Transparency Myanmar

transparency.myanmar@gmail.com

Week in International afair
Document Week in International afair

Snapshot of the item below:
Week in International afair

 

*

*

၁.၃.၂၀၁၃

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာအခြေအနေများကို စဖတ်သူများ သိစေရန်အလို့ငှာ စုစည်းတင်ပြ အပ်ပါသည်။

              ယခုအပတ်အတွင်းတွင် ဖြစ်ပွားလျက်ရှိသော  ဆိုက်ဘာအန္တရာယ်များနှင့် ပတ်သက်၍ နိုင်ငံအနှံ အပြားတွင် ကာကွယ်မှုများ၊ စွပ်စွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဖြစ်ဖွယ်ရှိသည့် Cyber War

Photo Credit by Online

အမေရိကန်ဆိုက်ဘာလုံခြုံရေးကုမ္ပဏီဖြစ်သော Mandiant က လွန်ခဲ့သော ၇ နှစ်ကျော်ကာလ အတွင်းက အမေရိကန်နှင့် အခြားနိုင်ငံ ၁၅ နိုင်ငံရှိ ကုမ္ပဏီ ၁၄၀ ကျော်၏ ကွန်ပျူတာစနစ်ကို အင်တာနက်အသုံးပြု၍ တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် APT 1 အဖွဲ့သည် တရုတ်စစ်ထောက်လှမ်းရေးယူနစ် တစ်ခုဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA သည် ယမန်နှစ်က Blue Team ဟုခေါ်သော ဆိုက်ဘာ လုံခြုံရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။  တရုတ်စစ်တပ်၏ ထုတ်ပြန်ချက်များ၊ တက္ကသိုလ်အင်တာနက်ဝက်ဘ်ဆိုက်များ၊ အစိုးရမီဒီယာများနှင့် အခြားသော သတင်းရင်းမြစ်များမှ ရရှိသော သတင်းအချက်အလက်များအရ တရုတ်စစ်တပ် PLA သည် ဆိုက်ဘာစစ်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး၊ ယင်း အဖွဲ့သည် တရုတ်စစ်ဦးစီးချုပ်၏ ကြီးကြပ်မှုအောက်တွင်ရှိပြီး ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်သော အဖွဲ့ဖြစ် သည်။ သို့သော် တရုတ်စစ်တပ်က အင်တာနက်မှတဆင့် အမေရိကန်ကုမ္ပဏီများ၏ ကွန်ပျူတာစနစ်ကို တိုက်ခိုက်သည်ဟု စွပ်စွဲခြင်းမှာ ပရော်ဖက်ရှင်နယ် ပီသမှုမရှိသကဲ့သို့ ခိုင်မာတိကျမှု လည်း မရှိကြောင်း တရုတ် ကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။

ယင်း ဆိုက်ဘာခြိမ်းခြောက်မှုများကြောင့် ဗြိတိန်နှင့် အိန္ဒိယပူးပေါင်းပြီးဆိုက်ဘာရာဇဝတ်မှု နှိမ်နှင်းရေး အဖွဲ့တစ်ခုဖွဲ့စည်းရန် စေ့စပ် ဆွေးနွေးနေပြီဖြစ်သည်။ ဗြိတိန်နိုင်ငံသားသန်းပေါင်းများစွာတို့၏ ပုဂ္ဂလိကဆိုင်ရာ ဘဏ်လုပ်ငန်း အချက်အလက်များနှင့် မိုဘိုင်းအချက်အလက် အများစုမှာ အိန္ဒိယနိုင်ငံရှိ ဆာဗာ များတွင် သိမ်းဆည်းထားခြင်းကြောင့် အထက်ပါသဘောတူညီချက်ဖြင့် ဆိုက်ဘာရာဇဝတ်မှု ပူးပေါင်းနှိမ်နှင်းရေး အတွက် အထူးအဖွဲ့တစ်ခု ပူးပေါင်းဖွဲ့စည်းရေးသည် နှစ်နိုင်ငံခေါင်းဆောင်တို့အလေးထား ဆွေးနွေးရမည့် ကိစ္စ တို့အနက် တစ်ခုဖြစ်သည်။

တောင်ကိုရီးယား သမ္မတသစ်မိန့်ခွန်းနှင့် မြောက်ကိုရီးယား၏ တုန့်ပြန်မှု

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးအမျိုးသမီး သမ္မတဖြစ်သူ ပတ်ဂွမ်ဟေး ကျမ်းသစ္စာကျိန်ဆိုခဲ့ပါသည်။ ယင်း ကျမ်းသစ္စာကျိန်ဆိုပွဲတွင် သူမက မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားရည်မှန်းချက်များကို ချက်ချင်းစွန့်လွှတ်သွားဖို့နှင့် မြောက်ကိုရီးယား၏ ရန်စမှုများကိုလည်း လုံးဝ သည်းခံတော့မည်မဟုတ်ဟု ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသမ္မတ ပတ်ဂွမ်ဟေး ကျမ်းကျိန်ပြီး နောက်တစ်နေ့၌ တစ်ကယ့် စစ်ပွဲတစ်ပွဲနှင့် အလားသဏ္ဍာန်တူပြုလုပ်သည့် အမြောက်ကျည်ဆန်အစစ်များအသုံးပြုသော စစ်ရေးလေ့ကျင့် မှုတစ်ခုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးက ကြည့်ရှု့ကွပ်ကဲခဲ့သည်။ နိုင်ငံတကာရှိ ပို၍တင်းကျပ် လာသည့်ဒဏ်ခတ်ပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် ထိုသို့စစ်ရေးလေ့ကျင့်ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား ကပြောကြားခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံရေးအပြောင်းအလဲများ

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် ထိုင်းတောင်ပိုင်းဒေသရှိ စစ်အခြေစိုက်စခန်းကို စီးနင်းတိုက်ခိုက် ရန်ကြိုးပမ်းခဲ့သော မွတ်ဆလင်လက်နက်ကိုင်သောင်းကျန်းသူများကို ထိုင်းအစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်း လိုက်သည်။ မွတ်ဆလင်သောင်းကျန်းသူများသည် ထိုင်းတောင်ပိုင်းရှိ ပြည်နယ်သုံးခုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် ၂၀၀၄ ခုနှစ်မှစတင်၍ လက်နက်ကိုင်တော်လှန်ပုံကန်ခဲ့ခြင်း ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတွင်လည်းလာမည့် ဇူလိုင်လ၌ပါလီမာန်ရွေးကောက်ပွဲ ကျင်းပရန်ရှိသည်။ ယင်းရွေးကောက် ပွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ အငယ်ဆုံးသားဖြစ်သူ ဟွန်မာနီနှင့် သမက်ဖြစ်သူ ဒိုင်ဗီချေး တို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းကဲ့သို့ သားဖြစ်သူနှင့် သမက်ဖြစ်သူများ နိုင်ငံရေးတွင် ပါဝင်လာ ခြင်းဖြင့် ဟွန်ဆန်သည် မျိုးရိုးနှင့် နိုင်ငံရေးလက်ဆင့် ကမ်းလုပ်ဆောင်ဖွယ်ရှိသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်က ရေဖုံးလွှမ်းခြင်းခံခဲ့ရသော  ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင်လည်း အာဏာရပါတီဥက္ကဋ္ဌ အန်နတ်စ်အာဘနင်ဂရမ် သည်နိုင်ငံ၏ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးအဖွဲ့က ဒေါ်လာသန်းချီသည့် လာဘ်စားမှုတစ်ခုတွင် ၎င်း၏အမည်ကို သံသယရှိသူ တစ်ဦးအဖြစ် ထည့်သွင်းခဲ့ပြီးနောက် ပါတီအကြီးအကဲ ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ ၎င်းသည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (KPK) စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည့် ၂၀၁၃ ခုနှစ်မှ ယနေ့အထိလာဘ်ယူမှုဖြင့် ပထမဆုံးနှုတ်ထွက်သွားရသော ဝန်ကြီးလည်း ဖြစ်သည်။

                            

အရှေ့အလယ်ပိုင်း

Credit By Online

ဆီးရီးယားသမ္မတ ဘာရှားအဆတ်သည် ဆီးရီးယား ပဋိပက္ခတွင် ၎င်း၏တပ်ဖွဲ့များ အောင်ပွဲခံနိုင် လိမ့်မည်၊ တိုင်းပြည်၏အနာဂတ်မှာ ၎င်းတို့၏ လက်ထဲတွင်ရှိသည်ဟု အခိုင်အမာယုံကြည် ထားကြောင်း၊ တိုင်းပြည်ပျက်ဆီးရန်ကြံစည်တိုက်ခိုက်နေသူများကို အနိုင်ယူနိုင်သည့် စွမ်းအင် ရှိကြောင်း ပြောကြားခဲ့သည်။  ထို့ပြင် အာဆတ်၏ တပ်ဖွဲ့များသည် မြို့နယ်များနှင့် မြို့ရွာများတွင် ပြင်းထန်သောတိုက်ပွဲများဆင်နွှဲကာ မြောက်ပိုင်းဆီးရီးယားရှိ အရေးပါသော လေဆိပ်များကိုထိန်းချုပ်ရန်ကြိုးစားလျက်ရှိသည်။ ဆီးရီးယားနိုင်ငံတွင်း အုပ်စုကွဲ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် နိုင်ငံသားများ၏ အခြေအနေသည် တဖြည်းဖြည်း ပိုမိုဆိုးဝါး လာနေသည်။ ယင်းကဲ့သို့ ဆီးရီးယားနိုင်ငံတွင်းရှိအစိုးရ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်း အား ကုလ၏ စုံစမ်းစစ်ဆေးရေးအရာရှိများက နိုင်ငံတကာရာဇဝတ်ခုံရုံး အားတင်ပြသင့် သည်ဟုဆိုလာသည်။ ဆီးရီးယားသမ္မတ ဘာရှားအာဆတ်၏ အစိုးရအဖွဲ့နှင့် အတိုက်အခံများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အနောက်ဖက်ကမ်းခြေ၌ ကန့်ကွက်ပြမှုများ ၊ မငြိမ်မသက်ဖြစ်မှုများကို နှိမ်နှင်းရန် ပါလက်စတိုင်း ခေါင်းဆောင်များကို အစ္စရေးတို့တောင်းဆိုခဲ့သည်။ အစ္စရေးနှိပ်စက်မှုကြောင့် အကျဉ်းသားတစ်ဦးသေဆုံးခဲ့ရခြင်းကို ကန့်ကွက်ရန် ပါလက်စတိုင်း အကျဉ်းသား ၄၀၀၀ ကျော်သည် အစ္စရေး လုံခြုံရေးတပ်များနှင့် လမ်းမများပေါ်တွင် ထိပ်တိုက်တွေ့ဆုံ၍ ပဋိပက္ခဖြစ်နေသည့်ကြားမှပင် တစ်နေ့တာ အစာငတ်ခံဆန္ဒပြခဲ့ကြသည်။

တူနီးရှားဝန်ကြီးချုပ်ဖြစ်သူ ဟာမာဒီဂျီဘာလီသည် အစိုးရသစ်တစ်ရပ်ပြန်လည်ဖွဲ့စည်းရန် သဘော တူညီမှုမရရှိခဲ့ခြင်းကြောင့် ရာထူးမှနှုတ်ထွက် ခဲ့ကြောင်းသိရသည်။ ပညာရှင်များသာ ပါဝင်သည့်ဝန်ကြီး အဖွဲ့တစ်ခုဖွဲ့စည်းရန်  အဆိုတင်သွင်းခဲ့ခြင်းကို ၎င်း၏   အန္နဒါပါတီက ငြင်းပယ်ခဲ့သည်။

စီးပွားရေးအကျပ်အတည်းမှ မလွတ်မြောက်သေးသော ဥရောပ

ဂရိနိုင်ငံအတွင်းတွင် ဝန်ကြီးချုပ် Antonis Samaras ဦးဆောင်သော ကွန်ဆာဗေးတစ်ညွန့်ပေါင်း အစိုးရမှ ဆောင်ရွက်နေသည့် ခြိုးခြံချွေတာရေးစီမံချက်များကို အလုပ်သမားသမဂ္ဂကြီးများဦးဆောင်၍ ပြည်သူ ထောင်ပေါင်းများစွာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြမှုများ ပြုမှုများပြုလုပ်ခဲ့ကြသည်။ ယင်းဆန္ဒပြပွဲမှာ ဂရိနိုင်ငံ၏ လုပ်သားအင်အား ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် ပုဂ္ဂလိက နှင့် အများပိုင် အလုပ်သမားသမဂ္ဂကြီးနှစ်ခုက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။  

ဖေဖော်ဝါရီ ၂၄ နှင့် ၂၅ ရက်နေ့များတွင် အီတလီနိုင်ငံ၌ ရွေးကောက်ပွဲများကျင်းပခဲ့ကြသည်။ အီတလီ နိုင်ငံသည် ဆယ်စုနှစ်နှစ်ခု အတွင်း အရှည်ကြာဆုံး စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရပြီး ရွေးကောက်ပွဲ အပြီး အစိုးရသစ်ဖွဲ့စည်းရေး အခက်တွေ့ပါက စီးပွားရေးမငြိမ်မသက် ဖြစ်သွားနိုင်ပြီး ဆက်စပ်နေသော ဥရောပနိုင်ငံ များ၏ စီးပွားရေးကိုပါထိခိုက်လာနိုင်သည်။  

မြောက်အမေရိကား

Credit By Online

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကအမေရိကန်အထက်လွှတ်တော်က ချပ်ဟေဂန် အားကာကွယ်ရေးဝန်ကြီး အဖြစ်ခန့်အပ်ရန်အဆိုကို ထောက်ခံ လိုက်သည်။ ဟေဂယ်သည်အတည်ပြုချက်ရရန် ၁၀ ရက်တာမျှ ခက်ခဲစွာဆွေးနွေးပြီး ပါတီနှစ်ရပ်စလုံး၏ ထောက်ခံမှုရရှိခြင်းကို အိုဘားမားက ကြိုဆိုခဲ့သည်။

အမေရိကန်၏ မဟာဗျူဟာမြောက် အိမ်နီးချင်းဖြစ်သော ကျူးဘားနိုင်ငံတွင်  ကျင်းပခဲ့သော ကျူးဘားအမျိုးသားညီလာခံတွင် ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ပြန်လည်ရွေးကောက်ပွဲတွင်  ကျူးဘားသမ္မတ ရာဟူးကက်စထရိုသည် ဒုတိယသက်တမ်းကုန်ဆုးံချိန် ၂၀၁၈ တွင်ရာထူးမှအနားယူ မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

***************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment