Transparency Myanmar

transparency.myanmar@gmail.com

WEEK IN ECONOMIC
Document WEEK IN ECONOMIC

Snapshot of the item below:
WEEK IN ECONOMIC

တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးသတင်းဖြစ်စဉ်

သတင်းအဖွဲ့

တစ်ပတ်အတွင်း စီးပွားရေးသတင်းများကို ပြည်သူများ သိစေရန်အလို့ငှာ Yangon Chronicle မှ ဖော်ပြလိုက်ပါသည်။

(၁) တိုးတက်လာသော ရင်းနှီးမြုပ်နှံမှု

ပြည်ပရင်းနှီးမြုပ်နှံမှုမှာ ယခင် ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ်ထက် ယခုဘဏ္ဍာနှစ် ၂၀၁၂ - ၂၀၁၃ တွင် သုံးဆတိုးတက် လာခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ သိရှိရသည်။ ယခုနှစ် ကဏ္ဍမျိုးစုံတွင် ရင်းနှီး မြုပ်နှံမှု အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ( သန်းတစ်ထောင့် တစ်ရာကျော်) ရှိခဲ့ပြီး ယခင်နှစ်က ကဏ္ဍစုံအတွက် ပြည်ပ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်းသုံးရာ ကျော်သာရှိခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံ ထားသည့် နိုင်ငံများအနက် တရုတ်နိုင်ငံမှာ အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံကျော် ဖြင့်အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံမှာ အမေရိကန် ဒေါ်လာ ကိုးဘီလီယံ၊ စင်ကာပူနိုင်ငံ မှာ နှစ်ဘီလီယံရှိကာ မြန်မာနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှုပမာဏ မှာ ကန်ဒေါ်လာ ၄၂ ဘီလီယံ ကျော်ရှိ ကြောင်း သိရှိရသည်။

ရေနံနှင့်သဘာဝဓါတ်ငွေ့

ယခုနှစ်ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့တင်ပို့မှုမှရရှိသော ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော် အထိမြှင့်တက်လာခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကြေညာချက် ထုတ် ပြန်ခဲ့သည်။

ဗြိတိန်နိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် အမေရိကန်ဒေါ်လာသန်း ၂၀၀ ခန့် ထပ်မံရင်းနှီး မြုပ်နှံ ခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရသစ်လက်လက်တွင် ဗြိတိန်နိုင်ငံအနေဖြင့် ယခုရင်းနှီး မြုပ်နှံသည့် ပမာဏ အပါအဝင် အမေရိကန် ဒေါ်လာသန်း ၃၃၀ ကျော်ခန့် ရင်းနှီးမြုပ်နှံ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေး

အမေရိကန်နှင့် အီးယူနိုင်ငံအချို့မှာ မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်း၌ ပထမဦးဆုံးအကြိမ်အဖြစ် ဝင်ရောက် ရင်းနှီး မြုပ်နှံရန် ပြင်ဆင်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှုဆိုင်ရာ ညွှန်ကြား ရေးမှူး ဦးလှိုင်ဦး ကပြောကြားခဲ့သည်။ ယခုနှစ်များအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှု မှာ စံချိန်တင်မြှင့်တက်လာမှုနှင့် အမေရိကန်နှင့် အီးယူနိုင်ငံ များဖြစ်သော ဂျာမနီနှင့် ဆွစ်ဇာလန်တို့မှဟိုတယ် များ တည်ဆောက်ရန် သက်ဆိုင်ရာဌာနများ နှင့်လာရောက် ညှိနှိုင်းဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတ္တုတူးဖော်ရေး

ပိုလန်နိုင်ငံအခြေစိုက် 3 Mining ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးကဏ္ဍတွင် ပြည်တွင်း ကုမ္ပဏီတစ်ခု ဖြစ်သော မြန်မာရွှေ ဖွံဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ရန်အတွက် လာရောက် ဆွေးနွေးလျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ 3 Mining ကုမ္ပဏီသည် မြန်မာရွှေဖွံဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီနှင့် နှစ်ကြိမ်တိုင်လာ ရောက်ဆွေးနွေးခဲ့ပြီး သတ္တုလုပ်ငန်းတစ်မျိုးတည်းကိုသာ လုပ်ကိုင်ရန် စိတ်ဝင်စား ကြောင်း သိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများ

အင်ဒိုနီးရှားနိုင်ငံမှ ရွှေနှင့်သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သော အနီကာတမ်ဘန်းသည် မြန်မာ နိုင်ငံတွင် လုပ်ငန်းများလာရောက်ဆောင်ရွက်ရန် စိတ်ဝင်စားလျှက်ရှိပြီး မြန်မာအစိုးရ၏ ခွင့်ပြုချက်ကို စောင့်မျှော်နေကြောင်းသိရသည်။ အဆိုပါ ကုမ္ပဏီသည် အင်ဒိုနီးရှားအစိုးရပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုနှစ် အတွင်း မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရရှိသည်နှင့် အင်ဒိုနီးရှားကုမ္ပဏီအများအပြားမှာ လာရောက် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားနေကြောင်း အနီကာကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ အယ်လ် ဝင်ဆယာ လူဘစ် ကပြော ကြားခဲ့သည်။

ထို့အပြင် အင်ဒိုနီးရှားဘိလပ်မြေကုမ္ပဏီတစ်ခုဖြစ်သော ဆီမန်ကုမ္ပဏီမှ တစ်နှစ်တန်ချိန် တစ်သန်း ထုတ်လုပ် နိုင်သော စက်ရုံတစ်ရုံကိုတည်ဆောက်ရန်အတွက် ဒေါ်လာသန်း ၇၀ ခန့် စိုက်ထုတ်အကုန်အကျခံ ကာ မိတ်ဖက်အဖွဲ့ အစည်းတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်း၏ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကိုသာ ထိန်းချုပ် သွားမည် ဖြစ်ကြောင်း ဆီမန်ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဒွိဆိုအတ်ဂျစ်တို ကပြောကြား ခဲ့သည်။

အင်ဒိုနီးရှားအစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် ဘူကစ်အာဆန် ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံ တွင်အကြီးဆုံးဖြစ်လာနိုင်မည့် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတစ်ရုံကို တည်ဆောက်ရန်စီစဉ် နေပြီး ယင်းစက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ အထိအသုံးပြုရန်ရည်မှန်းထားကြောင်း အဆိုပါကုမ္ပဏီ၏ အတွင်းရေးမှူးဖြစ်သူ ဂျိုကိုပရာမိုနို က ပြောကြားခဲ့သည်။ အဆိုပ်စွမ်းအင်စီမံကိန်းမှာ မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

(၂) ဘဏ္ဍာရေးကဏ္ဍ

မြန်မာကျပ်ငွေနှင့်လဲလှယ်ရန် နိုင်ငံခြားငွေကြေး ၂ ခုထပ်မံခွင့်ပြု

မြန်မာနိုင်ငံသို့ လာရောက်ကြသော ခရီးသည်များအတွက် မြန်မာကျပ်ငွေနှင့်လဲလှယ်သုံးစွဲနိုင်ရန် နောက်ထပ် နိုင်ငံခြားငွေကြေးနှစ်မျိုး ဖြစ်သည့် တရုတ်ယွမ်ငွေနှင့် ထိုင်းဘတ်ငွေတို့ကို ထပ်မံခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်မြန်မာနိုင်ငံ၏ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဘဏ်များ၌ ကျပ်ငွေနှင့် တရားဝင်လဲလှယ်ခွင့် ရှိသော ငွေကြေးများမှာ ယူရို၊ အမေရိကန်ဒေါ်လာနှင့် စင်္ကာပူဒေါ်လာတို့ဖြစ်ကြောင်း သိရသည်။

ချေးငွေလုပ်ငန်း

ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် အေစီလီဒါဘဏ် အီအယ်လ်စီ၏ လုပ်ငန်းခွဲကုမ္ပဏီတစ်ခုဖြစ်သည့် အေစီလီဒါ အမ်အက်ဖ်အိုင် မြန်မာကုမ္ပဏီလိမိတက်ရုံးချုပ်ကို မတ်လ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသေးစား ချေးငွေထုတ် ပေးခြင်းနှင့် အပ်ငွေလက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ ကုမ္ပဏီ၏ အနည်းဆုံးချေးငွေပမာဏမှာ ကျပ်တစ်သိန်းဖြစ်ပြီး ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ် ၁၅ မြို့နယ်တွင် ချေးငွေ လုပ်ငန်းများကို လုပ်ကိုင်သွားမည်ကြောင်း သိရသည်။

(၃) ကုန်သွယ်ရေးကဏ္ဍ

မြန်မာ - ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံနယ်စပ်ရှိ လမ်းဖောက်လုပ်ရေးပြီးစီးပါက ရန်ကုန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့် သွားနိုင်ရန်စဉ်းစားနေကြောင်း ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဘတ်အာမက် ကပြောကြားခဲ့သည်။ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးကို လွန်ခဲ့သည့်နှစ် နှောင်းပိုင်းက ဖွဲ့စည်းခဲ့သော နှစ်နိုင်ငံပူးတွဲကုန်သွယ်မှုကော်မရှင်မှ ချမှတ် ထားသည့် မူဘောင်များအရ သက်ဆိုင်ရာ နိုင်ငံများမှ အရာရှိများက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှု အား ဒေါ်လာသန်း ၁၀၀ ဝန်းကျင်မှ သန်း ၅၀၀ အထိနှစ်စဉ် တိုးမြှင့်သွားရန် ပြီးခဲ့သည်နှစ်က မူများအရ သဘောတူညီထား ကြောင်း သိရှိရသည်။

မြန်မာ - သြစတေးလျ

မြန်မာနိုင်ငံရှိ စီးပွားရေး ကဏ္ဍစုံတွင် သြစတြေးလျ စီးပွားရေး လုပ်ငန်းရှင်များက ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်လို ကြောင်း သမ္မတ ဦးသိန်းစိန်နှင့် မတ်လ ၁၉ ရက်နေ့က တွေ့ဆုံစဉ် သြစတြေးလျ ကုန်သွယ်ရေး ကော်မရှင်အဖွဲ့က ပြောဆို လိုက်ကြောင်း သိရသည်။ အဆိုပါ ကော်မရှင်၏  အမှုဆောင် အရာရှိချုပ်က ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံတွင် သဘာဝ သယံ ဇာတများ အသုံးပြုခြင်း၊ အခြေခံ အဆောက် အအုံများ ဆောက်လုပ်ခြင်း၊ စိုက်ပျိုးရေးအခြေခံ စီးပွားရေး လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်း နှင့် ပညာရေး ကျန်းမာရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ပြောဆိုခဲ့ပြီး မြန်မာ- သြစတြေးလျ နှစ်နိုင်ငံ ကုန်သွယ်မှုက ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ် အတွင်း မတ်လ ၁၈ ရက်နေ့အထိ သွင်းကုန် အမေရိကန် ဒေါ်လာ ဝ.၈သန်း၊ ပို့ကုန်က ဒေါ်လာ ၅.၂၃၄ သန်း။ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၆.၀၃၄ သန်း ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

မြန်မာ - ထိုင်း

ပို့ကုန်သွင်းကုန်ဆိုင်ရာ ပိတ်ပင်တားဆီးမှုများကို မြန်မာနိုင်ငံဘက်မှ ရုပ်သိမ်းပေးလိုက်သည့်အတွက် မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့အကြား နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် ယခုနှစ်တွင် ဘတ်ငွေ ဘီလျံ ၁၀၀ ကျော် လွန်မည်ဟု မျှော်မှန်းထားကြောင်း ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆူရီယာပရာ ဆက်ဘန်ဒစ် ကပြောကြား ခဲ့သည်။ မြန်မာနိုင်ငံက ထိုင်းနိုင်ငံမှ သွင်းကုန် ၁၆၆ မျိုးအား ပိတ်ထားမှဖြေလျှော့ပေးသကဲ့သို့ ထိုင်းနိုင်ငံသို့ တင်ပို့မည့် ကုန်ပစ္စည်း ၁၅၃ မျိုးကိုလည်း ဖြေလျှော့ပေးခဲ့သောကြောင့် ယခုနှစ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု သည် ဘတ်ငွေ ဘီလျံ ၁၀၀ ကျော် သို့ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

 

 


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment