Transparency Myanmar

transparency.myanmar@gmail.com

AFP News,11 Dec 2009

          တရုတ်သမ္မတ ဟူကျင်းတောင်သည် ဗဟိုအာရှဒေသ နိုင်ငံများဖြစ်သည့် ကာဇက်စတန်နှင့် တာ့ခ်မင်နစ္စတန် နိုင်ငံများသို့ ယခုသီတင်းပတ်ကုန်တွင် သွားရောက်မည် ဖြစ်ပြီး ၎င်းခရီးစဉ်သည် အဆိုပါ ဒေသမှ မဟာဗျူဟာမြောက် စွမ်းအင်ရင်းမြစ်များနှင့် ပတ်သက်သော အခွင့်အလမ်းများကို အပိုင်စီးရန် တွန်းအားပေး ဆောင်ရွက်နေသော ဘီဂျင်း၏ အစီအစဉ် ဖြစ်ပါသည်။

          စနေနေ့တွင် ကာဇက်စတန်သို့ တစ်ရက်ကြာခရီးစဉ် သွားရောက်ပြီးနောက် "ဟူ"သည် တာ့စ်မင်နစ္စတန်သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကာ တနင်္လာနေ့တွင် တာ့စ်မင်နစ္စတန် သဘာဝဓာတ်ငွေ့ကို တရုတ်သို့ တင်ပို့မည့် ကီလိုမီတာ ၇၀၀၀ ရှည်လျားသည့် ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်ပွဲ အစီအစဉ်ကို ပါဝင်ဆင်နွှဲမည် ဖြစ်သည်။

          ဗဟို အာရှဒေသတွင် ဘီဂျင်း ရရှိနေသော တစ်နှစ်တာ အကျိုးစီးပွား အခွင့်အလမ်းများကို "ဟူ" ၏ ခရီးစဉ်က ထပ်မံ မြှင့်တင်မည် ဖြစ်ပါသည်။ အဆိုပါ ဒေသသည် တစ်ချိန်က မော်စကို၏ ပထဝီ ဗျူဟာမြောက် သီးသန့် ထိန်းချုပ်ထားသည့် ဒေသဖြစ်၍ ယခုအခါ ဘီဂျင်းက ရွှေနှင့် အချိန်ကို အသုံးပြု၍ သိသာ ထင်ရှားစွာ နေရာ ဝင်ယူခဲ့ခြင်း ဖြစ်သည်။

          ဗဟိုအာရှဒေသမှ ဓာတ်ငွေ့ကို တရုတ်သို့ ပထမဆုံး တိုက်ရိုက် တင်ပို့သည့် လမ်းကြောင်း ဖြစ်သော ယခု သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ ဒေသတွင်း သြဇာကြီးမားလာမှုကို ရှင်းရှင်းလင်းလင်း ညွှန်ပြနေသည်ဟု နယူးယောက် အခြေစိုက် နိုင်ငံရေး အန္တရာယ်ဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ Eurasia Group မှ လေ့လာသူ Ana Jelen kovic က ပြောကြားပါသည်။

"အခု ပိုပြီး အရေးပါလာတာက ဓာတ်ငွေ့ပါ။ ရေနံ မဟုတ်ပါဘူး။ အကြောင်းကတော့ တရုတ်က ဓာတ်ငွေ့ရဖို့ ကြိုးစားလာတာကြောင့် ဖြစ်ပြီး ဒီကိစ္စကို ရုရှားက အမြဲတမ်း သတိကြီးကြီး ထားနေတာပါ။ သူ့ရဲ့ဓာတ်ငွေ့ ဖြည့်တင်းရာ လမ်းကြောင်းတွေ သေချာစေဖို့ မော်စကိုက ပိုပြီး အာရုံစိုက်နေပါတယ်"ဟု သူမက ဆိုပါသည်။

          ကာဇက်စတန်၏ အရေးကြီး စွမ်းအင်ကဏ္ဍတွင် သိသာ ထင်ရှားသော ငွေကြေးမြှပ်နှံမှုများ တိုးမြှင့် လုပ်ဆောင်ရန် သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသအနေဖြင့် Astana သို့ ဒေါ်လာ ၁၀ ဘီလျံ ချေးငှားခြင်း အပါအဝင် ဗဟိုအာရှ ဒေသတစ်ဝှမ်း ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို ဘီဂျင်းက ယခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။

          "ဟူ"သည် ကာဇက်စတန်သမ္မတ Nursultan Nagarbayer နှင့် စနေနေ့တွင် တွေ့ဆုံရန် မျှော်လင့်ထားပြီး ဆက်လက်၍ Astana တွင် ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်ပွဲတက်ရောက်မည် ဖြစ်သည်။ တရုတ်နိုင်ငံသို့ မဝင်ရောက်မှီ ကာဇက်စတန်နှင့် ဥဇဘတ်ကစ္စတန်ကို ဖြတ်သန်းသွားသော ဓာတ်ငွေ့ ပိုက်လိုင်း အစိတ်အပိုင်းကို ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

          တာ့ခ်မင်နစ္စတန်၊ ဥဇဘတ်ကစ္စတန်နှင့် ကာဇက်စတန် ခေါင်းဆောင်များသည် "အက်ဂါဘက်" တွင် ကျင်းပမည့် အခမ်းအနားတွင် "ဟူ"နှင့် တွေ့ဆုံ စုဝေးကြမည် ဖြစ်၍ အဆိုပါအခမ်းအနားသည် ဒေသတွင်း ပြိုင်ဆိုင်မှု ကြီးမားသော ခေါင်းဆောင်များ၏ ရှားပါးသော စုစည်းမှုတစ်ခု ဖြစ်သလို ဒေသတွင်း "ဟူ"၏ သြဇာ ကြီးမားမှုကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။

          ဒီဇင်ဘာ ၁၄ ရက်တွင် ဓာတ်ငွေ့ပိုက်လိုင်းကို စတင် ပို့လွှတ်မည်ဟု တာ့ခ်မင်နစ္စတန် သမ္မတ Gurbanguly Berdymukhamedov က နိုင်ငံပိုင် သတင်းစာ Neutral Rurkmenistan တွင် ဖော်ပြသော တရုတ်သတင်းထောက်များနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

          မိမိတို့၏ သဘောတူညီထားမှုများအရ ထိုနေ့မှစ၍ တာ့ခ် မင်နစ္စတန်သည် တရုတ်သို့ နှစ်စဉ် နှစ်တိုင်း သဘာဝဓာတ်ငွေ့ ကုဗမီတာ ၄၀ ဘီလျံကို နှစ် ၃၀ တိုင်တိုင် ရောင်းချပေးသွားမည်ဟု ၎င်းက ဆိုပါသည်။

          စွမ်းအင်ကြွယ်ဝသော တာ့ခ်မင်နစ္စတန်သည် ယခင် ဆိုဗီယက်ယူနီယံအဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်၍ ကမ္ဘာပေါ်တွင် အကြီးဆုံး ဓာတ်ငွေ့သိုက်များ ရှိနေသည်ဟု ယုံကြည်ထားကြပါသည်။ လက်ရှိအချိန်တွင် ထွက်ရှိသမျှ ဓာတ်ငွေ့အားလုံးနီးပါးကို ဆိုဗီယက်ခေတ်ပိုက်လိုင်းဟောင်းများမှ တစ်ဆင့် ရုရှားသို့ တင်ပို့ ရောင်းချနေပါသည်။

          ယခုနှစ် စောစောပိုင်းတွင် ရုရှား စွမ်းအင်ဘီလူးကြီး Gaspron သို့ ပို့လွှတ်နေသော ဓာတ်ငွေ့ ပိုက်လိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် တာ့ခ်မင်နစ္စတန်၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုများ လုံးဝနီးနီး ပြတ်တောက်သွားခဲ့ပြီး အခြားဓာတ်ငွေ့တင်ပို့မှု လမ်းကြောင်းများ လုံခြုံမှု ရှိစေရန် "အက်ဂါဘက်"က ချက်ခြင်း အရှိန်မြင့် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဓာတ်ငွေ့ သယံဇာတများကို ရယူ သုံးစွဲလိုသော EU ကလည်း အချိန်ကြာမြင့်စွာ ရပ်ဆိုင်းနေသည့် တိုက်ရိုက် တင်ပို့နိုင်မည့် နာဘူကိုး ပိုက်လိုင်း စီမံကိန်းတွင် "အက်ဂါဘက်"၏ ပူးပေါင်း ဆောင်ရွက်မှုကို သေချာစေရန် စိုးရိမ်ပူပန်မှု ရှိနေပါသည်။ ရုရှားမှ သဘာဝဓာတ်ငွေ့ ရောင်းချပေးမှုကို မှီခိုနေရသော အရှေ့ဥရောပနိုင်ငံများ အဆင်ပြေစေရန် အထက်ပါ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းက အထောက်အကူပေးနိုင်မည် ဖြစ်ပါသည်။

          သို့ရာတွင် အဆိုပါ နာဘူကိုး စီမံကိန်း၏ အခက်အခဲ၊ အဟန့်အတားများကို ကျော်လွှားရန် EU က နှောင့်နှေးကြန့်ကြာနေချိန်တွင် တရုတ်နိုင်ငံက "အက်ဂါဘက်" ဒေါ်လာ ၄ ဘီလျံ ချေးငှားခြင်းဖြင့် ခြေမြန်လက်မြန် နေရာဝင်ယူခဲ့ပြီး ပိုက်လိုင်းသစ် စီမံကိန်းကို ဦးဆောင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

          တရုတ်အမျိုးသား ရေနံကော်ပရေးရှင်း CNPC မှ ဆောင်ရွက်နေသော ယခုပိုက်လိုင်းသစ်သည် တနှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၄၀ ဘီလျံခန့် တင်သွင်းနိုင်မည် ဖြစ်၍ သယံဇာတရယူ သုံးစွဲရေး ပြိုင်ပွဲတွင် အနောက်နိုင်ငံများနှင့် ရုရှား၏ ရှေ့တွင် ဘီဂျင်းက ရောက်ရှိနေသော လက္ခဏာပင် ဖြစ်ပါသည်။

          ယခုသဘာဝဓာတ်ငွေ့လက်ဝါးကြီးအုပ်ရယူရေး ပြိုင်ပွဲသည် ရုရှားနှင့် အနောက်နိုင်ငံတို့၏ ပြိုင် ပွဲမဟုတ်တော့ပဲ ရုရှားနှင့် တရုတ်တို့၏ ပြိုင်ပွဲဖြစ်သွားပြီဟု အတိအလင်းဆိုနိုင်ပါသည်။ အနောက် နိုင်ငံများ ပံပိုးပေးသည့် နာဆူကိုးကဲ့သို့သော စီမံကိန်းများသည် ယခုပွဲတွင် ပြိုင်ဘက်ဖြစ်မလာနိုင် တော့ပါဟု Jelenkovic က သုံးသပ် ပြောကြားလိုက်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment