Transparency Myanmar

transparency.myanmar@gmail.com

စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသော မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင်သည် အကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြမှုကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားလျက်ရှိပြီး အမှုရင် ဆိုင်ရန် တရားရုံးတော်သို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း ၎င်း၏ ရှေ့နေက ပြောကြားသည်။  

ကိုကျော်ဇောလွင်ကို မြန်မာစစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော် များ ဦးဆောင်သည့် ဆန္ဒပြမှုကို ပြန်လည် အစဖော်ရန် ဝင်ရောက်လာမှုဖြင့် စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ သူသည် ယခုနှစ် စက်တင်ဘာ အတွင်း မြန်မာပြည်သို့ ပြန်လည် ဝင်ရောက်လာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခံလိုက် ရခြင်းဖြစ်ကြောင်း သိရသည်။ 

ကိုကျော်ဇောလွင်အား စစ်အစိုးရက အယောင်ဆောင်မှု၊ နိုင်ငံခြားငွေကြေးဆိုင်ရာ အက်ဥပဒေ ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုကာ ဖမ်းဆီး ထိန်းသိမ်းထားပါသည်။ 

သူ၏ ရှေ့နေတစ်ဦးဖြစ်သူ ဦးကြည်ဝင်းက ကိုကျော်ဇောလွင်သည် ကျန်းမာရေးအခြေအနေ ဆိုးရွားနေသောကြောင့် တရားရုံးသို့ လာရောက်နိုင်ခြင်းမရှိဟု တရားသူကြီးက အသိပေးကြောင်း ပြောကြားသည်။ ကိုကျော်ဇောလွင် တရားရုံးသို့ မလာနိုင်သောကြောင့် ထိုနေ့အတွက်  အမှုကြားနာ စစ်ဆေးရေး အစီအစဉ်မှာ ဖျက်သိမ်း လိုက်ရသည်။  

ဝါရှင်တန် အခြေစိုက် ဥပဒေ အဖွဲ့တစ်ခုဖြစ်သော Freedom Now က ကိုကျော်ဇောလွင်၏ အမှုကို စုံစမ်းလျက်ရှိပြီး သူသည် မြန်မာပြည်တွင်း နိုင်ငံရေး အကျဉ်းသားများ ဖမ်းဆီးထိန်း သိမ်းခံထားရမှုကို မကျေနပ်သောကြောင့် အစာငတ်ခံ ဆန္ဒပြခြင်း ဖြစ်ကြောင်း၊ အစာငတ်ခံ ဆန္ဒပြမှုကို ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ကိုကျော်ဇောလွင် ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ian Kelly က ဝါရှင်တန် အစိုးရအနေဖြင့် မြန်မာ စစ်အစိုးရနှင့် အဆက်အသွယ် ပြုလုပ် ခဲ့ကြောင်း၊ ကိုကျော်ဇောလွင်အား ကောင်းမွန်စွာ ထားရှိခြင်း ရှိ၊မရှိကို အသေအချာ သိရှိရန် ကြိုးစားခဲ့ကြောင်း ပြောကြားသည်။ ကိုကျော်ဇောလွင် နှင့် ပတ်သက်ပြီး အမေရိကန် အစိုးရက လွန်စွာ စိုးရိမ်မကင်း ဖြစ်မိသည် ဟု မြန်မာအစိုးရကို ထုတ်ဖော် ပြောဆိုထားသည် ဟုဆိုသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ကြီးစိုးလာခဲ့သည်မှာ ၁၉၆၂ ခုနှစ်ကတည်းကဖြစ်သည်။ လူ့အခွင့်အရေး သမားများ၏ အဆိုအရ ယခုအခါ စစ်အစိုးရ က ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား စုစုပေါင်းမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်  ၂၀၀၀ ခန့်ရှိသည်။ 

Yahoo News မှ Jailed American in Myanmar in poor health ကိုဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment