Transparency Myanmar

transparency.myanmar@gmail.com

WEEK IN POLITIC
Document WEEK IN POLITIC

Snapshot of the item below:
WEEK IN POLITIC

တစ်ပတ်အတွင်း မြန်မာ့နိုင်ငံရေးသတင်းဖြစ်စဉ်

သတင်းအဖွဲ့

မိတ္ထီလာမြို့မှ စတင်သော ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

ယခုတစ်ပတ်အတွင်း တင်ပြရမည့် သတင်းများမှာ ပဋိပက္ခဖြစ်စဉ်များ အလေးကဲနေပြီး ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံအတွက် အရေးကြီးသော စိန်ခေါ်မှုလည်း ဖြစ်သည်ဟု သုံးသပ်မိပါသည်။

ထို့ကြောင့် ထိုဖြစ်စဉ်ပြဿနာ တစ်ခုလုံး၏ တစ်ပတ်အတွင်း သတင်းများကို ရက်စွဲအလိုက် စုစည်းဖော်ပြရသော် …….

မတ်လ ၂၀ ရက်နေ့ မိတ္ထီလာမှ စတင်လိုက်သော ပြဿနာမီးပွား၏ နောက်တွင် လူတစ်စု ရှိသည်ဟူသော ဝေဖန်သံများဆက်တိုက်ထွက်ပေါ်လာပြီးနောက်တွင် အခြားတိုင်းဒေသများသို့ပါ ယင်းမီးစမှာ ကူးစက်ပြန့်ပွား လာတော့ သည်။ နယူးဝိန့်စိန်ရွှေဆိုင်၏ ရွှေရောင်းဝယ်ခြင်းမှ စတင်ခဲ့ပြီး ဘာသာရေးအဓိကရုဏ်းအနေဖြင့် နိုင်ငံတကာမီဒီယာများမှ နာမည်တပ်လာကြသည့် ပဋိပက္ခကြီးသည် ထိုနေ့ မတ်လ ၂၀ ညတည်းက ပုဒ်မ ၁၄၄ ထုတ်ထားသော်လည်း မငြိမ်သက်မှု များ ဆက်လက်ဖြစ်ပွားလျှက် ရှိသောကြောင့် မန္တလေးတိုင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နှင့် သာစည်မြို့နယ် များကို အရေးပေါ် အခြေအနေအဖြစ် မတ်လ ၂၂ ရက်နေ့က ကြေညာလိုက်ရသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားသည့် မတ်လ ၂၀၊ ၂၁ နှင့် ၂၂ ရက် စုစုပေါင်း ၃ ရက်တာကာလအတွင်း သေဆုံးသူ ၃၂ ဦး  ၊  ဒဏ်ရာရရှိသူ ၃၉ ဦး၊ ဘာသာရေး အဆောက် အအုံ ၁၃ လုံး နှင့် နေအိမ် ၁၂၅ လုံး ပျက်စီးသွားခဲ့ပြီး  လူပေါင်း  ၂ဝဝဝဝ  ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း  နိုင်ငံတော်အစိုးရ၏  သတင်းထုတ်ပြန်ချက်များအရ သိရသည်။

မတ်လ ၂၃ ရက်နေ့တွင်မူ အခြေအနေများ ပြန်လည်တည်ငြိမ်သွားသကဲ့သို့ မြို့တွင်းတွင်လည်း စစ်တပ် လုံခြုံရေး များ တိုးမြှင့်ချထားသည်ကို တွေ့ရပြီး အားကစားကွင်း၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ဒုက္ခသည် စခန်းများ ဖွင့်လှစ်ကာ ဒုက္ခသည်များအား  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး လုပ်ငန်းများကို စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။

မတ်လ ၂၄ ရက်နေ့တွင်မူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီ ယား၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအပြင် ရန်ကုန်အခြေစိုက် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းခေါင်းဆောင် များသည် မိတ္ထီလာမြို့သို့ရောက်ရှိနေသည့် ဓမ္မဓူတ ရှင်ဆေကိန္ဒ၊ ရွှေညဝါဆရာတော် စသော ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေး အဖွဲ့အစည်းနှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့သွားရောက်တွေ့ဆုံကြစဉ်တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက သာမန်အရောင်းအဝယ်ပြဿနာ တစ်ခု ကနေ ကြီးမားသော အဓိကရုဏ်း ဖြစ်ပွားခဲ့ရခြင်းသည် ပြင်ပ ပယောဂကြောင့်ဟု အဓိကရုဏ်းဖြစ်ပွားစဉ် အကြမ်းဖက်ခဲ့ ကြသူများမှာ ဒေသခံတွေမဟုတ်ဘဲ၊ မျက်နှာစိမ်းတွေဖြစ်သည်ဟူသော ဒေသခံလူထု၏ ပြောကြားချက်များကို ကိုးကားပြီး မီဒီယာများသို့ပြောကြားခဲ့သည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ၏ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဘီယား ကလည်း မိတ္ထီလာမြို့မှာ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင်များ အကြားဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြောင့် ဒေသခံများမှာ စိုးရိမ် ကြောက်ရွံ့မှုတွေ ရှိနေကြပေမယ့် နှစ်ဖက် စလုံးမှာ အမုန်းတရားတွေ မတွေ့ရဘူးဟု ပြောကြားခဲ့ပါသည်။

ယင်းပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ ခေါင်းဆောင် ၃ ဦးဖြစ်သော သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မတ်လ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်းကိုလည်း ပြန်ကြားရေး ဒုဝန် ကြီး ဦးရဲထွဋ်၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

သို့သော် ယင်းပြဿနာမှာ မိတ္ထီလာတွင်ပင် ရပ်တန့်မသွားဘဲ မတ်လ ၂၃ ရက်နေ့ ညက ရမည်းသင်းမြို့အနီး ရွာများတွင် မီးရှို့ဖျက်ဆီးခံရခြင်း၊ မတ်လ ၂၄ ရက်နေ့ညက ရန်ကုန်မြို့တွင် အစ္စလမ် ဘာသာဝင်အများစုနေထိုင်ရာ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ တာမွေမြို့ နယ်ရှိ ရပ်ကွက်တစ်ချို့တွင် လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် အော်ဟစ်ပြော ဆိုမှုများကို အမည်မသိ လူအုပ်တစ်စုက မော်တော်ကားများဖြင့် လှည့်လည်အော်ဟစ်ခဲ့ခြင်း၊ မန္တလေးတိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ (အနော်ရထာ)ရပ်ကွက်မှာ မတ်လ ၂၄ ရက်နေ့ညကပင် မီးရှို့ဖျက်ဆီးခံရခြင်း၊ အခြားရပ်ကွက်များတွင် ဆူပူမှုဖြစ်စေရန် လှုံ့ဆော်အော်ဟစ်ခဲ့ခြင်း၊ ပဲခူးတိုင်းအတွင်းရှိ အိုးသည်ကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖိုစသည့် နေရာတို့တွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း စသည် စသည်ဖြင့် မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း၏ မြို့နယ် တော်တော်များများတွင်လည်း လှုံ့ဆော်မှုများလည်း ပျံ့နှံ့နေသောကြောင့် လုံခြုံရေးတိုးမြှင့်ခြင်းများကို ပြဿနာ ဖြစ်နိုင် ခြေရှိ သည့် နေရာများတွင် တိုးမြှင့်ကာ ပဲခူးတိုင်းရှိ မြို့နယ် ၇ မြို့နယ်တွင်လည်း မတ်လ ၂၅ ရက်နေ့မှစ၍ ပုဒ်မ ၁၄၄ ထုတ်ပြန် ကြေညာခဲ့ရသည်။

မတ်လ ၂၄ ရက်နေ့ညကမူ ဆူပူအကြမ်းဖက် မီးရှို့မှုများတွင် ပါဝင်ခဲ့သူဟု ယူဆရသည့် လူ ၄၀ ကို ဖမ်းဆီး ထိန်းသိမ်းထားပြီ ဖြစ်ကြောင်း၊  မတ်လ ၂၀ရက်နေ့ ညနေပိုင်းစတင်ကာ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့ သည့် ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ရွာ၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၀ ဦးနှင့် ရမည်းသင်း မြို့နယ် ရွာတန်းကျေးရွာနှင့် ရွှေဒါးသာစည် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦး စုစုပေါင်း လူဦးရေ ၄၀ ကို ဖမ်းဆီးထားပြီး ၎င်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၇ (လူကို နာကျင်အောင်လုပ်ပြီး ခြောက်လှန့် တောင်းခံမှု)၊ ပုဒ်မ ၃၉၂ တပါးသူ ပစ္စည်းကို လုယက်မှု)၊ ပုဒ်မ ၄၄၇ (တပါးသူ များအိမ်ကို ကျူးကျော်မှု) နှင့် ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု) တို့ဖြင့် အမှုဖွင့်ထားပြီး ကျန်ရှိနေသည်များကို စုံစမ်းစစ်ဆေး နေကြောင်း မန္တလေးတိုင်း သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ တာဝန်ခံ၏ ပြောဆိုချက်အရ သိရသကဲ့သို့ မတ်လ ၂၅ ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင်လည်း ဖော်ပြခဲ့သည်။

မတ်လ (၂၅) ရက်နေ့စွဲနှင့် အစိုးရက သတင်းထုတ်ပြန်ချက်တစ်ခု ကြေညာခဲ့ပြီး ယင်းကြေညာချက်တွင် ဘာသာရေး အကြမ်းဖက်မှုများသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ထိခိုက်စေနိုင်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများအပါအဝင် အကြမ်းဖက်မှု အားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အစွမ်းကုန်တားဆီး ကိုင်တွယ်ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ အကြမ်းဖက်မှု၊ မီးလောင်မှုနှင့် အဓိကရုဏ်းများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသည့် ဒုက္ခသည် ပြည်သူများ၏ အရေးပေါ် စားဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အဝ ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး လုံခြုံရေးအခြေအနေ တည်ငြိမ်လာသည်နှင့်အမျှ ဒုက္ခသည် ပြန်လည် နေရာချ ထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာရေး အကူအညီတွေကို လူထုအခြေပြု အဖွဲ့ အစည်းတွေ၊ ပုဂ္ဂလိကတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနှင့် လက်တွဲဆောင်ရွက်သွားမည့်အပြင်၊ ပဋိပက္ခကြောင့် ခံစားထိ ခိုက်ခဲ့ရသည့် လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်မည့် ဆွေးနွေးမှုတွေ၊ စိတ်ခံစားချက်တွေကို ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်က အရှိန် အဟုန်မြှင့် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်မည့် အကြမ်းဖက် ခြင်း၊ ဘာသာရေး အစွန်းရောက်ခြင်းတို့ကို ရှောင်ရှားကြရန် တိုက်တွန်းကြောင်း ဖော်ပြပါရှိပါသည်။

သို့သော်လည်း မတ်လ ၂၆ နှင့် ၂၇ ရက်နေ့များတွင်လည်း လုံခြုံရေးများ တိုးမြှင့်ထားသည့်ကြားမှပင် လှုံ့ဆော် အော်ဟစ်သွားခြင်းများ၊ ရာဂဏန်းရှိသော လူစုလူဝေးဖြင့် ချီတက်လာပြီး ဘာသာရေး အဆောက်အအုံများ၊ ဆိုင်ခန်း အိမ်ခန်း များ ဖျက်ဆီးခြင်းများကို ဆက်လက်ပြုလုပ်မှုများ ဟိုတစ်စ သည်တစ်စ ဖြစ်ပေါ်လျှက်ပင် ရှိသည်။ မတ်လ ၂၆ ရက်နေ့ညနှင့် ၂၇ ရက်နေ့မနက်တို့တွင် နတ္တလင်း၊ ဇီးကုန်းတို့၌ လူစုလူဝေးဖြင့် ဖျက်ဆီးမှုများ ပြုလုပ်ကြသောကြောင့် ရာဘာကျည်ဆံ များဖြင့်ပင် ပစ်၍ ဖြိုခွင်းခဲ့ရပြီး မြို့နယ်အချို့တွင် ထပ်၍ ၁၄၄ ထုတ်ခဲ့ရသည်။ ရန်ကုန်မြို့တွင်လည်း ဆိုင်များကို ည ၉ နာရီအထိသာ ဖွင့်ရန် ကြေညာချက်ထုတ်ထားသကဲ့သို့ အမေရိကန် သံရုံးမှလည်း ၎င်းတို့နိုင်ငံသားများအား ပြဿနာဖြစ်နိုင် သည့် နေရာများသို့ မသွားရောက်ကြရန် တားမြစ်ချက်ထုတ်ပြန်ကြေညာခဲ့သည်။

ဤသို့ပင် ယခုတစ်ပတ်အတွင်း မိတ္ထီလာမှ စတင်သော အမှိုက်ကစသည့် မီးပွားမှာ ပြသာဒ်မီးလောင်မည့်ကိန်း ဆိုက်နေပေ တော့သည်။ လေ့လာသုံးသပ်သူများကမူ အဖွဲ့အစည်းတစ်ခုမှာ နောက်ကွယ်မှနေ၍ လှုံ့ဆော်မှုအစများကို ဆွဲဆွဲ ထုတ် နေသည်ဟု ထင်မြင်ချက်ပေးကြသည်။ ထိုအထဲတွင် မြန်မာနိုင်ငံ အပြောင်းအလဲကို မလိုလားသည့် အုပ်စု များလည်း ပါဝင်နိုင်ကြောင်း ၎င်းတို့က ယူဆကြသည်။ ဒီမိုကရေစီ ရေခံမြေခံ အားနည်းနေသေးသော နေရာဒေ သများတွင် ၎င်းတို့၏ လှုံ့ဆော်မှု အောင်မြင်ပြီး ဒေသခံများနှင့် ယင်းဒေသအနီးအနားမှ လုယက်ချင်သူများ၊ မကျေနပ်ချက်ရှိ နေသူများ က သွေးဆူ ကာ လက်တွေ့ဖျက်ဆီးမှုများပြုလုပ်ခြင်းဖြစ်မည်ဟုလည်း သုံးသပ်ကြသည်ကို တွေ့ရ သည်။

ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီ၊ ၈ နာရီနှင့် ၁၀ နာရီတို့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်သူသို့ ရုပ်မြင်သံကြားမှတဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

ယင်းမိန့်ခွန်းတွင် “ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေ ဖြေရှင်းရမှာကို မနှစ်သက်ပါဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးတဲ့လုပ်ရပ်မှန်သမျှကို လုံးဝ လက်သင့်ခံမှာမဟုတ်ဘဲ လိုအပ်လျှင် မြို့ပြ အင်အားအသုံးပြုပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်” ဟူ၍ ထည့်သွင်းပြောကြား သွားခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ ယခုစိန်ခေါ်မှုကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ဘာသာရေးအဓိကရုဏ်းဟု အမည်တပ် ခြင်းကို ခံနေရပြီး နိုင်ငံရေးအမြတ်ထုတ်လိုသူများအဖို့ အကွက်ကောင်းတစ်ခုဖြစ်နေသည်ကို Yangon Chronicle အဖွဲ့သား များက သတိထားဖွယ် တင်ပြလိုက်ပါကြောင်း …..

တစ်ပတ်အတွင်း အခြားနိုင်ငံရေးသတင်းများမှာ

မတ်လ ၂၀၊ ၂၁၊ ၂၂ ရက်နေ့တို့တွင် ကျင်းပခဲ့သော ရှမ်းနှင့် ကယားတို့၏ ပထမဆုံးအကြိမ် ယုံကြည်မှုတည် ဆောက်ရေး ညီလာခံတွင် ကျင်းပသော တိုင်းရင်းသားအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖယ်ဒရယ် ပြည်ထောင်စု တည် ဆောက်ရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် သို့မဟုတ် အခြေခံ ဥပဒေအသစ်တရပ် ရေးဆွဲရန်၊ ပင်လုံညီလာခံကို အခြေ ခံသော ညီလာခံကြီးတစ်ရပ် ကျင်းပသွားရန်တို့ အပါအဝင် အချက် ၄ ချက်ကို တက်ရောက်လာသော ကိုယ်စား လှယ်များ သဘောတူလိုက်ကြကြောင်း သိရသည်။

Google ဥက္ကဋ္ဌ အဲရစ်ရှမစ်နှင့် မြန်မာနိုင်ငံမှ ICT လူငယ်များတွေ့ဆုံပွဲကို မတ်လ ၂၂ မနက် ၉ နာရီက လှိုင်တက္က သိုလ်နယ်မြေမှာရှိသည့် MICT Park ၌ ကျင်းပပြုလုပ်ရာတွင် အဲရစ်ရှမစ်က မြန်မာနိုင်ငံ၏ တိုးတက် ပြောင်းလဲရေးလမ်း ကြောင်းမှာ နည်းပညာများ၏ အရေးပါမကို ပြောကြားခဲ့ပြီး အစိုးရအနေဖြင့် အင်တာနက်လိုင်းတွေကို ထိန်းချုပ်မှု မပြုလုပ် သင့်ကြောင့်လည်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာ အထောက်အပံ့အဖြစ် ယန်းငွေ ၂ ဘီလီယံ (ဒေါ်လာ ၂၁ သန်း) ကို ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း မတ်လ ၂၂ ရက်နေ့က သိရှိရသည်။ သံအ မတ်ကြီး မီကီအို နုမာတာက နေပြည်တော်တွင် WFP သို့ လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး WFP မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ကားလို့စ်ဗယ်လိုဆိုကလည်း ဂျပန်နိုင်ငံ၏ အဆိုပါ ထောက်ပံ့လှူဒါန်းငွေသည် ပဋိပက္ခဖြစ်ပွားရာ ရခိုင်နှင့် ကချင်ပြည်နယ် ကဲ့သို့သော ဒေသများရှိ ဒုက္ခသည် ၂ သိန်းခွဲ အတွက် ၆ လစာ ရိက္ခာ ဖူလုံစေမည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရှိ ရသည်။

မတ်လ ၂၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည်  ရန်ကုန်မြို့မှ တဆင့် ထားဝယ်မြို့ကို ကိုယ်ပိုင်လေယာဉ်နှင့် ရောက်ရှိလာပြီး တနင်္သာရီတိုင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသို့ သွားရောက် လေ့လာကာ  ရေဖြူ မြို့နယ်ရှိ နဘုလယ် ဒေသတွင် အခြေစိုက်ထားသည့် Italian-Thai Development (ITD) ကုမ္ပဏီရုံးတွင် တစ်ည တည်းခိုသွားသည်ဟု သိရသည်။ ယခုခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသော်လည်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ခရီးသွားလုပ်ငန်းများ နှင့် ဆက်စပ်ပတ်သက်ဖွယ်ရှိနိုင်ကြောင်း သက်ဆင်ရှင်နာဝပ်နှင့် ITD ကုမ္ပဏီမှ တာဝန်ရှိများက ထားဝယ်ရေနက်ဆိပ်ကမ်း အနီးဝန်းကျင်ရှိကျွန်းများကိုလည်း သွားရောက်လေ့လာခဲ့ကြောင်းသိရပါသည်။

မတ်လ ၂၂ ရက် သောကြာနေ့ညနေ ၃ နာရီက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့နယ်အတွင်းရှိ ကရင်နီအမှတ် -၂ ဒုက္ခသည်စခန်း (မယ်ဆူရင်းစခန်း) မီးလောင်ကျွမ်းခဲ့လို့ ဒုက္ခသည် ၃၂ ဦးသေဆုံးခဲ့ကြောင်း၊ မွန်းလွဲပိုင်း ၃နာရီခန့်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးသည် ရပ်ကွက် ၁ နှင့် ရပ်ကွက် ၄ မှ အိမ်ခြေ ၄၂၀ ကျော်ကို ပြာကျသွားစေခဲ့ပြီး ရပ် ကွက် ၂ ခုစလုံးထဲက အိမ်ခြေအားလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့သည့်အတွက် လက်ရှိ ရပ်ကွက် ၁ မှ လူဦးရေ ၁၁၂၃ ဦးနဲ့ ရပ်ကွက် ၄ မှ လူဦးရေ ၁၂၀၇ ဦးအတွက် NGO အဖွဲ့အစည်းများဖြစ်တဲ့ IRC, TBBC, IOM နှင့် ဒေသခံ ထိုင်းအာဏာပိုင် တို့က အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ပေးနေကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်သော NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Japan Platform အဖွဲ့က ကရင်ပြည် နယ်၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းများအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၁၁ သန်း ပေးအပ်ပွဲကို ရန်ကုန်မြို့ ဂျပန်သံရုံးတွင် မတ်လ ၂၅ ရက်နေ့ကကျင်းပခဲ့ကြောင်း သိရပါသည်။

အဆိုပါထောက်ပံ့ကြေးများအား သုံးနှစ်အတွင်းအကောင်အထည်ဖော် အသုံးချဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC) ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်ဟုလည်း သိရပါသည်။

နိဂုံးချုပ်အားဖြင့် ယခုတစ်ပတ်အတွင်း နိုင်ငံရေးသတင်းများမှာ အဓိကရုဏ်းဖြစ်စဉ်သာ အရေးတကြီးဖြစ် နေသော ကြောင့် ကျန်သည့် လုပ်သင့် လုပ်အပ်သော နိုင်ငံတည်ဆောက်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းများအား များစွာ ထိခိုက်စေသည်ကို တွေ့ရှိရကြောင်း တင်ပြလိုက်ရပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment