Transparency Myanmar

transparency.myanmar@gmail.com

Week in Economic
Document Week in Economic

Snapshot of the item below:
Week in Economic

*

*

၁.၃.၂၀၁၃

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ တစ်ပတ်အတွင်း စီးပွားရေးသတင်းများကို စာဖတ်သူများ သိစေရန်အလို့ငှာ စုစည်းတင်ပြ အပ်ပါသည်။

 အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုခြေလှမ်းများ

Photo Credit by Yahoo

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာအစိုးရပိုင် မြန်မာစီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်၊ အာရှစိမ်းလန်း ရေးဖွံ့ဖြိုးရေးဘဏ် နှင့် ဧရာဝတီဘဏ်တို့ကို အရေးယူပိတ်ဆို့ထားခြင်းမှ ပယ်ဖျက်ပြီး အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ခွင့်ပြုခဲ့သည်။

ဆက်တိုင်ဆိုသလိုပင် အမေရိကန်စီးပွားရေးထိပ်သီးလုပ်ငန်းရှင် (၅၀) ပါဝင်သော စီးပွားရေး ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့က UMFCCI တွင်ကျင်းပြုလုပ်သော  “ US – Myanmar Economic Relations: The Path Forward” အစီစဉ်သို့ တက်ရောက်ကာ နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အချက်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် အမေရိကန်လုပ်ငန်းရှင်များ အနေဖြင့် အိုင်တီ ကဏ္ဍတွင် အများဆုံးရင်းနှီးမြုပ်နှံ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 MIC ၏ခွင့်ပြုချက်များ

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု  ကော်မရှင်၊ သတ္တုတွင်းဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ချင်းပြည်နယ် ၊တီးတိန်မြို့ နယ်၊ မြွေတောင်ဒေသအတွင်းမှ သတ္တုတူးဖော်မှုကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော North Mining Investment မှ နီကယ်သတ္တု နှင့် သံရိုင်း တန် ၄၂သန်း ထုတ်လုပ်မည်ဖြစ်သည်။ သတ္တုတူးဖော်မှုတွင်  သုတေသနလုပ်ငန်းကို  ၂၀၁၂ ၊ဇွန်လ ၆ ရက်မှစတင်ပြီး ယခုနှစ် ဇူလှိုင်လတွင် စတင်လုပ်ကိုင်ရန် လျာထားပြီး  ၂၀၁၆ ၊ ဖေဖော်ဝါရီလတွင် ပြီးစီးအောင်လုပ် ဆောင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ ပြောဆိုခွင့်ရှိသူ ဦးလင်းမြင့်က ပြောသည်။ အဆိုပါ စီမံကိန်း စတင်လုပ်ဆောင်ပါက ချင်းပြည်နယ်တွင် ပထမဆုံးနိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဖြစ်လာမည် ဖြစ်သည်။

ထို့အပြင် မြေဧရိယာ ၈၁၂ ဧကပေါ်တွင် ခဲမဖြူ၊ အဖြိုက်နက် နှင့် ရောရာအကြီးစားသတ္တုရိုင်းများ တူးဖော် ထုတ်လုပ်ခွင့် အား မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ဖေဖော်ဝါရီလ ၂၀ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၈/၂၀၁၃ ကြိမ် မြောက်မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်အစည်းအဝေးတွင် ခွင့်ပြုမိန့်ပေးခဲ့ပြီး အဆိုပါနေ့၌ပင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘီယာထုတ်လုပ်မည့် လုပ်ငန်းတစ်ခု ကိုလည်းခွင့်ပြု ခဲ့ကြောင်းသိရသည်။

သင့်တင့်မျှတသော ငွေလဲနှုန်းရှိမှ စီးပွားရေးတိုးတက်မည်

နိုင်ငံ၏ စီးပွားရေးအတွက် သင့်တင့်မျှတသော ငွေလဲနှုန်းရှိမှသာ နိုင်ငံ့ထွက်ကုန်နှင့် ထုတ်ကုန်များ အပေါ် နိုင်ငံသုံးငွေ ထိုက်တန်စွာ ရရှိမည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေး ဆက်လက်ကောင်းမွန်နေစေရန် ငွေလဲနှုန်းများ ကို သင့်တော်သလို ထိန်းညှိပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်းက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။

AGD ဘဏ် အများပိုင်ပြောင်းလဲမည်

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အရေးယူပိတ်ဆို့ခြင်းစာရင်းမှ ဖယ်ရှားပေးခြင်းခံရသော ဘဏ်လေးဘဏ်ထဲတွင် ပါဝင်သော AGD ဘဏ် ကိုအများပိုင်ဘဏ်အဖြစ်ပြောင်းလဲရန် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ခွင့်ပြုချက်ရရှိပြီးဖြစ်ရာ အများပိုင်ဘဏ်အဖြစ်ပြောင်းလဲရန် နောက်ထပ် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည့် တန်ဖိုးစိစစ်မှုများ ပြုလုပ်နေသည်ဟု AGD ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တွင် ပြောကြားခဲ့သည်။ ထိုသို့တန်ဖိုးသတ်မှတ်ပြီးပါက စတော့ရှယ်ယာဈေးကွက်တွင် ပါဝင်နိုင်ရန်အတွက်လည်း ဂျပန်နိုင်ငံမှ လာရောက်  စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးမှသာ ရှယ်ယာထုတ်ရောင်းခြင်း ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။

တရုတ်ငွေထုတ်ကတ်များ ပြည်တွင်းတွင် အသုံးပြုနိုင်မည်

Myitmakha Media Group

တရုတ်ငွေထုတ်ကတ် China Union Pay (CPU) ကတ်များသည် မြန်မာနိုင်ငံရှိ Myanmar Payment Union (MPU)အဖွဲ့ဝင်ဘဏ်များ အားလုံး၏ ATM စက်များ နှင့်ချိတ်ဆက်လိုက်သောကြောင့် မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားအနေဖြင့် တရုတ် CUP ကတ်များသုံးကာ မြန်မာနိုင်ငံအတွင်းရှိ ATM စက်များမှ ငွေထုတ်ယူခြင်း နှင့် MUP/POS ရှိသောဈေးဝယ်စင်တာများတွင် စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းက ပြောကြားခဲ့သည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဘဏ်ချေးငွေသတ်တမ်း တိုးမြှင့်မည်

မြန်မာနိုင်ငံအတွင်း လက်ရှိလည်ပတ်နေသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ချေးငွေရယူရာတွင် လက်ရှိ ချေးငွေသက်တမ်းတစ်နှစ်သည် လုပ်ငန်းရှင်များ၏ ရင်းနှီးမြုပ်နှံမှုကာလနှင့် လုပ်ငန်းလည်ပတ်မှု အားထိခိုက်စေသဖြင့် အဆိုပါချေးငွေသက်တမ်းအား သုံးနှစ်အထိ တိုးမြှင့်ပေးခဲ့ကြောင်း အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဘဏ်မှ အကြီးတန်းအကြံပေး ဦးစံသိန်းက ပြောကြားခဲ့သည်။ ယင်းလုပ်ငန်းများအတွက် လက်ရှိဘဏ် ချေးငွေအတိုးနှုန်းကို ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ချပေးခဲ့သည်။

ကျဆင်းလာသော ကုန်သွယ်မှု

မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် အခြေနေမှာ ယခုဏ္ဍာနှစ်၏ ရှစ်လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၁,၈၆၆ သန်းရရှိထားပြီးဖြစ်သော်လည်း ပြီးခဲ့သည့်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၁၉၅ သန်းလျော့ကျမှုရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ လျော့ကျမှုရှိနေသော်လည်း လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် သစ်တောထွက်ပစ္စည်းများ တင်ပို့မှုများသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်လျှင် တိုးတက်မှုများစွာရှိခဲ့ပြီး  သွင်းကုန်ကဏ္ဍတွင်လည်း ရင်းနှီးမြုပ်နှံမှု ကုန်ပစ္စည်းနှင့် လူသူကုန်ပစ္စည်းများ ပိုမိုတင်သွင်းမှုများရှိခဲ့သည်။

သွင်းကုန်၊ ပို့ကုန် အားလုံးကို  လိုင်စင်မလိုဘဲ ခွင့်ပြုမည်

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များအား ဖြေလျှော့မှုများ အဆင့်ဆင့် ပြုလုပ်ပေးလျက်ရှိရာ ပြည်တွင်းသို့ တင်သွင်း မည့် သွင်းကုန်များနှင့် ပြည်ပသို့တင်ပို့မည့် ပို့ကုန်အားလုံး ကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ လိုင်စင်မလိုဘဲ ခွင့်ပြု တော့မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦး၏ ပြောပြချက်အရ သိရသည်။ အဆိုပါ သတင်းကြောင့် ယခင်ကထက် အချိန်နှင့်ငွေများ သက်သာ သွားနိုင်ပြီး ကုန်ပစ္စည်း အများစု ဈေးနှုန်းကျဆင်းနိုင် ကြောင်း ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်း-အတွင်းရေးမှူး ဦးထွန်းအေးက ပြောဆိုသွားခဲ့သည်။

သက်တမ်းကုန်ကျောက်မျက်လုပ်ကွက်များ ဈေးပြိုင်စနစ်ဖြင့် ချပေးမည်

သက်တမ်းကုန်ဆုံးတော့မည့် ကျောက်မျက်ရတနာလုပ်ကွက်များနှင့် ဖော်ထုတ်လုပ်ကွက်များကို မြန်မာ့ကျောက်မျက် ရတနာဥပဒေ နှင့်အညီဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ချပေးတော့မည် ဖြစ်ကြောင်း ကျောက်မျက်ရတနာ လုပ်ကွက် ခွင့်ပြုမိန့်

ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကျောက်မျက် နယ်မြေများမှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများအတွင်း သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက်များ၊ ဖော်ထုတ်ရေးလုပ်ကွက်များနှင့် မိုင်းရှုး ရတနာမြေ၊ နန့်ယာဆိပ်ရတနာမြေများရှိ လစ်လပ်လုပ်ကွက်များကို မြန်မာ့ ကျောက်မျက်ရတနာဥပဒေနှင့်အညီ ဈေးပြိုင်စနစ်ဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ ခွင့်ပြုမိန့် ထုတ်ပေးမည်ဟု သိရသည်။

 

စားအုန်းဆီ တန်ချိန် သုံးသိန်း ရှစ်သောင်းခန့် တင်သွင်းရန် လိုင်စင်ထုတ်ပေးပြီးဖြစ်

         ပြည်တွင်း စားသုံးဆီ လုံလောက်မှုမရှိ၍ ပြည်ပနိုင်ငံများမှ တင်သွင်းခွင့် ပြုလျက်ရှိရာတွင် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက် နေ့မှ ဒီဇင်ဘာလ  ၂ ရက်နေ့အထိ ဆီတန်ချိန် သုံးသိန်း ရှစ်သောင်းခန့် တင်သွင်းရန် ခွင့်ပြုလိုင်စင် ထုတ်ပေးပြီး ဖြစ်ကြောင်း  ဖေဖေါ်ဝါရီလ ၂၂ ရက်က ကုန်သွယ်ရေး ညွှန်ကြားရေးမှု ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည့် ဆီသင်္ဘောများ စနစ်တကျ လက်ခံရယူရေး ညှိနှိုင်းအစည်းအဝေးတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး  ဦးဝင်းမြင့် က ပြောကြားခဲ့သည်။

***************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment