Transparency Myanmar

transparency.myanmar@gmail.com

Op-Ed
Document Op-Ed

Snapshot of the item below:
Op-Ed

နိုင်ငံသားတစ်ယောက်မှ သက်ဆိုင်သူများသို့ အကူအညီတောင်းခံခြင်း။

နိုင်မော်

ကျွန်တော်တို့ မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးစုံ ဘာသာပေါင်းစုံတို့ဖြင့် အရောင်အသွေး စုံစွာသော လူမျိုးများ အတူမှီတင်းနေထိုင်လာခဲ့သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်မှာ နှစ်ပေါင်းကြာရှည်စွာ ရှိခဲ့ပြီဖြစ်သည်။ ထိုသို့နေထိုင်လာခဲ့သော မြန်မာလူ့အဖွဲ့အစည်းသည် ခေတ်ကာလအမျိုးမျိုးကို ဖြတ်သန်း၍နေထိုင်ရင်း မိမိတို့၏ လူ့အသိုက်အဝိုင်းကို ထူထောင်ခဲ့ကြသည်။ ထိုသို့ မတူကွဲပြားမှုများနှင့် အတူရှိနေသည့်နည်းတူ တစ်ခါတစ်ရံ လူ့အဖွဲ့အစည်းအကြား အငြင်းပွားမှုများ၊ ပဋိပက္ခများ ဖြစ်လေ့ဖြစ်ထရှိသည်။ ထိုသို့သော ဖြစ်ပေါ်လာသော ပြဿနာများ သည် မလိုလားဘဲ ကြီးထွားလာပါက တိုင်းပြည်နှင့် လူမျိုးအတွက် မလိုလားအပ်သော အခြေအနေဆိုးများ ပေါ်ထွက် လာနိုင်ပြီး နိုင်ငံနှင့် လူမျိုးတို့၏ လက်ရှိ ဖြစ်ပေါ်တိုးတက်ဆဲ နိုင်ငံရေးအပြောင်းအလဲနှင့် တိုးတက်မှုများ၊ နိုင်ငံရေး တိုးတက်မှုနှင့် ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်သည့်အခြေအနေများ အပေါ် များစွာ ထိခိုက် စေနိုင်ပါသည်။ ကျွန်တော်တို့နိုင်ငံ သားအားလုံးသည် မည်သို့ပင် လူမျိုးကွဲပြားစေကာမူ၊ မည်မျှပင် ကိုးကွယ်ယုံကြည်မှုမတူစေကာမူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖြစ်စဉ်များကို အမှီုပြု နေထိုင်နေကြသော တစ်မြေတည်း နေတစ်ရေးတည်းသောက်ညီကို မောင်နှမ များပင်ဖြစ်သည်။ ဘာသာတရားပေါင်းစုံမှ ခေါင်းဆောင်များ အချင်းချင်း ညီညွတ်မှုရှိသော တိုင်းပြည်၊ ဘာသာပေါင်းစုံတို့ဖြင့် ငြိမ်းချမ်းစွာ တည်ရှိနေသော အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဆိုပါနိုင်ငံသည် နှစ်ပေါင်းများစွာ ကမ္ဘာ့အလယ်တွင် မျက်နှာပွင့်လန်းနေ သော တိုင်းပြည်တစ်ခုလည်း ဖြစ်သည်။ အဆိုပါနိုင်ငံသည် မနေ့တနေ့ကမှ အာဏာရှင်စနစ်မှ လွတ်မြောက်စပြုလာပြီး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များဖြင့် ဒီမိုကရေစီ တည်ဆောက်ရေးကို စတင်ခဲ့ပြီဖြစ်သည်။ ထိုသို့စတင်လိုက်ချိန်မှစ၍ ဖြေရှင်းစရာ အခက်အခဲ ပြဿနာများ၊ တည်ေ   ဆာက်စရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရေခံမြေခံ များစွာ ရှိဆဲပင်ဖြစ်သည်။

ထိုသို့သော အခြေအနေတွင် ပြည်သူလူထုတို့သည်လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကြောက်တရား ကင်း၍ မိမိတို့၏ အကျိုးစီးပွား များကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ကိုင်ဆောင် ရွက်လာရာ ယခုမှ ပင် စတင်အရှိန်ရစ ပြုလာပြီလည်းဖြစ်သည်။ ပြည်သူတို့သည် မျက်စိပွင့်နားပွင့် ဖြစ်လာပြီး မိမိတို့၏ အခွင့်အရေးကိုလည်း တဖြည်းဖြည်းနားလည်လာပြီဖြစ်သည်။ ဒီမိုကရေစီ သီအိုရီများအရ အသွင်ကူးပြောင်းမှု အရှိန်ရလာပြီ ဖြစ်သည့်အတွက် အန္တရာယ်ရှိသည်ဟု ယူဆသည် များလည်းရှိသည်။

လက်ရှိအနေအထားတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကလည်း မိမိတို့နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တောင်းဆိုမှုများပြုလုပ်လာကြပြီဖြစ်သလို နိုင်ငံတည်ဆောက်ရေး အတွက်ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်လိုသည့် နိုင်ငံရေးသမားများကလည်း တရားဝင်နိုင်ငံရေး လမ်းကြောင်းဖြစ်သည့် လွှတ်တော်နိုင်ငံရေး လမ်းကြောင်းမှတစ်ဆင့် တိုင်းပြည်၏ ဒီမိုကရေစီ အရွေ့ကိုလုပ်ဆောင် နေကြ ပြီဖြစ်သည်။ တပ်မတော်သားများကိုယ်တိုင်ကပင် တိုင်းပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ပံ့ပိုးအားဖြည့်ပေးနေပြီဖြစ်သည်။ အတိုက်အခံနှင့် အစိုးရဟူသည် ရန်ဘက်ဆက်ဆံရေးမှ မိတ်ဆွေရောင်းရင်း ဆက်ဆံရေး အဖြစ်သို့ ပြောင်းလဲလာပြီဖြစ်သည်။ အယူအဆနှင့် ယုံကြည်ချက် မတူသည့် တိုင်းရင်းသား အဖွဲ့အစည်းများကလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြပြီ ဖြစ်သည့်အပြင် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ တစ်စတစ်စနှင့် ချစ်ကြည် ရင်းနှီးမှု များ တိုးတက်လာနေကြပြီဖြစ်သည်။ ထိုသို့သော အခြေအနေများက မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးရှည် ကြီးအတွက် အားတက်စရာပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အရ ပြဋ္ဌာန်းကျင့်သုံးသည့် နိုင်ငံရေး စနစ်သစ်အရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး တည်းဟူသော အာဏာသုံးရပ်ကို ပိုင်းခြား ကျင့်သုံးသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ ဥပဒေပြုရေးအတွက် တာဝန်ရှိသော လွှတ်တော်ကြီး သည်ပင် သူ့တာဝန်ဖြစ်သည့် ပြည်သူတို့၏ အကျိုးစီးပွားကို ဖော်ဆောင် ပေးမည့် ဥပဒေများကို ပြဋ္ဌာန်းရေးဆွဲ အတည်ပြုနေလေပြီ။ ထို့ပြင် ပြည်သူကရွေးချယ်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်လောင်းများသည်ပင် ပြည်သူများ အကြား ဝင်ရောက်၍ ပြည်သူ့ ရေးရာ ပြဿနာများကို ဝင်ရောက်ဖြေရှင်းပေးခြင်းဖြင့် မိမိတို့တာဝန်ကို မိမိတို့ အင်တိုက် အားတိုက် ဆောင်ရွက်နေ ကြပေပြီ။ ထိုနည်းတူ အုပ်ချုပ်ရေးပိုင်းကို တာဝန် ယူထားသော အစိုးရ အနေ ဖြင့်လည်း အုပ်ချုပ်ရေး ပီပြင်အောင်၊ တရားစီရင်ရေး ကဏ္ဍကလည်း တရားဥပဒေ စိုးမိုးရေး အတွက် အသီးသီး ဆောင်ရွက်နေကြပြီ ဖြစ်သည်။

ထိုသို့သော အခြေအနေတွင် မြန်မာနိုင်ငံတွင်ပြဿနာ အရပ်ရပ်တို့သည်လည်း တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် ပေါ်ပေါက်လာခဲ့သည်။ ပြည်သူ့ရေးရာ မူဝါဒရှုထောင့်မှကြည့်လျှင် ပြဿနာများ ပေါ်လာခြင်းသည် ကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘာဖြစ်လို့ ဘာဖြစ်မှန်း မသိပါက မည်သို့ဖြေရှင်းရမည် ကိုလည်း သိနိုင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်ပါသည်။ ထင်ရှားသော ပြဿနာများလည်း ရှိသကဲ့သို့ မထင်မရှား ရှိနေသော ပြဿနာများလည်း ရှိနေပါသည်။ သို့ရာတွင် ပြဿနာကို ပြဿနာအဖြစ်ရှိမနေစဘဲ သက်ဆိုင်သူများ အားလုံးအတွက် အကျိုးစီးပွား တစ်စုံတစ်ရာကို ထိခိုက်ခြင်းမရှိစေသည့် အဖြေတစ်ခု၊ သမ္မာသမတ်ကျသော မူဝါဒ ဆိုင်ရာ ဖြေရှင်းချက်တစ်ခု ဖော်ထုတ်နိုင်ဖို့ လို့အပ်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံကဲ့သို့ မတူကွဲပြားခြားနားခြင်းရှိသော နိုင်ငံများတွင် မတူညီသော အုပ်စုများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးသည် မဖြစ်မနေလိုအပ်လှပါသည်။ ပြည်သူများ၏ နိုင်ငံရေးအပေါ် ရှုမြင်နိုင်သော ပညာရေချိန် နည်းပါးခြင်း၊ သည်းခံနိုင်သော ပဋိပက္ခကို ညှိနှိုင်းအဖြေရှာ တတ် သော ယဉ်ကျေးမှု အားနည်းမှု တို့ကြောင့် မတူကွဲပြား သော နိုင်ငံများသည် ပြဿနာဝင်္ကပါ ထဲမှ လွတ်မြောက်နိုင်မှု ခဲယဉ်းသည်ဟုလည်း အဆို အမိန့်များရှိသည်။ ပါမောက္ခ ဆင်မြူရယ် ဟန်တင်တန်၏ အဆိုအရ မတူညီသော ယုံကြည်မှု၊ ယဉ်ကျေးမှုများ အကြား မကြာခဏဆိုသလို တိုးတိုက်မိ တတ်သည်ဟု လေ့လာမှတ်သား ရသည်များလည်းရှိသည်။

မတူညီသော လူမျိုးများ၊ ကိုးကွယ်ယုံကြည်မှုများဖြင့် ရှိနေသော လူမှုအဖွဲစည်းများသည် အုပ်စုတစ်ခုနှင့် တစ်ခု အကြား စိတ်ဓာတ်ပြင်ထန်မှုများ ရှိနေသည်ဖြစ်ရာ သင့်တင့်လျောက်ပတ်သော ပညာရေချိန်အားနည်းမှု၊ အတိတ်က ယိုယွင်းခဲ့သော တရားစီရင်ရေးများကြောင့် ပြဿရပ်များဖြစ် ပေါ်လာတိုင်း ညှိနှိုင်းအဖြေရှာတတ်မှုနှင့် တရားဥပဒေ အပေါ် အားကိုလိုမှု အားနည်းလာပြီး နိုင်ငံသား အချင်းချင်း သူ့ဘက်ကိုယ့်ဘက် ကွဲပြားကာ အချင်းချင်း ကိစ္စပြတ်အောင် ဖြေရှင်းတတ်ကြသည့် အတွက် မလိုလားအပ်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ လာရတတ်သည်။ ထိုကိစ္စ ပိုမိုကြီးမား လာလျှင် နိုင်ငံနှင့် လူမျိုးတို့၏ ဂုဏ်သိက္ခာကျဆင်းနိုင်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ ကဲ့သို့သော ဒီမိုကရေစီ အသွင်ကူးစနိုင်ငံများသည် နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုရအောင် ရုန်းကန်နေရခြင်း ကြောင့် သက်ဆိုင်ရာ အစိုးရများအတွက် အကြပ်အတည်းတွင်းထဲသို့ ရောက်သွားနိုင်သည့် အနေအထားမျိုးလည်း ရှိတတ်သည်ကိုလည်း သတိပြုဖို့ လိုအပ်ပါသည်။

မြန်မာနိုင်ငံ သားတို့သည် မည်သို့ပင် အယူအဆနှင့် ယုံကြည်မှု ကွဲပြားနေစေကာမူ ပူးပေါင်းနေထိုင် တတ်သည့် ချစ်စရာဓလေ့စရိုက်များဖြင့် အလှကိုယ်စီရှိနေကြသော လောကအလှ ဆင်နေသော နိုင်ငံသားများဖြစ်သည်။ မတူကွဲပြားခြင်းဟူသည့် ကိစ္စသည် မြန်မာနိုင်ငံအတွက် မနေ့တစ်နေ့ က ရောက်လာသော အရာမဟုတ်၊ နေချင်းညချင်း ဖြစ်တည်လာသော အရာမဟုတ်ဘဲ နှစ်ကာလ များစွာ ပင်တည်ရှိ လာခဲ့ခြင်းဖြစ်ပြီး မတူညီသော အုပ်စုများအကြား အပြန်အလှန် လေးစားမှု၊ အမှန် တရား ကိုမြတ်နိုးမှု၊ တစ်ဦးအခက်အခဲကို တစ်ဦးက နားလည် လက်ခံပေး နိုင်မှုတို့ဖြင့် နှစ်ပေါင်းများစွာ ကပင် ကြိုးစားတည်ဆောက်လာခဲ့ရသော အလှတရားလည်း ဖြစ်ပါသည်။ ထိုသို့သော နိုင်ငံသားများ အနေဖြင့် မိမိတို့၏ ရှိရင်းစွဲအလှတရားများကို မလိုလားအပ်သော သွေးထိုး၊ ဖျားယောင်းမှုများ ကြောင့် ပျက်စီးစေမည်ဆိုပါက များစွာနစ်နာဆုံးရှုံးရတော့ မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် နှစ်ကာလများစွာ အယူအဆအမျိုးမျိုး၊ နိုင်ငံရေးလွန်ဆွဲမှု အမျိုးမျိုးအကြား ပြည်သူတို့၏ ဘဝမှာ ရစရာမရှိအောင် ပျက်စီးဆုံးရှုံး ခဲ့ရသည်မှာ တစ်ကြိမ်ပင်မကတော့ပါ။ ယခုကဲ့သို့ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေသည့် ကာလမျိုးတွင် ယခင့်ယခင်က မှားခဲ့ဖူးပြီးသား အမှားများကို ထပ်မမှား စေလိုပါ။ ထိုသို့သော မှားယွင်ခဲ့မှုကြောင့် ပေးဆပ်ရမည့် နစ်နာမှု အလျော်အစားမှာ အလွန်အမင်း ကြီးမားလှပါသည်။  နိုင်ငံတော်သစ်ကို အမျိုးမျိုးသော အင်အားစုများက လမ်းကြောင်းမှန်ပေါ်သို့ ဆွဲတင်နေချိန်တွင် မိမိတို့ အနေဖြင့် မလိုမုန်းပွားမှုဖြင့် ဖျက်ဆီးခြင်းများ မပြုလုပ်သင့်ပါ။ ယခုအချိန် တွင် မိမိတို့၏ ပုဂ္ဂလိက အာဃာတများကို ရှေ့တန်းမတင်သင့်ပါ။ ထိုသို့ရှေ့တန်း တင် ခဲ့ပါက ကျွန်တော်တို့ မြန်မာနိုင်ငံသား များအတွက် အကျည်းတန်မှုများ ဖြစ်နိုင်ပါသည်။

နိုင်ငံသားများ၏ ယဉ်ကျေးမှု အဆင့်အတန်း၊ နိုင်ငံသားတို့၏ ရင့်ကျက်မှုနှင့် ပညာရေချိန်ကို မီးမောင်းထိုး ပြသော အချက်တစ်ခုမှာ “နိုင်ငံတော် အတွင်းရှိပြည်သူများသည် ဖြစ်ပေါ်လာသော အငြင်းပွားမှုများ၊ ပဋိပက္ခများကို မည်သည့်နည်း၊ မည်သည့်ဟန်ဖြင့် ဖြေရှင်းသနည်း” ဆိုသည့် အချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ညင်သာသော အသွင်ကူးပြောင်းမှုကို လုပ်ဆောင်နိုင်ခဲ့ မှုကြောင့် ကမ္ဘာ့နိုင်ငံများ အကြားများစွာ ဂုဏ်ယူစရာ၊ စံတင်လောက်စရာ ဖြစ်ခဲ့ရသည်။ ထိုသို့သော အနေအထားမျိုးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့လျှင် ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ပြဿနာ ဖြစ်လာတိုင်း သူ့ဘက်ငါ့ဘက် အဖြူအမဲ ခွဲခြားကာ ကိုယ်နိုင်သူ နိုင် အပြိုင်ကြဲကြမည်ဆိုပါက မည်သို့ဖြစ်လေမည်နည်း၊ ပြဿနာရပ် တစ်ခုချင်းချင်းအပေါ် ဖြစ်သည့် ပြဿနာကို ပြဿနာ တစ်ရပ်အဖြစ်၊ ဥပဒေဘောင် အတွင်းက ဖြေရှင်းလိုစိတ် မရှိပါက မည်သို့ဖြစ်လေမည်နည်း၊ ကျွန်တော်တို့ များစွာ စဉ်းစားဖို့ လိုအပ်လှပါသည်။

မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးသည် အလွန်တရာ အရေးကြီးပါသည်။ ထို့ထက် ပညာဥာဏ်ဖြင့် ပြည့်စုံသော ဆင်ခြင်တုံတရား ရှိသော မျိုးချစ်စိတ်ဓာတ်သည် ပိုမိုအရေးကြီး လှပါသည်။ မိမိတို့ကြောင့် မိမိတိုင်းပြည်နှင့် လူမျိုး၏ အနာဂတ် ပျောက်ဆုံးစေခြင်း၊ မိမိလုပ်ရပ် ကြောင့် တိုင်းပြည်၏ ကောင်းမြတ်သော အနာဂတ် နိုင်ငံရေး အခြေအနေများ ၊ ရှိရင်းစွဲ မတူညီမှုများ အကြား လက်တွဲနေထိုင်နိုင်သည့် အလေ့အထများ ပျောက်ဆုံး ပျက်ယွင်း သွာခြင်းသည် ဖြစ်သင့်ပါ၏လော၊ စဉ်းစားဖို့ လိုအပ်ပါသည်။

ပြဿနာ၊ ပဋိပက္ခများ ပေါ်ပေါက်လာတိုင်း အဆိုပါ ပြဿနာရပ်တို့အပေါ် မိမိတို့၏ အာဃာတများ ရောစပ်ကာ ဆင်ခြင်တုံတရားမဲ့ ဖြေရှင်းခြင်းသည် မှန်ကန်သော လမ်းစဉ်မဟုတ်သကဲ့သို့ မျှတသော ဖြေရှင်းနည်း တစ်ရပ်လည်း မဟုတ်နိုင်ပါ။ ထို့အတွက်ကြောင့် ကျွန်တော်တို့သည် လူဖြင့် ဆုံးဖြတ်သည့် အလေ့အထများကို ဖယ်၍ မူဝါဒများဖြင့် သမာသမတ်ကျစွာ ဥပဒေကြောင်းအရ ဖြေရှင်းသည့် နည်းလမ်းကို ရွေးချယ်သင့်ပါသည်။ လွဲမှားသော မျက်ကန်မျိုးချစ်စိတ်ဖြင့် ဘာသာတရားကို ခုတုံးလုပ်၍ ပြုမူနေမှုများသည် မိမိတို့တိုင်းပြည်၏ အခြေအနေကို မည်သို့ ဖြစ်စေသည်ကို အထူးသတိပြုသင့်လှပေသည်။

တိုင်းပြည်၏ ဖွံ့ဖြိုးစ ဒီမိုကရေစီ၊ ထွန်းသစ်အခြေတည်စ ဒီမိုကရေစီ သစ်ပင်ကို စိုက်ပျိုးရာတွင် ကျွန်တော်တို့ အားလုံးသည် ဥယျာဉ်မှူးများပင် ဖြစ်ပါသည်။  ဥယျာဉ်မှူးတိုင်းသည် မိမိတို့စိုက်ပျိုးသော သစ်ပင် ကြီးထွားရှင်သန်မှု ကို လိုလာကြသည်မှာ သံသယဖြစ်စရာပင် မလိုပါ။ ဥယျာဉ်မှူးတစ်ယောက် အနေဖြင့် မိမိစိုက်ပျိုးသော ပန်းပင် သစ်ပင်များ ရှင်သန်ရေးအတွက် ပြုစုပျိုးထောင်ပေးရစမြဲ ဖြစ်ပါသည်။ ထိုနည်းတူ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားများ အားလုံးသည်လည်း နိုင်ငံ၏ ဒီမိုကရေစီ လမ်း ကြောင်းကို လျှောက်လှမ်းရာတွင် ငါနှင့်မတူ ငါ့ရန်သူဟူ သဘောမထားဘဲ ချစ်ကြည်ရင်းနှီးစွာဖြင့် မတူညီမှုများ ကိုလက်ခံနားလည်မှုရှိစွာ ၊ စိတ်သဘောထား ကြီးမြတ်သော နိုင်ငံသားများအဖြစ် နိုင်ငံသားတာဝန် ကျေပွန်စွာ အဖျက်အမှောက်စိတ်ထား၊ အဖျက်အမှောက် အပြုအမူများ၊ အဖျက် အမှောက် အပြောအဆိုများကို ဖယ်ရှားကာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ဖြင့်ထုံမွှမ်း အပ်သော မင်္ဂလာ ငြိမ်းချမ်းရေး ဒီမိုကရေစီ ပန်ချီကားကို ရေးဆွဲပုံဖော်ကြပါဟု ရေးသားတင်ပြ လိုက်ရပေသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment