှုပ်နှံခြင်းကိုလည်း တားမြစ်ထားပါ သည်။ အီးယူ၏ စာရင်းတွင် ဆပ်ပြာနှင့် အချိုရည်စက်ရုံများမှစ၍ ဇိမ်ခံဂေါက်ကွင်းအထိ ရင်းနှီးမြှုပ်နှံမှုတားမြစ် ထားသည်။ သို့သော် ငွေကိုမြင်သောအခါ၊ မူဝါဒကို ဘေးချိတ်ထားရသည့်အဖြစ်လည်း ရှိခဲ့သည်။

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီးဖြစ်သော Total သည် 1992 ကတည်းက မြန်မာ့ကမ်းလွန်တွင် Chevron နှင့် ပေါင်း၍ ဘီလီယံဒေါ်လာချီ၍ ရင်းနှီး မြှုပ်နှံခဲ့သည်။ နိုင်ငံရေးလှုပ်ရှားသူများက ပြောကြားရာတွင် စွမ်းအင်မှရသော ဝင်ငွေများ၏ အများစုမှာ စစ်တပ်၏ အိတ်ထဲသို့သာ  တိုက်ရိုက် ရောက်ရှိသွားသည်ဟု ဆိုသည်။

၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေး အပြီးတွင် မြန်မာအာဏာပိုင်များအပေါ် ချမှတ်ထားသော အီးယူ၏ အရေးယူမှုများကို တိုးချဲ့ခဲ့သည်။ ထိုအချိန်တွင် သစ်၊ ကျောက်မျက်နှင့် အဖိုးတန်သတ္ထု ကဏ္ဍများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမပြုလုပ်ရန် ကန့်သတ်မှုများ ပြုလုပ်ခဲ့သော်လည်း စွမ်းအင် ကဏ္ဍကိုမူ ချန်လှပ်ထားခဲ့ပြန်သည်။

Burma Campaign UK မှ ဒါရိုက်တာ Mark Formaner က ဥရောပ၏ လုပ်ဆောင်မှုမှ အားနည်းချက် များကို ဖော်ပြခဲ့သည်။ ၎င်းအနေဖြင့် အာမခံကဲ့သို့သော ငွေကြေးဝန်ဆောင်မှုများအပေါ် ကန့်သတ်မှုများပြုလုပ်သည်ကို မြင် တွေ့လိုခဲ့ခြင်းဖြစ်ပါသည်။ အာမခံကဏ္ဍမှာ အာရှကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလိုသော ကဏ္ဍဖြစ်၍ ကန့်သတ်မှုများ ပြုလုပ်ပြီး အတားအဆီးပြုလိုပေသည်။ ထို့အပြင်၎င်းက အရေးယူမှုများသည် အမှန်တကယ် သက်ရောက်မှု ရှိသည်ဟု ယုံကြည်နေဆဲဖြစ်ပြီး၊ အလျင်အမြန်ရုပ်သိမ်းမည့် ကိစ္စကို ငြင်းချက်ထုတ်လျက် ရှိသည်။ “အစိုးရတာဝန်ရှိသူတွေက အရေးယူမှုကိုပဲ စောဒက တက်နေတာဆိုတော့၊ သူတို့ကို ထိခိုက်စေတယ် ဆိုတာ ထင်ရှားပါတယ်” ဟု ဆိုသည်။ “သူတို့မှာ စီးပွားရေးအရပြဿနာတွေ ရှိနေပြီး၊ သတို့နောက်ကျကျန်ခဲ့ပြီးဆိုတာ သဘောပေါက်လာပါ တယ်။ အာရှတစ်ခုလုံးရှေ့ကို ရောက်နေချိန်မှာ သူတို့မပါခဲ့ပါဘူး”ဟု ၎င်းကပင် ပြောသည်။

အရေးယူမှုများသည် ပြုပြင်ပြောင်းလဲမှုများအတွက် တွန်းအားပေးရာတွင် အရေးကြီးသော ကဏ္ဍမှပါဝင်ခဲ့သည်ဆိုသည်ကို လူတိုင်းက ယုံကြည်ခဲ့သည် မဟုတ်ပေ။

International Crisis Group မှ အရှေ့တောင်အာရှစီမံကိန်း ဒါရိုက်တာ Jim Della-Glacomo ကမူ အရေးယူမှုများသည် သံတမန်ရေးအရ အရှုံးအနိုင် မရှိသော အခြေအနေကို ဖန်တီးသည်ဟု ထင်မြင်ကြောင်းပြောသည်။

“အရေးယူမှုများသည် ဆန့်ကျင်ဘက်ရလဒ်များကိုသာ ရစေပြီး အနောက်နိုင်ငံတွေကို သံသယတွေ ပိုမိုတိုးပွားစေပါတယ်”ဟု ၎င်းက ပြောသည်။ “အရေးယူမှုတွေက သူတို့ကို စစ်တပ်က ဆက်အုပ်ချုပ်ဖို့ကိုသာ ဖြစ်စေပါတယ်” ဟုဆိုသည်။

၎င်းက ပြောင်းလဲမှုများသည် သူ့သဘောသူဆောင်၍ တဖြည်းဖြည်းတိုးတက်ဖြစ်ပေါ်လာသည် (organic) ဟု မြင်ကြောင်း၊ ဦးသန်းရွှေအငြိမ်းစား ယူသွားပြီး၊ နိုင်ငံရေးခေါင်းဆောင်ပြောင်းသွားပြီး ပြုပြင်ပြောင်း လဲရေးအရှိန်မြင့်လာစေသည်ဟု ဆိုသည်။

Mr Della-Glacmo က ပြောကြားရာတွင် အရေးယူမှုများသည် မြန်မာနိုင်ငံ၏ ဆင်းရဲသော ပြည်သူများ ကို အများဆုံးထိခိုက်ကြောင်း ဆိုသည်။ “ဗိုလ်ချုပ်တွေက အရေးယူမှုတွေကြားထဲမှာ ဘယ်လိုရှင်သန်အောင် လုပ်ရမလဲဆိုတာ သိသွားကြပြီး၊ ဆင်းရဲသားတွေကတော့ စင်္ကာပူကို ဈေးဝယ် မထွက်နိုင်ကြပါဘူး”ဟု ၎င်းကပင် ပြောသည်။

ဘရပ်ဆဲက မည်သည့်ဆုံးဖြတ်ချက်ပဲချချ၊ ဝါရှင်တန်ကလည်း မည်သို့ ဆုံးဖြတ်သည်ဖြစ်စေ မြန်မာနိုင်ငံတွင်းတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ကြီးမားသော အတားအဆီးများ ရှိနေဦးမည် ဖြစ်သည်။

ဖြစ်လာနိုင်သည့် အန္တရာယ်များကို သရုပ်ခွဲသည့် အုပ်စုဖြစ်သည့် Maplecroft ၏ မကြာခင်က အစီရင်ခံစာတွင် နိဂုံးချုပ်တင်ပြထားရာတွင်၊ တိုင်းပြည်တွင် အလားအလာကြီးမားစွာရှိကြောင်း၊ သို့သော် အကျင့်ပျက် ခြစားမှုများ၊ တရားစီရင်ရေးစနစ်၏ အားနည်းမှုများနှင့် ရင်းနှီးမြှုပ်နှံသူများအပေါ် ကာကွယ်ပေးမှု အားနည်းခြင်းများက နောက်ပြန်ဆွဲနိုင်ကြောင်း ပြောသည်။

ယခုအခါ ငွေကြေးစနစ်ကို စီမံထားသော နှုန်းရှင်ပြုလုပ်ခြင်းကဲ့သို့ ခြေလှမ်းများ စတင်ခဲ့ပြီဖြစ်သည်။ အကယ်၍ အရေးယူမှုများကို တစ်နှစ်တာ ရုတ်သိမ်းထားခဲ့၍ ဥရောပရင်းနှီးမြှုပ်နှံမှုများ ဝင်ခဲ့လျှင်လည်း တရုတ် မှ ဒေါ်လာဘီလီယံချီ၍ ရင်းနှီးမြှုပ်နှံထားမှုကို မှီဦးမည် မဟုတ်ပေ။

*************************************************

Document Attached: yangonchronicle 2011 - (2)
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၃.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. အီးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းရေး စောင့်စားနေစဉ် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ရန် နှောင့်နှေး

(Reuters မှ 22 April 2012 Myanmar awaits EU sanctions easing: Suu Kyi delays debut ကို ဘာသာ ပြန်ဆိုသည်)

  1. ဂျပန်က မြန်မာ၏ ဒေါ်လာ ၃.၇ ဘီလီယံကြွေးများ လျှော်ပစ်မည်

(Arab News မှ 22 April 2012 ရက်စွဲပါ Malcolm Foster ရေးသားသော Japan to forgive $ 3.7 billion of Myanmar’s debt ကို ဘာသာ ပြန်ဆိုသည်)

********************************************

အီးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းရေး စောင့်စားနေစဉ် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ရန် နှောင့်နှေး

(Reuters မှ 22 April 2012 Myanmar awaits EU sanctions easing: Suu Kyi delays debut ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ့ ပြုပြင် ပြောင်းလဲရေး ဝါဒီ အုပ်ချုပ်သူများ လည်ပင်း ရှည်အောင် စောင့်စားခဲ့ရသော အီးယူ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရေးကို မျှော်လင့် စောင့်ဆိုင်းနေကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် လွှတ်တော်တက်မှု နှောင့်နှေးသွားစေမည့် နိုင်ငံရေး ပြဿနာကြောင့် တနင်္လာနေ့တွင် ကြိုဆိုနှုတ်ဆက် အခမ်းအနားများ အသံတိတ် နေပါလိမ့်မည်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၂ဝ ပစ်ပယ်ထားသည့် အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ရာတွင် အနောက်အုပ်စုကြား အီးယူက ပထမဆုံး ဖြစ်လာတော့မည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက လွှတ်တော်တက် ကျမ်းကျိန်ရေး ကိစ္စအပေါ် ငြင်းခုံ ဆန္ဒပြမှုကြောင့် အစိုးရက တနင်္လာနေ့တွင် ခင်းကျင်းပြသလိုသော ပုံရိပ်ကို ထိခိုက်စေမည် ဖြစ်သည်။

မျှော်လင့်စောင့်စားနေသော အီးယူပိတ်ဆို့မှု ဆုံးဖြတ်ချက်သည် မြန်မာတို့၏ ဆုတ်ယုတ် ပျက်စီးနေသော စီးပွားရေးကဏ္ဍကို အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပြီး အမေရိကန်နှင့် ကနေဒါတို့က ထိုလမ်းကြောင်းအတိုင်း လိုက်ပါလာအောင် ဖွံ့ဖြိုးရေး ချေးငွေများရရှိအောင် နိုင်ငံ၏ သယံဇာတ ထုတ်ယူမှု ကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာအောင် အစပျိုးလမ်းထွင် ပေးနိုင်ဖွယ် ရှိသည်။

သို့သော် နိုင်ငံရေး မျက်နှာစာတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက တနင်္လာနေ့တွင် အောက်လွှတ်တော်သို့ တက်ရောက် ကျမ်းကျိန်ရမည့် စကားလုံးအပေါ် အငြင်းပွားနေခြင်းသည် ယိုင်နဲ့နဲ့ နိုင်ငံရေး ဟာမိုနီ ဖြစ်မှု အလားအလာအပေါ် အချိန်လွဲမှားစွာ လောင်းကြေး ထပ်လိုက်ခြင်း ဖြစ်သည်ဟု ယူဆရသည်။

ဒေါ်အောင်ဆန်းစုကြည်က လိပ်ခဲတည်းလည်း အနေအထားကို လျှော့ပေါ့ ပြောဆိုသည့်အနေဖြင့် "ကျွန်မတို့က လွှတ်တော်ကို သပိတ် မှောက်နေတာ မဟုတ်ပါဘူး" ဟု သတင်းထောက်များအား တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမည် ဟူသော စကားလုံးအပေါ် အငြင်းပွားရသည့် ကိစ္စ၏ အဓိက အကြောင်းရင်းမှာ တပ်မတော်၏ နှစ်ပေါင်း ၅ဝ ရက်ရက်စက်စက် အုပ်စိုးမှုအပြီး စစ်တပ် ဦးစားပေး နိုင်ငံရေး အနေအထားကို လျှော့ချရန်အတွက် အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်းပင် ဖြစ်သည်။ ယခုကဲ့သို့ အသေးအဖွဲ အငြင်းပွားမှုမျိုးကို စောစောကပင် ဖြေရှင်းထားသင့်သည်ဟု အကဲခတ် လေ့လာသူများက မှတ်ချက်ပေးထားသည်။

"NLD က ထိပ်တိုက် ရင်ဆိုင်ချင်တဲ့ ဆန္ဒ မရှိပါဘူး။ အတိုက်အခံ အဖြစ် အမြဲ ရပ်တည်သွားမယ် ဆိုပေမဲ့ လောလောဆယ် အချိန်ကိုက်မှု မရှိသေးပါဘူး" ဟု ဧရာဝတီ သတင်းဌာနက မှတ်ချက်ပေးသည်။

ယခု ပြဿနာသည် လုံးဝ သဘောထား ကွဲလွဲကြသော ကိစ္စတစ်ခု ဖြစ်သည်။ NLD အနေဖြင့် ယခုချက်ခြင်း လွှတ်တော်သို့ ဝင်ရောက် လှုပ်ရှားရန် လိုအပ်သည် ဟူသော တောင်းဆိုမှုများစွာ ထွက်ပေါ်နေပြီး ပြည်သူ အများစုမှာ လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်လျက် ရှိသည်။

အာဏာပိုင်များထဲမှ အလယ်အလတ် သဘောထား ရှိသူများ ဖြစ်သော သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌများထံ NLD က မေတ္တာရပ်ခံလွှာ တင်သွင်း ထားသည်ဟုလည်း သိရှိရသည်။

ကြားဖြတ် ရွေးကောက်ပွဲနိုင် NLD အနေဖြင့် တနင်္လာနေ့က လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရမည် ဖြစ်သော်လည်း အခြေခံ ဥပဒေကို လေးစား လိုက်နာပါမည်ဟု ကျမ်းကျန်း စကားစုကို ပြောင်းလဲပေးစေလိုခြင်း ဖြစ်သည်။

အနောက်နိုင်ငံများကပင် ထောက်ခံ ကြိုဆိုကြရသော ပြုပြင် ပြောင်းလဲမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည့် သမ္မတ ဦးသိန်းစိန်သည် ပြုပြင် ပြောင်းလဲရေး မောင်းနှင်သူတစ်ဦး ဖြစ်သော်လည်း ယခု အခြေခံ ဥပဒေပါ ကျမ်းကျိန် စကားလုံး ပြောင်းလဲရေး ကိစ္စမှာ သူ့လက်ထဲတွင် ရှိမနေချေ။

ဤပြဿနာကို ကြားဖြတ် ရွေးကောက်ပွဲ အရှုံးကြောင့် NLD အပေါ် မေတ္တာ ထားနိုင်ဖွယ် မရှိသော ပြည်ခိုင်ဖြိုး ပါတီအုပ်စုနှင့် တပ်မတော်သား အစုအဖွဲ့တို့ လွှမ်းမိုးထားသည့် လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရဖွယ် ရှိသည်။

"သမ္မတကြီးဆီမှာ ကျမ်းကျိန် စကားလုံး ပြောင်းလဲပေးနိုင်တဲ့ အာဏာ မရှိပါဘူး။ ဒါကြောင့် လွှတ်တော်က ဆုံးဖြတ်ပေးဖို့ လိုအပ်ပါလိမ့်မယ်" ဟု ရခိုင် အမျိုးသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ လွှတ်တော်အမတ် ဦးအေးမောင်က ရိုက်တာသို့ ပြောကြားသည်။ အဆိုပြုချက်ကို ဆုံးဖြတ်တဲ့အချိန်မှာ လူများစု ဖြစ်တဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အမတ်တွေက အဓိက ကဏ္ဍက ပါဝင်ကြပါလိမ့်မယ်ဟုလည်း ယင်းက ဆိုသည်။

NLD ပါတီက ယင်းကိစ္စကို ယခုသီတင်းပတ်အတွင်း ဖြေရှင်းမည်ဟု ပြောဆို စည်းရုံးလျက် ရှိပြီး မဟာဗျူဟာကို ဆွေးနွေးရန်အတွက် ရွေးချယ်ခံ လွှတ်တော်အမတ်များ ပါတီ ဌာနချုပ် ရုံးစိုက်ရာ ရန်ကုန်တွင် လောလောဆယ် နေထိုင်ကြရန် ပြောကြားထားသည်ဟု သိရသည်။

မည်သို့ပင်ဖြစ်စေ အာရှ၏ နောက်ဆုံးဈေးကွက်သစ်ဖြစ်သော မြန်မာနိုင်ငံ၏ အားသာချက်ကို ရယူရန် စိတ်စောနေသော ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပိုမို ထိတွေ့ ဆက်ဆံရေးကို ခွင့်ပြုရန် အတွက် အရေးယူ ဒဏ်ခတ်မှုများ မည်သို့ အကောင်းဆုံး ရုတ်သိမ်းမေးနိုင်မည်ကို အီးယူက စဉ်းစားနေပြီ ဖြစ်သောကြောင့် ယခု ပြဿနာက ပိတ်ဆို့အရေးယူမှု ကိစ္စအပေါ် သက်ရောက်မည့် အလားအလာ မရှိနိုင်တော့ပေ။

****************************************

ဂျပန်က မြန်မာ၏ ဒေါ်လာ ၃.၇ ဘီလီယံကြွေးများ လျှော်ပစ်မည်

(Arab News မှ 22 April 2012 ရက်စွဲပါ Malcolm Foster ရေးသားသော Japan to forgive $ 3.7 billion of Myanmar’s debt ကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နိုင်ငံသည် မြန်မာမှတင်ရှိနေသောကြွေးမြီယန်း ၃၀၀ ဘီလီယံ(ဒေါ်လာ ၃.၇ ဘီလီယံ) ခန့်ကို လျှော်ပစ်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုအကူအညီပေးသည့်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ အပြည့်အဝ ပြန်လည်ကူညီမည် ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေဟာ ရှေ့ကိုပုံမှန်ချီတက်နေပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် အရေးကြီးတဲ့အဆင့်ကို ချဉ်းကပ်နေပြီဖြစ်လို့ ဂျပန်နိုင်ငံက ပိုမိုအားပေးလိုပါတယ်”ဟု Noda က ဦးသိန်းစိန်နှင့် သတင်းစာရှင်းလင်းပွဲ အပြီးတွင် ပြောကြားခဲ့သည်။ “ဒီမှာ ပြောလိုတာက ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကိုပေးမယ့် အကူအညီတွေကို ပိုမိုအားကောင်းအောင် လုပ်လိုပါတယ်။ ဒါမှသာ မြန်မာပြည်သူတွေဟာ ပြုပြင် ပြောင်းလဲရေးအတွက် အသီးအပွင့် ခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ယခင်က ဖွံ့ဖြိုးတိုးတက်မှု ချေးငွေမှ ယန်း(၅၀၀) ဘီလီယံကို ဂျပန်နိုင်ငံထံတွင် ကြွေးတင်ရှိနေသည်။

ကြေညာချက်တွင် ဂျပန်နိုင်ငံသည် ၂၀၀၃ ဧပြီလတွင် သက်တမ်းစေ့သော ချေးငွေ ၁၂၇.၄ ဘီလီယံယန်းကို ပယ်ဖျက်ပေးမည် ဖြစ်ပြီ၊ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း ရက်လွန်ကြေးများအပါအဝင် ပေါင်းထားသော ၁၇၆.၁ ဘီလီယံယန်းကိုလည်း သက်သာခွင့်ပေးမည်ဟု ဖော်ပြထားသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ချမှတ်ထားခြင်း မရှိပဲ၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထားခဲ့သော ၂၀၀၃ နောက်ပိုင်းတွင် အစိုးရအကူအညီများ ဖြတ်တောက်ခဲ့သည်။ ဂျပန်နိုင်ငံသည် ၂၀၀၃ အထိ မြန်မာနိုင်ငံ၏ အကြီးဆုံးအလှူရှင် ဖြစ်သည်။ နောက်ပိုင်းတွင် ကျန်းမာရေးနှင့် ပညာရေးအတွက် လူသားချင်း စာနာသည့် အကူအညီများသာ ပမာဏ အနည်းငယ် ပေးခဲ့သည်။

“မြန်မာအစိုးရနဲ့ ပြည်သူများကိုယ်စားပြောလိုတာကတော့ ဂျပန်အစိုးရနဲ့ပြည်သူများက ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်”ဟု ဦးသိန်းစိန်က ပြောသည်။ “ကြွေးမြီကိစ္စ၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အကူအညီပေးရေးကိစ္စများအတွက် ဆုံးဖြတ်ချက်တွေဟာ မြန်မာပြည်သူတွေနဲ့ ဖွံ့ဖြိုးမှုနဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ထိရောက်စွာ အကူအညီပေးနိုင်မယ်လို့ ထင်ပါတယ်”ဟု ၎င်းကဆိုပါသည်။

ဂျပန်ကုမ္ပဏီများသည် အရေးယူမှုများ ချမှတ်ထားသော အမေရိကန်နှင့် လည်းကောင်း၊ ဥရောပသမဂ္ဂ နှင့်လည်းကောင်း ဆက်ဆံရေး မျက်နှာ မပျက်စေရန် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မပြုကြပေ။ ထို့အပြင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သော ဥပဒေများ ထင်သာမြင်သာ မရှိခြင်း ကြောင့်လည်း ဖြစ်သည်။

မကြာသေးမီက အနောက်နိုင်ငံအရေးယူမှုများ ရုတ်သိမ်းမည့် လုပ်ဆောင်မှုများ ရှိလာသည်။ တနင်္လာနေ့တွင် လူဇင်ဘတ်၌ အီးယူနိုင်ငံခြားရေး ဝန်ကြီးများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုအများစုကို ယာယီ ရုတ်သိမ်းမည်ဟု မျှော်လင့်ရသည်။

ဦးသိန်းစိန်က ဂျပန်စီးပွားရေးဦးဆောင်သူများကို သောကြာနေ့က ပြောကြားရာတွင် မြန်မာနိုင်ငံသည် တိုးတက်ကြီးထွားမှု အတွက် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို စိတ်အားထက်သန်စွာ မျှော်လင့်ကြောင်း ပြောခဲ့သည်။

ပြီးခဲ့သည့်အပတ်က Tokyo Stock Exchange နှင့် Daiwa Aecurities Group တို့ကပြောကြားရာတွင် ၎င်းတို့သည် ၂၀၁၅ တွင် မြန်မာနိုင်ငံ၌ စတော့ ဈေးကွက် ထူထောင်ရန် အကူအညီပေးရေးကို ဗဟိုဘဏ်နှင့် သဘောတူညီချက် ရပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကြာသပတေးနေ့က NTT Data အုပ်စုကလည်း ရန်ကုန်တွင် ရုံးခွဲဖွင့်မည် ဖြစ်ကြောင်း ဆိုခဲ့သည်။ All Nippon Airways ကလည်း ယခုနှစ်တွင် မြန်မာနိုင်ငံ၌ ဝန်ဆောင်ပေးရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သေးသည်။

မဲခေါင်မြစ်ငါးနိုင်ငံအား ၆၀၀ ဘီလီယံယန်းတန်ဖိုးရှိ ဖွံ့ဖြိုးတိုးတက်မှု အကူအညီနှင့် ပညာရှင်များပေးရန် စီစဉ်မှုအား ပြောကြားပြီးနောက်တွင် မြန်မာနိုင်ငံအပေါ် ကြွေးမြီများလျှော်ပစ်သည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ မဲခေါင်မြစ် ငါးနိုင်ငံမှာ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့ ဖြစ်သည်။ အဆိုပါနိုင်ငံများမှ ခေါင်းဆောင်များသည် ၂၀၀၉ ခုနှစ်က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ယခုအကြိမ်မှာ စတုထ္ထအကြိမ်ဖြစ်သည်။

ဂျပန်နိုင်ငံသည် မဲခေါင်ဒေသ နိုင်ငံများနှင့် ဆက်ဆံရေးအားကောင်းအောင် ပြုလုပ်ခြင်းဖြင့် အဆိုပါဒေသတွင်း တရုတ်သြဇာလွှမ်းမိုးမှု ကြီးထွားလာခြင်းအား တန်ပြန်ရန် ရွည်ရွယ်ခဲ့သည်။

Noda က မဲခေါင်ဒေသနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆက်လက်ရန် အလေးအနက်ထားမှုအား ပြောကြားရာတွင် “အရှေ့အာရှရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မဲခေါင်ဒေသရဲ့ တည်ငြိမ်မှုနဲ့ တိုးတက်မှု မရှိရင် မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

*******************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs