Transparency Myanmar

transparency.myanmar@gmail.com

နျူကလီယာ လုပ်ဆောင်ချက်များ လျှော့ချရေး ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပလိုသည့် ဆန္ဒ ထုတ်ဖော် ပြသမှု မရှိပါက မြောက်ကိုရီးယား နိုင်ငံနှင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် ကျင်းပမည် မဟုတ်ကြောင်း အမေရိကန် ပြည်ထောင်စုက ပြောကြားသည်။

ပြုံယမ်း ကွန်မြူနစ် အစိုးရ အနေဖြင့် ရန်စလိုသော အပြုအမူများနှင့် လုပ်ဆောင်ချက်များကို မဖြစ်မနေ ရပ်တန့်ရမည် ဖြစ်သည်ဟု အိမ်ဖြူတော်က ဆိုသည်။

အမေရိကန် နိုင်ငံရေးသမား Bill Richardson မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်ပြီးနောက် အိမ်ဖြူတော် အစိုးရက ယင်းသို့ သုံးသပ်ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ မစ္စတာ Bill Richardson ၏ မြောက်ကိုရီးယား ခရီးစဉ်သည် တရားဝင် ခရီးစဉ် တစ်ခု မဟုတ်ပေ။ မြောက်ကိုရီးယား အစိုးရသည် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့များ ကြည့်ရှုနိုင်ရန် နျူကလီယာ လုပ်ငန်းခွင်များ အားလုံးကို ပြန်လည် ဖွင့်လှစ် ပြသလိမ့်မည် ဖြစ်သည်ဟု Bill Richardson က ပြောဆိုသည်။

သို့သော် မြောက်ကိုရီးယားက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အတည်ပြု ပြောကြားမှု မရှိသေးပေ။ ထို့အတူ ကုလသမဂ္ဂ နျူကလီယာ စောင့်ကြည့် လေ့လာရေး အဖွဲ့ကလည်း ထင်မြင် သုံးသပ်ချက် တစ်စုံတစ်ရာ ပေးခြင်း မရှိသေးပေ။

မစ္စတာ Bill Richardson သည် အမေရိကန် ပြည်ထောင်စု၊ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး မြောက်ကိုရီးယားသို့ ဒီဇင်ဘာလ ဒုတိယ ပတ်ခန့်တွင် သွားရောက် လည်ပတ်ခဲ့သည်။

ခရီးစဉ် ပြီးဆုံးပြီးနောက် ၎င်းက မြောက်ကိုရီးယားသည် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့များအား လာရောက် ကြည့်ရှု စစ်ဆေးစေလိုသည့် ဆန္ဒမျိုး ထုတ်ဖော် ပြသခဲ့ပြီး တောင်ကိုရီးယား စစ်ရေး လေ့ကျင့်မှုကိုလည်း လက်တုံ့မပြန် လိုသည့် သဘောမျိုး ပြသခဲ့ကြောင်း၊ ဤသို့သော သဘောထားများက ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင် နိုင်မည့် လမ်းစများ ဖြစ်လာနိုင်ကြောင်း ပြောဆိုသည်။

သို့သော် အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ မစ္စတာ Robert Gibbs က မြောက်ကိုရီးယားသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ရန် အသင့် မဖြစ်သေးဟု ပြောကြားသည်။ "လက်တွေ့ လုပ်ဆောင်ချက်တွေ ဖြစ်လာဖို့ သူတို့ စကားတွေ ပြောနေလို့ပဲ မရဘူး။ စိတ်ပါလက်ပါ လုပ်ကိုင်ပြမှသာ ဖြစ်လာမှာပါ" ဟု ၎င်းက ပြောသည်။ မြောက်ကိုရီးယားက ၎င်း၏ အပြုအမူများ အားလုံးကို ပြောင်းလဲလိုသည့် ဆန္ဒ ထုတ်ဖော်ပြသည့် အခါတွင်မှ ခြောက်နိုင်ငံ ဆွေးနွေးပွဲ စတင်နိုင်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"ခြောက်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ခံစားချက် တစ်ခု သက်သက် အတွက်တော့ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် ကျင်းပမှာ မဟုတ်ပါဘူး" ဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စု အနေဖြင့် တောင်ကိုရီးယား နိုင်ငံနှင့် လက်ချင်းတွဲကာ ဆက်လက် အလုပ် လုပ်သွားမည် ဖြစ်သည်ဟုလည်း မစ္စတာ Robert Gibbs က ပြောသည်။

ကိုရီးယား ကျွန်းဆွယ်ဒေသ၌ တင်းမာမှုများ အထွတ် အထိပ်သို့ ရောက်ရှိနေချိန်တွင် အိမ်ဖြူတော်က မြောက်ကိုရီးယားနှင့် ပတ်သက်၍ ယင်းသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မြောက်ကိုရီးယားက တောင်ကိုရီးယားပိုင် ကျွန်းတစ်ခုပေါ်သို့ အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လူလေးဦး သေဆုံးခဲ့ရသည်။ အလားတူ တိုက်ခိုက်မှုများ ပြုလုပ်ပါက မိမိတို့ကလည်း လေကြောင်းဖြင့် တိုက်ခိုက်သွားမည် ဖြစ်သည်ဟု တောင်ကိုရီးယားက ဆိုသည်။ သို့အတွက်ကြောင့် ကိုရီးယား ကျွန်းဆွယ် ဒေသတွင် တင်းမာမှုများ အဆက်မပြတ် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသို့သွားရောက်လည်ပတ်ခဲ့သည့် မစ္စတာ Bill Richardson နှင့် အမေရိကန် သမ္မတ အိုဘားမားတို့ တွေ့ဆုံ ဆွေးနွေးမှု ပြုမည် မဟုတ်ကြောင်း မစ္စတာ Gibbs က ဆိုသည်။

တည်ငြိမ်သော တုံ့ပြန်ချက်

မြောက်ကိုရီးယားနှင့် အနီးကပ် မဟာမိတ် နိုင်ငံကြီး ဖြစ်သော တရုတ်က တောင်ကိုရီးယား၊ အမေရိကန်၊ ရုရှားနှင့် ဂျပန်တို့ အနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်သင့်ကြောင်း တိုက်တွန်း ပြောဆိုသည်။

မည်သို့ပင် ဆိုစေကာမူ ပြုံယမ်း ဘက်ကသာ နျူကလီယာ လက်နက် ဖျက်သိမ်းပါမည် ဟူသော ဆုံးဖြတ်ချက် မပြုလုပ်သေးသရွေ့ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်မည် မဟုတ်ဟု တောင်ကိုရီးယားနှင့် မဟာမိတ် နိုင်ငံများက ဆိုသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့သလို နိုင်ငံတွင်း တာဝန် ထမ်းဆောင်လျက် ရှိသော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့များကိုလည်း ပြည်နှင်ခဲ့သည်။ နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) မှ စုံစမ်း စစ်ဆေးရေး အဖွဲ့များသည် မြောက်ကိုရီးယား၊ ယုံဗြွန် နျူကလီယာ စက်ရုံကို လေ့လာ စောင့်ကြည့် ခဲ့ကြကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 24th December 2010

မြန်မာ စစ်အစိုးရသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်းဖြင့် စကား မပြောနိုင်အောင် လုပ်ထားခဲ့ပြီး၊ ပြင်ပ ကမ္ဘာနှင့် အဆက်ဖြတ် ထားခဲ့သည်။ သတင်း စကားများကို ကြားလူဖြင့်သာ တဆင့် ပြောကြားခဲ့သည်။ သို့သော် ပြီးခဲ့သည့် လက သူမ လွတ်လာပြီး နောက်ပိုင်းတွင်မူ ပွင့်ပွင့် လင်းလင်း ပြောကြားမှုများ ရှိလာသည်။

သူမ လွတ်မြောက်ပြီးနောက် VOA နှင့် အင်တာဗျူးတွင် သူမ အဘယ်ကြောင့် နိုင်ငံရေးသမား ဖြစ်လာရပုံ၊ စီးပွားရေး ပိတ်ဆို့မှုများသည် တိုင်းပြည်ကို ထိခိုက်ခြင်း ရှိမရှိ၊ မြန်မာနိုင်ငံမှ ဦးနှောက် ယိုစီးမှုများ အတွက် လုပ်စရာများနှင့် ချစ်ခြင်းမေတ္တာ အတွက် သူမ၏ အဓိပ္ပာယ် ဖွင့်ဆိုမှုများကို ပြောကြားခဲ့သည်။

မေး      ။ ၂၀၀၇ ခုနှစ် တုန်းက ဘုန်းတော်ကြီးတွေက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဦးဆောင် နေတယ်လို့ ကြားတုန်းက ခင်ဗျား ဘယ်လို ခံစားရပါသလဲ။

ဖြေ       ။ ပထမဆုံး နေ့ကတည်းက ကျွန်မ သိနေတယ်။ နောက်ဆုံးမှာ အင်အား သုံးပြီး အနှိမ်နင်းခံ ရတော့မယ် ဆိုတာကို။ ဒါ့ကြောင့် ကျွန်မ အရမ်း စိတ်ပူခဲ့တာ။ နောက်ဆုံး အဲလို ဖြစ်သွားခဲ့ပြီလေ။

မေး      ။ ကြမ်းကြမ်တမ်းတမ်း နှိမ်နင်း ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရပါသလဲ။

ဖြေ       ။ ကျွန်မ အရမ်း ဝမ်းနည်းပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်မယ် ဆိုတာ သိခဲ့တယ်။ အာဏာပိုင်တွေဟာ လုပ်နေကျ ကြမ်းတမ်းစွာ နှိမ်နင်းမှု ကလွဲပြီး အခြား တုန့်ပြန်မှု လုပ်မှာ မဟုတ်ဘူး ဆိုတာ အစ ကတည်းက ခံစားပြီး သိနေပါတယ်။

မေး      ။ ဒါဆို ခင်ဗျား အနေနဲ့ ဆန္ဒပြပွဲတွေကနေ အမှန်တကယ် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့် မထားခဲ့ဘူးပေါ့။

ဖြေ       ။ ချက်ချင်း ပြောင်းလဲမှု ရှိမလာနိုင်ပါဘူး။ ဒါပေမယ့် လူတွေရဲ့ စိတ်တွေထဲမှာတော့ ပြောင်းလဲမှု တစ်ခုကို ဖန်တီးပေးနိုင်မယ်လို့ ကျွန်မ ထင်ပါတယ်။ တကယ် အရေးကြီးတာကလဲ ဒါပါပဲ။ လူတွေရဲ့ စိတ်ကို ပြောင်းလဲပေးနိုင်တဲ့ အခါမှတော့ တိုင်းပြည်ရဲ့ ပန်းတိုင်ကို ပြောင်းလဲပေး နိုင်ပါလိမ့်မယ်။ ကျွန်မ ထင်ပါတယ်။ နိုင်ငံရေးဟာ ငါတို့နဲ့ မဆိုင်ပါဘူးလို့ စိတ်မဝင်စားတဲ့ လူတွေတောင် ဘုန်းတော်ကြီးတွေ ဒီလို ရက်ရက်စက်စက် နှိပ်ကွပ်ခံရတာ ကြားရင် အကြီးအကျယ် တုန်လှုပ်သွားပါလိမ့်မယ်။

မေး      ။ အမေရိကန်နဲ့ အီးယူဟာ တိုင်းပြည်က ပြုပြင် ပြောင်းလဲရေး ဝါဒီများကို ထောက်ခံတဲ့ အနေနဲ့ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တယ်နော်။ အခု ဒီကိစ္စဟာ ဝိဝါဒ ကွဲစရာ အကြောင်း တစ်ရပ် ဖြစ်လာပါတယ်။

ဖြေ       ။ ကျွန်မ အခြေအနေကို နားလည်ရ လွယ်အောင် လုပ်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့လူတွေက ဒီတိုင်းပြည်မှာ ဖြစ်နေတဲ့ စီးပွားရေး ပြဿနာတွေကို Sanction ကြောင့်လို့ ပုံချ ချင်နေကြတယ်။ စီးပွားရေး အဖွဲ့အစည်းတွေနဲ့ စီးပွားရေး ပညာရှင်တွေက ပြောကြတယ်။ အဓိက ပြဿနာ ကတော့ ဒီလက်ရှိ အစိုးရ ချမှတ်ထားတဲ့ စီးပွားရေး မူဝါဒတွေကြောင့်လို့ ဆိုပါတယ်။ ဒီစီးပွားရေး မူဝါဒတွေကို မပြောင်းပဲနဲ့တော့ ဒီသံသရာထဲက ရုန်းမထွက်နိုင်ပါဘူး။ အာရှနဲ့ နောက်ထပ် ကျားတစ်ကောင်လဲ ဖြစ်မလာနိုင်ပါဘူး။

မေး      ။ မြန်မာပြည်ရဲ့ စီးပွားရေး ပြဿနာတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ။

ဖြေ       ။ နိုင်ငံတစ်ခုရဲ့ စီးပွားရေး မူဝါဒတွေဟာ နိုင်ငံရေး ဖွဲ့စည်း တည်ဆောက်ပုံ တစ်ခုလုံးရဲ့ အဓိက အစိတ် အပိုင်းပါပဲ။ အစိုးရ အဖွဲ့ထဲက လူတွေက ပြောင်းလဲဖို့ ပြင်ဆင်ခြင်း မရှိပဲနဲ့၊ နိုင်ငံရေး ပုံစံကို မပြောင်းပဲနဲ့ စီးပွားရေး အခြေအနေ ပြောင်းလဲမှာ မဟုတ်ပါဘူး။

မေး      မျိုးဆက်တွေဟာ ကိုယ့်ရဲ့ သဘောထားကို ထုတ်ဖော်ဖို့ ကြောက်ရွံ့စွာနဲ့ ကြီးပြင်း လာကြပါတယ်။ လူငယ် အများစုဟာ နိုင်ငံရေးကို ငြင်းပယ်ကြ တာချင်း တူနေပါတယ်။ မျိုးဆက်ဟောင်းတွေ ဇာတ်ခုံပေါ်က ပျောက်ကွယ် သွားချိန်မှာ ခေါင်းဆောင်မှု ကဏ္ဍ လစ်ဟာတာကို ရှောင်ရှားဖို့ ခင်ဗျားရဲ့ ပါတီက ဘာလုပ်ပေးနိုင်သလဲ။

ဖြေ       ။ လူဟောင်းကြီးတွေ တိုင်းပြည်မှာ မရှိတော့တဲ့ နောက်ပိုင်း လူငယ်တွေ အားလုံးဟာ တာဝန် ယူနိုင်စွမ်း ရှိကြတယ် ဆိုတာဟာ မမှန်ကန်ပါဘူး။ လောလောဆယ် ကျွန်မတို့ နိုင်ငံမှာ တက်ကြွတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ သူတို့ဟာ ဖြတ်လတ်ပြီး သင်ယူ လေ့လာဖို့ ဆာလောင်နေပါတယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားက သူတို့နဲ့ ရွယ်တူ တန်းတူတွေလောက် များသလား ဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ အကြောင်းကတော့ သူတို့မှာ အခွင့်အလမ်းတွေ မရှိလို့ပါပဲ။ အကောင်းဆုံး ပညာတတ်တွေ တိုင်းပြည်က ထွက်ခွာသွားတာကို ထိန်းဖို့ ကျွန်မတို့ လုပ်ဆောင်မှာပါ။ တချို့ကတော့ နေကြပါလိမ့်မယ်။

မေး      ။ ဒီတိုင်းပြည်မှာ နေထိုင်ဖို့ ရွေးချယ်တဲ့ သူတွေ ရင်ဆိုင်ရမယ့် အခက်အခဲတွေက ဘာတွေလဲ။

ဖြေ       ။ အခက်အခဲ တွေကတော့ အများကြီးပေါ့။ ဒါတွေကို တစ်ထိုင်တည်းနဲ့ ဖော်ပြနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ အခက်အခဲ တွေကတော့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ရွေးချယ်တဲ့ လမ်းကြောင်းပေါ် မူတည်ကာ ခြားနား သွားပါလိမ့်မယ်။ ရှင်ဘာလုပ်သလဲ ဆိုတဲ့ အပေါ်မှာ တကယ် မူတည်နေပါတယ်။ ဆေးပညာရှင် တစ်ယောက်လို၊ ရှေ့နေ တစ်ယောက်လို စသဖြင့် ရှင်လုပ်တဲ့ အလုပ်ကို ပရော်ဖက်ရှင်နယ် ဖြစ်အောင် ရှင်ကြိုးစားမှာပဲ မဟုတ်လား။ ဒါ့ကြောင့် အခက်အခဲ အားလုံးကို ကျွန်မ ပြောပြ နိုင်လိမ့်မယ်လို့ မထင်ပါဘူး။

မေး      ။ ဆေးပညာရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကို ပြောပြပါဦး။ ဥပမာ အနေနဲ့ပေါ့။

ဖြေ       ။ ဒီနိုင်ငံမှာ ဆေးကုသပေးဖို့ ကျေနပ်စရာ အခွင့်အလမ်းတွေ မရှိတာကြောင့် ဆရာဝန်ကောင်းတွေ အများကြီး ပြည်ပကို ထွက်သွားကြပါပြီ။ စပြောရမယ် ဆိုရင် သူတို့မှာ နောက်ဆုံးပေါ် ဆေးပစ္စည်း ကိရိယာတွေ မရှိတဲ့အပြင် အသစ် တိုးတက် တွေ့ရှိချက်တွေနဲ့လည်း အဆက် ပြတ်သလို ခံစားနေကြရပါတယ်။ တကယ်တမ်း ပြောရရင် ဆေးရုံတွေကတော့ အများကြီးပေါ့။ ဒါပေမယ့် ဆေးရုံ အများစုက ဝန်ထမ်း အင်အား နည်းပါးပြီး၊ ဆေးပစ္စည်း ကိရိယာတွေ ချို့တဲ့နေပါတယ်။ အရမ်းကောင်းတဲ့ ပုဂ္ဂလိက ဆေးခန်း တချို့ ရှိနေပေမယ့် ကျန်တဲ့ နိုင်ငံတွင်းက ဆေးရုံတွေနဲ့ နှိုင်းယှဉ်ရင် အရမ်း၊ အရမ်းကို နည်းနေပါသေးတယ်။ ဒီနိုင်ငံမှာ အလုပ် လုပ်နေတဲ့ ဆရာဝန်တွေထဲက အနည်းစုကလေးသာ ဒီပုဂ္ဂလိက ဆေးရုံတွေကို ဝင်နိုင်ပါတယ်။ ဒါ့အပြင် အချိန်မကုန်ပဲ လွယ်လွယ်လေး ပြီးရမယ့် ကိစ္စတွေမှာ မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချထားတော့ လာဒ်ပေးပြီး လုပ်နေရတယ်။

မေး      ။ ဒါဆို အကျင့်ပျက် ခြစားမှုဟာ ကြီးမားတဲ့ အတားအဆီး တစ်ခုလား။

ဖြေ       ။ အကျင့်ပျက် ခြစားမှုဟာ တကယ်ပဲ ကြီးမားတဲ့ အခက်အခဲ အတားအဆီး တစ်ခုပါပဲ။ ကျွန်မ ဒီထက်ပိုပြီး အဓိပ္ပာယ် ပိုကောင်းတဲ့ စကားလုံး ရှိမလားလို့ စဉ်းစားနေတာ။

မေး      ။ ဒီအခက်အခဲ အတားအဆီးတွေ ကြားမှာ NLD က ပြောင်းလဲမှု အတွက်  ဘယ်လို ဖန်တီးပြီး ကူညီနိုင်မလဲ။

ဖြေ       ။ ကျွန်မတို့ လုပ်နိုင်သမျှ အကုန် လုပ်နေပါတယ်။ ဥပမာ ပြောရရင် လူတွေကို "ကိုယ့်အားကိုယ်ကိုး ကိုယ်ထူ ကိုယ်ထ လုပ်ကြပါ" လို့ နောက်ကနေ ထိုင်ပြီး ပြောနေရုံလေး မဖြစ်ချင်လို့ ကျွန်မတို့ ကိုယ်တိုင် လူသားချင်းစာနာ ထောက်ထားတဲ့ စီမံကိန်းတွေ ကျွန်မတို့မှာ ရှိနေပါတယ်။ ကိုယ်ထူကိုယ်ထ လုပ်နိုင်တယ် ဆိုတာကို သူတို့ကို ပြချင်တာပါ။ ကျွန်မတို့ရဲ့ HIV ပရောဂျက်လို၊ တရားဝင် ကယ်ဆယ်ရေး ကော်မတီလို၊ အကျဉ်းသား ထောက်ပံ့ရေး ကော်မတီလိုမျိုးပေါ့။ တခြား စီမံကိန်းတွေလည်း ရှိပါသေးတယ်။ ဥပမာ ရေတွင်း၊ အဝိစီတွင်း တူးပေးတာတွေပေါ့။ ပြည်သူတွေကို သူတို့အတွက် သူတို့ကိုယ်တိုင် ကိုယ့်အား ကိုယ်ကိုး လုပ်လို့ ရနိုင်တယ် ဆိုတာကို ပြသဖို့ အတွက် ကျွန်မတို့ ဒါတွေကို လုပ်နေတာပါ။ အစိုးရ ရုံးခန်းထဲမှာ ထိုင်နေတဲ့ တာဝန်ရှိသူ တွေကို ရှင့်အတွက် လုပ်ဆောင်ပေးဖို့ အရာရာ မှီခိုနေလို့ မရပါဘူး။ ဒါကတော့ ကျွန်မတို့ ကိုယ်တိုင် လုပ်ဆောင်ရင်းနဲ့ ပြည်သူတွေကို သင်ပြပေးနေတဲ့ နည်းလမ်းတွေထဲက တစ်ခုပေါ့။ ပြည်သူတွေကို ကိုယ်ထူကိုယ်ထ လုပ်ကြဖို့ ထိုင်ပြီး ပြောနေရုံလေးနဲ့ မဖြစ်နိုင်ပါဘူး။ တကယ် လုပ်နိုင်တယ် ဆိုတာကို ကျွန်မတို့က လက်တွေ့ ပြရမှာပါ။

မေး      ။ လူတွေက ပြောကြတယ်။ စစ်အစိုးရက ခင်ဗျားကို လွှတ်ပေးခဲ့တာဟာ လူထု ဆက်ဆံရေး စတန့် တစ်ခုလို့ ဆိုကြတယ်။

ဖြေ       ။ ကျွန်မ လွတ်လာတာဟာ တနည်းအားဖြင့် ကျွန်မ အလုပ်တွေ ပိုလုပ်လာနိုင်ပါတယ်။ အကျဉ်းသား တစ်ဦးဟာ အာဏာပိုင်နဲ့ သဘော တူညီမှု တစ်ခုခု မလုပ်ထားဘူး ဆိုရင်၊ ဘယ်လိုကြောင့်ပဲ လွတ်လွတ်၊ လွတ်လာတဲ့ ဘယ်အကျဉ်းသား ကိုမဆို ဝေဖန် သင့်တယ်လို့ ကျွန်မ မထင်ပါဘူး။ မကောင်းပါဘူး။

မေး      ။ လက်ရှိ အစိုးရမှာ အာဏာ ရှိနေတဲ့ နေရာမှာ အမျိုးသမီး အနည်းငယ်ပဲ ရှိတာ တွေ့ရတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်ဖို့ ဘယ်လောက် အရေးကြီး ပါသလဲ။

ဖြေ       ။ ကျွန်မတို့ အသိုင်းအဝိုင်း၊ ဘယ်နိုင်ငံရဲ့ အသိုင်းအဝိုင်းမှာ မဆို အမျိုးသမီးတွေ ပါဝင်ဖို့ အရေးကြီးတယ်လို့ ကျွန်မ ထင်ပါတယ်။

မေး      ။ ခင်ဗျား ပြောခဲ့တယ်။ နိုင်ငံရေး သမား တစ်ယောက် ဖြစ်ဖို့ မရည်ရွယ် ခဲ့ဘူးလို့လေ။ ဒါပေမယ့် ခင်ဗျားကို ထောင်ချ လိုက်တော့ နိုင်ငံရေးနဲ့ သက်ဆိုင် သွားစေတာလား။

ဖြေ       ။ ဟုတ်တယ်။ နိုင်ငံရေး အကျဉ်းသား ဖြစ်သွားတော့ နိုင်ငံရေးနဲ့ အကြီးအကျယ် ပတ်သက် လိုက်ရတာပါပဲလို့ ကျွန်မ ထင်တယ်။ နိုင်ငံရေးက ဘဝ ဖြစ်သွားတာပဲ။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသားလို့ ဆိုတာကိုး။ ဒါ့ကြောင့် လူတစ်ယောက်ကို နိုင်ငံရေးနဲ့ မပတ်သက် စေချင်ရင် လူတွေကို ထောင်ထဲ မထည့်သင့်ဘူး။

မေး      ခင်ဗျား မိသားစုဆီက ထွက်လာတုန်းက ဘယ်လို လမ်းဆုံးမယ် ဆိုတာ၊ ဘယ်လို စဉ်းစားခဲ့လဲ။

ဖြေ       ။ ဒီအတိုင်း လမ်းဆုံးသွားမယ်လို့ ကျွန်မ မယုံပါဘူး။ ကျွန်မ လူတွေကို ကျွန်မ အမြဲပြောတယ်။ ဗမာတွေ 'ကံ' အကြောင်း ပြောကြတယ်။ ကံ ဆိုတာ ပြုလုပ်ခြင်းပဲလို့ အမြဲ သတိပေးရတယ်။ ကိုယ့်ကံကို ကိုယ်ပဲ ဖန်တီးတာပဲ။ ကိုယ့်လုပ်ရပ် အတိုင်း ဖြစ်တာပါပဲ။

မေး      ။ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင် အနည်းငယ်မှာ အဖေ့သွေး ပါလာပြီး၊ ကိုယ့်နိုင်ငံ အပေါ် ပေးဆပ်မယ် ဆိုတဲ့ စိတ်ဓာတ်တွေ အမွေခံ ပါလာတာ တွေ့ရပါတယ်။ ခင်ဗျား အတွက်ရော အဲဒီ အတိုင်းပဲလား။

ဖြေ       ။ ကျွန်မ အဖေကို ကျွန်မရဲ့ ခေါင်းဆောင် တစ်ဦး အနေနဲ့ရော အဖေ တစ်ဦး အနေနဲ့ပါ ကြည့်ပါတယ်။ ကျွန်မ ယုံကြည်တဲ့ နိုင်ငံရေး ခေါင်းဆောင် တစ်ဦး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မဟာ သူ့ဘဝ၊ သူ့အလုပ်တွေနဲ့ သူ့ရဲ့ နိုင်ငံရေး အတွေးအခေါ် တွေကို လေ့လာခဲ့ပါတယ်။

မေး      ။ ခင်ဗျားဟာ ဘဝ ကြမ်းတမ်း ခဲ့ပေမယ့် ဟာသ ဓာတ်ခံလေး ရှိနေတယ်လို့ ထင်တယ်။

ဖြေ       ။ ထင်တဲ့ အတိုင်း ဖြစ်ပါစေ။

မေး      ။ ဟာသ ဓာတ်ခံဟာ ခင်ဗျား အတွက် ဘယ်လောက် အရေးကြီးသလဲ။ အကြိုက်ဆုံး ဟာသလေး တစ်ခုလောက် ပြောပြပါလား။

ဖြေ       ။ ကျွန်မ ဘဝရဲ့ အစိတ် အပိုင်း တစ်ခုပါပဲ။ ဆိုပါစို့။ ကျွန်မ လူတွေမှာ ဖြစ်ပျက် နေတာတွေကို တွေ့နေရတယ်။ ဒါကို သင်ခန်းစာ ယူပြီး ကျွန်မကိုယ် ကျွန်မ သိပ်ထင်မထားဖို့၊ ကြုံလာတဲ့ အခက်အခဲတွေကို ရီစရာ မျက်လုံးနဲ့ ရင်ဆိုင်ဖို့ မှတ်ပါတယ်။ ဘဝဆိုတာ သင်ခံယူတဲ့ အပေါ်မှာ မူတည်တာပါပဲ။ နောက်ပြီး ကျွန်မ မြင်တာက ဘဝမှာ အကောင်းတွေ အများကြီး ရှိသလို အဆိုးတွေလဲ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဘာကိုမဆို သိပ်မငြိတွယ်မိဖို့ လိုပါတယ်။ ဒီသင်ခန်းစာကနေ အများကြီး လုပ်နိုင်တာတွေ ရှိပါတယ်။ ကျွန်မမှာ ဘယ်အရာမှ မတွယ်တာဖို့ သဘော ကလေးကို လက်ကိုင်ထားနိုင်လို့၊ ကိုယ့်ဘေးမှာ ဖြစ်နေတာတွေကို မတွယ်တာတဲ့ စိတ်ကလေးနဲ့ ကြည့်တတ်တာနဲ့ အမျှ အရာရာကို ရီစရာ ဘက်ကနေ ကြည့်တတ် သွားတာပါပဲ။ ကျွန်မ အကြိုက်ဆုံး ဟာသကတော့ မမှတ်မိနိုင်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်မက ဟာသတွေ အမြဲတမ်း ပြောနေသလို၊ ကျွန်မမှာ ဟာသတွေ ပြောတဲ့ မိတ်ဆွေတွေ ရှိပါတယ်။ ကျွန်မ ထင်တယ်။ ကျွန်မက ဟာသဓာတ်ခံ ရှိတော့ ဒီလိုလူမျိုးတွေ လာစု တတ်တယ်လို့ ထင်တာပဲ။ နောက်ပြီး ကျွန်မတို့ အလုပ် လုပ်တဲ့အခါ၊ အလုပ်က သိပ်လေးလေး နက်နက် လုပ်ရရင်၊ ရီစရာ လေးတွေနဲ့ဆို ကောင်းတာပေါ့။

မေး      ။ ခင်ဗျား တခါတရံ ချစ်တဲ့ သူတွေနဲ့ ဝေးကွာ နေတယ်နော်။ ချစ်ခြင်း မေတ္တာကို ခင်ဗျား ဘယ်လို အဓိပ္ပာယ် ဖွင့်မလဲ။

ဖြေ       ။ ချစ်ခြင်း မေတ္တာကို ကျွန်မ အလွန်တရာ လက်တွေ့ကျတဲ့ အမြင်နဲ့ပဲ ကြည့်ပါတယ်။ အကယ်၍ တစ်စုံ တစ်ယောက်ကို အမှန်တကယ် ချစ်မိပြီ ဆိုရင် အဲဒီ တစ်ယောက်ရဲ့ ဘဝ လွယ်ကူအောင်၊ ပိုပျော်အောင် ဘာလုပ် ပေးနိုင်မလဲဆိုတာ လုပ်ပေးရပါမယ်။ "ချစ်လိုက်တာ၊ ချစ်လိုက်တာ" လို့ ပြောနေတာဟာ ဘာမှ အရာ မရောက်ပါဘူး။ အချို့ တစ်ယောက်ကို တစ်ယောက် ချစ်နေကြပြီး၊ တစ်ယောက်ကို တစ်ယောက် မလုပ်သင့်တာတွေ လုပ်နေကြတယ်။ ချစ်ခြင်း မေတ္တာ ဆိုတာ အဲလို မဟုတ်ပါဘူး။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Nation, 25th December 2010

          ထိုင်းနိုင်ငံ တပ်ခ်ခရိုင်၏ Phop Phra နယ်၏ အခြား တဖက် မြန်မာ နိုင်ငံတွင် မြန်မာ စစ်တပ်နှင့် ကရင် သူပုန်များ ကြားတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ပြီးဆုံးသွားပြီဟု ထိုင်းစစ်သားများက ပြောကြား သောကြောင့် မြန်မာ ဒုက္ခသည် ၂၃၃ ဦးတို့သည် မြန်မာနိုင်ငံသို့ ပြန်ရန် စနေနေ့က သဘောတူခဲ့သည်။

          ဗိုလ်မှူးကြီး Supachoke Thawatpeerachai က စနေနေ့က ဒုက္ခသည်များကို အိမ်ပြန် တိုက်တွန်းခဲ့ပြီး၊ ထိုင်းအာဏာပိုင်များက လိုအပ်သည်များကို ဖြည့်ဆည်း ပေးမည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ဒုက္ခသည်များသည် အထုပ် အပိုးများ ပြင်၍ တံတားကူး၍ မြန်မာနိုင်ငံသို့ ခြေလျင်ပြန် သွားကြရသည်။ UNHCR မှ တာဝန်ရှိသူများနှင့် အခြား NGO များမှ ၎င်းတို့အား စောင့်ကြည့်နေကြသည်ဟု ဆိုသည်။

ထိုသို့ ဖြစ်လာရခြင်းမှာ Ban Valley Neu ကျေးရွာ လူကြီး၏ လက်ထောက် Boontham Suwansri သည် ၎င်းတို့ ကျေးရွာအနီး ရဟတ်ယာဉ် ကွင်းဟောင်းတွင် နေထိုင်သော ဒုက္ခသည်များထံသို့ သွားရောက် အပြီးတွင် ဦးနှောက် အမြှေးပါးရောင် ခဲ့သည်။ သို့သော် ၎င်းမှာ ဒုက္ခသည်များထံသို့ အကြိမ်ကြိမ် သွားရောက်မှုကြောင့် ရောဂါ ကူးစက်လာခြင်း ဖြစ်သည် ဆိုသည်ကိုမူ အတည် မပြုနိုင်သေးပေ။ Boonthurn အား မဲဆောက် ဆေးရုံတွင် ဆေးကုသ ထားရာ ၎င်း၏ အခြေအနေမှာ ကောင်းနေသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အိန္ဒိယနိုင်ငံ ကျေးလက်ဒေသရှိ လမ်းပန်း ဆက်သွယ်ရေး မြှင့်တင်နိုင်ရန် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ချေးငွေ ပေးမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သတင်း ထုတ်ပြန်သည်။ ယင်းသို့ ချေးငွေပေးခြင်းသည် အိန္ဒိယနိုင်ငံ၏ အခြေခံ အဆောက်အအုံများ တိုးတက် ကောင်းမွန်ရေး အတွက် အကူအညီပေးမှု တစ်ရပ်လည်း ဖြစ်သည်ဟု ဆိုသည်။

"ကျေးလက်ဒေသမှာ အရည်အသွေး ကောင်းမွန်တဲ့ လမ်းပန်း ဆက်သွယ်ရေးစနစ် ရှိတာဟာ မဖွံ့ဖြိုးနိုင်ဘဲ ကျန်ရစ်နေတဲ့ ဒေသတွေ ဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ပေးသလိုပါပဲ" ဟု ကမ္ဘာ့ဘဏ်၏ အိန္ဒိယနိုင်ငံဆိုင်ရာ ဒါရိုက်တာ Reberto Zagha က ပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် လက်ရှိနှစ်များအတွင်း တိုးတက်လာသည့်တိုင် နိုင်ငံတွင်း အခြေခံ အဆောက်အအုံများသည် ဆိုးဆိုးဝါးဝါးနှင့် ချို့ချို့တဲ့တဲ့ အဆင့်တွင်သာ ရှိနေသေးသည်။ အိန္ဒိယသည် လူဦးရေ အဆမတန် တိုးတက်လာမှုနှင့် ရင်ဆိုင်နေရပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ခြေလှမ်း ပုံမှန်ဖြစ်အောင်လည်း များစွာ ရုန်းကန်နေရသည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ အိန္ဒိယပြည်သူ ၄၀ ရာခိုင်နှုန်း၊ သို့မဟုတ် သန်း ၃၀၀ ခန့်သည် လမ်းပန်း ဆက်သွယ်မှုကောင်းများ မရရှိသည့် အခြေအနေတွင် ရှိသည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် အကောင်အထည် ဖော်မည့် စီမံကိန်းသည် လူဦးရေ လွန်စွာ ထူထပ်များပြားသော Uttar Pradesh၊ Rajasthan ပြည်နယ်များ အပါအဝင် တောင်ထူထပ်သည့် ဒေသတွင် ရှိသော ပြည်နယ်များ ဖြစ်သည့် Uttarakhand၊ Himachal Pradesh နှင့် Meghalaya ပြည်နယ်တို့တွင် အဓိက အကောင်အထည် ဖော်သွားမည် ဖြစ်သည်ဟု ခန့်မှန်းရသည်။ ထို့အတူ Jharkhand နှင့် Punjab ပြည်နယ်တို့တွင်လည်း အကောင်အထည် ဖော်မည်ဟု သိရသည်။

"လာမယ့် ငါးနှစ်အတွင်းမှာ ကီလိုမီတာ စုစုပေါင်း ၂၄၂၀၀(၁၅၀၃၇ မိုင်) ရှည်လျားတဲ့ လမ်းတွေ ဖောက်လုပ်ပြီး လူပေါင်း ၆ ဒဿမ ၁ သန်း အကျိုးအမြတ် ရှိစေမှာ ဖြစ်ပါတယ်" ဟု မစ္စတာ Roberto Zagha က ပြောကြားသည်။

"ဖောက်လုပ်မယ့် လမ်းတွေကို ရေရှည် ဆက်လက် ထိန်းသိမ်းသွားဖို့ ကိစ္စကိုလည်း စီမံကိန်းထဲမှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အိန္ဒိယ နိုင်ငံအတွက် ကမ္ဘာ့ဘဏ် ချေးငွေသည် အတိုးနှုန်း ကင်းလွတ်ခွင့်ဖြင့် ဖြစ်ပြီး နှစ်ပေါင်း ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအင် စုစုပေါင်း ၁၂၄၆၆ မီဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းပေါင်း ၂၀ ကို အကောင်အထည် ဖော်ရန် စီစဉ်လျက် ရှိကြောင်း အိန္ဒိယ နိုင်ငံပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီး ဖြစ်သော NHPC က သတင်း ထုတ်ပြန်သည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို လာမည့် ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း စတင် အကောင်အထည် ဖော်နိုင်မည်ဟု ခန့်မှန်းရသည်ဟု ဆိုသည်။ NHPC သည် အလားတူ အမေရိကန် ဒေါ်လာ ၅ ဒဿမ ၆ သန်းကုန်ကျမည့် လျှပ်စစ် စီမံကိန်းကြီးနှစ်ခုကို အကောင်အထည် ဖော်မည်ဟုလည်း ကြေညာထားပြီး ဖြစ်သည်။

ယခု စီမံကိန်းများသည် အမေရိကန်နှင့် အနောက်ကမ္ဘာတို့၏ ပိတ်ဆို့အရေးယူမှု ခံထားရသော မြန်မာနိုင်ငံအတွက် အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများ စာရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံသည် ပိတ်ဆို့ အရေးယူမှုများ ခံနေရသော်ငြား အာရှနှင့် အိမ်နီးချင်းနိုင်ငံ အတော်များများ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုကို ရရှိနေသည်။ နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာမှုကလည်း နိုင်ငံတွင်း အပြောင်းအလဲ ကောင်းများ ဖြစ်ပေါ်လာနိုင်မည့် အနေအထားတွင် ရှိကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် အခန်းကဏ္ဍမှ လျှပ်စစ်စွမ်းအား စုစုပေါင်း ၃၇ ဂစ်ဂါဝပ်ခန့် ထုတ်လုပ်နိုင်မည့် အလားအလာနှင့် ရင်းမြစ်များ ရှိနေသည်။ ယခင်က ထုတ်ပြန်ကြေညာခဲ့သော လျှပ်စစ်စွမ်းအင် စီမံကိန်းကြီးများသည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွယ်တန်း ရောင်းချရန် ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား သွယ်တန်း ရောင်းချနိုင်မည့် ပထဝီ အနေအထားနှင့် အလားလာများလည်း ရှိနေသည်။

IF and IP မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 24th December 2010

ဂျပန် အစိုးရက လာမည့် ဘဏ္ဍာရေးနှစ် အတွက် ယန်းငွေ ၉၂.၄ ထရီလီယံ (ဒေါ်လာ ၁.၁ ထရီလီယံ) စံချိန်တင် သုံးစွဲရန် အတည် ပြုလိုက်သည်။

မတ်လ ၃၁ ရက် မတိုင်မီ ပါလီမန်က အတည်ပြု ပေးရမည့် ဘတ်ဂျက် မူကြမ်းကို ကက်ဘိနက်က သဘော တူခဲ့ခြင်း ဖြစ်သည်။

ဂျပန် နိုင်ငံ၏ စီးပွားရေးမှာ ငွေကျုံ့ခြင်းကို ခံစားနေရသည် ဖြစ်ရာ ယန်းငွေတန်ဖိုး တက်လာမှုကြောင့် ပို့ကုန် ထိခုက်ခြင်း၊ ပြည်တွင်း ဝယ်လိုအား နည်းပါးခြင်းနှင့် စားသုံးသူ ယုံကြည် စိတ်ချမှု လျော့ပါးခြင်း တို့ကို ဖြစ်ပေါ်စေသည်။

ယခု ဘတ်ဂျက်သည် စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်သော်လည်း ပြည်သူ့ ကြွေးမြီကဏ္ဍသို့ ပံ့ပိုးမည် ဖြစ်သည်။ ယခု အစီအစဉ်သည် ကြီးမားသော စီးပွားရေး မြှင့်တင်မှုကို ပေးနိုင်ဖွယ် မရှိဟု အချို့ အကဲခတ် လေ့လာသူများက ဆိုသည်။

ထိန်းချုပ် ဇက်သတ်ခြင်း

ကြွေးမြီ ဆပ်ခြင်း ကုန်ကျစရိတ်နှင့် လူမှုဖူလုံရေး အသုံးစရိတ်များက ဘတ်ဂျက်၏ ၅၅%ကို သုံးစွဲမည် ဖြစ်သည်။

ဒေသဆိုင်ရာ အာဏာပိုင်များ အတွက် အထောက်အပံ့များက ဘတ်ဂျက်၏ နောက်ထပ် ၁၈.၂ % ကို သုံးစွဲမည်ဟု သိရသည်။

လက်ကျန် ဘတ်ဂျက်ကိုမူ ကာကွယ်ရေး၊ ပြည်သူ့ ဆောက်လုပ်ရေး စီမံကိန်းများ၊ ပညာရေးနှင့် နည်းပညာ ကဏ္ဍများတွင် ဖြန့်ဝေ သုံးစွဲသွားမည်ဟု ဆိုသည်။

ဒီမိုကရက်တစ် ပါတီ ဦးဆောင်သော ဂျပန် အစိုးရက ယခုနှစ် အဆင့်နှင့် ကိုက်ညီမှု ရှိသော ချေးငွေသစ် ၄၄.၃ ထရီလီယံ ထုတ်ပေးရန် ကတိပြုထားသည်။

သို့သော်လည်း ဂျပန် နိုင်ငံမှာ ကြွေးမြီဆပ်ခြင်း ကုန်ကျစရိတ် ကြီးမားလာမှုကြောင့် အသုံးစရိတ် ဘတ်ဂျက်ကို တိုးမြှင့်ရန် ဖိအားပေးခြင်း ခံနေရသည်။

ဂျပန် နိုင်ငံ၏ အများပြည်သူ ကြွေးမြီသည် ၂၀၁၂ မတ်လ ကုန်တွင် ယန်းငွေ ၈၉၁ ထရီလီယံ (သို့) GDP ၏ ၁၈၄ % အထိ ရောက်ရှိမည်ဟု မျှော်လင့်ထားကြရာ၊ ဖွံ့ဖြိုးပြီး နိုင်ငံများအနက် အများဆုံးပင် ဖြစ်သည်။

လာမည့်နှစ် အတွက် အခွန် ကဏ္ဍငွေမှာ ယန်းငွေ ၄၀.၉ ထရီလီယံခန့် ရရှိမည်ဟု ဂျပန် အစိုးရက ပြောကြားသည်။ အထူး ရန်ပုံငွေများကို ထုတ်ယူ သုံးစွဲခြင်းမှ နောက်ထပ် ယန်းငွေ ၇.၂ ထရီလီယံ ထပ်မံ ရရှိမည် ဟုလည်း ဆိုသည်။

ကလေး ပြုစု စောင့်ရှောက်ရေး ကဏ္ဍသို့ အခမဲ့ ထောက်ပံ့မှုများ အပါ အဝင် ဘတ်ဂျက် သုံးစွဲမှု အစီအစဉ်များကို အစိုးရက ထိန်းချုပ် ဇက်သတ်ထားပြီး ဖြစ်သည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Times of India, 25th December 2010

အိန္ဒိယ နိုင်ငံတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင် ကျင်းပမည့် အိန္ဒိယ-မြန်မာ ပြည်ထဲရေး အတွင်းဝန် အဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံ တရားဝင် အကူအညီ ပေးရေး စာချုပ် (Mutual Legal Assistance Treaty MLAT) ကို လက်မှတ် ရေးထိုးလိမ့်မည် ဖြစ်သည်။

လေးရက်ကြာ အစည်းအဝေးတွင် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် အများစုကို ဆွေးနွေးမည် ဖြစ်ရာ နိုင်ငံတကာ နယ်စပ်တွင် လှုပ်ရှားနေသော သူပုန် အုပ်စုများအား တိုက်ခိုက်ရေး၊ ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရေး၊ လက်နက် မှောင်ခို ရောင်းဝယ်ခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အကြောင်းများ ပါဝင်မည် ဖြစ်သည်။

"MLAT ဟာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံရဲ့ တူညီတဲ့ ရည်မှန်းချက်တွေ အတွက် အရည်အသွေး ပိုတက်လာနိုင်ပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု အပါအဝင် ရာဇဝတ်မှုများ ဖိနှိပ်ရေး၊ ကာကွယ်ရေး၊ အရေးယူရေး၊ ရှာဖွေ ဖော်ထုတ်ရေးတို့မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကူအညီ ပေးနိုင်တဲ့ တရားဝင် ယန္တရား တစ်ခု ထားရှိနိုင်ရေး ဖြစ်ပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။

MLAT စာချုပ်ကို အစည်းအဝေး ပြီးဆုံးမည့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လက်မှတ် ရေးထိုးမည် ဖြစ်သည်။ အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့ကို ပြည်ထောင်စု ပြည်ထဲရေး အတွင်းဝန် Gopal K Pillai က ဦးဆောင်မည် ဖြစ်ပြီး မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ပြည်ထဲရေးဌာန ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေက ဦးဆောင်မည် ဖြစ်သည်။

Pillai က အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားနေသော အိန္ဒိယ သူပုန်အုပ်စုများ ကိစ္စကို တင်ပြသွားမည် ဖြစ်ပြီး၊ အဆိုပါ သူပုန်များကို မြန်မာ အစိုးရက အရေးယူ ပေးရေးကိုလည်း ပြောကြားသွားမည် ဖြစ်သည်။

နိုင်ငံ စစ်သားများကြား အင်္ဂလိပ်စာနှင့် မြန်မာစာ သင်ကြားရေး အစီအစဉ် ရေးဆွဲရန် အဆိုပြုချက် ကိုလည်း အနည်းအကျဉ်း ဆွေးနွေးရန် ရှိသည်။ အဆိုပြုချက်တွင် အိန္ဒိယ စစ်သားများအား မြန်မာစာ သင်ကြားပေးရန်နှင့် မြန်မာ စစ်သားများအား အင်္ဂလိပ်စာ သင်ကြားပေးပြီး နှစ်ဦး နှစ်ဖက် ဘာသာ စကား အခက်အခဲ မဖြစ်စေရန် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DW-WORLD.DE, By DEUTSCHE WELLE, 24th December 2010

ပြီးခဲ့သည့် နိုဝင်ဘာလက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးခဲ့ခြင်းသည် အနှစ် နှစ်ဆယ် အတွင်း ပထမဆုံး ပြုလုပ်ပေးခဲ့သည့် ရွေးကောက်ပွဲ သတင်းကို လွှမ်းမိုးခဲ့သည်။ သူမ တဖန် ပြန်လည် လွတ်မြောက် လာခဲ့ခြင်းသည် မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုများ အတွက် မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာခြင်းကို ဖြစ်စေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြန်လည် လွတ်မြောက်လာပြီး ကတည်းက မီဒီယာများနှင့် တွေ့ဆုံခြင်း၊ NLD အဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်း စသည်ဖြင့် တက်ကြွစွာ လှုပ်ရှားလျက် ရှိပြီး ဒေသတွင်းကလည်း သူမအား စစ်တပ်နှင့် ဒီမိုကရေစီ အတိုက်အခံများကြား ရင်ကြား စေ့ရေး အတွက် တံတား ခင်းရာတွင် ပိုမို ကြီးကျယ်သော ကဏ္ဍမှ ပါဝင် လုပ်ဆောင်ရေးကို တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်မှုကို လူအများစုက ကြိုဆိုခဲ့ကြသည်။ Forum for Democracy in Burma မှ စိုးအောင် အပါအဝင် အချို့ လှုပ်ရှားသူများက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းသည် ပြုပြင် ပြောင်းလဲရေးနှင့် တွေ့ဆုံ ဆွေးနွေးရေးတို့ အတွက် ခြေလှမ်း တစ်စိတ် တစ်ပိုင်းသာ ဖြစ်ကြောင်း ဆိုသည်။ "ဒီကိစ္စတွေ အတွက် တိုးတက်မှုလို့ ပြောမယ် ဆိုရင်တော့ ပြောနိုင် ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ကျန်နေ သေးတာကိုလည်း မမေ့သင့်ပါဘူး။ ဒီအကျဉ်းသားတွေ ကိစ္စမှာ ဘာတိုးတက်မှုမှ မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရုံနဲ့ မလုံလောက်ပါဘူး။ စစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုထားတာကို ချက်ချင်း အကြောင်း ပြန်ဖို့ လိုပါတယ်" ဟု စိုးအောင်က ပြောသည်။

နိုဝင်ဘာ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုင်းအဝိုင်းက တရားမဝင်မှုများ၊ မရိုးသားမှုများ ရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ကြပြီး ယခုအခါ အရပ်သား အစိုးရဖွဲ့၍ သမ္မတ ရွေးချယ်ခြင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်သူများ ရွေးချယ်ခြင်းများ ပြုလုပ်တော့မည် ဖြစ်သည်။

"၂၀၁၁ ကတော့ ၂၀၁၀ ထက်စာရင် မသေချာ မရေရာမှုတွေ ပိုများလာမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတယ် ဆိုပေမယ့် ဘယ်လောက် ကြာကြာ လွှတ်ပေးထားမလဲ မသေချာပါဘူး။ သူမနဲ့ လူများ တွေ့ဆုံမှု မီဒီယာများမှာ သူမ လှုပ်ရှားမှုများ၊ တွေ့ဆုံမှုများ အပေါ် ကန့်သတ်မှုများ ပိုလုပ်လာပါတယ်။ သူမကို လွှတ်ပေး အပြီးမှာ နိုင်ငံခြားသားတွေမှာ အမည်မည်း စာရင်းသွင်းတာတွေ၊ ပြန်ပို့တာတွေ များလာပါတယ်" ဟု လူ့အခွင့်အရေး အုပ်စု တစ်ခု ဖြစ်သော Alternative ASEAN Network မှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် Debbie Stothardt က ပြောကြားခဲ့သည်။

တိုင်းရင်းသားများ မဟာမိတ်ဖွဲ့

မြန်မာ အစိုးရသည် ကြိုးတန်းပေါ် လမ်းလျှောက်ရသည့် အနေအထားတွင် ရှိကြောင်း၊ ရှမ်းသံတော်ဆင့် သတင်း အေဂျင်စီမှ ဒါရိုက်တာ တစ်ဦး ဖြစ်သူ ခွန်စိုင်းက ပြောကြားခဲ့သည်။ "အစိုးရက ဒီမိုကရေစီ နိုင်ငံ ဖြစ်ပြီလို့ ပြချင်နေတယ်လေ။ ဒီတော့ ဘာဖြစ်လာမလဲ ဆိုရင် အတိုက်အခံကလည်း အစိုးရ ဘယ်လောက် သည်းခံနိုင်မလဲ ဆိုတာ၊ ဘယ်လောက် စမ်းသပ်နိုင်မလဲ ဆိုတာရယ်၊ အစိုးရကလဲ ဘယ်လောက် သည်းခံ နိုင်စွမ်း ရှိမလဲ ဆိုတာပေါ်မှာ မူတည်နေပါတယ်" ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသား အုပ်စုများသည်လည်း အစိုးရက နယ်ခြားစောင့်တပ် ပြောင်းခိုင်းနေမှုကြောင့် ယခုနှစ်တွင် ဖိအားများ ရှိခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်က အစိုးရသည် အဆိုပါ တိုင်းရင်းသား အုပ်စုများနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရရှိထားခဲ့သည်။ သို့သော် ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲ ကာလတွင် ကရင် ပြည်နယ်၌ တိုက်ခိုက်မှု အနည်းငယ် ရှိခဲ့ခြင်းကြောင့် ကရင်လူမျိုးများ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

တိုင်းရင်းသား လက်နက်ကိုင် အချို့သည် စစ်ရေး အရ မဟာမိတ် အဖွဲ့သစ် ဖွဲ့စည်းလျက် ရှိသည်။ သို့သော် မြန်မာ စစ်တပ်တွင်  အင်အား လေးသိန်းကျော် ရှိပြီး၊ တိုင်းရင်းသား လက်နက်ကိုင်များမှာ အင်အား ၆၅၀၀၀ ခန့်သာ ရှိသည်။

တဖန် မြန်မာနိုင်ငံတွင် စိတ်ပျက် အားငယ်နေသော ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည်မှု အပြည့် ထားလျက် ရှိပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အတွက် ညှိနှိုင်း နိုင်လိမ့်မည်ဟု မျှော်လင့်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 24th December 2010

လာအို နိုင်ငံတွင် ဘူဆုန်း ဘူဖာဘန် ရုတ်တရက် နုတ်ထွက်သွားပြီးနောက် ဝန်ကြီးချုပ် အသစ် တစ်ယောက် ထပ်မံ တင်မြှောက်လိုက်သည်ဟု ကြေညာခဲ့သည်။

ဝန်ကြီးချုပ် ရာထူးကို ၄ နှစ်ကျော်ခန့် ရယူထားခဲ့သော အသက် ၅၆ နှစ် အရွယ်ရှိ ဘူဆုန်းကို ကွန်မြူနစ် ကြီးစိုးသော အမျိုးသား လွှတ်တော်က သောင်ဆင်း သာမာဗွန်ဖြင့် အစား ထိုးခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ဘူဆုန်းက မိသားစု ကိစ္စများကို အကြောင်းပြ ခဲ့သော်လည်း လေ့လာ ဆန်းစစ်သူများကမူ ၎င်းနုတ်ထွက်ရခြင်း၏ အကြောင်းရင်းသည် ပါတီတွင်း အုပ်စုကွဲများ ပြန်လည် ညှိနှိုင်းမှု၏ ရလဒ်ဖြစ်ရန် များသည်ဟု ပြောကြားသည်။

လာအိုသည် လာမည့်နှစ် အစောပိုင်း၌ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသော နိုင်ငံ ဖြစ်သည်။

အစိုးရ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက မစ္စတာ ဘူဆုန်းသည် လာအို ပြည်သူ့ တော်လှန်ရေး ပါတီ၏ ဗဟို ကော်မတီဝင် အဖြစ် ဆက်လက် ရှိနေမည်ဟု ပြောကြားခဲ့သည်။ ၎င်းပါတီသည် အာဏာကို လက်ဝါးကြီး အုပ်လု နီးပါး ချုပ်ကိုင်ထားသည့် ပါတီ ဖြစ်သည်။

စီးပွားရေး မဟာဗျူဟာ

ယခု ဝန်ကြီးချုပ်သစ်ကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၀၁ ဦးက တခဲနက် သဘောတူ အတည်ပြု ခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံ ကြီးမားသော်လည်း လူဦးရေ နည်းပါးပြီး ဗီယက်နမ်၊ တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်မြေချင်း ထိစပ်နေသော ကုန်းတွင်းပိတ် နိုင်ငံ တစ်ခု ဖြစ်သည့် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲများကို ဂရုတစိုက် စီစဉ် ဖန်တီးလျက် ရှိသည်။

"လက်ဖက်ညွန့်တွေကို ရွေးခူးသလိုမျိုး၊ ပါတီတွင်း အုပ်စုကွဲ အလိုင်းမင့် ပြောင်းသွားတာမျိုးပါ။ ပေါလစ် ဗျူရိုထဲမှာ အာဏာ ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားတာပေါ့" ဟု သြစတြေးလျ နိုင်ငံ မဲလ်ဘုန်း Deakin University မှ School of International and Political Studies ၏ နာယက ပါမောက္ခ Damien Kinqsbury က ပြောကြားသည်။

"ပွင့်လင်း မြင်သာမှု မရှိတာကတော့ အသေအချာပါပဲ။ ဒါပေမယ့် တစ်ခါတစ်ခါ ဖြစ်လာတတ်ပါတယ်" ဟု ၎င်းက BBC သို့ ပြောကြားသည်။

၎င်းက ဆက်လက်၍ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ၏ ရလဒ်အဖြစ် မူဝါဒပိုင်း အပြောင်းအလဲ ဖြစ်လာမည့် အလားအလာ မရှိပဲ တိုင်းပြည်တွင်း တရုတ် လွှမ်းမိုးမှု ကြီးထွားခြင်း ဆက်လက် ဖြစ်ပေါ်နေမည့် အလားအလာ ရှိသည်ဟု ပြောကြားခဲ့သည်။

အာရှတိုက်၏ အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်သော လာအို နိုင်ငံသည် ပြည်ပ အလှူရှင်များ အပေါ် ကြီးမားစွာ မှီခိုနေရသည်။

ဗီယက်နမ်နှင့် နိုင်ငံရေးအရ ရင်းရင်းနှီးနှီး ကြာမြင့်စွာ ဆက်ဆံခဲ့သည့် လာအို နိုင်ငံ တဝှမ်းတွင် တရုတ်နိုင်ငံက ကြီးမားစွာ ရင်းနှီး မြှုပ်နှံလျက် ရှိပြီး၊ လမ်းများ ဖောက်လုပ်ခြင်း၊ စိုက်ပျိုးခြင်းနှင့် စက်မှုဇုံများ တည်ဆောက်ခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။

ထို့အပြသ် တရုတ်မှ လာအိုသို့ မြန်နှုန်းမြင့် ရထား ပြေးဆွဲရန် စီစဉ်ထားသည် ဟုလည်း သိရှိရသည်။

၂၀၂၀ နောက်ဆုံး ထား၍ တိုင်းပြည်အား ဖွံ့ဖြိုးမှု နိမ့်ကျခြင်းမှ ကယ်တင်ရန် အတွက် ၂၀၁၅ အထိ နှစ်စဉ် စီးပွားရေး ကြီးထွားမှု အနည်းဆုံး ၈% ရရှိ အောင်မြင်နိုင်ရမည်ဟု ယခင် လာအို ဝန်ကြီးချုပ်က ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့ဖူးသည်။

ကြီးမားသော ပြည်ပ ရင်းနှီး မြှုပ်နှံမှု စီမံကိန်းများက ယခု ဖွံ့ဖြိုးရေး မဟာ ဗျူဟာ၏ အခြေခံကို ဖွဲ့စည်းပေးခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။

          NGO အဖွဲ့အစည်းများ ဘက်က လာအို နိုင်ငံအား ပြည်ပ လုပ်သားများ တင်သွင်းခြင်းကို ကန့်ကွက်ခဲ့ကြပြီး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု စီးပွား ဖွံ့ဖြိုးမှုအပေါ် ဆိုးကျိုးများ သက်ရောက် လာမည့် အလားအလာကို သတိပေးခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နယ်စပ် ဖြတ်ကျော် အကြမ်းဖက် လှုပ်ရှားမှုများ၊ လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခို ကူးမှုများကို အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်း တိုက်ဖျက် သွားမည် ဖြစ်ကြောင်း အရာရှိကြီးများက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ ပူးပေါင်းပြီး နယ်စပ်ဒေသ လုံခြုံရေး မြှင့်တင်ရန် နှင့် နယ်စပ် ဖြတ်ကျော် အကြမ်းဖက်မှု ဆိုင်ရာ သတင်း အချက် အလက်များ မျှဝေရန် သဘော တူညီမှု ရရှိခဲ့ကြောင်း မီဇိုရမ် ပြည်နယ် အုပ်ချုပ်ရေး ဌာနက ဆိုသည်။

အိန္ဒိယ ဗဟိုအစိုးရနှင့် မြန်မာ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲကို မီဇိုရမ် ပြည်နယ်၊ Champhai မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အိန္ဒိယ အရာရှိကြီးများ အဆိုအရ အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့ဝင်များ မြန်မာ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်ရန် မြန်မာ အာဏာပိုင်များက သဘော တူညီခဲ့သည်။ မြန်မာ စစ်တပ်မှ နယ်မြေခံ တပ်ရင်းမှူးထံမှ ခွင့်ပြုချက် ရရှိပြီးနောက် မြန်မာ အာဏာပိုင်များက ယင်းသို့ သဘော တူညီခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် အိန္ဒိယ ကိုယ်စားလှယ်များ အဖွဲ့အား ပူးတွဲ ပြည်ထဲရေး ဝန်ကြီး S Singh က ဦးဆောင်ပြီး မြန်မာ အရာရှိများ အဖွဲ့ကို ချင်းပြည်နယ် စစ်ဒေသမှူး ဦးနေအောင်က ဦးဆောင်သည်။ အိန္ဒိယ အရာရှိကြီးများ အဆိုအရ အချို့သော စစ်သွေးကြွများသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တွင် ခြေကုပ်ယူ စခန်းချကာ စစ်သင်တန်းများလည်း ပို့ချလျက် ရှိကြောင်း သိရသည်။

"ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယ စစ်သွေးကြွတွေနဲ့ ပြောက်ကျားတွေကို ဖြိုခွင်းပြီး နောက်ပိုင်း မြန်မာနိုင်ငံထဲက တောင်ပေါ် ဒေသတွေနဲ့ တောအုပ်တွေထဲမှာ ခြေကုပ် ယူလာကြတာ" ဟု နယ်စပ် လုံခြုံရေး တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောသည်။

မီဇိုရမ် ပြည်ထဲရေး ဌာနမှ အရာရှိ တစ်ဦးက မီဇိုရမ်သည် ခွဲထွက်ရေး သူပုန်များ ကင်းစင်သည့် ဒေသတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် အခြားဒေသမှ သူပုန်များက မီဇိုရမ်ကို လုံခြုံရေး အတွက် ခိုလှုံစရာ နေရာအဖြစ် အသုံးပြုကြကြောင်း ပြောဆိုသည်။

မီဇိုရမ် ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၄၀၄ ရှည်လျားသည့် နယ်စပ် ပိုင်ဆိုင်ထားပြီး ဘင်္ဂလားဒေ့ရှ်နှင့် ၃၁၈ ကီလိုမီတာ ထိစပ်လျက် ရှိသည်။

Calcutta News သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.