WEEK IN ECONOMIC |
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးသတင်းဖြစ်စဉ်
တပတ်အတွင်းစီးပွားရေး သတင်းများကို စာဖတ်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင်ပြ အပ်ပါသည်။
သတင်းအဖွဲ့
(၁) IMF ၏သုံးသပ်ချက်
မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေး အသိုင်းအ၀ိုင်းထဲသို့ ပြန်လည် ၀င်နိုင်ရန် ကြိုးစားလာသည်ကို တွေ့နေရ ကာပြီးခဲ့သည့်နှစ်တွင် ပြုလုပ်ခဲ့သောဒီမိုကရေစီ အပြောင်းအလဲများကြောင့် စီးပွားရေးကြီးထွားမှု လျင်လျင်မြန်မြန်ဖြစ်ပေါ် လာသည် ကို တွေ့နေရသည်ဟု IMF ၏ဧပြီလအစီရင်ခံစာတွင် မြန်မာနိုင်ငံဆိုင်ရာ ခန့်မှန်းချက်ကိုဖော်ပြ ထားကြောင်း သိရှိ ရသည်။
၂၀၁၃ ခုနှစ် ပထမ လေးလပတ်ထဲတွင် မြန်မာနိုင်ငံ၏ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ တစ်ဟုန်ထိုး မြင့်မားလာရ ခြင်းမှာ အထည်ချုပ်စက်ရုံများ၏ ထွက်ကုန်တိုးတက်လာခြင်းနှင့် စီးပွားရေးပိတ်ဆို့ထားသော နိုင်ငံများက ပိတ်ဆို့မှုများ ရုပ်သိမ်းပေးခဲ့ခြင်းကြောင့်ဟု သုံးသပ်ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေး၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာမှု အပေါ်တွင် မူတည်ပြီး စီးပွားရေး အလားအလာလည်း မြင့်မားလာကြောင်း ဖော်ပြထားကာ ၀င်ငွေနည်း စီးပွားရေးလုပ်ငန်းများ တွင်ကျယ်သော ဒေသတွင်းနိုင်ငံများတွင် ဆင်းရဲတွင်းနက်နေခြင်းသည် ရသုံးငွေ ကွာဟမှုများပြားခြင်းကို ထိန်းညှိမပေးနိုင် သောကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ နိုင်ငံမျိုးတွင် နှစ်စဉ်လိုငွေပြမှုကို ထိန်းထားနိုင် မည့်နည်းလမ်းဖြစ်သည့် မြင့်မား၍ တည်ငြိမ်မှုရှိသော အခွန်ဘဏ္ဍာရရှိရန် လိုအပ်နေသည်ဟု အကြံပေးထား ဖော်ပြထား သည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်းတွင် ယခုကဲ့သို့လုပ်ဆောင်ချက်များ၏ အကျိုးအမြတ်များကို မြန်မာနိုင်ငံ ခံစားရ မည်ဖြစ်ပြီး စီးပွားရေးကြီးထွားမှုနှုန်း ၇ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာနိုင်ကြောင်းလည်း IMF က ခန့်မှန်းထားသည်။
(၂) ရင်းနှီးမြှုပ်နှံမှု
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၏ အခြေအနေနှင့် ပတ်သက်ပြီး ပြင်သစ်နိုင်ငံ စစ်သံရုံးမှ စီးပွားရေး လက်ထောက်သံမှူးသည် ဧပြီလအတွင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်သို့လာရောက်ကာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တွေ့ဆုံရာတွင် ပြင်သစ်နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာများကို မိတ်ဆက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်ရန် အလား အလာများကို ပြည်တွင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိပြီး လက်ရှိတွင် ရင်းနှီးမြှုပ် နှံနိုင်မည့် အခြေအနေများကို လာရောက်လေ့လာလျှက်ရှိကာ နည်းပညာအကူအညီများပေးရန် ကမ်းလှမ်းမှုများ ရှိနေ ကြောင်း သိရှိရသည်။
(၃) ဘဏ္ဍာရေးကဏ္ဍ
Photo Credit by Reuter
ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ကူးသန်းရောင်းဝယ်ရေးဘဏ်ဖြစ်သော Krung Thai Bank ( ထိုင်း တောင်သူ လယ် သမားများဘဏ်)သည် မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပူးပေါင်းကာတောင်သူလယ် သမားများအတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
Krung Thai Bank အနေဖြင့် ယင်း၏ ငွေကြေးဆိုင်ရာကုမ္ပဏီဖြစ်သော KT.ZMICO မှ တစ်ဆင့် ပြည်တွင်းရှိ ပါတီများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
(၄) ဆက်သွယ်ရေးကဏ္ဍ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်များအနက် ခုနှစ်မျိုးကို အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရ သည်။ အဆိုပါ လုပ်ငန်းခုနှစ်မျိုးမှာ မိုဘိုင်းလ်ဆက်သွယ်ရေးလုပ်ငန်း၊ အဝေးဆက်သွယ်ရေး လုပ်ငန်း၊ အော်တိုဖုန်း လုပ်ငန်း၊ ပြည်ပဆက် သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ စာတိုက်နှင့်ကြေးနန်း ဆက်သွယ်ရေး၊ ယင်းတို့ နှင့်စပ်ဆက် သော လုပ်ငန်းအမျိုးအစား ၃၁ တို့ဖြစ်သည်။
ထိုသို့လုပ်ဆောင်ရန် အကျိုးတူပူးပေါင်းဆောင်ရွက်လိုသည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း ပွဲကို ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ရာ ကုမ္ပဏီအဖွဲ့အစည်း ၈၅ ခုမှ ကိုယ်စားလှယ်ပေါင်း ၁၅၅ ဦးတက် ရောက်ခဲ့ကြောင်း သိရှိရသည်။
(၅) နယ်စပ်ကုန်သွယ်ရေး
မြန်မာနှင့် ထိုင်းနိုင်ငံအကြားတွင် မြန်မာနိုင်ငံဘက်အခြမ်းမှ နယ်စပ်ကုန်သွယ်ရေးစခန်း အသစ်သုံးခုကို တိုးချဲ့ သွားမည်ဖြစ်ကာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မောတောင်ဒေသ နယ်စပ်ကုန်သွယ်ရေး စခန်း၊ ထားဝယ်ခရိုင် မေတ္တာမြို့နယ်အတွင်းရှိ ထီးခီးဒေသနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင်ရှိသော မယ်စဲ့ဒေသ နယ်စပ်ကုန်သွယ်ရေးစခန်း တို့ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို အာဆီယံစီးပွားရေးအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်မည့် ၂၀၁၅ ခုနှစ်တွင် သုံးဆမြှင့်တင်ရန် ရည်မှန်းထားကြောင်းကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂ရက် နေ့က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ် မြန်မာ - ထိုင်း ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးတွင် သဘောတူ ညီမှု ရရှိခဲ့ကြောင်းသိရသည်။ နှစ်နိုင်ငံကုန်သွယ်ရေးပမာဏမှာ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၈၁ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရသည်။
ထို့အပြင် ယခုနှစ် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်စတွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုဝင်ငွေမှာ နယ်စပ်စခန်းများ မှ ဧပြီလ တတိယ သီတင်းပတ်အထိ ဒေါ်လာ ၂၈ သန်းကျော်ရရှိထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းစစ်ဆေးရေး နှင့် အရည်သွေး ထိန်းချုပ်ရေးဌာန( FIQC ) မှသိရှိရသည်။ ယခုနှစ်လျာထားချက် ဒေါ်လာသန်း ၂၆၀ တွင် တင်ပို့နိုင်မှုမှာ မတ်ထရစ်တန် ၁၁,၁၆၇ တင်ပို့ခဲ့ပြီး ဝင်ငွေကန်ဒေါ်လာ ၁၃ သန်းရရှိပြီးဖြစ်ကြောင်း FIQC စာရင်းများအရ သိရှိရသည်။