Transparency Myanmar

transparency.myanmar@gmail.com

BBC News,12 Dec 2009    

ဘန်ကောက်လေဆိပ်တွင် ဆီဝင်ဖြည့်သော ကုန်တင် လေယာဉ်တစ်စင်းကို ထိုင်းနိုင်ငံက ဖမ်းဆီးလိုက်ပြီး အဆိုပါလေယာဉ်သည် မြောက်ကိုရီးယားနိုင်ငံမှ လက်နက်များကို သယ်ဆောင်လာခြင်း ဖြစ်၍ သွားရောက်မည့် နေရာကို မသိရှိရသေးဟု ဆိုပါသည်။

          လေယာဉ် အမှုထမ်း ၅ ဦးကိုလည်း ဖမ်းဆီးထားပါသည်။ ဒုံးပစ် လောင်ချာများ၊ ဗုံးများ၊ ဒုံးပျံများ နှင့် အခြားလက်နက်များ တင်ဆောင်လာသည်ဟု စစ်တပ် စုံစမ်း စစ်ဆေးရေးမှူးများက ပြောပါသည်။

          အဆိုပါ လေယာဉ်သည် မြောက်ကိုရီးယား မြို့တော်ပြုံးယမ်းမှ ပျံသန်းလာခြင်း ဖြစ်ပြီး အရေးပေါ် ဆီဖြည့်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း ထိုင်းလေတပ်က ပြောဆိုပါသည်။

          ပြည်တွင်းသတင်း ဖော်ပြမှုများအရ လေယာဉ်အမှုထမ်း ၄ ဦးမှာ ကာဇက်စတန် နိုင်ငံမှ ဖြစ်ပြီး ကျန်တစ်ဦးမှာ ဘယ်လာရုစ်မှ ဖြစ်သည်ဟု သိရပါသည်။

          ထိုင်းတာဝန်ရှိ ပုဂ္ဂိုလ်များက နိုင်ငံခြား ထောက်လှမ်းရေးဌာနတစ်ခု၏ လျှို့ဝှက် သတင်းပေးမှုအရ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အမည်မဖော်လိုသူ အရာရှိတစ်ဦးကမူ အမေရိကန် ပြည်ထောင်စုထဲမှ သတင်းရရှိခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာသို့ ပြောကြားခဲ့ပါသည်။

          ၎င်းလေယာဉ်သည် မြောက်ကိုရီးယားမှ လာခြင်း ဖြစ်၍ တောင်အာရှဒေသ တစ်နေရာရာသို့ ဦးတည်နေခြင်း ဖြစ်ပြီး ပါကစ္စတန်ဖြစ်ဖို့ များသည်ဟု အထက်ပါအရာရှိက ဆက်လက် ပြောကြားပါသည်။

          အတည်မပြုနိုင်သေးသော အခြား သတင်းတစ်ရပ်ကမူ သီရိလင်္ကာနိုင်ငံသည် ခရီးလမ်းဆုံး ဖြစ်သည်ဟု ဆိုပြန်ပါသည်။

အရည်အသွေးမြင့် ပို့ကုန်များ

          ဆိုဗီယက်နိုင်ငံထုတ် 1L - 76 အမျိုးအစား စင်းလုံးငှားလေယာဉ်ပေါ်တွင် လက်နက်ပစ္စည်း တန် ၄၀ ခန့် တင်ဆောင်လာသည်ဟု ပြည်တွင်းသတင်းများက ဖော်ပြပါသည်။

          ဖမ်းဆီးရမိသော လက်နက်များကို ထိုင်းတပ်မတော် စစ်လက်နက်ပစ္စည်းဌာနသို့ ရွေ့ပြောင်း ထိန်းသိမ်းထားသည်ဟု ဆိုပါသည်။

          လေယာဉ်မောင်းအဖွဲ့က ၎င်းတို့ တင်ဆောင်လာသော ကုန်ပစ္စည်းများသည် ရေနံတွင်းတူး ကိရိယာများဟု သတင်းပို့ခဲ့ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ဆူသက်သောင်ဆူဆန်၏ ပြောကြားမှုကို AFP သတင်းဌာနက ထုတ်ပြန်ပါသည်။ မိမိတို့ စစ်ဆေးလိုက်သောအခါ လက်နက်ပစ္စည်းများ ဖြစ်ကြောင်း တွေ့ရှိရသည်ဟု အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲဖြစ်သူ "ဆူသက်"က သတင်းထောက်များအား ပြောကြားပါသည်။

          ယခုကိစ္စတွင် ပါဝင်ပတ်သက်သူ များစွာရှိမည် ဖြစ်သောကြောင့် ဂရုတစိုက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အရာအားလုံးကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုပါသည်။

          မေလတွင် ပြုလုပ်ခဲ့သော နျူကလီးယား စမ်းသပ်မှုကို ပြစ်ဒဏ်ခတ်သည့်အနေဖြင့် ကုလသမဂ္ဂကလည်း မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် လက်နက်ကုန်သွယ်မှုများ တားမြစ်ရေး ပိတ်ဆို့ အရေးယူမှုကို ထပ်မံ တိုးမြှင့်ထားပါသည်။

          စားဝတ်နေရေး အလွန်ကျပ်တည်းနေသော ကွန်မြူနစ်နိုင်ငံအတွက် လက်နက်ပစ္စည်း ရောင်းချမှုသည် အလွန် အရေးကြီးသည့် ပို့ကုန်ပစ္စည်းဖြစ်၍ တစ်နှစ်လျှင် ၁ ဘီလျံကျော်ကျော် ရရှိသည်ဟု လေ့လာသူများက ပြောပါသည်။

          မြောက်ကိုရီးယား၏ ပမာဏကြီးမားသော လက်နက်ရောင်းချမှုများမှာ ပဲ့ထိန်းစနစ်သုံး ဒုံးများ ဖြစ်ပြီး အီရန်နှင့် အခြား အရှေ့အလယ်ပိုင်းနိုင်ငံများမှာ ဖောက်သည်များ ဖြစ်သည်ဟု အမေရိကန်အစိုးရ အရာရှိများက ပြောကြားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment