Transparency Myanmar

transparency.myanmar@gmail.com

မြန်မာပြည်တွင်း စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားသော နိုင်ငံရေး အကျဉ်းသားများ နှင့် ပတ်သက်သော အကြောင်းအရာများကို ဖော်ထုတ်ပြီး စစ်အစိုးရအား ဖိအားပေးနိုင်ရန် ဗြိတိန်အစိုးရ က လူ့အခွင့်အရေး အဖွဲ့ကြီးနှစ်ခုကို တာဝန်ပေး စည်းရုံးလိုက်ကြောင်း သိရ သည်။ 

ဗြိတိန် အစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယဆိုင်ရာရုံး (FCO) သည် ယခုအခါ Burma Campaign UK(BCUK) ၊ Human Rights Watch(HRW)နှင့် Assistance Association for Political Prisoners-Burma(AAPP) ပူးပေါင်းပြီး မြန်မာနိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁၀၀ ထဲမှ အကျဉ်းသား တစ်ဦးအကြောင်းကို ထုတ်ဖော် ပြောပြရန် စီစဉ်လျက်ရှိသည်။

"လွန်စွာ ဝမ်းနည်းဖွယ်ရာ ကောင်းသော အချက်မှာ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား မြောက်မြားစွာ ရှိပြီး ၎င်းတို့အားလုံး၏ အတ္ထုပတိကို ရေးသားပြုစုပါက နှစ်ပေါင်း ၄၀ ခန့် ကြာမြင့်မည် ဖြစ်သည် ဟူသော အချက်ပင် ဖြစ်သည်" ဟု FCO ၏ အင်တာနက် ဝက်ဘ်ဆိုက်တွင် ရေးသား ထားသည်။  

နိုင်ငံခြားရေးရုံး ဝန်ကြီး Ivan Lewis က "မြန်မာနိုင်ငံတွင်း အကျဉ်းသား ဦးရေမှာ များပြားလျက် ရှိသည့် အားလျော်စွာ အဆိုပါ အကျဉ်းသားများ အားလုံးကို မလွှတ်ပေးဘဲ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပါက အဆိုပါ ရွေးကောက်ပွဲသည် ယုံကြည်စရာရှိမည်မဟုတ်ပေ" ဟု ကြေညာချက် တစ်စောင် ရေးသားခဲ့သည်။ အဆိုပါ ကြေညာချက်ကို မြန်မာနိုင်ငံတွင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသော နိုင်ငံရေး သမားများ၊ သတင်းစာဆရာများ၊ ဥပဒေသမားများနှင့် ဘာသာရေး ခေါင်းဆောင်များကို ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ 

မြန်မာဒီမို ကရေစီခေါင်းဆောင် နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဆိုလျှင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည် မှာ နှစ်ပေါင်း ၁၄ နှစ် ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်။ 

မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ၏ ဇနီးဖြစ်သူ၊( ယခင် နိုင်ငံရေး လှုပ်ရှားသူ) မှာ အယောင်ဆောင် လှည့်ဖျားမှု အပါအဝင် အမှုများစွာနှင့် တရားရင်ဆိုင်နေရသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် အရေးယူ ဆောင်ရွက်နေပြီ ဖြစ်သည်။ 

FCO ရုံးမှ ဒုတိယအကြီးအကဲ Gill Lever က မိမိတို့အဖွဲ့သည် ဒစ်ဂျစ်တယ် အင်တာနက် မီဒီယာများ ဖြစ်သော Facebook၊ Twitter အစရှိသည်တို့ကို အသုံးချပြီး မြန်မာ့နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို နိုင်ငံတကာ အဆင့်ဖြင့် လှုပ်ရှားသွားမည် ဖြစ်ကြောင်း DVB သတင်းဌာနသို့ ပြောကြားသည်။  

"တခြား ကမ္ဘာ့နိုင်ငံအရေး ကိစ္စတွေနဲ့ မြန်မာ့အရေးကိစ္စကို ယှဉ်ကြည့်လျှင် မြန်မာ့အရေးက ပိုပြီး ပြင်းထန်တာကို တွေ့ရပါတယ်" ဟု ၎င်းကပြောသည်။ 

"ဘာဖြစ်လို့ အဲဒီလို ပြောရသလဲဆိုရင် မြန်မာပြည်မှာ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာလို့ပါပဲ။ အီးယူနဲ့ ကုလသမဂ္ဂတို့ကလည်း မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုနေပါပြီ"

မြန်မာစစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁၇၃ ဦးတွင် ၁၇၈ ဦးမှာ အမျိုးသမီး၊ ၂၅၁ ဦးမှာ သံဃာတော်၊ နှင့် ၂၁ ဦးမှာ နာဂစ် မုန်တိုင်း သင့်သူများ ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြသည်။ 

DVB သတင်းဌာန ၏ British govt launches innovative Burma Campaign ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဘင်္ဂလား ပင်လယ်အော်ဒေသ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (ဘင်းစတက်) ၏ ဥက္ကဌရာထူး ကို အိန္ဒိယ နိုင်ငံက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေး အပ် လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

အဖွဲ့ဝင် ခုနစ်နိုင်ငံ ပါဝင်သည့် အဆိုပါ ဘင်းစတက် အဖွဲ့သည် တောင်အာရှဒေသ၊ အရှေ့တောင် အာရှ ဒေသနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသများကို စီးပွားရေးပူးပေါင်း ဆောင်ရွက်နိုင်အောင် ပြုလုပ်ပေးသော အဖွဲ့ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး SM Krishna ကပြောကြားသည်။  

"ဒီဘင်းစတက် အဖွဲ့ကြီးဟာ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ပေး နိုင်ဖို့အတွက် အင်မတန်အရေးပါတဲ့ အဖွဲ့ကြီးတစ်ခုလို့ကျွန်တော်တို့ မြင်ပါတယ်" ဟု မြန်မာ နိုင်ငံ၊ မြို့တော်နေပြည်တော်တွင် ကျင်းပပြုလုပ်သော ဘင်းစတက်ဥက္ကဌရာထူး လွှဲပြောင်းပေးရေး အခမ်းအနား၌ ၎င်းက ပြောသည်။ 

မစ္စတာ SM Krishna သည် အဆိုပါ ဘင်းစတက်ဥက္ကဌရာထူးကို ၎င်းနှင့် အဆင့်တူသူ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း အား လွှဲပြောင်းပေးအပ်ခဲ့သည်။ 

"ဒီဘင်းစတက်အဖွဲ့ဟာ တောင်အာရှ၊ အရှေ့တောင်အာရှ နဲ့ အရှေ့မြောက်အိန္ဒိယ ဒေသတို့ ကို ချိတ်ဆက်ပေးတဲ့ တံတားတစ်စင်းလို့မြင်မိပါတယ်" ဟု မစ္စတာ Krishna ကပြောပါသည်။  

အိန္ဒိယနိုင်ငံသည် ဘင်းစတက်အဖွဲ့ဝင် နိုင်ငံများအချင်းချင်း ကုန်သွယ်ရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရန် တွန်းအားပေးလျက်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။

ဘင်းစတက်အဖွဲ့တွင် ဘင်္ဂလားပင်လယ်အော် ဒေသ နိုင်ငံများ ဖြစ်ကြသော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်း အစရှိသည့် နိုင်ငံများပါဝင်သည်။  

ယခင်နှစ်က ဒုတိယကြိမ်မြောက် ဘင်းစတက် ထိပ်သီးဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံက လက်ခံကျင်းပပေးခဲ့သည်။ အိန္ဒိယအနေဖြင့် ဘင်းစတက်နှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းမျာကို မြှင့် တင်လိုကြောင်း မစ္စတာ Krishnaက ထုတ်ဖော်ပြောဆိုပြီး အဖွဲ့ဝင် နိုင်ငံများ အနေဖြင့်လည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ အစွမ်းကုန်မြှင့်တင် သွားစေလိုကြောင်း ၎င်းက တိုက်တွန်းလိုက်သည်။ 

"ကျွန်တော်တို့အနေနဲ့ ဘင်းစတက်ကို ခိုင်မာသန်စွမ်းတဲ့ အဖွဲ့အစည်းတစ်ခု အဖြစ် တွေ့မြင် လိုပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလတစ်လျှောက်လုံး ( အိန္ဒိယက ဥက္ကဌရာ ထူး ရယူခဲ့စဉ် ကာလက)  အခုလို ပန်းတိုင်မျိုးကို ရောက်လာအောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။ 

ဘင်းစတက် အဖွဲ့သည် ကျန်းမာရေး၊ စွမ်းအင်၊ နည်းပညာ၊လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက် ရေး၊ ကုန်သွယ်ရေး၊ တိုရစ်ဇင် နှင့် ယဉ်ကျေးမှု အပါအဝင် ကဏ္ဍပေါင်း ၁၄ ခုကို ပူးပေါင်း ဆောင်ရွက်နေသော အဖွဲ့တစ်ခုဖြစ်ပါသည်။ 

IANA သတင်းဌာနမှ India hands over BIMSTEC chair to Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသော မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင်သည် အကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြမှုကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားလျက်ရှိပြီး အမှုရင် ဆိုင်ရန် တရားရုံးတော်သို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း ၎င်း၏ ရှေ့နေက ပြောကြားသည်။  

ကိုကျော်ဇောလွင်ကို မြန်မာစစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော် များ ဦးဆောင်သည့် ဆန္ဒပြမှုကို ပြန်လည် အစဖော်ရန် ဝင်ရောက်လာမှုဖြင့် စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ သူသည် ယခုနှစ် စက်တင်ဘာ အတွင်း မြန်မာပြည်သို့ ပြန်လည် ဝင်ရောက်လာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခံလိုက် ရခြင်းဖြစ်ကြောင်း သိရသည်။ 

ကိုကျော်ဇောလွင်အား စစ်အစိုးရက အယောင်ဆောင်မှု၊ နိုင်ငံခြားငွေကြေးဆိုင်ရာ အက်ဥပဒေ ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုကာ ဖမ်းဆီး ထိန်းသိမ်းထားပါသည်။ 

သူ၏ ရှေ့နေတစ်ဦးဖြစ်သူ ဦးကြည်ဝင်းက ကိုကျော်ဇောလွင်သည် ကျန်းမာရေးအခြေအနေ ဆိုးရွားနေသောကြောင့် တရားရုံးသို့ လာရောက်နိုင်ခြင်းမရှိဟု တရားသူကြီးက အသိပေးကြောင်း ပြောကြားသည်။ ကိုကျော်ဇောလွင် တရားရုံးသို့ မလာနိုင်သောကြောင့် ထိုနေ့အတွက်  အမှုကြားနာ စစ်ဆေးရေး အစီအစဉ်မှာ ဖျက်သိမ်း လိုက်ရသည်။  

ဝါရှင်တန် အခြေစိုက် ဥပဒေ အဖွဲ့တစ်ခုဖြစ်သော Freedom Now က ကိုကျော်ဇောလွင်၏ အမှုကို စုံစမ်းလျက်ရှိပြီး သူသည် မြန်မာပြည်တွင်း နိုင်ငံရေး အကျဉ်းသားများ ဖမ်းဆီးထိန်း သိမ်းခံထားရမှုကို မကျေနပ်သောကြောင့် အစာငတ်ခံ ဆန္ဒပြခြင်း ဖြစ်ကြောင်း၊ အစာငတ်ခံ ဆန္ဒပြမှုကို ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ကိုကျော်ဇောလွင် ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ian Kelly က ဝါရှင်တန် အစိုးရအနေဖြင့် မြန်မာ စစ်အစိုးရနှင့် အဆက်အသွယ် ပြုလုပ် ခဲ့ကြောင်း၊ ကိုကျော်ဇောလွင်အား ကောင်းမွန်စွာ ထားရှိခြင်း ရှိ၊မရှိကို အသေအချာ သိရှိရန် ကြိုးစားခဲ့ကြောင်း ပြောကြားသည်။ ကိုကျော်ဇောလွင် နှင့် ပတ်သက်ပြီး အမေရိကန် အစိုးရက လွန်စွာ စိုးရိမ်မကင်း ဖြစ်မိသည် ဟု မြန်မာအစိုးရကို ထုတ်ဖော် ပြောဆိုထားသည် ဟုဆိုသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ကြီးစိုးလာခဲ့သည်မှာ ၁၉၆၂ ခုနှစ်ကတည်းကဖြစ်သည်။ လူ့အခွင့်အရေး သမားများ၏ အဆိုအရ ယခုအခါ စစ်အစိုးရ က ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား စုစုပေါင်းမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်  ၂၀၀၀ ခန့်ရှိသည်။ 

Yahoo News မှ Jailed American in Myanmar in poor health ကိုဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP News,11 Dec 2009

          တရုတ်သမ္မတ ဟူကျင်းတောင်သည် ဗဟိုအာရှဒေသ နိုင်ငံများဖြစ်သည့် ကာဇက်စတန်နှင့် တာ့ခ်မင်နစ္စတန် နိုင်ငံများသို့ ယခုသီတင်းပတ်ကုန်တွင် သွားရောက်မည် ဖြစ်ပြီး ၎င်းခရီးစဉ်သည် အဆိုပါ ဒေသမှ မဟာဗျူဟာမြောက် စွမ်းအင်ရင်းမြစ်များနှင့် ပတ်သက်သော အခွင့်အလမ်းများကို အပိုင်စီးရန် တွန်းအားပေး ဆောင်ရွက်နေသော ဘီဂျင်း၏ အစီအစဉ် ဖြစ်ပါသည်။

          စနေနေ့တွင် ကာဇက်စတန်သို့ တစ်ရက်ကြာခရီးစဉ် သွားရောက်ပြီးနောက် "ဟူ"သည် တာ့စ်မင်နစ္စတန်သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကာ တနင်္လာနေ့တွင် တာ့စ်မင်နစ္စတန် သဘာဝဓာတ်ငွေ့ကို တရုတ်သို့ တင်ပို့မည့် ကီလိုမီတာ ၇၀၀၀ ရှည်လျားသည့် ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်ပွဲ အစီအစဉ်ကို ပါဝင်ဆင်နွှဲမည် ဖြစ်သည်။

          ဗဟို အာရှဒေသတွင် ဘီဂျင်း ရရှိနေသော တစ်နှစ်တာ အကျိုးစီးပွား အခွင့်အလမ်းများကို "ဟူ" ၏ ခရီးစဉ်က ထပ်မံ မြှင့်တင်မည် ဖြစ်ပါသည်။ အဆိုပါ ဒေသသည် တစ်ချိန်က မော်စကို၏ ပထဝီ ဗျူဟာမြောက် သီးသန့် ထိန်းချုပ်ထားသည့် ဒေသဖြစ်၍ ယခုအခါ ဘီဂျင်းက ရွှေနှင့် အချိန်ကို အသုံးပြု၍ သိသာ ထင်ရှားစွာ နေရာ ဝင်ယူခဲ့ခြင်း ဖြစ်သည်။

          ဗဟိုအာရှဒေသမှ ဓာတ်ငွေ့ကို တရုတ်သို့ ပထမဆုံး တိုက်ရိုက် တင်ပို့သည့် လမ်းကြောင်း ဖြစ်သော ယခု သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ ဒေသတွင်း သြဇာကြီးမားလာမှုကို ရှင်းရှင်းလင်းလင်း ညွှန်ပြနေသည်ဟု နယူးယောက် အခြေစိုက် နိုင်ငံရေး အန္တရာယ်ဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ Eurasia Group မှ လေ့လာသူ Ana Jelen kovic က ပြောကြားပါသည်။

"အခု ပိုပြီး အရေးပါလာတာက ဓာတ်ငွေ့ပါ။ ရေနံ မဟုတ်ပါဘူး။ အကြောင်းကတော့ တရုတ်က ဓာတ်ငွေ့ရဖို့ ကြိုးစားလာတာကြောင့် ဖြစ်ပြီး ဒီကိစ္စကို ရုရှားက အမြဲတမ်း သတိကြီးကြီး ထားနေတာပါ။ သူ့ရဲ့ဓာတ်ငွေ့ ဖြည့်တင်းရာ လမ်းကြောင်းတွေ သေချာစေဖို့ မော်စကိုက ပိုပြီး အာရုံစိုက်နေပါတယ်"ဟု သူမက ဆိုပါသည်။

          ကာဇက်စတန်၏ အရေးကြီး စွမ်းအင်ကဏ္ဍတွင် သိသာ ထင်ရှားသော ငွေကြေးမြှပ်နှံမှုများ တိုးမြှင့် လုပ်ဆောင်ရန် သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသအနေဖြင့် Astana သို့ ဒေါ်လာ ၁၀ ဘီလျံ ချေးငှားခြင်း အပါအဝင် ဗဟိုအာရှ ဒေသတစ်ဝှမ်း ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို ဘီဂျင်းက ယခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။

          "ဟူ"သည် ကာဇက်စတန်သမ္မတ Nursultan Nagarbayer နှင့် စနေနေ့တွင် တွေ့ဆုံရန် မျှော်လင့်ထားပြီး ဆက်လက်၍ Astana တွင် ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်ပွဲတက်ရောက်မည် ဖြစ်သည်။ တရုတ်နိုင်ငံသို့ မဝင်ရောက်မှီ ကာဇက်စတန်နှင့် ဥဇဘတ်ကစ္စတန်ကို ဖြတ်သန်းသွားသော ဓာတ်ငွေ့ ပိုက်လိုင်း အစိတ်အပိုင်းကို ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

          တာ့ခ်မင်နစ္စတန်၊ ဥဇဘတ်ကစ္စတန်နှင့် ကာဇက်စတန် ခေါင်းဆောင်များသည် "အက်ဂါဘက်" တွင် ကျင်းပမည့် အခမ်းအနားတွင် "ဟူ"နှင့် တွေ့ဆုံ စုဝေးကြမည် ဖြစ်၍ အဆိုပါအခမ်းအနားသည် ဒေသတွင်း ပြိုင်ဆိုင်မှု ကြီးမားသော ခေါင်းဆောင်များ၏ ရှားပါးသော စုစည်းမှုတစ်ခု ဖြစ်သလို ဒေသတွင်း "ဟူ"၏ သြဇာ ကြီးမားမှုကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။

          ဒီဇင်ဘာ ၁၄ ရက်တွင် ဓာတ်ငွေ့ပိုက်လိုင်းကို စတင် ပို့လွှတ်မည်ဟု တာ့ခ်မင်နစ္စတန် သမ္မတ Gurbanguly Berdymukhamedov က နိုင်ငံပိုင် သတင်းစာ Neutral Rurkmenistan တွင် ဖော်ပြသော တရုတ်သတင်းထောက်များနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

          မိမိတို့၏ သဘောတူညီထားမှုများအရ ထိုနေ့မှစ၍ တာ့ခ် မင်နစ္စတန်သည် တရုတ်သို့ နှစ်စဉ် နှစ်တိုင်း သဘာဝဓာတ်ငွေ့ ကုဗမီတာ ၄၀ ဘီလျံကို နှစ် ၃၀ တိုင်တိုင် ရောင်းချပေးသွားမည်ဟု ၎င်းက ဆိုပါသည်။

          စွမ်းအင်ကြွယ်ဝသော တာ့ခ်မင်နစ္စတန်သည် ယခင် ဆိုဗီယက်ယူနီယံအဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်၍ ကမ္ဘာပေါ်တွင် အကြီးဆုံး ဓာတ်ငွေ့သိုက်များ ရှိနေသည်ဟု ယုံကြည်ထားကြပါသည်။ လက်ရှိအချိန်တွင် ထွက်ရှိသမျှ ဓာတ်ငွေ့အားလုံးနီးပါးကို ဆိုဗီယက်ခေတ်ပိုက်လိုင်းဟောင်းများမှ တစ်ဆင့် ရုရှားသို့ တင်ပို့ ရောင်းချနေပါသည်။

          ယခုနှစ် စောစောပိုင်းတွင် ရုရှား စွမ်းအင်ဘီလူးကြီး Gaspron သို့ ပို့လွှတ်နေသော ဓာတ်ငွေ့ ပိုက်လိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် တာ့ခ်မင်နစ္စတန်၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုများ လုံးဝနီးနီး ပြတ်တောက်သွားခဲ့ပြီး အခြားဓာတ်ငွေ့တင်ပို့မှု လမ်းကြောင်းများ လုံခြုံမှု ရှိစေရန် "အက်ဂါဘက်"က ချက်ခြင်း အရှိန်မြင့် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဓာတ်ငွေ့ သယံဇာတများကို ရယူ သုံးစွဲလိုသော EU ကလည်း အချိန်ကြာမြင့်စွာ ရပ်ဆိုင်းနေသည့် တိုက်ရိုက် တင်ပို့နိုင်မည့် နာဘူကိုး ပိုက်လိုင်း စီမံကိန်းတွင် "အက်ဂါဘက်"၏ ပူးပေါင်း ဆောင်ရွက်မှုကို သေချာစေရန် စိုးရိမ်ပူပန်မှု ရှိနေပါသည်။ ရုရှားမှ သဘာဝဓာတ်ငွေ့ ရောင်းချပေးမှုကို မှီခိုနေရသော အရှေ့ဥရောပနိုင်ငံများ အဆင်ပြေစေရန် အထက်ပါ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းက အထောက်အကူပေးနိုင်မည် ဖြစ်ပါသည်။

          သို့ရာတွင် အဆိုပါ နာဘူကိုး စီမံကိန်း၏ အခက်အခဲ၊ အဟန့်အတားများကို ကျော်လွှားရန် EU က နှောင့်နှေးကြန့်ကြာနေချိန်တွင် တရုတ်နိုင်ငံက "အက်ဂါဘက်" ဒေါ်လာ ၄ ဘီလျံ ချေးငှားခြင်းဖြင့် ခြေမြန်လက်မြန် နေရာဝင်ယူခဲ့ပြီး ပိုက်လိုင်းသစ် စီမံကိန်းကို ဦးဆောင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

          တရုတ်အမျိုးသား ရေနံကော်ပရေးရှင်း CNPC မှ ဆောင်ရွက်နေသော ယခုပိုက်လိုင်းသစ်သည် တနှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၄၀ ဘီလျံခန့် တင်သွင်းနိုင်မည် ဖြစ်၍ သယံဇာတရယူ သုံးစွဲရေး ပြိုင်ပွဲတွင် အနောက်နိုင်ငံများနှင့် ရုရှား၏ ရှေ့တွင် ဘီဂျင်းက ရောက်ရှိနေသော လက္ခဏာပင် ဖြစ်ပါသည်။

          ယခုသဘာဝဓာတ်ငွေ့လက်ဝါးကြီးအုပ်ရယူရေး ပြိုင်ပွဲသည် ရုရှားနှင့် အနောက်နိုင်ငံတို့၏ ပြိုင် ပွဲမဟုတ်တော့ပဲ ရုရှားနှင့် တရုတ်တို့၏ ပြိုင်ပွဲဖြစ်သွားပြီဟု အတိအလင်းဆိုနိုင်ပါသည်။ အနောက် နိုင်ငံများ ပံပိုးပေးသည့် နာဆူကိုးကဲ့သို့သော စီမံကိန်းများသည် ယခုပွဲတွင် ပြိုင်ဘက်ဖြစ်မလာနိုင် တော့ပါဟု Jelenkovic က သုံးသပ် ပြောကြားလိုက်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Burmanet.org, 10th Dec 2009

          အမေရိကန်သမ္မတ အိုဘားမားသည် ကြာသပတေးနေ့က ၎င်း၏ ငြိမ်းချမ်းရေး နိုဘယ်ဆု လက်ခံအပြီး စကားပြောကြားရာတွင် ထာဝရငြိမ်းချမ်းရေးအတွက် လူ့အခွင့်အရေး လိုအပ်ပြီး၊ လူတစ်ဦးချင်းစီအတွက် စီးပွားရေး အခွင့်အလမ်းများ လိုအပ်သည်ဟု ထည့်သွင်း ပြောကြားသွားပါသည်။ တစ်ခါတစ်ရံ စစ်ပွဲများ လိုအပ်ပြီး ငြိမ်းချမ်းရေး ပြန်လည်ရရှိရေးအတွက်မူ ကမ္ဘာတစ်ခုလုံးက အခြေအနေအချို့ ချမှတ်ပေးရမည် ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့ပါသည်။

          နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အီရန်၊ မြောက်ကိုရီးယား တို့ကဲ့သို့သော နျူကလီယာ ခြိမ်းခြောက်မှုရှိသော နိုင်ငံများကို အဓိပ္ပါယ်ရှိသော အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရမည် ဖြစ်ကြောင်း အိုဘားမားက ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့နည်းလည်းကောင်းပင် မိမိနိုင်ငံသားများကို ပြန်လည် ဖိနှိပ်နေသည့် Dartur နှင့် မြန်မာနိုင်ငံတို့ကိုလည်း အဓိပ္ပါယ်ရှိသော အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့အပြင် အစိုးရများသည် ၎င်းတို့၏ ပြည်သူများကို အခြေခံ လူ့အခွင့်အရေးများကို အာမခံရမည် ဖြစ်ပြီး၊ စီးပွားရေးလုံခြုံမှုနှင့် အခွင့်အလမ်းများကို ဖြည့်ဆည်းပေးရမည်ဟု ပြောကြားခဲ့ပါသည်။

          Obama က အမှန်တကယ် ငြိမ်းချမ်းမှုဆိုသည်မှာ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရမည်သာမက လိုချင်မှုများမှလည်း လွတ်မြောက်ရမည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာစစ်အစိုးရသည် အဂတိလိုက်စားမှုများကို မုန်တိုင်းတစ်ခုသဖွယ် တိုက်ခတ်ပြီး အကျိုးအမြတ်များ ရယူလျက်ရှိကြောင်း၊ အဆိုပါ အကျိုးအမြတ်များကို အစိုးရ၏ ပြည်သူ့ရေးရာ အခန်းကဏ္ဍများတွင် လည်းအသုံးချလျက်ရှိကြောင်း မြန်မာပြည်သူများက ပြောကြားသည်။

ဂျာမနီနိုင်ငံ၊ ဘာလင်အခြေစိုက် Transparency International ကထုတ်ပြန်သော နိုင်ငံတကာ အဂတိလိုက်စားမှု စောင့်ကြည့်ရေးဆိုင်ရာ အစီရင်ခံစာ (၂၀၀၉) အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယမြောက် အဂတိအလိုက်စားဆုံး နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်တွင် ကျောက်မျက်တူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး၊ ရွှေနှင့် သတ္ထုရှာဖွေရေး ကုမ္ပဏီများ အနေဖြင့် အဆိုပါ လုပ်ငန်းများကို အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်နိုင်ရန် နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများကို ပမာဏ များပြားသော တံစိုးလက်ဆောင်များ ပေးကြရသည်။ ရွှေချောင်းများ သို့မဟုတ် ငွေကြေးများ ပေးကြရသည်။ အထူးသဖြင့် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီး ငါးဦးဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ အတွင်းရေးမှူး-၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး နှင့် သတ္ထုတွင်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်အုန်းမြင့် တို့အား လုပ်ငန်းလိုင်စင်များ ရရှိရေးအတွက် လာဘ်ထိုးကြရကြောင်း စီးပွားရေး လုပ်ငန်းရှင်များ က ပြောသည်။

လာဘ်ထိုးကြသည်ဆိုရာ၌ ကျပ်ငွေ သန်းပေါင်းများစွာ သို့မဟုတ် ကာလပေါက်ဈေးနှင့် ညီမျှသော ရွှေချောင်းများကို မြစ်ကြီးနားမြို့ အခြေစိုက် တိုင်းမှူး  ဗိုလ်ချုပ် စိုးဝင်းနှင့် ဇနီးဖြစ်သူတို့ကိုလည်း ပေးကြရသည်။ ထို့အတူ အငယ်တန်း စစ်ဗိုလ်များသည် လည်း စီနီယာဗိုလ်ချုပ်ကြီးများ နည်းတူ တံစိုးလက်ဆောင်များ ရယူကာ အကျိုးစီးပွား ဖြစ်လျက် ရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ကချင်ပြည်နယ် အနောက်ဘက် ပိုင်းတွင်ရှိသော ဖားကန့် ကျောက်တွင်းများတွင် လုပ်ကိုင်နေသည့် ကုမ္ပဏီများသည် တရားဝင် လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီများဖြစ်ကြ ပြီးနှစ်စဉ် လုပ်ကိုင်ခွင့် ပါမစ်ရရှိရန် ကြိုးပမ်းကြရသည်။ ဤသို့ ပါမစ်ရရှိရေးမှာ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများကို ပေးသော လာဘ်ငွေ ပမာဏပေါ်တွင် မူတည်လျက်ရှိပြီး စစ်ဗိုလ်ချုပ်ကြီး ငါးဦးထဲမှ တစ်ဦးက စိတ်ကြိုက် ရွေးချယ်ခြင်း ဖြစ်သည်ဟု ကျောက်မျက် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကို လာဘ်ထိုးငွေနှင့် တံစိုးလက်ဆောင်များ အများဆုံး ပေးရလေ့ရှိကြောင်း သိရသည်။ အကယ်၍သာ ကုမ္ပဏီတစ်ခုက ထိပ်ပိုင်း ဗိုလ်ချုပ်ကြီး နှစ်ဦးကို လာဘ်ငွေ အမြောက်အမြား ပေးနိုင်ပါက အဆိုပါ ကုမ္ပဏီသည် ကျောက်တွင်းလုပ်ကိုင်ခွင့် ပါမစ် အမြန်ဆုံး ရရှိကြောင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်အစိုးရနှင့် အဆက်အသွယ်မရှိသော ကျောက်မျက်ရတနာ တူးဖော်ရေး ကုမ္ပဏီတစ်ခု အနေဖြင့် ကျောက်တွင်း တူးဖော်ခွင့် ပါမစ်ရယူလိုပါက ကျပ်ငွေ သန်း ၂၀၀ ( အမေရိကန်ဒေါ်လာ ၁၆၃၉၃၄) ခန့် သုံးနိုင်ပါမှ ရနိုင်မည်ဖြစ်သည်။ အကြောင်းမှာ နေပြည်တော်က ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး ငါးဦးကို လာဘ်ထိုးရသောကြောင့်ဖြစ်သည်။

အလားတူ သစ်လုပ်ငန်းလုပ်သည့် ကုမ္ပဏီကြီးများ ဖြစ်သော ယုဇနကုမ္ပဏီ၊ ထူးထရိတ်ဒင်း တို့သည်လည်း စစ်တပ်နှင့် အစိုးရဌာန ပေါင်းစုံအား အကြီးအကျယ် လာဘ်ထိုးကြရသည်။ သို့မှသာ သစ်ခုတ်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးများ ကောင်းမွန်စွာ လုပ်ကိုင်နိုင်မည် ဖြစ်သည်ဟု သစ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ ထူးထရိတ်ဒင်းမှာ စီးပွားရေးသမားကြီး ဦးတေဇက ပိုင်ဆိုင်ပြီး ၎င်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်ဖြစ်သည်။

ကချင်ပြည်နယ်ထဲမှ မြန်မာစစ်တပ်များသည် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တရားမဝင် ကုန်သွယ်မှုပြုရာ လမ်းကြောင်းများတွင် အဓိက တပ်စွဲထားသည်။ လာဂျာရန်း၊ လော်ဂျီ နှင့် ကိုင်ထစ် နယ်စပ်စခန်းတို့မှာ အခြားသော ပြည်နယ်များထက် တရားမဝင် ကုန်သွယ်မှု ပြုလုပ်ရန် အကောင်းဆုံး နေရာများ ဖြစ်ကြောင်း မြန်မာစစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ် များက ဆိုသည်။

အဆိုပါ စစ်ဆေးရေး စခန်းများတွင် မြန်မာ စစ်သားများနှင့် လုံခြုံရေး အရာရှိများက သစ်ကားများထံမှ အခွန်ငွေများ ဖိအားပေး တောင်းလေ့ရှိကြောင်း စစ်ဆေးရေး စခန်းနှင့် နီးစပ်သူ များကဆိုသည်။ သို့သော် အဆိုပါ စစ်ဆေးရေး စခန်းများတွင် တပ်စွဲထားသော တပ်ရင်းများသည် သုံးလ သို့မဟုတ် လေးလ တွင် အလှည့်ကျ ပြောင်းရွှေ့ရလေ့ရှိကြောင်း နီးစပ်သူများ က ဆိုပါသည်။

ထို တပ်ဖွဲ့များသည်လည်း ၎င်းတို့၏ စီနီယာ စစ်ဗိုလ်များကို အဆင့်ဆင့် လာဘ်ထိုး ကြရသည်။  မြန်မာအစိုးရ အဖွဲ့ ဝန်ကြီးဌာန အသီးသီးတွင် လုပ်ကိုင်လျက်ရှိသော ဝန်ထမ်းများ အားလုံး လာဘ်စားကြသည်မှာ အလေ့အထ တစ်ခုသဖွယ် ဖြစ်လာကြောင်း၊ အဂတိလိုက်စားသည့် နည်းလမ်းများမှာလည်း တူညီမှု မရှိကြကြောင်း၊ အကြောင်းမှာ အစိုးရဝန်ထမ်းများ၏ လစာမှာ လွန်စွာ နည်းပါးသောကြောင့် ဖြစ်ကြောင်း ပြည်တွင်းမှ လေ့ လာသူများက ဆိုပါသည်။

ယခုအခါ ကချင်ပြည်နယ်တွင် နေထိုင်သော ဒေသခံများမှာ မြန်မာစစ်တပ်နှင့် အစိုးရ ဝန်ထမ်းများ အဂတိလိုက်စားမှု၏ သားကောင်များ ဖြစ်လာနေပြီ ဖြစ်သည်။ မြန်မာ စစ်အစိုးရ ဆက်လက် အုပ်ချုပ်နေသရွေ့ ထိုကဲ့သို့သော အဂတိ လိုက်စားမှုများလည်း မကွယ်ပျောက်ဘဲ ဆက်လည် တည်ရှိနေဦးမည်သာ ဖြစ်ကြောင်း ပြည်သူများက ယုံကြည်လျက် ရှိပါသည်။

www.burmanet.org မှ Burmese Military Junta thrives on cyclone of corruption ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

MIZZIMA News ,11th Dec 2009

          ယူနိုက်တက် ကင်းဒမ်း UK နိုင်ငံ၏ ပြည်ပ ဓနသဟာရ နိုင်ငံများအဖွဲ့ Foreign and Common Wealth Office FCO သည် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်နှင့် ပတ်သက်သော သတင်းများ အဆက်မပြတ် ရရှိနိုင်မည့် စီမံ ဆောင်ရွက်ချက် အသစ်တစ်ခုကို ကြာသပတေးနေ့က စတင်ခဲ့ပါသည်။

FCO နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)၊ ထိုင်း အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအဖွဲ့ AAPP in Burma နှင့် Burma Campaign UK (BCUK) တို့က ပြောကြားရာတွင် စစ်အစိုးရက စီစဉ်ထားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများသို့ ဦးတည်နေသည့် ယခုအချိန်တွင် မိမိတို့ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် စစ်အစိုးရက ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ၏ ဖုံးကွယ်ခြင်း ခံနေရသော နောက်ကွယ်မှ ဖြစ်ရပ်မှန်များကို ဖော်ထုတ်မည့် လှုပ်ရှားမှုတစ်ခုကို စတင် ဆောင်ရွက်နေသည်ဟု ဆိုပါသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေးသေးပါက မြန်မာနိုင်ငံတွင် နိုင်ငံတကာက အသိအမှတ်ပြုသော တရားဝင် လက်ခံနိုင်သော ရွေးကောက်ပွဲများ မဖြစ်ပေါ်နိုင်ပါဟု အဆိုပါ အဖွဲ့အစည်းများက ပြောကြားပါသည်။

ယခု သီတင်းပတ်တွင် အထိန်းသိမ်းခံ ထိပ်တန်း နိုင်ငံရေးသမား (၅) ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်းများဖြင့် စီမံချက် အသစ်ကို စတင်လိုက်ပြီး၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများ ကျင်းပသည့် အချိန်တိုင်အောင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းများကို အပတ်စဉ် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ယခုတစ်ပတ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ နာဂစ်စ် ဆိုင်ကလုန်းဒဏ်ခံ ဒုက္ခသည်များ အတွက် လူသားချင်း စာနာထောက်ထားသော လုပ်ငန်းများတွင် ပါဝင် ပတ်သက်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်းရသူ ကျော်ကြားသော မြန်မာလူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ (သို့) မောင်သူရ၏ ဇာတ်လမ်းကို ဖော်ပြရန် ရွေးချယ်ထားပါသည်။

သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရသူ တစ်ဦးဖြစ်သည့် မောင်သူရသည် ထောင်ဒဏ် (၃၅) နှစ် အပြစ်ပေးခြင်း ခံရပြီး၊ ယခု လက်ရှိတွင် ဝေးလံလှသော မြန်မာပြည် မြောက်ပိုင်း၊ ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်သို့ တမင်တကာ ပြောင်းရွှေ့ အကျဉ်းချထားခြင်း ခံရပါသည်။

          နိုင်ငံရေး အကျဉ်းသားများ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းများကို အပတ်စဉ် ထုတ်ပြန်သွားမည် ဖြစ်၍ အပြစ်မရှိသူ နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ကျော်၏ ဇာတ်လမ်းများ အားလုံးကိုသာ ဖော်ပြရမည်ဆိုလျှင် အနှစ် (၄၀) ကျော် အချိန်ယူ ရပါလိမ့်မည်။ သဘောထား ပျော့ပျောင်းမှုအနေနှင့် အရေအတွက် အလွန် နည်းပါးသော နိုင်ငံရေးသမား အချို့ကို လွှတ်ပေးခဲ့သော်လည်း မြန်မာအစိုးရသည် ၎င်းအား ဆန့်ကျင် ပြောဆိုသူ မှန်သမျှကို ဆက်လက် ဖမ်းဆီးနေဆဲ ဖြစ်ပါသည်။ အများစုမှာ နှစ်ရှည် ထောင်ဒဏ် (၆၅) နှစ်မှ (၁၀၀) နှစ်အကြား ပြစ်ဒဏ် ကျခံနေရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားပါသည်။

          အထက်ပါ လှုပ်ရှားမှုကို ထောက်ခံသည့် အနေဖြင့် ဗြိတိသျှ ပါလီမန် အဖွဲ့ဝင် Iran Lewis က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ရာတွင် အပြစ်မရှိသော မြန်မာ နိုင်ငံရေး အကျဉ်းသားများ၏ ရဲရင့်မှုနှင့် အကျဉ်းထောင်တွင်းမှ ကြေကွဲဖွယ် ဇာတ်လမ်းများကို ယခု လှုပ်ရှားမှုက မီးမောင်းထိုးပြ ပါလိမ့်မည်ဟု ဖေါ်ပြထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Burmanet.org,10 Dec 2009

          တပ်မတော် အစိုးရက ကျင်းပပေးမည်ဟု ကြေညာထားသော ၂၀၁၀ ရွေးကောက်ပွဲများ အတွက် အဆင်သင့် ဖြစ်အောင် ပြင်ဆင်သည့် အနေဖြင့် ကချင် တိုင်းရင်းသားများ၏ နိုင်ငံရေးပါတီက ကချင်ပြည်နယ်တွင်းရှိ အဓိက မြို့ကြီးများတွင် ရုံးခွဲ (၁၀) ရုံး ဖွင့်လှစ်ထားသည်ဟု ပါတီက သတင်း ထုတ်ပြန်ပါသည်။ ကချင်ပြည်နယ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP သည် ၎င်း၏ ရုံးခွဲများကို မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမိတ်၊ မန်စီ၊ ဝိုင်းမော်၊ ချီဗွေ၊ မိုးညှင်း၊ မိုးကောင်း၊ တနိုင်းနှင့် ပူတာအိုမြို့များတွင် ဖွင့်လှစ်ထားသည်ဟု သိရပါသည်။

          ပါတီပိုင် (၂) ထပ် အဆောက်အအုံသစ်ကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် နိုဝင်ဘာ (၁၈) ရက်က မိတ်ဆက် ဖွင့်လှစ်ခဲ့ပြီး ပါတီဌာနချုပ်အဖြစ် ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု သိရပါသည်။

          ပြည်နယ်၏ ဒုတိယ အကြီးဆုံးမြို့ ဗန်းမော်ရှိ ရုံးခွဲသည် ဒုတိယ ဌာနချုပ် ဖြစ်လာမည်ဟု ဆိုပါသည်။

          ပါတီသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများအတွက် ကြိုတင် ပြင်ဆင်သည့် လှုပ်ရှားမှုများကို ယခုနှစ် အစောပိုင်းမှစ၍ ကချင်ပြည်နယ်တွင် စတင်ခဲ့သော်လည်း ယခုအချိန်ထိ တရားဝင် နိုင်ငံရေး ပါတီအဖြစ် မဖွဲ့စည်းရသေးပါ။

          အပစ်အခတ် ရပ်စဲထားသော လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များကို မြန်မာ့တပ်မတော် လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရေး ကိစ္စဆိုင်ရာ ညှိနှိုင်းရေးမှူး၊ စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့၏ ပြောကြားမှုများအရ ရွေးကောက်ပွဲအတွက် ပြည်သူများကို စည်းရုံးနေခြင်း ဖြစ်သည်ဟု ပါတီ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောပါသည်။

          KSPP ခေါင်းဆောင် ဒေါက်တာ မနမ်တူးဂျာသည် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ၏ ဒုတိယ ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး၊ အပစ်အခတ် ရပ်စဲထားသော လူမျိုးစု တပ်ဖွဲ့ (၁၇) ဖွဲ့၏ ဦးဆောင် စည်းရုံးသူ ဖြစ်ပါသည်။ ထို့အပြင် စစ်အစိုးရ ဦးဆောင်၍ အငြင်းပွားဖွယ် အခြေခံ ဥပဒေသစ်ကို မူကြမ်း ရေးဆွဲခဲ့သည့် (၁၄) နှစ်ကြာ အမျိုးသားညီလာခံကိုလည်း တက်ရောက်ခဲ့သူ ဖြစ်သည်။

          အဓိက ကချင်အဖွဲ့အစည်း (၃) ခု ဖြစ်သည့် KIO, New Democratic Army - Kachin (NDA-K) နှင့် Kachin Nationals Consultative Assembly (KNCA) တို့၏ ထောက်ခံ အားပေးမှုဖြင့် KSPP သည် ယခုနှစ် အစောပိုင်းမှ စ၍ ထင်ရှားလာခဲ့ပါသည်။

          စည်းမျဉ်းခံ ဒီမိုကရေစီ စနစ်ကို ဦးတည်သည့် စစ်အစိုးရ၏ အဆင့် (၇) ဆင့်ပါ လမ်းပြ မြေပုံအရ နိုင်ငံတဝှမ်း အထွေထွေ ရွေးကောက်ပွဲများကို လာမည့်နှစ်တွင် ကျင်းပမည် ဖြစ်ပါသည်။ သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့်ရက် အတိအကျကို တပ်မတော်ခေါင်းဆောင်များက ယခုတိုင် ကြေညာခြင်း မရှိသေးပါ။

          ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် NLD ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှာလည်း ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်တွင် အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters,10th - Dec – 2009

          အမေရိကန် သမ္မတ Obama ၏ အငြင်းပွားဖွယ် ငြိမ်းချမ်းရေး နိုဘယ်ဆုသည် အချိန် အနည်းငယ် စောသေးကြောင်း နိုဘယ်ဆုရှင် Dalai Lama က Obama ၏ ဆုလက်ခံစဉ် အာဖဂန်နစ္စတန်ရှိ စစ်ပွဲကို ကာကွယ် ပြောဆိုသော မိန့်ခွန်းကို ကြည့်၍ ပြောကြားလိုက်ပါသည်။ ပြည်ပရောက် တိဘက် ဘာသာရေး ခေါင်းဆောင်က Sky News သို့ ပြောကြားရာတွင် Obama သည် စွမ်းအား အပြည့်အဝရှိပြီး အရာရာကို လုပ်နိုင်သည့် အင်အားရှိကြောင်း၊ သို့သော် မာသာထရီဇာ၊ မာတင်လူသာကင်း၊ နယ်လ်ဆင်မင်ဒဲလား တို့ကိုလည်း နိုဘယ်ဆု ပေးအပ်ခဲ့ရာ၊ Obama အတွက်မူ အနည်းငယ် အချိန်မတန်သေးကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။

          လက်တွေ့ကျကျ စဉ်းစားပါက အနည်းငယ် စောသေးသည်ကို တွေ့ရမည်ဟု Dalai Lama က သြစတြေးလျသို့ လာရောက် လည်ပတ်စဉ် ပြောကြားခဲ့ပါသည်။ သို့သော် ကိစ္စမရှိကြောင်း၊ Obama သည် စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်ဖြစ်သည်ကို မိမိသိပါကြောင်း ၎င်းက ပြောကြားပါသည်။

          Obama သည် ယခုနှစ်၏ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် အောက်တိုဘာလက ကြေညာခဲ့ရာ သမ္မတ သက်တမ်း (၉) လသာ ရှိသေးပြီး၊ အော့စလိုမြို့တွင် ဆုလက်ခံယူရာ၌ အာဖဂန်နစ္စတန် တွင် တာလီဘန်များကို တိုက်ခိုက်ရန် စစ်သား (၃၀၀၀၀) ပိုမို စေလွှတ်ရန် ကြေညာအပြီး ရက်အနည်းငယ်အတွင်း ဖြစ်ပါသည်။

          ကြာသပတေးနေ့က နော်ဝေးမြို့တော် အော့စလိုတွင် ထောင်ပေါင်း များစွာသော ဆန္ဒပြသူများ စုရုံး၍ Obama ၏ ရွေးကောက်ပွဲ ဝင်စဉ်က ကြွေးကြော်ခဲ့သော "ကျွန်တော်တို့ လုပ်နိုင်ပါတယ်၊ အာဖဂန် နစ္စတန်က စစ်ပွဲကို ရပ်သွားအောင် လုပ်နိုင်ပါတယ်" ဟူသော စာသားကို ရွတ်ဆိုပြီး ဆန္ဒပြ ခဲ့ကြပါသည်။

          ၁၉၈၉ ခုနှစ်က နိုဘယ်ဆုရခဲ့သူ Dalai Lama က ဒေါ်အောင်ဆန်းစုကြည်နှင့် Lech Walesa တို့နှင့် တစ်တန်းစားတည်း ဤဆုနှင့် ထိုက်တန်ကြောင်း စာရင်းသွင်းရန်အတွက်မူ ကမ္ဘာကြီးအနေဖြင့် စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကြေညာလိုက်စဉ်က ငယ်ရွယ်သော အမေရိကန် သမ္မတ ဖြစ်နေခြင်း၊ စွမ်းအားများရှိသော သမ္မတဖြစ်ခြင်းတို့ကြောင့် အားလုံးက ပျော်ရွှင်ခဲ့ကြသည်ဟု ဆိုပါသည်။ သို့သော် နောက်ပိုင်းတွင် အချို့ အယူအဆများအရ အနည်းငယ် စောသေးသည်ဟု ထွက်ပေါ်လာခဲ့ပါသည်။ တဖန် ဤဆုပေးရခြင်းအတွက် အချို့အကြောင်းပြချက်များအရ (Obama ကို ပေးရခြင်းအတွက်) ကျွန်ုပ်တို့ စောင့်ရဦးမည်ဟု ၎င်းက ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters ,10th Dec 2009

          တရုတ်အမျိုးသား ရေနံကော်ပရေးရှင်း CNPC သည် အလယ်ပိုင်း အာရှဒေသမှ တင်သွင်းလာသော သဘာဝဓာတ်ငွေ့များကို တစ်တန်လျှင် ၃၇၅၀ ယွမ် (၁ ကုဗမီတာလျှင် ၃ ယွမ်) နှုန်းဖြင့် တရုတ်တောင်ပိုင်းရှိ မြို့ပြဓာတ်ငွေ့ ဖြန့်ဖြူးရေးလုပ်ငန်းများသို့ ၂၀၁၁ ခုနှစ်တွင် ရောင်းချပေးမည် ဖြစ်ရာ လက်ရှိပြည်တွင်း ဈေးနှုန်းများထက် အတော်ကြီး မြင့်နေသည်ကို တွေ့ရပါသည်။

          ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၁၂)ရက်က ရရှိခဲ့သော သဘောတူညီချက်အရ CNPC သည် ရှန်ဇန်း ဓာတ်ငွေ့ ကော်ပရေးရှင်းအား တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ တန်ပေါင်း (၃.၂) သန်းကို (၂၅) နှစ် တိတိ ရောင်းချပေးမည်ဟု ရှန်ဇန်းဓာတ်ငွေ့ ကော်ပရေးရှင်းက ဒီဇင်ဘာ (၈) ရက် နေ့စွဲဖြင့် ၎င်း၏ ဝက်ဘ်ဆိုက် (www.szgas.com.cn) တွင် ဖော်ပြထားပါသည်။

          ရှန်ဇန်း ဓာတ်ငွေ့လုပ်ငန်းသည် ဟောင်ကောင်နှင့် နယ်နမိတ်ချင်း ထိစပ်နေသော ရှန်ဇန်းမြို့တော်တွင် ဓာတ်ငွေ့ဖြန့်ဖြူးနေသော ဦးဆောင်ကုမ္ပဏီတစ်ခု ဖြစ်သည်။ လက်ရှိ ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ ပထမဆုံး သဘာဝဓာတ်ငွေ့ရည် ထုတ်လုပ် ဖြန့်ဖြူးသူ ဂွမ်ဒေါင်းဒါပင်း လုပ်ငန်းထံမှ သဘာဝဓာတ်ငွေ့ကို (၁) ကုဗမီတာလျှင် (၁.၇) ယွမ်နှုန်းဖြင့် ဝယ်ယူနေ ပါသည်။

          ၂၀၁၁ နောက်ပိုင်းတွင် CNPC က ရောင်းချပေးမည့် ဓာတ်ငွေ့ဈေးနှုန်းကို ရှန်ဇန်းက ထုတ်ဖေါ် ပြောဆိုခြင်း မရှိသော်လည်း ဗဟိုအာရှဒေသမှ ဝေးလံစွာ သယ်ဆောင်လာရခြင်းကြောင့် ဈေးနှုန်းများ တက်လာနိုင်သည်ဟု လေ့လာသူများက မှန်းဆထားပါသည်။

          Sinopec မှ အကောင်အထည် ဖေါ်နေသော အနောက်တိုင်း စီချွမ်ပူဂေါင် ရေနံမြေမှ ကီလိုမီတာ (၁၇၀၀) နီးနီး ရှည်လျားသော ပိုက်လိုင်းကို ဖြတ်သန်း ပို့လွှတ်ရသည့် အတွက် ရှန်ဟိုင်းမြို့ အရောက် ဓာတ်ငွေ့ဈေးနှုန်းကို တစ်ကုဗမီတာလျှင် (၂) ယွမ်နှုန်းသို့ China National Development and Reform Commission က ဂျူလိုင်လတွင် သတ်မှတ်ခဲ့ပါသည်။

          တရုတ်နိုင်ငံ၏ ပထမဆုံး နယ်စပ် ဖြတ်ကျော် ဓာတ်ငွေ့ပိုက်လိုင်းသည် ဗဟိုအာရှဒေသမှ တရုတ်သို့ ဆက်သွယ် သွယ်တန်းရာတွင် တာ့ခ်မင် နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန် နိုင်ငံများကို ဖြတ်သန်း၍ ကီလိုမီတာ (၂၀၀၀) နီးပါး သွယ်တန်းခဲ့ပြီးမှ တရုတ်နိုင်ငံတွင်းရှိ ကီလိုမီတာ (၉၀၀၀) ခန့်ကို ဆက်လက် ဖြတ်သန်း ဆက်သွယ်ရမည် ဖြစ်သည်။

          တရုတ်သမ္မတ ဟူကျင်းတောင်သည် ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု စီမံကိန်း စတင်သည့် အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ (၁၂ - ၁၄) ထိ တာ့ခ်မင် နစ္စတန်နှင့် ကာဇက်စတန်သို့ သွားရောက် စီစဉ်ထားပါသည်။ အဆိုပါ ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်း ပြီးစီးသွားပါက တစ်နှစ်လျှင် သဘာဝ ဓာတ်ငွေ့ (၃၀) ဘီလျံ ကုဗမီတာ ပို့လွှတ် သယ်ဆောင်ပေးနိုင်မည် ဖြစ်သည်။

          ၎င်းတို့နိုင်ငံမှ ထွက်ရှိသော ရေနံဓာတ်ငွေ့နှင့် ယူရေနီယမ်များအတွက် ဈေးကွက်သစ် ရှာဖွေနေသော ဗဟို အာရှနိုင်ငံများနှင့် စွမ်းအင်ဆိုင်ရာ သဘောတူညီမှုများ ပိုမို ရရှိရန် တရုတ်နိုင်ငံက ရည်ရွယ်ထားသည်ဟု တရုတ် တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက သမ္မတ ဟူ၏ အဆိုပါ ဒေသသို့ ခရီးစဉ် မတိုင်မီ ကြာသပတေးနေ့က ပြောကြားပါသည်။

          တရုတ်နိုင်ငံ အနောက်ပိုင်းမှ အရှေ့ပိုင်းသို့ ဆက်သွယ်မည့် CNPC ၏ ပထမဆုံး ဓာတ်ငွေ့ ပိုက်လိုင်းသည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ (၁၇) ဘီလျံ ပို့လွှတ်နိုင်စွမ်း ရှိ၍ အနောက်မြောက်ဖျား ဇင်ဂျီယန်းပြည်နယ်မှ အရှေ့ဖျား ရှန်ဟိုင်းသို့ ကီလိုမီတာ (၄၀၀၀) ကျော် သွယ်တန်းမည် ဖြစ်သည်။ ရှန်ဟိုင်းသို့ ရောက်ရှိလာသော ဓာတ်ငွေ့ဈေးနှုန်းမှာ (၁) ကုဗမီတာလျှင် (၁.၄) ယွမ် ကျသင့်မည် ဖြစ်သည်။

          သဘာဝဓာတ်ငွေ့လုပ်ငန်း အပါအဝင် CNPC ၏ အဓိက စီးပွားရေးလုပ်ငန်းများကို အကောင်အထည် ဖော်နေသူမှာ Petro China ကုမ္ပဏီ ဖြစ်သည်။

          တရုတ်နိုင်ငံသည် ၎င်း၏ ပြုလွယ် ပြင်လွယ် မရှိသော ပြန့်ကျဲနေသည့် ဓာတ်ငွေ့ဈေးနှုန်း သတ်မှတ်မှုစနစ်နှင့် လုပ်ငန်းတခုလုံးကို ပြောင်းလဲ တိုးတက်လာအောင် အသေအချာ စဉ်းစားနေပြီး တာဝန်ရှိ ပုဂ္ဂိုလ်များက အထွေထွေဈေးနှုန်းများ မြင့်တက်လာမည်ဟု မျှော်လင့်ထားကြပါသည်။ သို့ရာတွင် အဆင့်မြင့် NDRC တာဝန်ရှိ ပုဂ္ဂိုလ်များက ယခုနှစ် မကုန်ခင်အထိ ဓာတ်ငွေ့ဈေးနှုန်းများ တက်ဦးမည် မဟုတ်ဟု ပြောကြားခဲ့ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.