WEEK IN INTERNATIONAL AFFAIR |
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ သတင်းများ
မတ်လ (၂၁) မှစတင်၍ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အခြေအနေများကို စာဖတ်သူများ သိစေရန် အလို့ငှာ စုစည်းတင်ပြအပ်ပါသည်။
အီတလီနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ
Photo Credit by Yahoo News
မတ်လ (၂၆) ရက်နေ့တွင်အီတလီနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဂျူလီယိတာဇီသည် ရာထူးမှနုတ်ထွက် တော့မည် ဟုကြေညာခဲ့သည်။ ဂျူလီယိတာဇီသည် လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသော အီတလီတပ်ဖွဲ့ဝင် နှစ်ဦးအား အမှုရင် ဆိုင်ရန် အိန္ဒိယနိုင်ငံသို့ မတ်လ (၂၂) ရက်နေ့က အီတလီအစိုးရမှ ပြန်ပို့ရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းအပေါ် ကန့်ကွက်သည့် အနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည် ဟုဆိုသည်။ ယင်းတပ်ဖွဲ့ဝင်နှစ်ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက အိန္ဒိယငါးဖမ်းသမားနှစ်ဦးကို ပစ်သတ်ခဲ့မှုဖြင့် စွဲချက်တင်ထားခံရကြောင်းသိရသည်။
တည်ငြိမ်မှုမရရှိသေးသော ဆီးရီးယား
ပဋိပက္ခများ မကြာခဏဖြစ်ပွားနေသော ဆီးရီးယားအရေးအား မတ်လ ၂၂ ရက်နေ့တွင် ရုရှားသမ္မတ ဗလာဒီ မာပူတင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း တို့ဖုန်းဖြင့်ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။ နိုင်ငံတကာ ကိစ္စရပ်များ အပေါ် နှစ်ဦးနှစ်ဖက်သဘောထားများဖလှယ်ခဲ့ကြပြီး ဆီးရီးယားနိုင်ငံအရေးအား ညှိနှိုင်းဆွေးနွေးမှု များဖြင့် ဖြေရှင်းသင့်သည်ဟု သဘောတူခဲ့ကြသည်။ ၂၀၁၁ မတ်လမှ စတင်ခဲ့သော ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ် အပေါ်ပုန်ကန် ထကြွ မှုကြောင့် လူပေါင်း ၇၀၀၀၀ ခန့်သေဆုံးသွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းပြောဆိုထား သည်။
မတ်လ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သော အာရပ်အဖွဲ့ချုပ်ထိပ်သီးအစည်းအဝေးပွဲတွင်လည်း ဆီးရီးယား အတိုက် အခံခေါင်းဆောင် အာမက်မိုအာ့ဇ်အယ်လ်ခါတစ် တက်ရောက်ခဲ့သည်။ ယင်း အစည်းအဝေးပွဲတွင် အဖွဲ့ဝင်နိုင်ငံ တိုင်းက ဆီးရီးယားနိုင်ငံအား စစ်တပ်အင်အား၊ ကာကွယ်ရေးနည်းမျိုးစုံ အကူအညီပေးနိုင်ရေး၊ ဆီးရီးယားလွတ် မြောက်ရေး တပ်မတော်နှင့် ဆီးရီးယားပြည်သူများ၏ ခုခံတော်လှန်မှုများကို ထောက်ပံ့ပေးရန် အတည်ပြုခဲ့ကြသည်။ သို့သော် လည်း ဆီးရီးယားအရေးအခင်းတွင် အဓိကအားဖြင့် နိုင်ငံရေးအရဖြေရှင်း ဆောင်ရွက်မှုများ ကိုဦးစားပေးသင့်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါသည်။
ဆိုက်ပရက်စ်နိုင်ငံ ဘဏ္ဍာရေးအကျပ်အတည်း၏ နောက်ဆက်တွဲပြဿနာများ
ဆိုက်ပရက်စ် (Cyprus) ကျွန်းနိုင်ငံတွင်ရင်ဆိုင်နေရသော ဘဏ္ဍာရေးအကျပ်အတည်းအတွက် သဘောတူညီမှု တစုံတရာရရှိနိုင်ရန် နောက်ဆုံးကြိုးပမ်းသည့်အနေဖြင့်ဆိုက်ပရက်စ် ခေါင်းဆောင်များသည် နိုင်ငံတကာမှ ငွေချေးမည့် သူများနှင့် အရေးပေါ် ဆွေးနွေးလျက်ရှိသည်။ အကယ်၍ တနင်္လာနေ့တွင် ရလဒ် ကောင်းထွက်မလာခဲ့လျှင် ဆိုက်ပရက်စ် ၏ဘဏ်လုပ်ငန်းများ ပြိုပျက်ကာ၊ နိုင်ငံဟာလည်း ဒေဝါလီခံရတဲ့ အခြေအနေဆိုက်ရောက်သွားနိုင်သည်ဟု သုံးသပ်သူ များကဆိုသည်။ ဥရောပသမဂ္ဂထဲက ယူရိုငွေကြေး သုံးစွဲသော နိုင်ငံအဖြစ်ကနေလည်း ထွက်သွားရနိုင်သည် အလား အလာများကြောင့် ယူရိုငွေ၏ တည်ငြိမ်မှု ကိုလည်း ခြိမ်းခြောက်နေသည်ဟုဆိုသည်။ ဘဏ်အပ်ငွေများအပေါ် အခွန် ကောက်မည့် အစီအစဉ် အား ပါလီမန်က ပယ်ချခဲ့သောကြောင့် မအောင်မြင်ခဲ့သလို၊ ရုရှားကလည်း ဆိုက်ပရက်စ်ကို အကူအညီပေးဖို့ ငြင်းဆန်ခဲ့ကြောင်းသိရသည်။ အရေးပေါ်ငွေချေးမည့်သူများနှင့် သဘောတူထာသည့်အတိုင်း လိုအပ် သော ဆောင်ရွက်မှုများအား ဆိုက်ပရက်စ်က နောက်ဆုံးအချိန်ရောက်မှ ကြိုးစားခဲ့ခြင်းအတွက် ငွေချေးမည့် ဘက်က အယုံအကြည် မရှိသလောက် ဖြစ်နေသည်ဟု ဘရက်ဆဲလ် ဆွေးနွေးပွဲ၌ ပါဝင် ဆွေးနွေးသော နိုင်ငံတကာ ဘဏ္ဍာရေး ဆိုင်ရာသိပ္ပံက Hung Tran က ပြောကြားသွားခဲ့သည်။
တင်းမာမှုများရှိနေဆဲ မြောက်ကိုရီးယားနှင့်တောင်ကိုရီးယား
ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုအရှိန် မြင့်လာသည်နှင့်အမျှ စစ်ပွဲအချိန်မရွေး ပြန်ဖြစ်နိုင်ခြေ ရှိသောကြောင့် ဆက်သွယ်ရေး လမ်းကြောင်းများ မလိုအပ်တော့ဟု မြောက်ကိုရီးယား တာဝန်ရှိသူများက တောင်ကိုရီးယား နိုင်ငံသို့ အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း မြောက်ကိုရီးယားသတင်း အေဂျင်စီဖြစ်သော အစိုးရအာဘော် KCNA က ဗုဒ္ဓဟူး နေ့ မှာပြောကြားခဲ့ပါသည်။ ထိုသို့ နှစ်နိုင်ငံအကြား စစ်မဲ့ဇုံ၏ မြောက်ဘက် Kaesong ပူးတွဲ စက်မှုဇုံမှာရှိသော အရေးပေါ် တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းအား မြောက်ကိုရီးယား ဘက်ကဖြတ်တောက်လိုက်ပြီဆိုသည်ကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက အတည်ပြု ပြောဆိုခဲ့သည်။ ယခင်ကလည်း ယင်းစစ်ဘက်အရေးပေါ် ဆက် သွယ်ရေး လိုင်းများအား မြောက်ကိုရီးယား ဘက်က ဖြတ်ခဲ့ဖူးသော ကြောင့် တောင်ကိုရီးယား အလုပ်သမားများ စက်မှု ဇုံထဲတွင် ပိတ်မိနေခဲ့ဖူးကြောင်း သိရသည်။ ယခုနောက်ဆုံး ဆက်သွယ် ရေး ဖြတ်တောက်မှုကြောင့် စက်မှုဇုံပေါ်မည်ကဲ့ သို့ သက်ရောက်မယ် ဆိုသည်ကို မသိရသေးပေ။ မြောက်ကိုရီးယားက တောင်ကိုရီးယားအပေါ် နေ့စဉ်လို စစ်ရေး အရ ခြိမ်းခြောက် ပြောဆိုမှုများ လုပ်နေချိန်တွင် ယခု အဆက်အသွယ် ဖြတ်သည့်ကိစ္စ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ အမေရိ ကန် နှင့် တောင်ကိုရီးယား နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်ခြင်း၊ နောက်ဆုံး ပြုလုပ်ခဲ့သည့် နျူကလီးယား စမ်းသပ်မှု ကြောင့် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှု ချမှတ်ခဲ့ခြင်းများအပေါ် မြောက်ကိုရီးယားက မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
တရုတ်သမ္မတသစ်၏ ပြည်ပခရီးစဉ်
Photo Credit by Kyodo News
တရုတ်၏ သမ္မတသစ်ဖြစ်သော ရှီကျင်းပင် ၏ပထမဦးဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် မတ်လ (၂၂) ရက်နေ့တွင် မဟာမိတ်ဖြစ်သည့် ရုရှားသမ္မတနိုင်ငံတော်သို့သွားရောက်ခဲ့ပါသည်။ ရင်းနှီးပြီးသား နှစ်နိုင်ငံ ဆက်ဆံရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန် တရုတ်သမ္မတ ရှီကျင်းပင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် နှစ်နိုင်ငံ ကြားစွမ်း အင်နှင့် အခြားသဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြသည်။ ရုရှား နိုင်ငံဟာ ကမ္ဘာတွင် လောင်စာ စွမ်းအင် အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည်လည်း ကမ္ဘာပေါ်တွင် လောင်စာစွမ်းအင်ကို အများဆုံး ဝယ်ယူအသုံးပြုနေသည့် နိုင်ငံတစ်ခုဖြစ်ပါသည်။
ဗဟိုအာဖရိကနိုင်ငံရှိ အရေးအခင်း
မတ်လ ၂၄ ရက်နေ့၌ အစိုးရတပ်ဖွဲ့ဝင်များနှင့် သူပုန်များအကြားပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွား ပြီးနောက် ဗဟိုအာဖရိက၏မြို့တော် Bangui အားသူပုန်များက သိမ်းပိုက်ခဲ့ကြောင်းသိရသည်။ မြို့တော် သိမ်းပိုက်ခံရပြီးနောက် သမ္မတဖရန့်ဆွာဘိုဇစ်ဇီ သည်ရဟတ်ယာဉ်ဖြင့် ကင်မရွန်းသို့ ထွက်ပြေးခဲ့သည်။ ဘိုဇစ်ဇီ ၏ မိသားစုဝင် ၂၅ ဦးသည် ကွန်ဂိုသမ္မတနိုင်ငံရှိ ဇွန်ဂိုမြို့သို့ ထွက်ပြေးကာ ခိုလှုံခွင့်တောင်းခံ၍ ယင်းမှတဆင့် အခြားနိုင်ငံ တစ်နိုင်ငံသို့ ရွှေ့ပြောင်း နေထိုင်ဖွယ်ရှိသည် ဟူ၍လည်း သတင်းများကဖော်ပြခဲ့ကြသည်။ ဗဟိုအာဖရိကနိုင်ငံ၏ မြို့တော်ကို သိမ်းပိုက်ခဲ့သည့် ဆီလီကာသူပုန်ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် မိုက်ကယ်ဒီဂျိုတိုဒီယာ သည်အများလက်ခံပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲများမကျင်းပမီ အပြောင်းအလဲကာလ၌ နိုင်ငံအားယင်းတို့ ဦးဆောင်မည်ဟု ပြောကြားခဲ့သည်။ ထို့နောက် တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုရပ်ဆိုင်းပြီး လွှတ်တော်အားဖျက်သိမ်းကြောင်းကြေညာခဲ့သည်။ လာမည့်နှစ် ရွေး ကောက်ပွဲ မတိုင်မီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်အတွက် အစိုးရနှင့်သူပုန်များအကြား ငြိမ်းချမ်းရေး သဘော တူညီမှုကို ဇန်နဝါရီလ တွင်ရရှိခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေး အပါအဝင် သူပုန်များက ၎င်းတို့၏ တောင်းဆိုချက်များအား ထုတ်ဖော်ပြောဆိုပြီးနောက် ယင်းသဘောတူညီမှုပျက်ပြား ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံတစ်ခုဖြစ်သော ဗဟိုအာဖရိကနိုင်ငံသည် ၁၉၆၀ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံ ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီး ကတည်းက မတည်ငြိမ်မှုများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သြစတြေးလျနိုင်ငံ၏ ဝန်ကြီးများ အပြောင်းအလဲ
စက်တင်ဘာလရွေးကောက်ပွဲတွင် လေဘာပါတီ ရှုံးနိမ့်မှုကို ကာကွယ်ရန်၊ ယခင် ခေါင်းဆောင်ဟောင်း ကီဗင်ရုဒ် အားထောက်ခံသည့်အနေဖြင့် လူ့စွမ်းအားဝန်ကြီး မာတင်ဖာဂူဆန်၊ ပညာရေးဝန်ကြီး ခရစ်ဘိုဝင် နှင့် ဝန်ဆောင် မှုရေးရာဝန်ကြီး ကင်မ်ကားတို့သည် မစ္စဂေးလော့ဒ်၏ အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်းသိရသည်။ ထို့ပြင် လေဘာတီ ပါတီ၏ ဝါရင့်အမတ်ဖြစ်သူ အနုပညာရေးရာဝန်ကြီး ဆိုင်မွန်ခရင်း သည်လည်း ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂေးလော့ဒ်သည် လာမည့် စက်တင်ဘာ ၁၄ ရက်နေ့ ရွေးကောက်ပွဲအတွက် ပြင်ဆင် ထားပြီး ရွေးကောက်ပွဲမဲဆွယ်ရေးအဖွဲ့တွင် ကီဗင်ရုဒ်ကိုလည်း ထည့်သွင်းသွား မည်ဖြစ်သည်။ ထို့ပြင် ဝန်ကြီးချုပ်သည် အစိုးရဖွဲ့အတွင်း ဝန်ကြီးနေရာများ လစ်ဟာခြင်းကို မကြာမီရက်ပိုင်း အတွင်းဖြည့်ဆည်းသွားမည်ဟု အတည်ပြု ပြောကြားခဲ့သည်။