Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ဝ တပ်ဖွဲ့များနောက်ကွယ်တွင် တရုတ်အစိုးရရှိနေ

(Vancouver Sun မှ 2 May 2013 ရက်စွဲပါ China gets behind Burmese rebels’ fight ကိုဘာသာပြန်ဆိုသည်)

  1. သမ္မတဦးသိန်းစိန် မှတ်တိုင်ဖြစ်မည့် ဝါရှင်တန်ခရီးစဉ်ကို စီစဉ်ဟုဆို

(3 May 2013 ရက်စွဲပါ AFP မှ Shaun Tandon ရေးသားသော Myanmar Leader plans landmark Washington visit: Source ကိုဘာသာပြန်ဆိုပါသည်)

  1. အမေရိကန်က မြန်မာနိုင်ငံသားများအပေါ် ဗီဇာကန့်သတ်ချက်ပယ်ဖျက်

(3 May 2013 ရက်စွဲပါ Business Standard မှ US Lifts Visa ban on Myanmar, national emergency continue ကို ဘာသာပြန်ဆိုပါသည်)


ဝ တပ်ဖွဲ့များနောက်ကွယ်တွင် တရုတ်အစိုးရရှိနေ

(Vancouver Sun မှ 2 May 2013 ရက်စွဲပါ China gets behind Burmese rebels’ fight ကိုဘာသာပြန်ဆိုသည်)

Photo Credit By Online

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ခွဲထွက်ရေးသူပုန်အုပ်စုအား ဒုံးကျည်လက်နက် တပ်ဆင် ထားသော စစ်ရဟတ်ယာဉ်များ ထောက်ပံ့ပေးပို့ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အဆိုပါ သတင်းအစီရင်ခံစာ တစ်ရပ်ကို ဗြိတိန်အခြေစိုက် ထောက်လှမ်းရေးအဖွဲ့ဖြစ်သော Jane’s Information Group ကတင်ပြခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှဒေသမှ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များက အတည်ပြုပေးခဲ့ သည်။ ယင်းသတင်းရင်းမြစ်များအဆိုအရ တရုတ်နိုင်ငံသည် Mil Mi-17 Hip အမျိုးအစား ရဟတ်ယာဉ် ၅ စင်းကို ဖေဖော်ဝါရီ လအတွင်း ညီညွတ်သော ဝ တပ်မတော်(UWSA) ထံသို့ပေးပို့ခဲ့သည်။

ထိုသို့ စစ်ရဟတ်ယာဉ် ထောက်ပံ့သည်ဟူသော သတင်းပေးပို့ချက်များမှာ မြန်မာအစိုးရစစ်တပ်က UWSA နှင့် ထိပ်တိုက်တွေ့ရန် ပြင်ဆင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ UWSA သည် တရုတ်နယ်စပ်ဒေသနှင့် ထိစပ်နေသော ၎င်းတို့၏နယ်မြေကို ကာကွယ်နေသည့် လက်နက်ကိုင် သူပုန်အုပ်စုဖြစ်ပြီး တပ်သားအင်အား ၃၀၀၀၀ ခန့်နှင့် လက်နက် အပြည့်အစုံရှိသည့် တိုက်ခိုက်ရေးသမားများလည်းရှိသည်။

မြန်မာအစိုးရသည် ကချင်နှင့် ရှမ်းအပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ပုန်ကန်ထကြွမှုများကို လျော့ကျစေရေး အတွက် စည်းရုံးဆော်သြမှုများကို လတ်တလော ကာလများအတွင်း အရှိန်မြှင့်တင် လုပ်ကိုင်လျက်ရှိသည်။

မြန်မာစစ်တပ်သည်လည်း Mi-24P Hind အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်များကို ရုရှားနိုင်ငံမှ ဝယ်ယူ ထားသည်။

TY-90 ဝေဟင်ချင်းပစ်ဒုံးကျည်များ တပ်ဆင်ထားသည့် Mi-17 အမျိုးအစား ရဟတ်ယာဉ်များ အသုံးပြုမှုကြောင့် ဝ တပ်ဖွဲ့အနေဖြင့် အစိုးရစစ်တပ်၏ ရဟတ်ယာဉ်များကို ကောင်းစွာအဟန့်အတား ပြုလုပ်နိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာကွန်မြူနစ်ပါတီဝင်များနှင့် ပြန်လည်ဖွဲ့စည်းထားသည့် ဝ တပ်ဖွဲ့ကိုအခိုင်အမာ ထောက်ပံ့ မှုပေးခဲ့သောနိုင်ငံဖြစ်ပြီး ဝတပ်ဖွဲ့သည် တရုတ်နှင့်မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသနှစ်ဖက်စလုံးတွင် ခြေကုပ်ယူလှုပ်ရှားနေ သော လက်နက်ကိုင်အဖွဲ့လည်းဖြစ်သည်။

ထိုသို့ ဝ တပ်ဖွဲ့အား လက်နက်အမြောက်အမြားအပါအဝင် ကြီးမားသောထောက်ပံ့မှုများ ပေးနေခြင်းသည် အခြားသော နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုရေးဟူသည့် တရုတ်ပြည်၏ မူဝါဒနှင့် လုံးလုံးလျားလျား ဆန့်ကျင်လျက်ရှိသည်။

ထို့ပြင် ထိုသို့လုပ်ဆောင်နေခြင်းသည် တိဘက်နှင့် ဇီဂျန်းပြည်နယ်မှ ခွဲထွက်ရေးသမားများကို ပြည်ပအထောက်အပံ့ များမရယူနိုင်အောင် ဟန့်တားနေသည့် ဘေဂျင်းအစိုးရအတွက် သိသာသော ဂယက်ရိုက်ခတ်မှုများဖြစ်စေသည်။

ဝ တပ်ဖွဲ့များကို ရဟတ်ယာဉ်များပေးပို့ ထောက်ပံ့ရာတွင် လာအိုနိုင်ငံဘက်မှတစ်ဆင့် ပုံဖျက်၍ပေးပို့ခဲ့ခြင်းဖြစ် သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။ ထို့ပြင် အခြားသောသတင်းရင်းမြစ်များအဆိုအရ အဆိုပါ လမ်းကြောင်း မှပင် ပမာဏများပြားသော စစ်လက်နက်များနှင့် စစ်သုံးယာဉ်များကို ယမန်နှစ်အတွင်းပေးပို့ခဲ့သည်ဟု သိရသည်။

ဝ တပ်ဖွဲ့ဝင်များကို ထောက်ပံ့သည်မှာ မြန်မာအစိုးရနှင့် အရေးကြီးသော စီးပွားရေးချိတ်ဆက်မှုများ တည်ထောင် ထားသည့် တရုတ်အစိုးရအတွက် လှည့်ကွက်များသော မူဝါဒတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ပမာဏများပြားသော သဘာဝသယံဇာတများ ဝယ်ယူလျက်ရှိပြီး မြန်မာသည် တရုတ်အတွက် အရည်အသွေးနိမ့်ကျသော ထုတ်ကုန်ပစ္စည်းများ တင်ပို့ရာဈေးကွက်ကြီး တစ်ခုလည်းဖြစ်သည်။  ထို့ပြင် တရုတ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်ဒေသမှ တရုတ်အနောက်ပိုင်း ယူနန်ပြည်နယ်ထဲသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ တင်ပို့နိုင်ရန် ပိုက်လိုင်းစီမံကိန်းကြီးတစ်ခုကိုလည်း တည်ဆောက်လျက်ရှိသည်။

မြန်မာနိုင်ငံကချင်ပြည်နယ်တွင်း ကေအိုင်အေတပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့ဝင်များအကြား လတ်တလောကာလများ အတွင်း တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်ထောင်ပေါင်းများစွာ တရုတ်ပြည်ထဲသို့ ဝင်ရောက်ခိုလှုံသွားကြရာ တရုတ်အစိုးရမှာ များစွာထိတ်လန့်သွားခဲ့သည်။ အဆိုပါ ဒေသတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပေါ်မှုက တရုတ်ပြည်၏ ပိုက်လိုင်းစီမံကိန်းကြီး ကို ခြိမ်းခြောက်လာနိုင်ဖြစ်ရာ တရုတ်အနေဖြင့် ဝ တပ်ဖွဲ့ကို လက်နက်ထောက်ပံ့ပေးပြီး ယင်းတပ်ဖွဲ့နှင့် မြန်မာအစိုးရအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရန် မျှော်လင့်ထားပုံရသည်။

မည်သို့ပင်ဆိုစေကာမူ တရုတ်နှင့် ဝ တပ်ဖွဲ့အကြား သမိုင်းကြောင်းအရခိုင်မာပြီး သံယောဇဉ် ကြီးမားသော ဆက်ဆံရေးရှိနေခြင်းမှာ နယ်စပ်ဒေသမှ တိုင်းရင်းသားချင်း ချိတ်ဆက်မှုနှင့် မြန်မာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်အစိုးရ ၏ ခိုင်မာသော ထောက်ပံ့မှုတို့ကြောင့်ဖြစ်သည်။

ဝ တပ်ဖွဲ့ကို စစ်ရေးအရထောက်ပံ့မှုများ ပြုလုပ်နေသည့်ကိစ္စတွင် ဘေဂျင်းဗဟိုအစိုးရ ပါဝင်ပတ်သက်မှုမရှိဘဲ တရုတ်အနောက်ပိုင်းဒေသမှ ပြည်နယ်အဆင့် အစိုးရအဖွဲ့များက စီစဉ်လုပ်ဆောင်နေခြင်းလည်း ဖြစ်ဟန်ရှိပါသည်။


သမ္မတဦးသိန်းစိန် မှတ်တိုင်ဖြစ်မည့် ဝါရှင်တန်ခရီးစဉ်ကို စီစဉ်ဟုဆို

(3 May 2013 ရက်စွဲပါ AFP မှ Shaun Tandon ရေးသားသော Myanmar Leader plans landmark Washington visit: Source ကိုဘာသာပြန်ဆိုပါသည်)

Photo Credit By AFP

မြန်မာနိုင်ငံသမ္မတသည် မှတ်တိုင်ထူမည့် ဝါရှင်တန်သို့ ယခုလ သွားရောက်လည်ပတ်မည့် ခရီးစဉ်ကိုစီစဉ်လျက် ရှိကြောင်း သတင်းတစ်ရပ်က ကြာသပတေးနေ့က ပြောပါသည်။ မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုရှိသော်လည်း အမေရိကန် ပြည်ထောင်စုသည် ဗီဇာကန့်သတ်ချက်များ လျှော့ချခြင်းဖြင့် ထောက်ခံမှုလက္ခဏာကို ပြသခဲ့ပါသည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန်မြို့တော်ကို မေလ(၂၀)သို့မဟုတ်(၂၁)ဝန်းကျင်တွင် လာရောက်ရန်စီစဉ်နေရာ ရာစုနှစ်တစ်ဝက်ခန့်အတွင်း အမေရိကန်သို့လည်ပတ်သော ပထမဆုံးမြန်မာခေါင်းဆောင် ဖြစ်လာမည်ဖြစ်ပါကြောင်း အမည် မဖော်လိုသူ ကွန်ဂရက်မှအဖွဲ့ဝင် အရာရှိတစ်ဦးက AFP သို့ပြောကြားခဲ့ပါသည်။

အဆိုပါခရီးစဉ်တွင် အိမ်ဖြူတော်၌သမ္မတ Barack Obama နှင့်ဆွေးနွေးမှုလည်း ပါဝင်မည်ဖြစ်ပါသည်။ အစိုးရ တာဝန်ရှိသူများက မည်သည့်ကြေညာချက်မျှ ပြုလုပ်ရန်မရှိကြောင်းပြောခဲ့ပါသည်။ သို့သော် ယခင်ကဦးသိန်းစိန် လာရောက် လည်ပတ်ရေးအတွက် လေ့လာလျက်ရှိကြောင်း ဆိုခဲ့ပါသည်။

နွေးထွေးသော ဆက်ဆံရေး၏ နောက်ထပ် ခြေလှမ်းတစ်ခုအဖြစ် နိုင်ငံခြားရေးဝန်ကြီး John Kerry သည် ကြာသပတေးနေ့က စစ်အုပ်ချုပ်ရေးကာလအတွင်း ဒီမိုကရေစီကို နှောင့်နှေးကြန့်ကြာစေကြောင်း စွပ်စွဲမှုဖြင့် ၁၉၉၆ခုနှစ်က ဗီဇာပိတ်ပင်ထားသော မြန်မာနိုင်ငံသားများအား ကန့်သတ်ချက်ကို ရုပ်သိမ်းပေးခဲ့ပါသည်။

လူ့အခွင့်အရေး ကျူးလွန်ဖောက်ဖျက်ကြောင်း စွပ်စွဲခံရသူများအပေါ် သီးခြားကန့်သတ်ချက်ဖြင့် ဗီဇာပိတ်ပင်ခံထား ရသူများမှာမူ ဆက်လက်ကျန်ရှိမည် ဖြစ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် ၁၉၉၆ ခုနှစ်က ပိတ်ပင်ထားမှုများမှာ အစိုးရလုပ်သားများ၊ အရာရှိများ အချို့ပင်စင်စားများ အထိကျယ်ပြန့်စွာ ပါဝင်သည်ဟု ဆိုပါ သည်။

အဆိုပါ အမျိုးအစားများတွင် ပါဝင်သူအတော်များများသည် ယခုအခါ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်နေရာ အမေရိကန်ပြည်ထောင်စုသို့ လာရောက်ပြီး ဆက်ဆံရေးတိုးမြှင့်ရန် လိုအပ်မည်ဖြစ်ကြောင်း အမည် မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။

အမေရိကန်၏ဆုံးဖြတ်မှုများသည် မြန်မာအစိုးရလုပ်ဆောင်ခဲ့သော အရေးကြီးသော ပြောင်းလဲမှုများကို အသိ အမှတ်ပြုပြီး၊ မြန်မာအစိုးရနှင့်ပြည်သူများကို နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနိုင်ရေးအားပေးကာ စွမ်းအားမြှင့်တင်ပေးပါသည်ဟု ၎င်းကပြောပါသည်။

ကွန်ဂရက်မှ သတင်းရင်းမြစ်တစ်ခုအဆိုအရ ဦးသိန်းစိန်၏ခရီးစဉ်အတွင်း နောက်ထပ်ခြေလှမ်း လှမ်းနိုင်ရန် စဉ်းစား နေကြောင်း၊ Burma မှ မြန်မာဟု ပြောင်းလဲခေါ်ဝေါ်ရန် ကိစ္စမျိုးဖြစ်ကြောင်း သိရပါသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအား GSP (Generalized System of Preterences)အစီအစဉ်တွင် ပါဝင်ခွင့်ရရေး စဉ်းစားလျက်ရှိပါသည်။ အဆိုပါအစီအစဉ်အရ မြန်မာနိုင်ငံမှ ထုတ်ကုန် (၅၀၀၀) ခန့်အထိ အခွန်ကင်းလွတ်ခွင့် ရနိုင်မည်ဖြစ်ပါသည်။

Obama သည် နိုဝင်ဘာလက မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အသွင်ကူပြောင်းရေးအတွက် ချီးကျူး ခဲ့ပါသည်။ သို့သော်ပြုပြင်ပြောင်းလဲမှုများ အထူးသဖြင့် တိုင်းရင်းသားများအပေါ် ဆောင်ရွက်မှုများအတွက်တိုးတက်မှုရှိစေရန် တောင်းဆိုခဲ့ပါသည်။

သို့သော် ဦးသိန်းစိန်၏ယခုခရီးစဉ်မှာမူ ရိုဟင်ဂျာများအပေါ် ပြင်းထန်စွာလုပ်ဆောင်မှုများ ပေါ်ပေါက်နေခြင်းကြောင့် အငြင်းပွားဖွယ်များရှိနိုင်သည်ဟု မျှော်လင့်ရပါသည်။ ရိုဟင်ဂျာများမှာ မွတ်ဆလင်များဖြစ်ပြီး မြန်မာနိုင်ငံသားဟု ထည့်သွင်း စဉ်းစားခြင်း မခံရသူများ ဖြစ်ပါသည်။

မကြာသေးမီက Human Rights Watch မှ လေ့လာမှုတစ်ခုတွင် မြန်မာနိုင်ငံအား ရိုဟင်ဂျာများအပေါ် အပြတ်ရှင်း ရေး စီမံချက်များ လုပ်ဆောင်နေသည်ဟု စွပ်စွဲထားပါသည်။

ဝါရှင်တန်အခြေစိုက် US Campaign Quigley က Obama အစိုးရသည် အပေါင်းလက္ခဏာဆောင်သော ဖွံ့ဖြိုး တိုးတက်မှုများအပေါ်တွင်သာ တုန့်ပြန်ပြီး ပြဿနာများကို လစ်လျူရှုထားကြောင်း စွပ်စွဲခဲ့ပါသည်။

“ဒီလိုအခြေအနေမျိုးမှာ သူ့ကိုဖိတ်တာဟာ အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးအတွက် အင်အားတစ်ရပ်ပေး ပါတယ်။ ပြင်းထန်သော ဖြစ်ရပ်တွေကိုထိန်းချုပ်ဖို့ မြန်မာအစိုးရလုပ်ဆောင်ရေးကို အမေရိကန်က ဘာမျှမလှုပ်ခဲ့ပါဘူး”ဟု Jennifer က ပြောပါသည်။

ဦးသိန်းစိန်၏ ယခုဝါရှင်တန် ခရီးစဉ်သည် ၁၉၆၆ ခုနှစ် သမ္မတ Lyndon Johnson က စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းအား ဖိတ်ကြားပြီးနောက် ယခု ပထမဆုံးဖြစ်ပါသည်။ ဦးသိန်းစိန်သည် ယခင်က ကုလသမဂ္ဂအထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်သို့ လာရောက် ခဲ့ဘူးသော်လည်း၊ နယူးယောက်တွင်သာ တွေ့ဆုံမှုများရှိခဲ့ပါသည်။


အမေရိကန်က မြန်မာနိုင်ငံသားများအပေါ် ဗီဇာကန့်သတ်ချက်ပယ်ဖျက်

(3 May 2013 ရက်စွဲပါ Business Standard မှ US Lifts Visa ban on Myanmar, national emergency continue ကို ဘာသာပြန်ဆိုပါသည်)

အစိုးရ၏ ဆုံးဖြတ်ချက်များသည်စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၏ အစိတ်အပိုင်းဖြစ်သည်ဟု စဉ်းစား လျက် အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ဗီဇာကန့်သတ်မှု ပြုလုပ်ထားခြင်းများကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပါ သည်။ သို့သော် မြန်မာနိုင်ငံအပေါ် နိုင်ငံအဆင့်အရေးပေါ်(National Emergency)သတ်မှတ်ထားခြင်းကို တစ်နှစ်ဆက်လက် ထားရှိဦးမည် ဖြစ်ပါသည်။

“ဒီခြေလှမ်းတွေဟာ မြန်မာအစိုးရကလုပ်ဆောင်ခဲ့တဲ့ အရေးကြီးတဲ့ပြောင်းလဲမှုတွေအပေါ် မှန်ကန်ကြောင်း လက်ခံ လိုက်တဲ့သဘောပါပဲ၊ အစိုးရနဲ့ ပြည်သူတွေအပေါ်မှာလည်း နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို ဆက်လျှောက်ဖို့အားပေးပြီး၊ ပါဝါတွေတိုးစေပါတယ်”ဟု ဗီဇာကိစ္စနှင့် ပတ်သက်ပြီး သမ္မတ Obama က အမိန့်ထုတ်ပြန်ပြီး နောက် အကြီးတန်းအုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောပါ သည်။

အမေရိကန်ကမူ မြန်မာနိုင်ငံကို ယခင်အမည် Burma ဟုသာ ရည်ညွှန်းပါသည်။

Obama က ကွန်ဂရက်သို့ပေးပို့သော စာတွင်ဖော်ပြထားရာ၌ မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသားများ လွှတ် ပေးခြင်း၊ လက်နက်ကိုင်(၁၁)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ အောင်မြင်မှုရခြင်း၊ သတင်းစာဆင်ဆာများ ဖယ်ရှားရေးအတွက် ခြေလှမ်းများလှမ်းလျက်ရှိခြင်းနှင့် နိုင်ငံရေးစံနစ်တွင် အတိုက်အခံပါတီများ ပါဝင်ခွင့်ရလာခြင်းအပါအဝင် အရေးကြီးသော တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုပါသည်။

သို့သော် Obama က မြန်မာနိုင်ငံ၏ အခြေအနေသည် အမေရိကန်၏ နိုင်ငံခြားရေးဝါဒနှင့် အမျိုးသားလုံခြုံရေးကို သာမန်ထက်ပိုသော အထူးခြိမ်းခြောက်မှုများရှိဆဲဖြစ်ပြီး အထူးသဖြင့် မြောက်ကိုရီးယားနှင့်စစ်ရေးအရ ဆက်ဆံမှုများ ဆက်လက်ရှိနေခြင်းကို ရှုမြင်ရာတွင်တွေ့ရကြောင်း မှတ်သားရသည်ဟု ဆိုပါသည်။

သမ္မတ Obama က ဆက်လက်ပြောကြားရာတွင် ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများကိစ္စနှင့် တိုင်းရင်းသား ဒေသများတွင် လက်ရှိပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စိုးရိမ်ပူပန်မှုကို ဆက်လက်ဖြစ်ပေါ်စေကြောင်း ဆိုပါသည်။

“အမေရိကန် ပြည်ထောင်စုဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ နောက်ပြန်မလှည့်ရေး သေချာစေဖို့ မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများနှင့်အားကောင်းစေရန် ထောက်ခံကူညီမှုများ ပြုလုပ်ရန် သံန္ဒိဌာန်ချထားပြီး ဖြစ်ပါတယ်။ ဒီအကြောင်းကြောင့် ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေကို ဆက်ထားဖို့ လိုအပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု Obama က ၎င်း၏ စာတွင် ပြောကြားထားပါသည်။

အမည်မဖော်လိုသူ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးကပြောကြားရာတွင် ယခုဆုံးဖြတ်ချက်ကြောင့် ၎င်းတို့အား ပြုပြင် ပြောင်းလဲရေးကြိုးပမ်းမှုတွေကို ဦးဆောင်ပြီး ပါဝင်ဆောင်ရွက်နေသော မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်များနှင့် နှစ်ဦးနှစ်ဖက် ဆက်ဆံ ရေးကို ပိုမိုမြှင့်တင်နိုင်ရန် ခွင့်ပြုလာခြင်းဖြစ်ကြောင်း ဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment