Transparency Myanmar

transparency.myanmar@gmail.com

Burmanet.org,10 Dec 2009

          တပ်မတော် အစိုးရက ကျင်းပပေးမည်ဟု ကြေညာထားသော ၂၀၁၀ ရွေးကောက်ပွဲများ အတွက် အဆင်သင့် ဖြစ်အောင် ပြင်ဆင်သည့် အနေဖြင့် ကချင် တိုင်းရင်းသားများ၏ နိုင်ငံရေးပါတီက ကချင်ပြည်နယ်တွင်းရှိ အဓိက မြို့ကြီးများတွင် ရုံးခွဲ (၁၀) ရုံး ဖွင့်လှစ်ထားသည်ဟု ပါတီက သတင်း ထုတ်ပြန်ပါသည်။ ကချင်ပြည်နယ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP သည် ၎င်း၏ ရုံးခွဲများကို မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမိတ်၊ မန်စီ၊ ဝိုင်းမော်၊ ချီဗွေ၊ မိုးညှင်း၊ မိုးကောင်း၊ တနိုင်းနှင့် ပူတာအိုမြို့များတွင် ဖွင့်လှစ်ထားသည်ဟု သိရပါသည်။

          ပါတီပိုင် (၂) ထပ် အဆောက်အအုံသစ်ကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် နိုဝင်ဘာ (၁၈) ရက်က မိတ်ဆက် ဖွင့်လှစ်ခဲ့ပြီး ပါတီဌာနချုပ်အဖြစ် ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု သိရပါသည်။

          ပြည်နယ်၏ ဒုတိယ အကြီးဆုံးမြို့ ဗန်းမော်ရှိ ရုံးခွဲသည် ဒုတိယ ဌာနချုပ် ဖြစ်လာမည်ဟု ဆိုပါသည်။

          ပါတီသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများအတွက် ကြိုတင် ပြင်ဆင်သည့် လှုပ်ရှားမှုများကို ယခုနှစ် အစောပိုင်းမှစ၍ ကချင်ပြည်နယ်တွင် စတင်ခဲ့သော်လည်း ယခုအချိန်ထိ တရားဝင် နိုင်ငံရေး ပါတီအဖြစ် မဖွဲ့စည်းရသေးပါ။

          အပစ်အခတ် ရပ်စဲထားသော လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များကို မြန်မာ့တပ်မတော် လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရေး ကိစ္စဆိုင်ရာ ညှိနှိုင်းရေးမှူး၊ စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့၏ ပြောကြားမှုများအရ ရွေးကောက်ပွဲအတွက် ပြည်သူများကို စည်းရုံးနေခြင်း ဖြစ်သည်ဟု ပါတီ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောပါသည်။

          KSPP ခေါင်းဆောင် ဒေါက်တာ မနမ်တူးဂျာသည် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ၏ ဒုတိယ ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး၊ အပစ်အခတ် ရပ်စဲထားသော လူမျိုးစု တပ်ဖွဲ့ (၁၇) ဖွဲ့၏ ဦးဆောင် စည်းရုံးသူ ဖြစ်ပါသည်။ ထို့အပြင် စစ်အစိုးရ ဦးဆောင်၍ အငြင်းပွားဖွယ် အခြေခံ ဥပဒေသစ်ကို မူကြမ်း ရေးဆွဲခဲ့သည့် (၁၄) နှစ်ကြာ အမျိုးသားညီလာခံကိုလည်း တက်ရောက်ခဲ့သူ ဖြစ်သည်။

          အဓိက ကချင်အဖွဲ့အစည်း (၃) ခု ဖြစ်သည့် KIO, New Democratic Army - Kachin (NDA-K) နှင့် Kachin Nationals Consultative Assembly (KNCA) တို့၏ ထောက်ခံ အားပေးမှုဖြင့် KSPP သည် ယခုနှစ် အစောပိုင်းမှ စ၍ ထင်ရှားလာခဲ့ပါသည်။

          စည်းမျဉ်းခံ ဒီမိုကရေစီ စနစ်ကို ဦးတည်သည့် စစ်အစိုးရ၏ အဆင့် (၇) ဆင့်ပါ လမ်းပြ မြေပုံအရ နိုင်ငံတဝှမ်း အထွေထွေ ရွေးကောက်ပွဲများကို လာမည့်နှစ်တွင် ကျင်းပမည် ဖြစ်ပါသည်။ သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့်ရက် အတိအကျကို တပ်မတော်ခေါင်းဆောင်များက ယခုတိုင် ကြေညာခြင်း မရှိသေးပါ။

          ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် NLD ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှာလည်း ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်တွင် အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment