Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၃.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မဲခေါင်မြစ်အားထိန်းသိမ်းကြစို့

(22 Jan 2013 ရက်စွဲပါ The Daily Star မှ Syed Mansur Hashim ရေးသားသော Saving the Mekong River ကိုဘာသာပြန်ပါသည်)

  1. တိုင်းရင်းသားလက်နက်ကိုင်များညွန့်ပေါင်းအဖွဲ့က အစိုးရနှင့် ကချင်ကိစ္စဆွေးနွေးမည်

(AFP News မှ 23 Jan 2013 ရက်စွဲပါ “Ethnic groups to Discuss Kachin with government ” သတင်းကို ဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

မဲခေါင်မြစ်အားထိန်းသိမ်းကြစို့

(22 Jan 2013 ရက်စွဲပါ The Daily Star မှ Sixed Mansur Hashim ရေးသားသော Saving the Mekong River ကိုဘာသာပြန်ပါသည်)

 

(photo credit - internet)

ကီလိုမီတာ ၄၈၈၀ ရှည်လျားသော မဲခေါင်မြစ်သည်မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ဖြတ်သန်းစီးဆင်းသွားခဲ့ပါသည်။ မဲခေါင်မြစ်အောက်ပိုင်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် ဘက်စုံရေလှောင်တမံစီမံကိန်းများကို အဆိုပြုထားပါသည်။ အဆိုပြုထားသော စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက ၂၀၃၀ ခုနှစ်တွင် ရေလှောင်တမံ (၇၀) ခုခန့်ရှိလာမည်ဖြစ်ပါသည်။

Xayaburi ရေလှောင်တမံတည်ဆောက်မည့်နေရာသည် လာအိုနိုင်ငံမြောက်ပိုင်းတွင်ရှိပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များက အဆိုပါစီမံကိန်းသည် ဂေဟစနစ်ဆိုင်ရာ အမြင်မှကြည့်လျှင် ထိခိုက်မှုများရှိနိုင်ကြောင်း ပြောဆိုထားပါသည်။ ထိုသို့ ကန့်ကွက်ပြောဆိုခဲ့သော်လည်း လာအိုအစိုးရသည် တည်ဆောက်ရန် ကန်ထရိုက်အဖြစ် ဒေါ်လာ (၃.၈) ဘီလီယံဖြင့် ထိုင်းကန်ထရိုက်တာတစ်ဦးအား ပေးအပ်ထားပါသည်။ ၂၀၁၂ ခုနှစ်နိုဝင်ဘာလတွင်လည်း ကန်ထရိုက်အသစ်များကို ကြေညာခဲ့ပါသည်။ လာအိုတောင်ဖက် ကမ္ဘောဒီးယားနှင့် နယ်စပ်မှ ကီလိုမီတာ (၁၀၀) ဝေးသော Se Kong မြစ်သို့ စီးဝင်သော မြစ်လက်တက်နှစ်ခုပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း နှစ်ခုတည်ဆောက်ရန် ပါဝင်ပါသည်။ Se Kong မြစ်သည် Bolaven လွင်ပြင်တွင် မဲခေါင်မြစ်ထဲသို့ စီးဝင်ပါသည်။

လာအိုမူဝါဒချမှတ်သူများသည် ၎င်းတို့၏ကုန်တွင်းပိတ်နိုင်ငံကို မဲခေါင်မြစ်တွင် ရေလှောင်တမံများ ဆောက်ပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ်သော နိုင်ငံဖြစ်ရန်မျှော်လင့်နေပါသည်။ သို့သော် မဲခေါင်မြစ်မှ ရေအရင်းအမြစ်ကို လာအိုတစ်နိုင်ငံတည်းကသာ သုံးရန်မဟုတ်ပဲ ဖြစ်အောက်ပိုင်း ရေကြောင်းသွားလာရေးအတွက် အသုံးပြုနေသော ( Lower maritime basin-LMB) ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့ဖြင့် ထိပ်တိုက်ရင်ဆိုင်ရမှုများ ရှိလာနိုင်ပါသည်။ (၅၁) နိုင်ငံမှ NGO (263) ၃ ခုပေါင်းထားသော အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ “Focus on the Global South” ကဲ့သို့သော အဖွဲ့များ၏ ကန့်ကွက်မှုကိုလည်း ကြုံတွေ့ရပါသည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လက လာအို အစိုးရသည် Xayaburi ရေလှောင်တမံကို သက်ရောက်မှုများနှင့် ပတ်သက်၍ အကဲဖြတ်ခြင်းများ မပြီးစီးမီအထိ ရပ်ဆိုင်းထားရန်ကြေညာခဲ့ခြင်းကြောင့် ခေါင်းမာမာဖြင့် လုပ်ကိုင်မှုများမှ ခြေလှမ်းတစ်လှမ်း နောက်ဆုတ်သည့် သဘောပြသခဲ့ပါသည်။ လေ့လာမှုများကို လွတ်လပ်စွာပြုလုပ်ခဲ့ရာ အကယ်၍ရေများကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် လွှဲပြောင်းအသုံးပြုခဲ့ပါက စားနပ်ရီက္ခာလုံခြုံမှုအတွက် အချက်အလက်အပြည့်အစုံ ဖော်ပြခဲ့ပါသည်။ လေ့လာမှုများကို International Center for Environmental Management (ICEM) က မဲခေါင်မြစ် ကော်မရှင် (MRC) အတွက် ပြုလုပ်ပေးခဲ့ပြီး ပတ်ဝန်းးကျင်ဆိုင်ရာအဆင့်နိမ့်ကျသွားမှုများအား  ပြည့်စုံစွာ တင်ပြနိုင်ခဲ့ပါသည်။

လာအိုသည် အဘယ့်ကြောင့် ရေလှောင်တမံတည်ဆောက်ရေးကို အလွန်အကျွံအာရုံပြုရသနည်းဆိုသည်ကို အလွယ်တကူ နားလည်နိုင်ပါသည်။ ၂၀၁၀ အောက်တိုဘာလက ထုတ်ဝေသော MRC အတွက် အစီရင်ခံစာဖြစ်သော “မဲခေါင်မြစ်ကြီးပေါ်မှ ရေအားလျှပ်စစ်စီမံကိန်းများအတွက် ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက် မဟာဗျူဟာ” တွင် အဓီကကျသော စီမံကိန်း (၁၂) ခုအားလုံးလုပ်ဆောင်နိုင်ပါက ဖြစ်လာနိုင်သည့် စီးပွားရေးအရကြွယ်ဝနိုင်မှုကို ဖော်ပြခဲ့ပါသည်။ လာအိုနိုင်ငံသည် အဆိုပါရေအားလျှပ်စစ်များမှရသော ဝင်ငွေ၏ ၇၀% ကို ခံစားနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင်ဒေါ်လာ (၂.၆) ဘီလီယံရရှိနိုင်မည် ဖြစ်ပါသည်။ ကမ္ဘောဒီးယားသည် ၃၀% ကို ခံစားနိုင်မည်ဖြစ်ကာ တစ်နှစ်လျှင်ဒေါ်လာ (၁.၂) ဘီလိယံရရှိ မည်ဟုဆိုပါသည်။ လာအိုက ပိုမို၍အကျိုးခံစားခွင့်ရရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် စီမံကိန်းအတော်များများသည် လာအိုနယ်မြေထဲတွင် ရှိနေခြင်းကြောင့် ဖြစ်ပါသည်။ လာအိုနှင့် ကမ္ဘောဒီးယား တို့သည် အဆိုပါစီမံကိန်းများကိုပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုမပါပဲ တည်ဆောက်ခြင်းမပြုနိုင်ပေ။ ထို့ကြောင့် ရရှိလာသော အကျိုးအမြတ်များကို သက်ဆိုင်ရာအစိုးရများသာမက စီမံကိန်းဆောက်လုပ်သူ (သို့မဟုတ်) ငွေကြေးထောက်ပံ့သူများလည်း ရရှိမည်ဖြစ်ပါသည်။ သတ်မှတ်ထားသော ကာလ (၂၅) နှစ်ပြီးဆုံး၍ အဆိုပါစီမံကိန်းများကို သက်ဆိုင်ရာအစိုးရများထံ ပြန်လည်လွှဲပြောင်းပြီးသောအခါတွင်မူ အစိုးရများက အကျိုးအမြတ်ကို အပြည့်အဝခံစားရမည် ဖြစ်ပါသည်။ လာအိုနိုင်ငံတွင် ရေအားလျှပ်စစ်မှ ရရှိသော ဝင်ငွေကို ကျေးလက်လမ်းများ၊ ကျန်းမာရေးနှင့် ပညာရေးအပါအဝင် အခြေခံအဆောက်အဦးနှင့် လူမှုရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင် အသုံးပြုရန် အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးစီမံကိန်းနှင့် အမျိုးသားတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး မဟာဗျူဟာတို့ကို အာဏာအပ်နှင်းပြီး ဖြစ်ပါသည်။

အဆိုပါလေ့လာမှုတွင် အထက်ပါ လက်ခံနိုင်ဖွယ် တိုးတက်မှုများအပြင် အခြားခံသာဖွယ်မရှိသည့်အကြောင်းအရာများကိုလည်း ဖော်ပြခဲ့ပါသည်။ အဆိုပါ စီမံကိန်းကြီးများအနက် တစ်ခုကြောင့်ကပင် ကာလတိုနှင့် အလယ်အလတ်ကာလများအတွက် ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားစေမည်ဟု ဆိုပါသည်။ အထူးသဖြင့် မဲခေါင်အနိမ့်ပိုင်းဒေသများတွင်နေထိုင်ကြသော ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူများကို အထူးသဖြင့်များစွာ ထိခိုက်နိုင်ကြောင်း ဖော်ပြထားပါသည်။ ရေအားလျှပ်စစ်စီမံကိန်းကြောင့် တိုက်ရိုက်သက်ရောက်မှုများမှာ ပြန်လည်နေရာချထားမှု၊ မြေနေရာဆုံးရှုံးမှုများကြောင့်ပို၍ ဆင်းရဲသူများကို ပြောင်းပြန်အကျိုးသက်ရောက်မှုများ ရှိစေပါသည်။ ငါးဖမ်းလုပ်ငန်းများ ဆုံးရှုံးသွားသောကြောင့် ထိုဒေသများတွင် ငါးမှရရှိသော ပရိုတင်းများမရရှိခြင်းစသည့် အဟာရဆိုင်ရာ ကျန်းမာရေးကို ထိခိုက်ပါသည်။ အဓိကရေလှောင်တမံများ ဆက်လက်လုပ်ဆောင်ပါက လာအိုနှင့် ကမ္ဘောဒီးယားတွင် အမျိုးသားပရိုတင်းရရှိမှု၏ ၃၀% မှာ ဆုံးရှုံးရမည့် အခြေအနေတွင်ရှိပါသည်။ အဆိုပါ အဟာရဓါတ်လုံခြုံမှုပြဿနာသည် ကျေးလက်နှင့်မြို့ပြဆင်းရဲသူများကို ထိခိုက်ဖွယ်ရှိပါသည်ဟု ဖော်ပြထားပါသည်။