Transparency Myanmar

transparency.myanmar@gmail.com

Mizzima ,By Salia Pi Pi,11 Dec 2009

          မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အား အရေးယူ ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းရန် ဆဒ်ဒနီ အခြေစိုက် လှုပ်ရှားသော အုပ်စုက သြစတြေးလျ အစိုးရကို ကြာသပတေးနေ့က တိုက်တွန်းလိုက်ပါသည်။

          Burma Campaign Australia (BCA) က ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ရာတွင် သြစတြေးလျ အစိုးရအနေဖြင့် MOGE ကို ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းသင့်ကြောင်းနှင့် သြစတြေးလျ ကုမ္ပဏီများကို MOGE နှင့် ပတ်သက်ခြင်းများကို ရပ်ဆိုင်းရန် ဖော်ပြထားပါသည်။

          မြန်မာနိုင်ငံရှိ ပြည်သူများ၏ အကျိုးကို ကြည့်၍ ဤသို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း BCA မှ ပြောခွင့်ရပုဂ္ဂိုလ် Zetty Brake က ပြောပါသည်။

          MOGE သည် မြန်မာအစိုးရကို ပြည်သူလူထုအား နှိပ်စက်နိုင်ရန် ငွေကြေး ရှာဖွေပေးသော ဌာနကြီး ဖြစ်ရုံမက၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်လည်း ဆက်နွယ်နေကြောင်း သူမက ထပ်ဆောင်း ပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍရှိ စီမံကိန်းများသည် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက် ဆက်နွယ်မှုရှိကြောင်း၊ လယ်ယာမြေများကို သိမ်းပိုက်ခြင်း၊ အတင်းအကျယ် လုပ်အားပေးစေခြင်း၊ ရွာများကို အတင်းအကျပ် ပြောင်းရွှေ့စေခြင်း၊ လုံခြုံရေး တပ်ဖွဲ့များက လိင်ကိစ္စဆိုင်ရာ အဓမ္မ ပြုကျင့်မှုများ၊ နှိပ်စက်မှုများ၊ သတ်ဖြတ်မှုများကို ကျူးလွန်ခြင်း စသည်ဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စွမ်းအင် စီမံကိန်းများကို အခြေပြု၍ ဖြစ်ပေါ်နေပေသည်။

          သြစတြေးလျ အစိုးရသည် မြန်မာအစိုးရအား လူ့အခွင့်အရေး ကိစ္စများ တိုးတက်အောင် လုပ်ဆောင်ရန်၊ စစ်မှန်သော ဒီမိုကရေစီ ပြောင်းလဲမှုများ လုပ်ဆောင်ရန်နှင့် အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးကို လုပ်ဆောင်ရန် ပြင်းထန်စွာ တိုက်တွန်းခဲ့ပြီး၊ မြန်မာဗိုလ်ချုပ်များအပေါ် ဗီဇာ ကန့်သတ်မှုများ၊ လက်နက် ရောင်းဝယ်မှု ကန့်သတ်မှုများ ပြုလုပ်ခဲ့ပါသည်။

          ၂၀၀၇ ခုနှစ်တွင် ငွေကြေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်ပြီး မြန်မာအစိုးရ အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ၎င်းတို့ကို ထောက်ပံ့နေသူများကို Blacklist စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။

          အဆိုပါ စာရင်းတွင် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများမှ မန်နေဂျင်း ဒါရိုက်တာများ ဖြစ်သော ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ မြဝတီ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ၊ မြန်မာ ဘရူဝါရီ လီမိတက်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ဆင်းမင်း ဘိလပ်မြေ စီမံကိန်းများမှာ မန်နေဂျင်း ဒါရိုက်တာများ ပါဝင်ပါသည်။

          ဒေသတွင်း လှုပ်ရှားမှုအဖွဲ့ တစ်ခုဖြစ်သော Alternative Asean Network on Burma (Altsean-Burma) မှ ဒါရိုက်တာ Debbie Stothard က သောကြာနေ့က ပြောကြားရာတွင် သြစတြေးလျ၏ အရေးယူ ပိတ်ဆို့မှု စာရင်းတွင် MOGE မပါဝင်ပါက အကျိုးသက်ရောက်မှု ရှိမည် မထင်ကြောင်း၊ MOGE သည် ရာနှုန်းပြည့် နိုင်ငံပိုင်လုပ်ငန်း ဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ကိုင်တွယ်ထားပြီး နိုင်ငံခြားကုမ္ပဏီများနှင့် ညှိနှိုင်းခြင်း၊ ရရှိသော အမြတ်များကို ရယူခြင်းများကို လုပ်ဆောင်လျက် ရှိပါသည်။

          ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် အရေးယူမှုများ တိုးတက် ချမှတ်ရန် အရေးကြီးကြောင်း၊ အဆိုပါ ကဏ္ဍကို ပိတ်ဆို့မှုများ ပြုလုပ်လျှင် စစ်အစိုးရကို တိုက်ရိုက် အထိနာသဖြင့် အရေးယူမှုများကို ဂရုပြုလာလိမ့်မည် ဖြစ်ကြောင်း၊ မြန်မာအစိုးရ၏ အဓိက ဝင်ငွေသည် ထိုကဏ္ဍမှ ရခြင်း ဖြစ်ကြောင်း သူမက ထည့်သွင်း ပြောကြားသွားပါသည်။

          မြန်မာအစိုးရအနေဖြင့် အရေးယူ ပိတ်ဆို့မှုများသည် ၎င်းတို့ကို မထိခိုက်မချင်း နိုင်ငံတကာ ဖိအားပေးမှုများကို ဆက်လက် လျစ်လျူရှုနေဦးမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။

          ပြီးခဲ့သည် စက်တင်ဘာလက BCA က ပြောကြားရာတွင် သြစတြေးလျ ကုမ္ပဏီများ ဖြစ်သော Twinza Oil နှင့် Jetstar လေကြောင်းလိုင်း တို့သည် မြန်မာအစိုးရကို ဝင်ငွေ ရှာဖွေပေးနေသော ကုမ္ပဏီများ ဖြစ်ကြောင်း ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment