WEEK IN ECONOMIC |
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးသတင်းဖြစ်စဉ်
သတင်းအဖွဲ့
တစ်ပတ်အတွင်း စီးပွားရေးသတင်းများကို ပြည်သူများ သိစေရန်အလို့ငှာ Yangon Chronicle မှ ဖော်ပြလိုက်ပါ သည်။
စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများ
မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုရှင်များအသင်းနှင့် ဂျပန်နိုင်ငံ Small and Medium Enterprise Agency တို့ပူးပေါင်း၍ ပြည်တွင်းအသေးစား၊ အလတ်စား၊ ကုမ္ပဏီများနှင့် ဂျပန်အသေးစား၊ အလတ်စား လုပ်ငန်းရှင် များတို့သည် မတ်လ ၂၃ ရက်နေ့တွင် UMFCCI Office Tower ပထမထပ်တွင် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ် ဖြစ်သည်။ ဆွေးနွေးပွဲသို့ဂျပန်မှ ဆောက်လုပ်ရေးလုပ်ငန်းများ ၊စက်ရုံသုံးစက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ သတင်းအချက်အလက် နှင့်နည်းပညာလုပ်ငန်းများမှ ကိုယ်စား လှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဖွံဖြိုးဆဲနိုင်ငံများ စီးပွားရေးတိုးတက်မှုအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်သော အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် ( Public – Private Partnership – PPP ) ဖြစ်ထွန်းရေး အတွက် UMFCCI နှင့် စီးပွားကူးသန်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ PPP လုပ်ငန်းစဉ်ကို အကောင် အထည်ဖော်ရာတွင် စီးပွားကူးသန်းဝန်ကြီးဌာနအနေဖြင့် UMFCCI လက်အောက်ရှိ အသင်းအဖွဲ့များ၊ NGO များ၊ တစ်သီး ပုဂ္ဂလပညာရှင်များကို ဖိတ်ခေါ်ကာ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ စတင်ပြီး လုပ်ငန်း ဆောင်ရွက်မည် ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များက တင်ပြလာ သည့် အခက်အခဲများနှင့် ဌာနဆိုင်ရာ တွေ့ရှိချက်များကို ပေါင်းစပ်ပြီး PPP လုပ်ငန်းစဉ် အောင်မြင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအစီစဉ်များ
photo credit-internet
နယူးယောက်တွင်အခြေစိုက်ထားသော ACO ရင်းနှီးမြုပ်နှံမှုအုပ်စုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀၊ ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန် ဒေါ်လာသန်း ၅၀၀ ဖိုး ရင်းနှီးမြုပ်နှံရန်စီစဉ်နေကြောင်း သိရသည်။ ရန်ကုန်လေဆိပ်အတွက် ရင်းနှီးမြုပ်နှံရာတွင် အကျိုးတူ ဖက်စပ် သို့မဟုတ် ငွေကြေးချေးငှားခြင်းနည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေး ကဏ္ဍတွင်မှု ဆက်သွယ် ရေးလိုင်စင် နှစ်ခု အတွက် ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ACO ရင်းနှီးမြုပ်နှံမှုအုပ်စုသည် မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် မဂ္ဂါဝပ် ၁၀၀၀ ထွက်ရှိမည့် ဆိုလာ စွမ်းအင်စီမံကိန်း တည်ဆောက်ရန် ဖေဖော်ဝါရီလတွင် သဘောတူညီမှုရရှိပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံမှ ၂ ဘီလျံ ထိရင်းနှီးမြုပ်နှံမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေးအတွက် ရန်ကုန်မြို့တွင် သြစတြေးလျနိုင်ငံ၏ ကုန်သွယ် ရေးဆိုင်ရာ မဟာမင်းကြီးတစ်ဦးကို ခန့်အပ်ထားရှိမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် သြစတြေးလျကုန်သွယ်မှုဌာနကို ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပြီး အဆိုပါဌာနမှ သြစတြေးလျနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များကို ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများအပြင် သတ္တုရှာဖွေ တူးဖော်ရေး လုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများတွင်လည်း သတင်းအချက် အလက်များ ပံပိုးပေးမည် ဖြစ်ကြောင်း သိရသည်။
Chuo Senko Thailand ကြော်ငြာကုမ္ပဏီ၏ ဥက္ကဌနှင့် CEO ဖြစ်သူ ရှုဂျီအိုကာဝါသည် လက်ရှိတွင် Chuo Senko (Myanmar) နှင့် AD-Asia ဟူသော လက်ခွဲကုမ္ပဏီနှစ်ခုရှိနေပြီး မိတ်သစ်ရှာဖွေရန် မြန်မာနိုင်ငံသို့ ခြေလှမ်းနေပြီဟု လွန်ခဲ့သော ရက်သတ္တပတ်တစ်ရက်က ပြောကြားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ကြော်ငြာကုမ္ပဏီ ဖြစ်သော Aegis Media Thailand သည် ယခုလတွင် မြန်မာနိုင်ငံမှ မီဒီယာဌာန တစ်ခုနှင့် ဖက်စပ်လုပ်ငန်း တည်ထောင်ရန် မျှော်လင့်နေကြောင်းသိရသည်။
မြန်မာနိုင်ငံမြို့တော် နေပြည်တော်တွင်လည်း Mgallery ဟိုတယ်၊ မန္တလေးတွင် Novotel Mandalay Mingalar ဟိုတယ်နှင့် ရန်ကုန်မြို့တွင် Novotel Yangon Max ဟိုတယ်များ တည်ဆောက်မှုလုပ်ငန်းများ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက် လာပြီ ဖြစ်ကြောင်း အာရှ - ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာ ထိပ်တန်းဟိုတယ်အုပ်စု Accor မှ ပြောကြားခဲ့သည်။
ကနေဒါ အခြေစိုက် ဆင်ကျူရီယန်သတ္တုတွင်းလုပ်ငန်းလီမိတက် (Centurion Minerals Ltd )သည် မြန်မာဒေသခံ Crown Mineral Co., Ltd နှင့် ပူးတွဲ၍ သတ္တုတူးဖော်ရေးလုပ်ကွက်နှစ်ခုနှင့် သက်ဆိုင်ရာမြေယာများကို မြန်မာနိုင်ငံ သတ္တုတွင်းလုပ်ငန်း ၀န်ကြီးဌာနမှ ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်သည်။ အစုစပ်လုပ်ငန်းမှာ Centurion က ၈၀ ရာခိုင်နှုန်း နှင့် Crown က ၂၀ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။
ဘဏ္ဍာရေးကဏ္ဍအပြောင်းအလဲများ
အစိုးရက နိုဝင်ဘာလမှစတင်ကာ နိုင်ငံခြားမှ ခရက်ဒစ်ကဒ် လုပ်ငန်းများအား လုပ်ကိုင်ခွင့်ပြုခဲ့သည့် အချိန်မှ စတင်၍ လည်ပတ်သူ နိုင်ငံခြားသားများအတွက် ကဒ်ဖြင့် ATM စက်များမှ ငွေအသွင်းအထုတ် ပြုလုပ်နိုင်ပြီဖြစ်သကဲ့သို့ နောက်တစ်ဆင့်အနေဖြင့် ခရက်ဒစ်ကဒ် ထုတ်ပေးရန် မဝေးတော့ပြီဖြစ်ရာ အကြွေးဝယ်ခွင့် (credit card) နှင့် ကြိုတင် ငွေသွင်းကဒ် (debit card) ဈေးကွက်များတွင် ပြိုင်ဆိုင်မှုများ မြင့်မားလာတော့မည် ဖြစ်သည်။
photo credit-online
အမေရိကန်ရှိ ဒုတိယအကြီးဆုံး အကြွေးဝယ်ကဒ် ကုမ္ပဏီဖြစ်သော MasterCard က ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ATM စက်များနှင့် ငွေထုတ်ယူနိုင်ပြီးဖြစ်ပြီး နိုင်ငံခြားသားများအား ဒေါ်လာ ၁.၇ သန်းကျော်ကို MasterCard ဖြင့် သုံးစွဲအောင် ဆွဲဆောင်နိုင်ခဲ့သည်။ ယင်းကုမ္ပဏီမှ ယခုနှစ် ၂၀၁၃ အကုန်တွင် မြို့ကြီးလေးမြို့၌ ဟိုတယ်နှင့် ဈေးဆိုင်များ အပါအဝင် စားသောက်ဆိုင်ပေါင်း ၅၀၀ကျော်တွင် MasterCard နှင့် အသုံးပြုနိုင်ပါလိမ့်မည်ဟု ကတိပေးပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှစတင်ပြီး နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေသုံးစွဲလျက်ရှိသည့် ပြည်သူတို့လက်ဝယ်ရှိ နိုင်ငံခြားငွေလဲလှယ်မှုလက်မှတ် အက်ဖ်အီးစီနှင့် တန်းဖိုးညီမျှသော အမေရိကန်ဒေါ်လာ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် ပြန်လည်လဲလှယ်ပေးပြီး ပြန်လည်ရွေးနုတ်ယူသင့်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ သဝဏ်လွှာကို မတ်လ ၂၀ ရက် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၂ ရက် မြောက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်သို့ ဖတ်ကြား ရှင်းလင်းအပြီး၌ ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူကြသဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။
ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဘဏ်များမှ ချေးငွေများထုတ်ချေးရာတွင် ပိုမိုလွယ်ကူ စေရန်အတွက် နိုင်ငံတကာ နည်းပညာသုံး Credit Bureau စနစ်ထူထောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသိရသည်။ အဆိုပါစနစ်ထူထောင်ရန်အတွက် မြန်မာနိုင်ငံဘဏ်များအသင်းမှ ၆၀%၊ စင်ကာပူနိုင်ငံ NSP ကုမ္ပဏီမှ ၄၀% ဖြင့်ပူးပေါင်းကာ အစုရှယ်ယာ ထည့်ဝင်ပြီးပူးဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
တိုးချဲ့လာသော လယ်ယာကဏ္ဍ
လာမည့်၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကန်ထရိုက်စနစ်ဖြင့် လယ်ဧကတစ်သန်းအား မြန်မာနိုင်ငံတွင် စတင် စိုက်ပျိုးမည်ဖြစ်ကြောင်း ပြည်ပဈေးကွက်နင့် တွက်ချေကိုက်ပြီး ပြည်တွင်းတွင် ကြိုက်နှစ်သက်မည့် စပါးမျိုးကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာဆန်စပါးအသင်းချုပ်မှ ဦးရဲမင်းအောင်က ပြောသည်။ ပြည်ပဈေးကွက်တွင် ဝေစုရနိုင်မည့် ပေါ်ဆန်းဆန်ကို တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း၊ Contract Farming စနစ်ဖြင့် စိုက်ပျိုးမှုအား ဆန်စပါးအထူးပြုကုမ္ပဏီ ၅၉ ခု နှင့် မြန်မာလယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီလိမီ တက်တို့မှ ပူးပေါင်းသွားမည်ဖြစ်ကြောင်း မြန်မာဆန်စပါးအသင်းချုပ်မှ သိရသည်။