Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“ကျွန်မတို့နိုင်ငံဟာ အခုသိပ်ပြီးတော့အရေးကြီးတဲ့ အခြေအနေကိုရောက်နေပါပြီ။ ကျွန်မခဏခဏ ပြောပါတယ်။ ကျွန်မတို့ နိုင်ငံဟာ အခုတစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အခွင့်အရေးတွေ အခွင့်အလမ်းတွေများတဲ့ အချိန်အခါဖြစ်သလို အန္တရာယ် တွေလည်းများနေတဲ့ အချိန်အခါမှာရောက်နေတယ်လို့ ကျွန်မပြောပါတယ်။ ဒီလို အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ သိပ်များနေတဲ့ အချိန်မှာဆိုရင် မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ ရွေးချယ်မှု မှားသွားရင် ဒီအခွင့်အရေးတွေဟာ နောင်ဘယ်တော့မှ ပြန်ရမလဲဆိုတာ ကျွန်မတို့မှန်းဆလို့မရပါဘူး။ ဒါ့ကြောင့်မို့ ဒီအချိန်ဟာ အခွင့်အရေးတွေ အခွင့်အလမ်းတွေ များလို့ကို အင်မတန်မှ သိမ်သိမ်မွေ့မွေ့နဲ့ သတိဝီရိယနဲ့ ကျွန်မတို့ကိုင်တွယ်ရမယ့် အချိန် ဖြစ်ပါတယ်။”

မတ်လ ၂၅ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၂) တွင်ပါရှိသော “လက်ရှိ အနေအထားက အလွန်သိမ်သိမ်မွေ့မွေ့၊ သတိဝီရိယနှင့် ကိုင်တွယ်ရမည့်အချိန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“တိုင်းရင်းသားတွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လိုလားကြတယ်။ အဲ့ဒီအပေါ်မှာရော။ သူတို့တောင်းဆိုတဲ့ အခွင့်အရေးတွေ အများစုဟာ အခုလောလောဆယ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမာ ခွင့်ပြုပြီးသားတွေအထဲမှာပါတယ်။ အဲဒီ ပါတဲ့အရာတွေ အရင်ယူလိုက်ရင် မကောင်းဘူးလား။ နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်မပြုတဲ့ကိစ္စကျမှ ပြင်ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘဲနဲ့ အခုတောင်းတဲ့ တော်တော်များများက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခွင့်ပြုပြီးဖြစ်တယ်။ စောစောတောင်းလို့ရတဲ့ အခွင့်အရေးကို စောစောတောင်းရမယ်။ အစိုးရကလည်း ဖွဲ့စည်းပုံအခြေခံမှာပါတဲ့ အခွင့်အရေးတွေ ကို ပေးချင်နေတယ်။ သူတို့တောင်းတဲ့အရာမပါရင်ပြင်ပေါ့။ အဘတို့ကလည်း မကန့်ကွက်ပါဘူး။ လွှတ်တော်ကလည်း ခုလုပ် နေပြီ။ အရင်တုန်းက အားလုံးက သဘောထားတင်းမာတဲ့ အယူအဆတွေကြောင့် မဖြစ်တာပါ။ ခုက ပျော့ပျော့ပြောင်းပြောင်း နဲ့စားပွဲဝိုင်းမှာ ထိုင်လို့ရနေပြီဆိုကတည်းက ပြဿနာအားလုံးက ပြီးသွားမှာပါ”

မတ်လ ၂၅ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၂) တွင်ပါရှိသော “အခု တိုင်းရင်းသားတွေနဲ့ တကယ်ထဲထဲဝင်ဝင် ဆက်ဆံနေတာ ကျွန်တော်ပဲဖြစ်ပါတယ်၊ သူတို့ရဲ့ အခက်အခဲတွေကို သိတာလည်း ကျွန်တော်ပဲ ဖြစ်ပါတယ်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြော” သတင်းမှ ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ကျွန်တော်တို့တင်တာကတော့ နိုင်ငံခြားသားကိုထားပြီး နိုင်ငံသားကို ၅၁ ရာခိုင်နှုန်းအထိ ထားမယ်ပေါ့ဗျာ။ ကျွန်တော်တို့ ကတော့ ကိုယ့်စီမှာရှိတဲ့နိုင်ငံသားလုပ်ငန်းငယ်လေးတွေကို ထိခိုက်မှာစိုးတယ်ပေါ့ဗျာ။ ဒါပေမယ့် ဒီနေ့ဖြစ်သွားတဲ့ အချိန် ဇယားအရ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ဘက်ကလူတွေ ကန့်ကွက်တဲ့ကိစ္စတွေကို အရင်တင်တယ်ဗျာ။ အမျိုးသား လွှတ်တော်ဘက်က လူတွေက ကျွန်တော်တို့ထက် နည်းနည်းလေးနောက်ကျ သွားတယ်။ ဒါကလည်း အချိန်စာရင်းအရ ဖြစ်သွား တာပေါ့ဗျာ။ ဒီမှာတင် ဘာဖြစ်လဲဆိုတော့နောက်မှာတင်တဲ့ အချက်တွေကို လူတွေရဲ့ စိတ်ထဲမှာ နားစွဲသွားတဲ့သဘောပေါ့ဗျာ။ ကျွန်တော်တို့ရှုံးသွားတယ်ပေါ့”

မတ်လ ၂၅ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၂) တွင်ပါရှိသော “နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားသားပိုင်ဆိုင်ခွင့် ၈၀ ရာခိုင်နှုန်းအထိခွင့်ပြု” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်မှာပါ။ လောလောဆယ်တော့ပြောလို့ မရသေးပါဘူး။ ပြည်ပမှာ ဖြစ်နိုင်သလို၊ ပြည်တွင်းမှာလည်း ဖြစ်နိုင်ပါတယ်။”

မတ်လ၂၅ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၁၂) တွင်ပါရှိသော “မြစ်ကြီးနားတွင် ဆွေးနွေးရန် မဆုံးဖြတ်ရသေးဟု ကေအိုင်အိုဆို” သတင်းမှ ကေအိုင်အိုမှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်၏ ပြောကြားချက်အားကောက်နှုတ်ချက်


“ငွေကြေးသုံးစွဲမှုနဲ့ပတ်သက်လို့ မီဒီယာတွေမှာဖော်ပြနေတာတွေကိုရော ဘယ်လိုများပြောချင်ပါသလဲ။

အခုတလော မီဒီယာတွေမှာပါနေတဲ့ ကိန်းဂဏန်းတွေက လွဲနေပါတယ်။ နီပွန်ဖောင်ဒေးရှင်းက ဒီနှစ်အတွက်လျာထားတဲ့ ဘတ်ဂျက်က ဒေါ်လာသုံးသန်းပါ။ သန်း ၃၀၀ မဟုတ်ပါဘူး။ ဒီကိစ္စမှာလည်း MPC အနေနဲ့ ညှိနှိုင်းပေးတာ သက်သက်ကိုပဲ လုပ်တာ။ နီပွန်ဖောင်ဒေးရှင်းက တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး လုပ်တာပါ။ နောက်ဆုံး ကျွန်တော့်အနေနဲ့ ဖြည့်စွက်ပြောချင်တာကတော့ MPC ရဲ့ဘတ်ဂျက်ကို EU အပါအဝင် နိုင်ငံတကက လက်ခံကျင့်သုံးတဲ့ ငွေကြေးသုံးစွဲခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ အညီသုံးစွဲနေတယ်ဆိုတာရယ်။ အလွဲသုံးမှုလုံးဝမရှိဘူးဆိုတာရယ်ပါ။ ဒီလိုပဲ EU ကို ရှင်းလင်းရတဲ့နည်းတူ တစ်ဖက်မှာလည်း ကိုယ့်နိုင်ငံအစိုးရကိုလည်းလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရှင်းလင်းတာဝန်ခံ လုပ်ကိုင်လျက် နေတယ်ဆိုတာ ပြောချင်ပါတယ်”

မတ်လ၂၅ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၁၂) တွင်ပါရှိသော “MPC အနေနဲ့ ညှိနှိုင်း ပေးတာသက်သက်ကိုပဲ လုပ်တာ၊ နီပွန်ဖောင်ဒေးရှင်းက တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ချိတ်ဆက် ပြီး လုပ်တာပါ (Myanmar Peace Center ၏ အထူးအကြံပေး ဦးတင်မောင်သန်းနှင့် တွေ့ဆုံခြင်း)” သတင်းမှ ဦးတင်မောင်သန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်


စက္ကူစက်ရုံနှင့် အမှတ် (၂) အထည်စက်ရုံတို့အား ပုဂ္ဂလိကပိုင်ပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်မြို့ရှိစက်မှုဝန်ကြီးဌာန မြန်မာ့အထည်လိပ်လုပ်ငန်းလက်အောက်ရှိ အမှတ်(၂)  အထည်စက်ရုံနှင့် စက္ကူစက်ရုံတို့ကို ဧပြီလ ၁ ရက်နေ့မှစ၍ ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


နိုင်ငံခြားကုမ္ပဏီများအား မြန်မာကျပ်ငွေဖြင့် မှတ်ပုံတင်ခွင့်ပြု

နိုင်ငံခြားကုမ္ပဏီများမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းတို့ကို ယခင်အမေရိကန်ဒေါ်လာဖြင့်သာ ခွင့်ပြုခဲ့ရာမှ မတ်လ ၂၁ ရက်နေ့မှစ၍ မြန်မာကျပ်ငွေဖြင့်ပေးသွင်းခွင့်ပြုကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ ယခင်က နိုင်ငံခြားကုမ္ပဏီများနှင့် လုပ်ငန်းဌာနခွဲများ မှတ်ပုံတင်အသစ်ပြုလုပ်ပါက ဒေါ်လာ ၂၅၀၀ ပေးသွင်းရပြီး သက်တမ်း တိုးပါက ဒေါ်လာ ၅၀၀ ပေးသွင်းရသည်။ မတ်လ ၁၁ ရက်နေ့မှစပြီး မှတ်ပုံတင်အသစ်ပြုလုပ်ပါက ကျပ် ၁၀ သိန်း နှင့် သက်တမ်းတိုးပါက ကျပ် ၅ သိန်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။


မိတ္ထီလာတွင် ထောက်ပံ့ရေးအစီအစဉ်စတင်
မတ်လ ၂၂ ရက်တွင်ဖြစ်ပွားခဲ့သော မိထ္တီလာပဋိပက္ခအား အရေးပေါ်အခြေအနေအဖြစ် ကြေငြာပြီးနောက် တည်ငြိမ် အေးချမ်းမှုများ ပြန်လည်ရရှိစေရန်အတွက် အမှတ် ၇၇ ခြေမြန်လက်အောက်ခံတပ်ရင်းများ၊ မိတ္ထီလာအခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မ လက်အောက်ခံတပ်ရင်းများသာမက တပ်မတော်(လေ)တပ်ဖွဲ့ဝင်များက လုံခြုံရေးအတွက်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။ ထိုပဋိပက္ခဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ရှိဘုန်းကြီးကျောင်း ၂၁ ကျောင်းတွင် ဒုက္ခသည် ၄၅၀၀ ကျော်နှင့် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည် ၂၀၀၀ ခန့်အား ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများကို ပြုလုပ်ပေးနိုင်ရန်အတွက် ဒေသခံအာဏာပိုင်များ၊ သံင်္ဃာတော်များနှင့် မြို့ခံလူမှုရေး အဖွဲ့အစည်းများမှ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုပဋိပက္ခကြောင့် မတ်လ ၂၂ ရက်နေ့အထိ သေဆုံးသူ ၁၁ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်းနှင့် ပဋိပက္ခကြောင့် ပျက်ဆီးမှုအနေဖြင့် နေအိမ် ၁၅၁ လုံး၊ မော်တော်ယာဉ် ၁ စီး၊ ပညာရေးမှူးရုံး ၁ ရုံး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး ပျက်ဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းကယားညီလာခံမှ သဘောတူညီချက်များ
လားရှိုးမြို့ရှိ လားရှိုးမိုတယ်တွင်ကျင်းပသော ရှမ်းနှင့်ကယားညီလာခံတွင် တိုင်းရင်းသားအားလုံး၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသော ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် သို့မဟုတ် အခြေခံဥပဒေ အသစ် တရပ်ရေးဆွဲရန်၊ ပင်လုံညီလာခံကို အခြေခံသော ညီလာခံကြီး တရပ် ကျင်းပသွားရန်တို့ အပါအဝင် အချက် ၄ ချက် ကို တက်ရောက်လာသော ကိုယ်စားလှယ်များ သဘောတူလိုက်ကြကြောင်း သိရသည်။ တိုင်းရင်းသားများ ကိုယ်တိုင် ဗဟိုချုပ်ကိုင်မှုများရှိနေပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရသေး၍ ပြည်နယ်များ၏ လုပ်ဆောင်ပိုင်ခွင့်များ နည်းနေ သေးကြောင်း၊ ထို့ကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထပ်ခါတစ်လဲလဲတောင်းဆို နေရတာဖြစ်ကြောင်း ဦးဆောင် ကျင်းပသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်၏ ပြောဆိုချက်အရ သိရသည်။အဆိုပါ ညီလာခံသို့ ရှမ်းနှင့် ကယားပြည်နယ် အတွင်းရှိ ရှမ်း၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ကိုးကန့်၊ ဝ၊ တအောင်း (ပလောင်)၊ ဓနု၊ အင်း စသည့်လူမျိုးများမှ နိုင်ငံရေးပါတီ ၁၀ ခု၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူ လူမှု အဖွဲ့အစည်း ၂၂ ဖွဲ့ ပါဝင်ရာ စုစုပေါင်း ညီလာခံ တက်ရောက်သူ ၂၀၀ ခန့် ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံအခြေခံအဆောက်အဦးများ၊ အခြေခံလူမှုဘဝတိုးတက်ရေးနှင့် ဒုက္ခသည်များအားဂျပန်ကူမည်
ဂျပန်အစိုးရ၏ ၂၀၁၃ ခုနှစ်အကြီးစားထောက်ပံ့ရေးအစီအစဉ်အရ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးများနှင့် အခြေခံလူနေမှု ဘဝမြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၆၅ သန်းကူညီရန်ရှိကြောင်းနှင့် မြန်မာနိုင်ငံရှိ ပဋိပက္ခ ဒေသများမှ ဒုက္ခသည်များအား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီဖြစ် အမေရိကန်ဒေါ်လာသန်း ၅၀ ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း မတ်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်မှ သိရှိ ရသည်။

ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွင် မီးလောင်ကြွမ်းမှုကြောင့်လူ ၄၂ ဦးသေဆုံး
ထိုင်းနိုင်ငံမြောက်ပိုင်း မဲဟောင်ဆန်ပြည်နယ်ရှိ မြန်မာဒုက္ခသည်များ နေထိုင်ရာ အိမ်ခြေ ၃၇၀၀ ခန့်ရှိသော ဒုက္ခသည်စခန်း တစ်ခုတွင် မတ် ၂၂ ရက်နေ့ ညနေလေးနာရီအချိန်ခန့်ကမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာလူ ၄၂  ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀၀ ခန့် ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများက ပြောကြားခဲ့သည်။ မီးလောင်ကျွမ်းမှုအချိန် နှစ်နာရီ အကြာခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ယာယီတဲအိမ် ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။ချက်ပြုတ်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရသည်ဟု ယူဆလျက်ရှိပြီး မီးကြောင့် သေဆုံးသူအများစုမှာ မိန်းမ၊ ကလေးများနှင့် သက်ကြီး ရွယ်အိုများဖြစ်ကြကြောင်း သိရသည်။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ဒုက္ခသည်စခန်း ၁၀ ခုရှိပြီး လူပေါင်း ၁၃၆၀၀၀ ခန့် နေထိုင်လျက်ရှိကြကာ ယင်းဒုက္ခသည်များသည် ၁၉၈၀ အစောပိုင်းကတည်းက စတင်ရောက်ရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment