Transparency Myanmar

transparency.myanmar@gmail.com

Narinjara News, 10th Dec 2009

          ရခိုင်ပြည်နယ် တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးသည် မြို့နယ်နှင့် ခရိုင်အဆင့် အုပ်ချုပ်ရေးနှင့် ရဲအရာရှိများအား လာမည့် ရွေးကောက်ပွဲ လုံခြုံရေးနှင့် ရန်ပုံငွေ ရှာဖွေရေးအတွက် ညွှန်ကြားချက်များ ပြောကြားကြောင်း ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

          စစ်တွေမြို့တွင် ဒီဇင်ဘာ (၇) ရက်နှင့် (၈) ရက်နေ့များက ကျင်းပ ပြုလုပ်သော အစည်းအဝေးတွင် အထက်ပါအတိုင်း ညွှန်ကြားခဲ့ပါသည်။

          နေပြည်တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလက ပြုလုပ်သော လေးလပတ် အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်ရန် တိုင်းမှူးက အစည်းအဝေး ခေါ်၍ ညွှန်ကြားခြင်း ဖြစ်ကြောင်း ဆိုပါသည်။

          ပြီးခဲ့သော နေပြည်တော်၌ ပြုလုပ်သော အစည်းအဝေးတွင် SPDC မှ လူကြီးများသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေးအတွက် အလေးအနက်ထားသည်ဟု မိမိကြားကြောင်း၊ အဆိုပါ အစည်းအဝေးမှ ဆုံးဖြတ်ချက်တစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပရာတွင် သက်ဆိုင်ရာ ပြည်နယ်တိုင်းများသည် မိမိတို့ ကိုယ်ပိုင် ဘတ်ဂျက်ကိုသာ အသုံးပြုရမည်ဟု ဆိုကြောင်း၊ ထို့ကြောင့် ယခု ရခိုင်တိုင်းမှူးက ဒေသဆိုင်ရာ အရာရှိများကို ရန်ပုံငွေ ရှာဖွေရန် ညွှန်ကြားခြင်း ဖြစ်မည်ဟု ထင်ကြောင်း၊ အမည်မဖော်လိုသူ တစ်ဦးက Narinjara သို့ ပြောကြားပါသည်။

          ၎င်းက ဆက်လက် ပြောကြားရာတွင် ရခိုင်ပြည်နယ်တွင် သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်သည် ၎င်းတို့ ကိုင်တွယ်ထားသော စည်ပင်သာယာ လက်အောက်ရှိ ဈေးများ၊ တံတားများ၊ ဆိပ်ခံတံတားများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများတွင် အခွန်ငွေ နှစ်ဆခန့် တိုး၍ ကောက်လိမ့်မည် ဖြစ်ကြောင်း ဆိုပါသည်။

          ရဲတပ်ဖွဲ့ကိုလည်း ပြည်သူလူထု မငြိမ်သက်မှုများ၊ ဆန္ဒပြမှုများကို နှိမ်နင်းရေးအတွက် ပြင်ဆင်ထားရန် ညွှန်ကြားထားပြီး၊ လိုအပ်ပါက အင်အား တိုးချဲ့ရေးအတွက် အသစ် ခန့်ထားခြင်းများ ပြုလုပ်ရန် ညွှန်ကြားထားသည်ဟု ရဲတပ်ဖွဲ့မှ လာသော သတင်းများအရ သိရှိရပါသည်။

          ရခိုင်ပြည်နယ်ရှိ အစိုးရ ဆန့်ကျင်သူတစ်ဦးက စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဘက်ပေါင်းစုံမှ ပြင်ဆင်လျက် ရှိသော်လည်း ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီများကို ဘေးဖယ်ထားပြီး တရားမဝင် အဖွဲ့အစည်းဟု စွပ်စွဲကာ ဖိနှိပ်မှုများ ပြုလုပ်လျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment