EDITORIAL |
အယ်ဒီတာ့အာဘော်
ကျန်ရှိတော့သည့် သက်တမ်းနှစ်နှစ်ခွဲဝယ်
သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ဒီမိုကရေစီအစိုးရသစ်၏ သက်တမ်းနှစ်နှစ်ခွဲအတွင်း နိုင်ငံရေးပြုပြင်ပြောင်း လဲမှုများသည် စိန်ခေါ်မှုများတွေ့ကြုံခဲ့သည်နှင့်အညီ နိုင်ငံအတွက် ကြီးစွာသော အခွင့်အလမ်းများ ပွင့်လန်းခဲ့ သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် အလေးထား အသိအမှတ်ပြုခဲ့သည့် အတွက် နိုင်ငံ၏ ဂုဏ်ကျက်သရေလည်း မြင့်မားခဲ့သည်။ လွန်ခဲ့သည့် သုံနှစ်ခန့်က အနောက်နိုင်ငံများနှင့် (အထူး သဖြင့် အမေရိကန်) အထိအတွေ့ မရှိ၊ တင်းမာမှုသာရှိခဲ့သည့် နအဖခေတ် ဗိုလ်ချုပ်များဦးဆောင်သည့် မြန်မာနိုင်ငံ အတွက် အရာရာဟာ အရှုံး။ စီးပွားရေး၊ လူမှုရေး ဘာမျှ တိုးတက်မှုမရှိခဲ့။
ထိုသို့ နိမ့်ပါးခဲ့သည်အခြေအနေနှင့် ယခု တိုးတက်မှုတို့ကို နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံအတွက် မဟာခုန်ပျံ ကျော်လွှားမှုကြီးပင်ဖြစ်သည်။ အနောက်အုပ်စုနှင့် ဆက်ဆံရေး တင်းမာမှု လျော့ကြပြီးသကာလ သမ္မတနှင့် အစိုးရအရာရှိကြီးများ၏ သမိုင်းဝင်သံခရီးစဉ်များ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် အမတ်များ၏ လေ့လာရေးခရီးစဉ်တို့မှာလည်း စဉ်ဆက်မပြတ်ပင်။ နောက်ထပ် ပီတိဖြစ်မိသည်မှာ မြန်မာနိုင်ငံရေး၏ အရေးကြီး ကဏ္ဍတွင် ရှိနေသေးသည့် မြန်မာ တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် အသွင်းကူးပြောင်းဖို့ အစပျိုးခြေလှမ်းများလှမ်းလာသည်ကို တွေ့မြင်လာရ သည်။
သို့သော် ပြုပြင်ပြောင်းလဲမှုတိုင်းတွင် ယင်းအပေါ် လိုလားသူနှင့် ဆန့်ကျင်သူများရှိမြဲဖြစ်ရာ အကောင်း အပြင် မျှော်လင့်မထားသည့် ဆိုးရွှားမှုများလည်း ဖြစ်ပေါ်လာရသည်။ မြစ်ဆုံ၊ ရခိုင်၊ လက်ပံတောင်းနှင့် မိတ္ထီလာ အရေးတို့မှာ ဥပမာကောင်းများပင်ဖြစ်သည်။ ယင်းနှင့်တစ်ဆက်တည်း အရေးတကြီးသုံးသပ်ရမည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိစ္စ။ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံလိုသူများ၊ ကော်ပိုရေးရှင်းကြီးများမှာ အလားအလာကောင်း များစွာရှိ သည့် မြန်မာနိုင်ငံသို့ ဝင်လာမစဲတသဲသဲပင်။ သို့သော် လာ၊ ဆွေးနွေး၊ ပြန်ထွက်သွားသည်သာများသည်။ ဖြစ်ဖြစ် မြောက် မြောက် ရင်းနှီးမြုပ်နှံသူနည်းသည်။ အကြောင်းရင်းကို စစ်ကြည့်လိုက်သော် နိုင်ငံတွင်း မတည်ငြိမ်မှုကြောင့် ဖြစ်သည် ကိုတွေ့ရသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ ပြည်သူများ၏ နေ့စဉ်လူမှုဘဝကို အကျိုးသက်ရောက်မှုနည်းပါး သေးသည့်အပြင် ပြည်သူများ၏ မျှော်လင့်ချက်မှာလည်း မြင့်သထက်မြင့်မားလာလျက်ရှိနေသည်။ မြန်မာနိုင်ငံ သည် အာဆီယံဥက္ကဋ္ဌနေရာကို ၂၀၁၄ ကို တာဝန်ယူရမည်ဖြစ်သည့်အပြင် ၂၀၁၅ခုနှစ်တွင်လည်း အာဆီယံလွတ်လပ်စွာကုန် သွယ်မှုကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ အစိုးရအနေဖြင့် ကျန်ရှိနေသေးသည့် သက်တမ်းနှစ် နှစ်ခွဲခန့်တွင် ပြုပြင်ပြောင်းလဲရေးအဟုန်ကို(အထူးသဖြင့် စီးပွားရေးနှင့် အုပ်ချုပ်ရေး) ယခုထက် မြှင့်တင်ပေးမှ အရာရာ အဆင်သင့် ဖြစ်နေမည်ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။