Transparency Myanmar

transparency.myanmar@gmail.com

Week in Politic
Document Week in Politic

Snapshot of the item below:
Week in Politic

 

*

*

၁.၃.၂၀၁၃

တစ်ပတ်အတွင်း နိုင်ငံရေးဖြစ်စဉ်များ

ယခုတစ်ပတ်အတွင်းတွင် နိုင်ငံရေးဖြစ်စဉ်များကို ပြည်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်း တင်ပြအပ်ပါသည်။

လွှတ်တော်ကဏ္ဍ

          ယခုတစ်ပတ်အတွင်း လွှတ်တော်အစည်းအဝေးများမှာ အရေးကြီးသော အကြိတ်အနယ် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့သည်။

၁။          မြန်မာနိုင်ငံတွင် အနာဂတ်စွမ်းအင်လိုအပ်ချက်ကို နျူကလီးယား ဓာတ်ပေါင်းဖိုမှ ထုတ်ယူဖြည့်ဆည်း သင့်ကြောင်းအဆိုကိုမူ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က အမျိုးသားလွှတ်တော်တွင်   ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဒေါက်တာ မြင့်ကြည်က တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၇)ဦး တို့က ဆွေးနွေးခဲ့ကြပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ရာတွင်  ထောက်ခံမဲ ၂၉မဲ၊ ကန့်ကွက်မဲ ၁၁၀ မဲဖြင့် ရှုံးနိမ့်သွားသည်။

၂။           ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ အစိုးရအဖွဲ့အနေဖြင့်နောက်ဆုံးပေါ် မာစီဒီးကားများ၊ ကျည်ကာကားများ ၀ယ်ယူရန်အတွက် ကျပ်ငွေ ၁၈ ဘီလီယံဖိုးသုံးမည့်အပေါ်တွင်လည်း ပြည်သူ့လွှတ်တော်အမတ်များက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အကြိတ်အနယ် ဝေဖန်ဆွေးနွေးကြသည်။

၃။           နေပြည်တော်ကောင်စီနယ်မြေအတွက် လျာထားသတ်မှတ်သော ဘတ်ဂျက်မှာ မလိုအပ်ဘဲ များပြားနေသည်ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်ပင် ဆွေးနွေးကြပြီး နေပြည်တော်ကောင်စီမှ တင်ပြသည့် ၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဘတ်ဂျက် ငွေကျပ် စုစုပေါင်း ၂၆၉ ဘီလီယံထဲက ၁၇၈ ဘီလီယံကျော်ကိုသာ လက်ရှိမှာခွင့်ပြုထားသည်ဟု ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက လွှတ်တော်၌ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၎။ အစိုးရရဲ့ ၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း အသုံးစားရိတ်မှာ နိုင်ငံအတွက် အမှန်တကယ် လိုအပ်နေသည့်နေရာများတွင်သာ စီမံကိန်းများးအား အကောင်အထည်ဖေါ်ရန်၊ မလိုအပ်သော စီမံကိန်း အသုံးစားရိတ်များ လျှော့ချပေးရန်ကိုလည်း ဖေဖေါ်ဝါရီလ ၂၆ ရက် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ထပ်မံဆွေးနွေးခဲ့ကြပါသည်။

ထို့ကြောင့် ယခင်က တစ်ကြိမ်တခါမျှ ပြည်သူသို့ ချပြလေ့မရှိခဲ့သော ဘတ်ဂျက်စာရင်းဇယားများမှာ ယခုအချိန်တွင် ပွင့်လင်းမြင်သာ ဆောင်ရွက်နိုင်ပြီဖြစ်ကာ ပညာရှင်များ၏ ထောက်ပြပြောဆိုဝေဖန်မှု များကိုလည်း မီဒီယာများမှတဆင့် ပြည်သူသို့ တင်ပြနိုင်နေပြီဖြစ်သည်ကို အားရ ကျေနပ်ဖွယ် တွေ့မြင်ရပါသည်။

သို့နှင့်အမျှ ယခုတစ်ပတ်အတွင်း  နိုင်ငံ့ဝန်ထမ်းတွေ ကိုယ့်ဂုဏ်သိက္ခာနဲ့အညီ ရပ်တည်နိုင်ရေး အတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်း လစာစားရိတ်ကို သင့်တင့်မျှတစွာ ဖြည့်ဆည်းပေးရေး ဆောင်ရွက်ရန်ဆွေးနွေးခြင်း အောက်ခြေဝန်ထမ်းများအတွက် တာဝန်ယူမည့်သူ၊ တာဝန်ခံ မည့်သူမရှိလျှင် လွှတ်တော်မှ တာဝန်ယူ ပေးရမည်ဟု ဆွေးနွေးခြင်း၊ ဒေါ်လာဈေး ၈၅၀ ဝန်းကျင်တွင်သာ တန့်နေခြင်းအပေါ် မည်သည့်အတွက်ကြောင့် အစိုးရမှ မျက်ကွယ်ပြုနေသည်ကို မေးခွန်းထုတ်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အတည်ပြုရေး ပြန်လည် သုံးသပ်ဖို့ ဆွေးနွေးရာတွင် လွှတ်တော်အမတ် ဦးသိန်းညွန့် နှင့် အကြိတ်အနယ်ဖြစ်ကြခြင်း စသည့် အကြောင်းအရာများသည်လည်း လွှတ်တော်တွင်း /ပြင်နှစ်ခုလုံးအတွက် သုံးသပ်ချင်စရာ ကိစ္စများလည်း ဖြစ်ပေ သည်။

အခြေခံဥပဒေဆိုင်ရာခုံရုံးပြန်လည်ဖွဲ့စည်း

တရားစီရင်ရေးမဏ္ဍိုင်အတွက် အရေးကြီးသောကြေညာချက်တစ်ခုမှာမူ ကာလအတန်ကြာ လစ်လပ်လျှက် ရှိသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့က အမိန့်အမှတ် ၁၂/၂၀၁၃ ဖြင့် ခန့်အပ်တာဝန်ပေးသည့် ကြေညာချက် ဖြစ်သည်။ ခုံရုံးဥက္ကဋ္ဌနေရာတွင် အငြိမ်းစားညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဦးမြသိန်းကို တာဝန်ပေးပြီး အဖွဲ့ဝင် ၈ ဦး ပါဝင်ပါသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍

လာမည့်မတ်လ ပထမအပတ်တွင် ပြည်တွင်း၌သာ KIO အဖွဲ့နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမည်ဟု သတင်းများအရ သိရသည်။ ထို့ပြင် မတ်လ ၁ ရက်နေ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင် စစ်မှန်သောငြိမ်းချမ်းရေးရရန်အတွက် ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်ရုံ၊ ညစာစားပွဲများ ကျင်းပရုံနှင့် မလုံလောက်ကြောင်းကို သူ့အနေဖြင့်သိရှိပါကြောင်း၊ သို့သော်လည်း ယင်းတွေ့ဆုံမှုများမှ အစပြု၍ ယုံကြည်မှု တည်ဆောက်ကာ ရေရှည်ခိုင်မာသော ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးစားမည်ဖြစ်ကြောင်းပြောကြားသွားသည်မှာလည်း မြန်မာပြည်၏ ငြိမ်းချမ်းရေး ရောင်ခြည်သစ်အတွက် ကျေနပ်စရာကောင်းလှပေသည်။

 သမ္မတကြီး ခရီးစဉ်

Photo Credit by Yahoo

ဖေဖော်ဝါရီလ ၂၅ ရက်နေ့နံနက်ပိုင်းက စတင်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့အဖွဲ့၏ နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်သည် နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ ၂၆ ရက်နေ့တွင်ရောက်ရှိကာ နော်ဝေဝန်ကြီးချုပ် Jens Stoltenberg နှင့် တွေ့ဆုံဆွေးနွေးပြီး အပြန်၌ သမ္မတအား ဆန့်ကျင်သည့် ဆိုင်းဘုတ်များကိုင်ဆောင်ထားသည့် ဆန္ဒပြမှုတစ်ခုအား တွေ့ရသောအခါ တွင် သမ္မတက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းအား ယင်းဆန္ဒပြမှုကို ခေါင်းဆောင်သူများနှင့် ဆွေးနွေးရန်၊ မိမိတို့အကောင်အထည်ဖော်နေသော ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ရှင်းပြပြောဆိုရန် ညွှန်ကြားသဖြင့် ဆန္ဒပြခေါင်းဆောင် ဦးမြင့်အေး၊ ဒေါ်နန်ကြည်အေးတို့နှင့် ဦးစိုးသိန်းတို့ဆွေးနွေးခဲ့သည် များအား ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ထိုသို့ဆွေးနွေးကြရင်း ဆန္ဒပြမှုခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်နန်းကြည်အေးမှာ ထိုင်းနိုင်ငံဒုက္ခသည် စခန်းတွင် မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံသို့ တစ်ခါမျှ မရောက်ဖူးသေးကြောင်း သိရသည်တွင် ဝန်ကြီးဦးစိုးသိမ်းက ယခင် ပဋိပက္ခဖြစ်ပွားသောနေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုများကို လာ ရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့သည်ကိုလည်း သိရှိရသည်။

ထို့ကြောင့် ယင်းဖြစ်စဉ်တစ်ခုလုံးသည် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အလေ့အထကို လှစ်ဟပြလိုက် သည့် သာဓကတစ်ခု လည်းဖြစ်သည်။

လယ်ယာမြေပိုင်ဆိုင်မှုနောက်ဆက်တွဲ ပြဿနာ

Photo Credit by Ayeyawady

ယခု ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံတွင် ပြောင်းလဲသည့် မြန်နှုန်းမှာ မြန်ဆန် နေသလောက် ထိပ်တိုက်တွေ့မှု ပဋိပက္ခ ဖြစ်စဉ်များမှာလည်း စိတ်မကောင်းစရာ ဖြစ်ပေါ်လျှက်ရှိသည်ကို တွေ့ရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာ၌ လယ်ယာမြေ အငြင်းပွားမှုကိစ္စနှင့်ပတ်သက်၍ ဒေသခံရွာသားများ၊ လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြားတွင် ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရဲတပ်သားတစ်ဦး သေဆုံးပြီး ရွာသား ၁၆ ဦးနှင့် ရဲသား ၂၆ ဦးတို့ ဒဏ်ရာရရှိခဲ့ကြသည်။

ထိုသို့သော လယ်ယာမြေအရေးအခင်းများမှာ မြန်မာနိုင်ငံ၏ နေရာတော်တော်များများတွင် ဖြစ်ပွားလျှက်ရှိပြီး ယခင်အစိုးရလက်ထက်က ရွာသားများထံမှ လယ်မြေများ သိမ်းဆည်းကာ ကုမ္ပဏီများနှင့် အစိုးရတို့ ပူးပေါင်းပြီး စီမံကိန်းများ ဖော်ဆောင်သည်မှ အကြောင်းရင်းခံခြင်းဖြစ်ရာ ယခုအစိုးရသစ် လက်ထက်တွင် မီးပွားများ ထတောက်ခြင်းဖြစ်ပါသည်။

ဤအခြေအနေတွင် လယ်သိမ်းခံပြည်သူများဘက်မှလည်း တရားဥပဒေဘောင်အတွင်းမှ စိတ်ရှည် သည်းခံစွာဖြင့် တရားနည်းလမ်းကျကျ ဖြေရှင်းဖို့ကြိုးစားရန်လိုအပ်သကဲ့သို့ ဒေသခံလွှတ်တော်ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးဆောင်ရွက်သူ ရဲဝန်ထမ်းများ အနေဖြင့်လည်း ငြိမ်းချမ်းသောနည်းဖြင့် ပြေလည်အောင်ညှိနှိုင်းရန်လည်း အရေးကြီးပါသည်။

NLD ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ

မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် မဟာဗျူဟာကျသော နေရာတွင်ရှိသော ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို မတ်လ ၈၊၉၊၁၀ ရက်နေ့များတွင် ကျင်းပမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် “အခမ်းအနား ကျင်းပရေးကော်မတီကို တော်ဝင်နှင်းဆီ ဦးစိုးညွန့်အား ဥက္ကဋ္ဌအဖြစ်ဆာင်ရွက်စေကာ အဖွဲ့ဝင် ၁၀ ဦးဖြင့်  ဖွဲ့စည်းခဲ့ပြီး ညီလာခံကြီးတွင် NLD ကိုယ်စားလှယ် ၁၂၀၀ မှ ၁၅၀၀ အထိ တက်ရောက်လိမ့်မည်ဟု ပါတီတာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

အထက်ပါအဖြစ်အပျက်တို့မှာ ယခုတစ်ပတ်အတွင်း နိုင်ငံရေးဖြစ်စဉ်များ၏ အကောင်းအဆိုး ဒွန်တွဲနေသော ဖြစ်ရပ်များအား ကောက်နုတ် တင်ပြခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ရှေ့ဆက်ရမည့်ခရီးအတွက် ပြုသင့် ပြင်သင့် ဆက်လုပ်သင့်သည်များကို ထင်သာမြင်သာ ရှိစေမည် ဖြစ်ကြောင်း …….။

*****************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment