Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ နျူကလီးယား အစီအစဉ်များ အဆုံးသတ်ရေးအတွက် အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်း သွားမည်ဟု ထုတ်ဖော်ပြောဆိုပြီး နျူကလီးယား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း ဘီဘီစီသတင်းက ဆိုပါသည်။ 

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အဆိုအရ ပြုံယမ်းအစိုးရသည် အမေရိကန် အစိုးရနှင့် ပူးပေါင်းပြီး ကျန်ရှိနေသော သဘောထား ကွဲလွဲမှုများကို ဖြေရှင်းသွားမည်ဖြစ်သည်။  

ဤသို့ နျူကလီးယား အရေးကိစ္စအတွက် အမေရိကန်နှင့် ပူးပေါင်းမည်ဟူသော ကြေညာချက်သည် အမေရိကန် အထူးသံတမန် Stephen Bosworth မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက် လည်ပတ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ 

မစ္စတာ Stephen သည် မြောက်ကိုရီးယားနိုင်ငံသို့ သုံးရက်တာ သွားရောက်ခဲ့ပြီး ယခုကိစ္စသည် မြောက်ကိုရီးယား၏ အမေရိကန်နိုင်ငံအပေါ် ပထမဆုံး တရားဝင် တုံ့ပြန်မှုတစ်ခု ဖြစ်ကြောင်း ဘီဘီစီသတင်းက ဆိုပါသည်။ 

အပြန်အလှန်နားလည်မှုများ 

"ကျန်ရှိသော မတူညီမှုများကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စု နှစ်နိုင်ငံ သဘောတူညီလိုက်ပြီဖြစ်သည်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက ရေးသားဖော်ပြသည်။

နှစ်နိုင်ငံစလုံးသည် နျူကလီးယား အရေး ကိစ္စအတွက် အပြန်အလှန် သဘောတူညီမှုများ ရရှိ နိုင်မည့် အနေအထားတွင် ရှိနေပြီး တူညီသော အမြင်များရှာဖွေရေး အတွက်လည်း အသင့် အနေအထားတွင် ရှိနေသည်ဟု သတင်းများက ဆို၏။ 

"နှစ်ဦးနှစ်ဖက် နားလည်မှုများကြောင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲစကားဝိုင်း ပြန်လည်စတင်နိုင် တော့မည်ဖြစ်သည်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

မြောက်ကိုရီးယား ခရီးစဉ် ပြီးဆုံးသွားသည့်နောက် အထူးသံတမန် မစ္စတာ Stephen က တွေ့ဆုံ ဆွေးနွေးမှုများသည် နှစ်နိုင်ငံစလုံးအတွက် လွန်စွာအသုံးဝင်သည်ဟု ထုတ်ဖော်ပြော ဆိုခဲ့သော်လည်း ခြောက်နိုင်ငံ စကားဝိုင်းများ မည်သည့်နေ့ရက်တွင် ပြန်လည်စတင်နိုင်မည် ဟူသော အချက်ကို ထုတ်ဖော် အသိပေးနိုင်ခြင်း မရှိခဲ့ပေ။ 

ယခုကဲ့သို့ မြောက်ကိုရီးယားနှင့် အမေရိကန်အကြား တွေ့ဆုံဆွေးနွေးမှုများသည် အမေရိကန် သမ္မတ အိုဘားမား အစိုးရအဖွဲ့တက်လာပြီးနောက် ပထမဆုံးဖြစ်ကြောင်း သိရသည်။ 

ယခုနှစ်ဆန်းပိုင်းတွင် မြောက်ကိုရီးယား အစိုးရက ခြောက်နိုင်ငံ ဆွေးပွဲမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယား၊ ရုရှား၊ ဂျပန် နှင့် မြောက်ကိုရီးယား ကအဖွဲ့ဝင်အဖြစ် ပါဝင်သည်။  

ဘီဘီစီ သတင်းထောက် Michael Bristow က အမေရိကန်သံတမန် Stephen ၏ ခရီးစဉ်သည် အနာဂတ်ကာလတွင် မြောက်ကိုရီးယားအနေဖြင့် မတူညီသော သဘောထားများ ထုတ်ဖော်ပြီး နျူကလီးယား အစီအစဉ်များကို အဆုံးသတ်ရန် ဦးတည်ကြောင်း ပြောကြားသည်။ မစ္စတာ Stephen သည် မြောက်ကိုရီးယား ထိပ်ပိုင်းခေါင်းဆောင် အတော်များ များနှင့် တွေ့ဆုံခဲ့သော်လည်း ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်နှင့်တော့ တွေ့ဆုံခွင့်မရရှိခဲ့ ပေ။  

BBC သတင်းဌာန၏ N Korea agrees US co-operation ကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment