Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. လယ်ယာလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ်မှု အခွန်ကင်းလွတ်ခွင့်ပြု
  2. စက်မှုဇုန်များအား ၂၄ နာရီ ရက်အကန့်အသတ်မရှိ မီးဖြတ်ပြီ
  3. တပ်မတော်ပိုင်စီးပွားရေးဦးပိုင်လီမိတက်အား အခွန်စတင် ကောက်ခံ
  4. မိတ္ထီလာဒုက္ခသည်များအတွက် တိုက်ခန်းပေါင်း တစ်ထောင်ကျော် ဆောက်လုပ်ပေးရန်လျာထား

လယ်ယာလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ်မှု အခွန်ကင်းလွတ်ခွင့်ပြု

မြန်မာလယ်ယာကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာနိုင်စေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှုများ ပိုမိုအားကောင်း လာနိုင်စေရန် စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုရသည့် လယ်ယာလုပ်ငန်းသုံး ပစ္စည်းများ ပြည်တွင်း၊ ပြည်ပသို့ တင်သွင်း ရောင်းချခြင်းများတွင် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်ကို တစ်နှစ်ကင်းလွတ်ခွင့် ပြုပေးလိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အမိန့်ကြေငြာစာအမှတ် (၇၃၅/၂၀၁၃)ကို မေလ ၇ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတော်၏ လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့ ဖြစ်စေရန် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် လယ်ယာသုံး စက်ကိရိယာများ၊ လယ်ယာသုံးစက်ပစ္စည်းတို့ကို ပြည်ပမှတင်သွင်းခြင်းနှင့် ပြည်တွင်း၌ပြန်လည်ရောင်းချခြင်း၊ ဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်ကိရိယာများ၊ လယ်ယာသုံးစက်ပစ္စည်းများ ပြည် တွင်းထုတ်လုပ် ရောင်းချမှုတို့အပေါ် ကျသင့်သည့်ကုန်သွယ် လုပ်ငန်းခွန်တို့ကို ၂၀၁၃ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၄ မတ်လ ၃၁ ရက်နေ့ထိ တစ်နှစ်တိတိ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၁၃ မေလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့(၁၅/၂၀၁၃) အစည်း အဝေး ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ မြန်မာ့လယ်ယာကဏ္ဍတွင် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(USAID)မှကြီးမှူုးကျင်းပသည့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ လွှတ်တော်ရုံးခွဲတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေး ပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

YC


စက်မှုဇုန်များအား ၂၄ နာရီ ရက်အကန့်အသတ်မရှိ မီးဖြတ်ပြီ

ရန်ကုန်မြို့အတွင်း နေထိုင်လျက်ရှိသော ပြည်သူများ လျှပ်စစ်မီးအပြည့်အဝ သုံးစွဲနိုင်စေရန် စက်မှုဇုန်များကို ရက် အကန့်အသက်မရှိ မီးဖြတ်တောက်သွားမည်ဖြစ်ကြောင်း နေပြည်တော် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ စက်မှုဇုန်လုပ်ငန်း ရှင်များထံသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။

ယခုကဲ့သို့ စက်မှုဇုန်များအား လျှပ်စစ်မီးဖြတ်တောက်ခြင်းကြောင့်  CMP(လက်ခစား)လုပ်ငန်းများဖြစ်သည့် အထည် ချုပ်လုပ်ငန်းများ၊ အအေးခန်းရေထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများနှင့် အခြားထုတ်လုပ်မှု ကဏ္ဍများတွင် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ပြည်ပအော်ဒါများလည်း ကျဆင်းသွားနိုင်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးကပြောကြား သည်။

ထို့ပြင် ယခုကဲ့သို့လျှပ်စစ်မီး ဖြတ်တောက်လိုက်သည့်အတွက် ထုတ်ကုန်လုပ်ငန်းများတွင် မီးစက်များဖြင့် လုပ်ကိုင်ရာ မှ နှစ်ဆခန့်ထုတ်လုပ်မှု ကျဆင်းသွားနိုင်သည့်အပြင် အမြတ်ငွေများမှာလည်း လျော့နည်းလာနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ ၊ အလုပ်ရုံအချို့တွင်  လျှပ်စစ်မီးမရရှိမှုများကြောင့် အရှုံး ဖြင့်ရင်ဆိုင်ကြုံတွေ့ရပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အအေးခန်းစက်ရုံ ၇၀ ကျော်အနက် စက်ရုံ ၁၀ ရုံသာ အလုပ် ချိန်များလျှော့ချကာ ပုံမှန်လည်ပတ်လျက်ရှိကြောင်း အအေးခန်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ စက်မှုဇုန်များအား လျှပ်စစ်ဓာတ်အားရက်အကန့်အသတ်မရှိ ဖြတ်တောက်ရခြင်းမှာ ယခုနှစ်နွေရာသီ ကာလတွင် လျှပ်စစ်စက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလျော့နည်းလာပြီး ပြည်သူများသုံးစွဲရန် မလုံလောက်တော့ သည့်အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီသင်္ကြန် ကာလမတိုင်မီ ၁၀ ရက်ခန့်လျှပ်စစ်မီးဖြတ်တောက်ခံခဲ့ရပြီး ဧပြီ(၁၃)ရက်နေ့မှစတင်၍ တစ် ရက်လျှင် ၅ နာရီဖြင့် အလှည့်ကျမီးပေးစနစ်အသုံးပြု၍ လျှပ်စစ်ဝန်ကြီးဌာနမှလျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လွှတ်တော်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများဝင်ရောက်လာနိုင်ရန်  အဓိကအခက်အခဲဖြစ်သည့် လျှပ်စစ်မီးပြတ်တောက်မှုများကိုအစိုးရအနေဖြင့် ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ စက်မှုဇုန်များအား လျှပ်စစ်မီး ရက်အကန့်အသတ်မရှိ ဖြတ်တောက်လိုက်ခြင်းကြောင်း နိုင်ငံ၏ထုတ်ကုန် ထုတ်လုပ်မှုများတွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် နိုင်ငံတကာဈေးကွက်ကို ယှဉ်ပြိုင်ရာတွင်လည်း အရည် အသွေးများ လျော့နည်းလာနိုင်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

YC


 

တပ်မတော်ပိုင်စီးပွားရေးဦးပိုင်လီမိတက်အား အခွန်စတင် ကောက်ခံ

ယခင်က အခွန်ကင်းလွတ်ခွင့်ရရှိခဲ့သော တပ်မတော်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် ဦးပိုင်စီးပွားရေးလီမိတက် အား ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်၍ အခွန်စတင် ကောက်ခံတော့မည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည် ကပြောကြားခဲ့သည်။

အခွန်ထမ်းဆောင်ရန်အတွက် စီးပွားရေးဦးပိုင်လီမိတက်မှ ၎င်းတို့၏လုပ်ငန်း စာရင်းများပြုစုကာ ကုမ္ပဏီများဆောင် ရွက်ရမည့် ဥပဒေအတိုင်း တင်ပြသွားမည်ဖြစ်ပြီး အဆိုပါစာရင်းအင်းများအတိုင်း အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရ သည်။ ထို့ပြင်ယခင်နှစ်က ဦးပိုင်လီမိတက်အနေဖြင့် ကုန်သွယ်ရေးလုပ်ငန်းခွန်ကိုသာ စတင်ပေးဆောင်ရသော်လည်း ယခုနှစ် တွင်မူ ဝင်ငွေခွန်ပါ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံသားတိုင်းသည် ဥပဒေကို လေးစားလိုက်နာရမည် ဖြစ်သောကြောင့် ဦးပိုင်ကုမ္ပဏီသည်လည်း အခွန်ပေးဆောင် ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖေဖော်ဝါရီလလပိုင်းအတွင်းက ပြုလုပ်သည့် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် သတင်းမီဒီယာများတွေ့ဆုံပွဲတွင် ထိုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးပိုင်လီမိတက် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး၊ စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူမိသားစုများ သက်သာချောင်ချိရေးကို အထောက်အကူ ဖြစ် စေရန်တို့ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခဲ့သည်။

မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်၏ ကနဦးရင်နီးမြှုပ်နှံမှု ပမာဏမှာ ၁၉၉၀ ပြည့်နှစ်က ကျပ်သန်း ၁၀၀၀၀ ဖြစ်ပြီး ကုန်သွယ်ရေး ဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ် ၇/၉၀၊ အပိုဒ် ၄၊ ၅၊ ၆ အရ အရင်းအနှီး၏ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ရေး ဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးကထည့်ဝင်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို တပ်မတော်မိသားစု အသိုင်းအဝိုင်း က ထည့်ဝင်ရခြင်းဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်၏ စီးပွားရေးလုပ်ငန်းများမှာ ၂၀၀၇ စာရင်းများအရ ဦးပိုင်က အပြည့်အဝ ပိုင်ဆိုင်သည့် လုပ်ငန်း ၃၅ ခု၊ ဦးပိုင်နှင့် ဖက်စပ်ပိုင် လုပ်ငန်း ခုနှစ်ခု၊ ဦးပိုင်နှင့် တွဲဖက်လုပ်ကိုင်နေသည့် ဦးပိုင်၏ လုပ်ငန်းခွဲကိုးခုရှိကြောင်း သိရှိရသည်။

YC


မိတ္ထီလာဒုက္ခသည်များအတွက် တိုက်ခန်းပေါင်း တစ်ထောင်ကျော် ဆောက်လုပ်ပေးရန်လျာထား

မိတ္ထီလာပဋိပက္ခဖြစ်စဉ်အတွင်း နေအိမ်မီးလောင်ပျက်စီးခဲ့ရမှုများအတွက် အထပ်မြင့်တိုက်ခန်းများ ပြန်လည်ဆောက် လုပ်ပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးကျော်ဆန်းက ပြောကြားခဲ့သည်။

မိတ္ထီလာပဋိပက္ခများကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသူများကို မြို့သစ်တစ်ခုသဘောမျိုးဖြင့် သုံးထပ်၊ လေးထပ်ရှိ တိုက်ခန်း အဆောက်အအုံများတည်ဆောက်ကာ အစားထိုးပေးအပ်သွားမည်ဖြစ်ကာ လုပ်ငန်းဆောင်ရွက်မှုများကို ယခုလမကုန်ခင်တွင် စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစိတ်အစီစဉ်များကို အစိုးရအဖွဲ့အတွင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် ဒေသခံအချို့မှာ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လို၍ အထပ်မြင့် အဆောက်အအုံများ မဆောက်လုပ်ဘဲ ၎င်းတို့၏ မူလနေရာများ၌ပင် တန်ဖိုးနည်းအဆောက်အအုံများ ဆောက်လုပ်ပေးရန် တောင်းဆိုမှုများရှိနေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ယခင် တဲအိမ်ငယ်အများစုနှင့် မီးသတ်ကား မဝင်နိုင်သော လမ်းကျဉ်းများသာ ရှိခဲ့ရာ ပြန်လည်တည်ဆောက်ချိန် တွင် ပေ(၅၀)၊ ပေ(၃၀)အကျယ်လမ်းများ၊ ဆေးခန်း၊ ဈေး၊ စာသင်ကျောင်း၊ ရဲစခန်းစသည်တို့ပါဝင်မည်ဖြစ်ပြီး အထပ်မြင့်လူ နေ တိုက်ခန်း၊ ဈေးဆိုင်ခန်းနှင့်တွဲပါမည့် လူနေတိုက်ခန်းများ ဆောက်လုပ်ပေးမည်ဟု ဦးကျော်ဆန်း ကပြောကြားခဲ့သည်။

ယနေ့အထိ ကယ်ဆယ်ရေး စခန်းများတွင်နေထိုင်နေသည့် မိသားစု ၅၂၀ ခန့် ရှိနေသေးပြီး ၎င်းဒုက္ခသည်များ အတွက် လူနေတိုက်ခန်းပေါင်း တစ်ထောင့်သုံးရာကျော် ဆောက်လုပ်သွားမည်ဖြစ်၍ အလှူခံ၍ရရှိထားသောငွေများနှင့်အစိုးရ ဘတ်ဂျက်မှထုတ်ယူ သုံးစွဲသွားမည်ဖြစ်ကာ အဆောက်အအုံများဆောက်လုပ်ရန် အလှူငွေများ လိုအပ်နေသေးကြောင်း ၎င်း က ပြောကြားခဲ့သည်။

နေအိမ်မီးလောင်ပျက်စီးမှုမရှိသည့် ဒုက္ခသည်အချို့မှာ နေရပ်သို့ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သော်လည်း မီးလောင် ပျက်စီးမှုများပြားသည့် ချမ်းအေးသာယာရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်မှ ဒုက္ခသည်အိမ်ထောင်စုငါးရာကျော်မှာ ကယ်ဆယ် ရေးစခန်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

YC


 

 

 

 

              


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment