Transparency Myanmar

transparency.myanmar@gmail.com

MIZZIMA News ,11th Dec 2009

          ယူနိုက်တက် ကင်းဒမ်း UK နိုင်ငံ၏ ပြည်ပ ဓနသဟာရ နိုင်ငံများအဖွဲ့ Foreign and Common Wealth Office FCO သည် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်နှင့် ပတ်သက်သော သတင်းများ အဆက်မပြတ် ရရှိနိုင်မည့် စီမံ ဆောင်ရွက်ချက် အသစ်တစ်ခုကို ကြာသပတေးနေ့က စတင်ခဲ့ပါသည်။

FCO နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)၊ ထိုင်း အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအဖွဲ့ AAPP in Burma နှင့် Burma Campaign UK (BCUK) တို့က ပြောကြားရာတွင် စစ်အစိုးရက စီစဉ်ထားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများသို့ ဦးတည်နေသည့် ယခုအချိန်တွင် မိမိတို့ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် စစ်အစိုးရက ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ၏ ဖုံးကွယ်ခြင်း ခံနေရသော နောက်ကွယ်မှ ဖြစ်ရပ်မှန်များကို ဖော်ထုတ်မည့် လှုပ်ရှားမှုတစ်ခုကို စတင် ဆောင်ရွက်နေသည်ဟု ဆိုပါသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေးသေးပါက မြန်မာနိုင်ငံတွင် နိုင်ငံတကာက အသိအမှတ်ပြုသော တရားဝင် လက်ခံနိုင်သော ရွေးကောက်ပွဲများ မဖြစ်ပေါ်နိုင်ပါဟု အဆိုပါ အဖွဲ့အစည်းများက ပြောကြားပါသည်။

ယခု သီတင်းပတ်တွင် အထိန်းသိမ်းခံ ထိပ်တန်း နိုင်ငံရေးသမား (၅) ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်းများဖြင့် စီမံချက် အသစ်ကို စတင်လိုက်ပြီး၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများ ကျင်းပသည့် အချိန်တိုင်အောင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းများကို အပတ်စဉ် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ယခုတစ်ပတ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ နာဂစ်စ် ဆိုင်ကလုန်းဒဏ်ခံ ဒုက္ခသည်များ အတွက် လူသားချင်း စာနာထောက်ထားသော လုပ်ငန်းများတွင် ပါဝင် ပတ်သက်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်းရသူ ကျော်ကြားသော မြန်မာလူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ (သို့) မောင်သူရ၏ ဇာတ်လမ်းကို ဖော်ပြရန် ရွေးချယ်ထားပါသည်။

သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရသူ တစ်ဦးဖြစ်သည့် မောင်သူရသည် ထောင်ဒဏ် (၃၅) နှစ် အပြစ်ပေးခြင်း ခံရပြီး၊ ယခု လက်ရှိတွင် ဝေးလံလှသော မြန်မာပြည် မြောက်ပိုင်း၊ ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်သို့ တမင်တကာ ပြောင်းရွှေ့ အကျဉ်းချထားခြင်း ခံရပါသည်။

          နိုင်ငံရေး အကျဉ်းသားများ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းများကို အပတ်စဉ် ထုတ်ပြန်သွားမည် ဖြစ်၍ အပြစ်မရှိသူ နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ကျော်၏ ဇာတ်လမ်းများ အားလုံးကိုသာ ဖော်ပြရမည်ဆိုလျှင် အနှစ် (၄၀) ကျော် အချိန်ယူ ရပါလိမ့်မည်။ သဘောထား ပျော့ပျောင်းမှုအနေနှင့် အရေအတွက် အလွန် နည်းပါးသော နိုင်ငံရေးသမား အချို့ကို လွှတ်ပေးခဲ့သော်လည်း မြန်မာအစိုးရသည် ၎င်းအား ဆန့်ကျင် ပြောဆိုသူ မှန်သမျှကို ဆက်လက် ဖမ်းဆီးနေဆဲ ဖြစ်ပါသည်။ အများစုမှာ နှစ်ရှည် ထောင်ဒဏ် (၆၅) နှစ်မှ (၁၀၀) နှစ်အကြား ပြစ်ဒဏ် ကျခံနေရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားပါသည်။

          အထက်ပါ လှုပ်ရှားမှုကို ထောက်ခံသည့် အနေဖြင့် ဗြိတိသျှ ပါလီမန် အဖွဲ့ဝင် Iran Lewis က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ရာတွင် အပြစ်မရှိသော မြန်မာ နိုင်ငံရေး အကျဉ်းသားများ၏ ရဲရင့်မှုနှင့် အကျဉ်းထောင်တွင်းမှ ကြေကွဲဖွယ် ဇာတ်လမ်းများကို ယခု လှုပ်ရှားမှုက မီးမောင်းထိုးပြ ပါလိမ့်မည်ဟု ဖေါ်ပြထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment