Transparency Myanmar

transparency.myanmar@gmail.com

(ဇန်နဝါရီ ၂၀၊ ၂၀၁၁ ရက်စွဲပါ The Straits Times မှ Hilary Clinton Calls Suu Kyi, Pledges Support ကို ဘာသာ ပြန်သည်)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ မြှင့်တင်ရေးအတွက် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲ အလုပ် လုပ်ရန် စီစဉ်လျက် ရှိသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် P.J Crowley က Twitter တွင် ရေးသား ထားရာ၌ ကလင်တန်သည် ဗုဒ္ဓဟူးနေ့က ဒေါ်အောင်ဆန်းစုကြည်အား ဖုန်းဖြင့် ဆက်သွယ် ပြောဆိုခဲ့သည်ဟု ဆိုသည်။

အစိုးရက နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား (၇) နှစ်တာ ထိန်းသိမ်း ထားခြင်းမှ ပြန်လွှတ် ပေးခဲ့ခြင်း ဖြစ်သည်။

သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ရွေးကောက်ပွဲသည် အလိမ် အညာသာ ဖြစ်သည်ဟု ဆိုကာ ပါဝင်ခြင်း မပြုခဲ့သောကြောင့် ပါတီအား ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Xinhua သတင်းဌာနမှ 17 January 2011 ရက်စွဲပါ "U.S aid agency says may extend funding to Philippines if it can reduce corruption" သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စု ကယ်ဆယ်ရေး အေဂျင်စီက ဖိလစ်ပိုင် နိုင်ငံအား ယခုနှစ်အတွက် အာမို ရန်ပုံငွေ ထပ်မံ ထပ်မံ တိုးပေးရန် စဉ်းစားဖွယ် ရှိသော်လည်း သမ္မတသစ် ဘီနစ်နို အကွီနို(၃) အား အဂတိ လိုက်စားမှု တိုက်ဖျက်မည့် ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်ကို ပထမဆုံး ပြသရန် တောင်းဆို လိုက်သည်။

Millennium Challenge Corporation (MCC) က ကြာသပတေးနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် "အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အပါအဝင် MCC ၏ စံညွှန်းနှင့် မူဝါဒများ၊ သဘော တူညီချက်ပါ ရည်မှန်းချက်နှင့် အကောင်အထည် ဖော်မှုများကို အစိုးရ အဖွဲ့သစ်က တာဝန် ယူစေလိုသော MCC ၏ ဆန္ဒကို နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဦးဆောင်သော MCC ဘုတ်အဖွဲ့က ထပ်မံ ပြောကြားခဲ့သည်" ဟု ဖော်ပြထားသည်။

MCC ဘုတ်အဖွဲ့က ဝင်ငွေနိမ့်နှင့် ဝင်ငွေ အလယ် အလတ် အဆင့် မမီသော တိုင်းပြည်များတွင် ရင်းနှီးမြှုပ်နှံသည့် ၎င်း၏ လုပ်ငန်း တာဝန်ကို ပြန်လည် သုံးသပ်မှု ပြုလုပ်ပြီးနောက် အချိန်တို အတွင်း ကြေညာချက် ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၀ ပြက္ခဒိန် နှစ်တွင် ဖိလစ်ပိုင်၊ ဂျော်ဒန်၊ မာလာဝီ၊ ၂၀၁၁ ပြက္ခဒိန်နှစ်တွင် အင်ဒိုနီးရှား၊ ဇမ်ဘီယာ၊  ကိပ်ဗာဒီ နိုင်ငံများနှင့် ရန်ပုံငွေ ပေးအပ်ရေး သဘောတူညီချက် ရရှိထားမှုကို စဉ်းစား သုံးသပ်ရန် မျှော်လင့် ထားသည်ဟု MCC ဘုတ်အဖွဲ့က ပြောကြားသည်။

ဖိလစ်ပိုင် နိုင်ငံသည် အစိုးရ အဖွဲ့အတွင်း အဂတိ လိုက်စားမှု ရေရှည် ပြဿနာကြောင့် ယခင် နှစ်က MCC ထံမှ ပမာဏ များပြားသော ရန်ပုံငွေ ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ဖိလစ်ပိုင် နိုင်ငံကို ၎င်း၏ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် MCC သဘောတူညီချက် အစီအစဉ်အောက်မှ ထပ်တိုး ရန်ပုံငွေ အတွက် အသစ် လျှောက်ထားရန် ပြန်လည် ရွေးချယ် ခဲ့သည်။

MCC သည် အမေရိကန် ပြည်ထောင်စု အစိုးရ ကော်ပိုရေးရှင်း တစ်ခု ဖြစ်ပြီး Millennium Challenge Account (MCA) ရန်ပုံငွေ အစီအစဉ်ဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် စီးပွားရေး ဖွံ့ဖြိုးမှု အတွက် ပူးပေါင်း လုပ်ဆောင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်း-မြန်မာ နယ်စပ် ဒေသအနီး မြန်မာ ပြည်တွင်း၌ ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဗုံးဆံ၊ အမြောက်ဆံများ ထိုင်းနိုင်ငံ ဘက်သို့ ကျရောက်လျက် ရှိရာ နယ်စပ်ဒေသ၌ နေထိုင်သူများ အကြား တုန်လှုပ် ခြောက်ခြားမှုများ ဖြစ်နေကြောင်း စုံစမ်း သိရှိရသည်။

ဝလေ တပ်စခန်း အနီး မြန်မာစစ်တပ်နှင့် ကရင် လက်နက်ကိုင် အုပ်စုနှစ်စု ဖြစ်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့ (ဒီကေဘီအေ) နှင့် ကရင် အမျိုးသား ယူနီယံ (ကေအင်န်ယူ) တို့အကြား ဖြစ်ပွားသော တိုက်ပွဲမှ အမ်-၇၉ အမျိုးအစား လက်ပစ်ဗုံးများ ထိုင်းနိုင်ငံ၊ တက်ပြည်နယ် မဲဆောက်တပ်ဖွဲ့ အခြေစိုက် စခန်း အနီး နယ်နိမိတ်ထဲသို့ ကျရောက်ခဲ့သည်ဟု ဆိုသည်။

လက်ပစ်ဗုံး ကျရောက်မှုနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက မည်သူမည်ဝါတွင် တာဝန်ရှိသည်ဟု စွပ်စွဲပြောဆိုခြင်း မရှိသေးကြောင်း၊ သို့သော် မဲဆောက် တပ်ရင်းမှ ဗိုလ်မှူးကြီး Suphachoke Thawatpirachai က ဗုံးဆံများ၊ အမြောက်ဆံများ၊ လက်ပစ်ဗုံးများ ကျရောက်သည့် နေရာ ဒေသများသို့ သွားရောက် စစ်ဆေးရန် တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ကရင် တိုင်းရင်းသား ဒုက္ခသည် ၃၀၀ ကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေးပြီး ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ဒုက္ခသည် အချို့မှာ ထိုင်းနိုင်ငံဘက်မှ ဆွေမျိုးသားချင်းများ အိမ်တွင် ခေတ္တ ခိုလှုံကြပြီး အချို့မှာ ဝလေနှင့် မော်ကာရီယန်း ကျေးရွာများတွင် ယာယီတဲများ ထိုး၍ နေထိုင်ကြရသည်။ ဝလေ ကျေးရွာတွင် နေထိုင်သူ ၁၀၀ ကျော် စုရုံးပြီး ပူးတွဲ ကျေးရွာ ဦးစီး Chalerm Boonpromwong အပါအဝင် စစ်ဘက်မှ ပုဂ္ဂိုလ်များနှင့် ဒုက္ခသည်များ ကိစ္စဆွေးနွေးလျက် ရှိသည်။

ကျေးရွာသားများက ဒုက္ခသည်များကို ပြန်လွှတ်ရန် ဆန္ဒရှိကြသည်။ အကြောင်းမှာ ဒုက္ခသည်များ ဖန်တီးသော လုယက်မှုများ၊ အညစ်အကြေး စွန့်သည့် ပြဿနာများ တိုးပွားလျက် ရှိသောကြောင့်ဟု ဆိုသည်။ ဒေသခံများက ဒုက္ခသည်များ ကျေးရွာများမှ ပြန်လည် ထွက်ခွာအောင် ဖိအားပေးရန် သက်ဆိုင်သူများကို တိုက်တွန်းလျက် ရှိသည်။ သို့မဟုတ် ဒုက္ခသည်များ အတွက် ယာယီစခန်းများ ချပေရန်လည်း တိုက်တွန်းကြသည်ဟု သိရသည်။

Thai-ASEAN News Network မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နောက်ဆုံးတွင် အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) သည် မြန်မာ နိုင်ငံအပေါ် အကျိုး သက်ရောက်မှု ထင်ဟပ်စေမည့် သဘောထား တစ်ရပ်ကို တွေ့ရှိခဲ့ရပြီ ဖြစ်သည်။ မြန်မာ နိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုနှင့် အနောက် ဥရောပ နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရန် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ထုတ်ဖော် ပြောဆိုမှုသည် လေးလေး နက်နက် စဉ်းစား ချင့်ချိန်မှုများ ပြုလုပ်ပြီးမှသာ ထွက်ပေါ်လာခြင်း ဖြစ်ပေလိမ့်မည်။

မည်သို့ပင် ဖြစ်နေစေကာမူ မြန်မာ စစ်အစိုးရသည် ယနေ့ထိတိုင် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိန်းချုပ်ထားပြီး ၎င်းသွားလိုသော ပန်းတိုင်ကို မဖြစ် ဖြစ်သည့် နည်းဖြင့် မရောက် ရောက်အောင် သွားနေပြီ ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့၊ ရွေးကောက်ပွဲသည် အတု အယောင် သဘောဖြင့် ပြီးဆုံးခဲ့သည် ဆိုသော်လည်း ဒီမိုကရေစီ စနစ် ပြောင်းလဲ ကျင့်သုံးရေးနှင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ရေးတို့ ဖြစ်ပေါ်အောင် အနည်းဆုံး ဆောင်ကြဉ်း ပေးလိုက်နိုင်သည်။

စီးပွားရေး ပိတ်ဆို့မှုများ ဒဏ်ကို ခံစားရသူ အဓိက သားကောင်မှာ ပြည်သူလူထုသာ ဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများ၏ သြဇာအာဏာကို စိုးစဉ်းမျှပင် မခြိမ်းခြောက်နိုင် ဟူသော အချက်ကို မြန်မာနိုင်ငံက ထုတ်ဖော် ပြောဆိုမှု မပြုသည့်တိုင် သူ့နည်း သူ့ဟန်ဖြင့် ရှေ့ဆက်လျက် ရှိသည်။ အနည်းဆုံး အပြောင်းအလဲ တစ်ခုဆီသို့ ဦးတည်လျက် ရှိသည်ဟု ပြော၍မူ ရသည်။

ဤကဲ့သို့ လွတ်လပ်မှု ဟူသော လှိုင်းကို ဆောင်ကြဉ်းလာသော အခွင့်အရေးလေးကို မပျောက်ပျက် သွားအောင်၊ ပိုမို ကြီးမားလာအောင် ပြုလုပ် ဖန်တီးပေးကြရန် လိုအပ်သည်။ မြန်မာ ပြည်သူ လူထုအား တိုးတက် ကြီးပွားရေး၊ လူမှု ရွေ့လျားနိုင်ရေး အစရှိသည်တို့ ဖြစ်ပေါ်ရန် အကောင်းဆုံးသော နည်းလမ်းမှာ အခွင့်အရေးများ ရရှိအောင် ဖန်တီးပေးခြင်းပင် ဖြစ်သည်။

သို့အတွက် အာဆီယံ အနေဖြင့် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေး ဆော်သြနေရုံ အဆင့်တွင် ရပ်တန့် မနေသင့်ပေ။ မြန်မာနိုင်ငံ ဆင်းရဲ မွဲတေမှု အောက်မှ မည်သို့ မည်ပုံ လွတ်မြောက်အောင် လုပ်နိုင်မည်၊ နိုင်ငံရေး ကန့်သတ် ထိန်းချုပ်မှုများ လျော့ကျအောင် မည်သို့ လုပ်ဆောင်နိုင်မည် ဟူသော အကြောင်း ကိစ္စများ အတွက်လည်း အလေးအနက် ဝိုင်းဝန်း စဉ်းစား ပေးသင့်သည်။

ယခုဆိုလျှင် မြန်မာနိုင်ငံတွင် ငြီးငွေ့ဖွယ် ကောင်းသော နိုင်ငံ တည်ဆောက်ရေး ဖြစ်စဉ်ကြီး စတင်နေပြီ ဖြစ်သည်။ ကမ္ဘာ့ အသိုင်းအဝိုင်း၏ မြန်မာ့ နိုင်ငံရေး ကန့်သတ်ချက်များ အပေါ် ထားရှိသည့် ဖိုးကပ်စ်နှင့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများအား ဖယ်ထုတ်လိုသည့် ဆန္ဒမှာ ယခုအခါ ဝမရှိဘဲ ဝိလုပ်နေသကဲ့သို့ ဖြစ်သွားပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများနှင့် ငြိမ်းချမ်းစွာ လက်တွဲ လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ မြန်မာနိုင်ငံကို အရပ်သား အုပ်ချုပ်ရေး လက်အောက်သို့ အပြည့်အဝ ရောက်ရှိရန် အလို့ငှာ စစ်အစိုးရအား နေရာပေး အသိအမှတ် ပြုခဲ့ရသည်။

ဤအတိုင်း ဆိုလျှင် အာဆီယံ အဖွဲ့ဝင်တစ်ဦး ဖြစ်သော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့သကဲ့သို့ မြန်မာ ရွေးကောက်ပွဲကို အပြုသဘော ဆောင်သော၊ အလုပ်ဖြစ်သော ဖြစ်စဉ်တစ်ခုအဖြစ် ရှုမြင်သင့်သလို မြန်မာအား ကမ္ဘာ့ အသိအမှတ်ပြု မြေပုံပေါ်သို့ ပြန်လည် ရောက်ရှိစေရန် ထိရောက်သော ဆောင်ရွက်ချက်များ ပြုလုပ်ပေးသင့်သည်။ အာဆီယံအဖွဲ့က ယုံကြည်ထားသလိုပင် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားခြင်းကြောင့် မြန်မာ စစ်အစိုးရနှင့် ဒီမိုကရေစီ လိုလားသော အုပ်စုများအကြား ဒိုင်ယာလော့ခ် ပြုလုပ်ရာတွင် ပိုမိုအဆင်ပြေမှုများ ဖြစ်ပေါ်စေပြီး ပြည်တွင်း ပဋိပက္ခများအတွက် အဖြေရှာရာတွင်လည်း အထောက်အကူ ပေးနိုင်မည် ဖြစ်သည်။

တစ်ဖန် တစ်ဖက်တွင် မြန်မာ့အရေးကိစ္စကို ကြည့်လျှင် မြောက်ကိုရီးယား ကဲ့သို့ပင် ဖြစ်သည်။ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေး ဖြစ်စဉ်အတွက် အသိအမှတ် ပြုခံရမှု လိုအပ်သလို အခွင့်အရေးများ ညီညီမျှမျှ ခွဲဝေရရှိရန်လည်း လိုအပ်နေသည်ကို တွေ့ရမည်။ မြန်မာသည် သောင်းပြောင်းထွေလာ ကွန်မြူနစ်တီများ အနက် ဒုစရိုက်နယ်မြေတစ်ခု ဖြစ်နေသော်ငြား မြန်မာပြည်တွင်းရှိ တိုင်းရင်းသား လူနည်းစုအုပ်စုများ၏ ဆန္ဒတချို့ဖြစ်သော ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးရေး ကိစ္စကို လျစ်လျူ မရှုသင့်ပေ။ ပြောရလျှင် လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးများ ဦးစီးသည့် စစ်အစိုးရ လက်အောက်မှ မြန်မာနိုင်ငံတွင် ကျဉ်းထဲကြပ်ထဲ ရောက်နေသော နိုင်ငံတစ်ခုထက်ပင် ပို၍ ကြီးမားသော အန္တရာယ်များ ရှိနေပါသည်။

အခက်အခဲဒုက္ခများ ကြားမှ ထုတ်ဖော် ပြောဆိုရဲသော အာဆီယံ၏ သတ္တိမှာ စစ်မှန်သော ခေါင်းဆောင်မှု တစ်ရပ်ပင်ဖြစ်သည်။ ယင်းခေါင်းဆောင်မှုကို အစစ်အမှန် နိုင်ငံရေး (Real-Politick) ထက် ကျော်လွန်ကာ ကြည့်ရှု တိုင်းထွာသင့်သည်။ အာဆီယံ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေး အရအားဖြင့်မူ မှန်ကန်ပါကြောင်း ပြောကြားလိုသည်။

Khaleej Times မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းအနေဖြင့် အိမ်နီးချင်း နိုင်ငံများတွင် စတီးစက်မှုဇုန် နယ်မြေကြီး တစ်ခုကို တည်ထောင်ရန် ထည့်သွင်း စဉ်းစားသင့်ကြောင်း ထိုင်း Iron and Steel Institute က  အစိုးရကို အကြံပြု ပြောကြားလိုက်သည်။

ပင်လယ် ရေနက်ဆိပ်ကမ်း တစ်ခု အပါအဝင် အခြေခံ အဆောက်အအုံ ကောင်းများ ပေါ်ထွန်းရေး အတွက် ဘတ်ငွေ ဘီလီယံ ၁၀၀ အထိ ကုန်ကျနိုင်သော စတီး စက်မှုဇုန် နယ်မြေ တစ်ခု တည်ဆောက်ရန် ယင်းသို့ တိုက်တွန်း ပြောဆိုခြင်း ဖြစ်သည်။

မိမိတို့ အင်စတီကျု အနေဖြင့် အိမ်နီးချင်း ကမ္ဘောဒီးယားနှင့် မြန်မာ နိုင်ငံတို့ကို စတီး စက်မှုဇုန်ကြီး တစ်ခု တည်ဆောက်ရန် အလားအလာ ကောင်းသော နေရာအဖြစ် အကြံပြု ညွှန်းဆိုသွားမည် ဖြစ်ကြောင်း ဥက္ကဌ Wikrom Vajragupta က ပြောကြားသည်။ ကမ္ဘောဒီးယား နိုင်ငံရှိ Koh Kong ဒေသသည် စတီး ထုတ်လုပ်ရေး လုပ်ငန်းများ ပါဝင်သော စက်မှု မြေယာ ပေါ်ထွန်းရေး အတွက် သင့်လျော်သော နေရာ တစ်ခု ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၊ ထားဝယ် ဒေသ သည်လည်း စက်မှု ဆိပ်ကမ်းကြီး တစ်ခု ပေါ်ထွန်းရန် အလားအလာ အကောင်းဆုံး နေရာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်း Iron and Steel အင်စတီကျုသည် ဒုတိယ ဝန်ကြီးချုပ် Trairong Suwannakhiri ဦးဆောင်သော ထိုင်းအမျိုးသား စက်မှု ဖွံ့ဖြိုးရေး ကော်မတီသို့ အဆိုပြုချက် တစ်ရပ် တင်သွင်းနိုင်မည်ဟု မျှော်လင့်ထားသည်။ "အိမ်နီးချင်း နိုင်ငံမှာ စတီး စက်မှုဇုန် ဖွံ့ဖြိုး တိုးတက်လာမယ် ဆိုရင် ထိုင်းနိုင်ငံကို အာဆီယံ စီးပွားရေး ကွန်မြူနစ်တီ စင်တာ တစ်ခု ဖြစ်လာအောင် ကူညီပေးရာ ရောက်ပါတယ်" ဟု မစ္စတာ Wikrom Vajragupta က ပြောသည်။

"တစ်ချိန်တည်းမှာပဲ ထိုင်းစတီး လုပ်ငန်းတွေ အနေနဲ့လည်း လုပ်သား အင်အား အတော်များများကို ရယူနိုင်မှာ ဖြစ်သလို အိမ်နီးချင်း နိုင်ငံတွေရဲ့ စတီး ဝယ်လိုအားကို အလွယ်တကူ ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

Iron and Stell အင်စတီကျုသည် လက်ရှိ စတီး ထုတ်လုပ်သူများ ကုန်ကျစရိတ် လျော့ကျစေရေး အတွက် ထိုင်းအစိုးရအား စတီး အရည်ကျို စက်ရုံကြီး တစ်ခု တည်ဆောက်ရန် တွန်းအား ပေးခဲ့သည်။ သို့သော် အဆိုပါ အစီအစဉ်မှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများ၏ ဆန့်ကျင် ကန့်ကွက်မှုများဖြင့် ရင်ဆိုင်နေရသည်။

ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှ ဒေသ၏ အကြီးဆုံး စတီး ဈေးကွက် ဖြစ်သော ဗီယက်နမ် နေရာကို ယမန်နှစ်က ပြန်လည် ရယူနိုင်ခဲ့ကြောင်း မစ္စတာ Wikrom Vajragupta က ဆိုသည်။ ထိုင်းနိုင်ငံ၏ စတီး သုံးစွဲမှုမှာ တန် ၁၄ သန်းအထိ ရောက်ရှိလာသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်တွင် ပုံမှန် စတီး ဝယ်လိုအား ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း အထိ တိုးတက်လာမည်ဟု ခန့်မှန်းရသည်။

မော်တော်ကားနှင့် ထရပ်ကား အစီးရေ ၂ သန်း နီးပါး ထုတ်လုပ်ရန် လျာထားသော မော်တော်ယာဉ် ထုတ်လုပ်ရေး အခန်းကဏ္ဍမှ စတီး ဝယ်လိုအား မြင့်တက်လာအောင် ဦးဆောင်သွားမည် ဟုလည်း ခန့်မှန်းရသည်။ ထို့ပြင် ဆောက်လုပ်ရေး လုပ်ငန်းများ သည်လည်း စတီး ဝယ်လိုအား မြင့်တက်လာအောင် လုပ်ဆောင် သွားလိမ့်မည်ဟု ကြိုတင် ခန့်မှန်းထားကြသည်။

အစိုးရ ဦးဆောင် လုပ်ကိုင်နေသော အခြေခံ အဆောက်အအုံ စီမံကိန်းများနှင့် ပုဂ္ဂလိက လုပ်ငန်းကြီးများ သည်လည်း စတီး ဝယ်လိုအား မြင့်တက်ရေး အတွက် အကြောင်း အရင်းများ ဖြစ်သည်ဟု မစ္စတာ Wikrom Vajragupta က ဆိုသည်။

Bangkok Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဂျပန်ပြည်တွင်း စီးပွားရေးသည် ပြန်လည် နာလန်ထူလာသည့် သင်္ကေတများ ပြသနေပြီ ဖြစ်သော်လည်း တိုးတက် ဖြစ်ထွန်းမှု ခြေလှမ်းများမှာ နှေးကွေးနေဆဲ ဖြစ်ကြောင်း ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

"ဂျပန် စီးပွားရေးဟာ ပုံမှန် အနေအထားနဲ့ ပြန်ပြီး နာလန် ထူနေပါတယ်။ ဒါပေမဲ့ တိုးတက် ဖြစ်ထွန်းမှုကို ကြည့်ရတာ ရပ်တန့်နေသလိုပါပဲ" ဟု ဂျပန် ဗဟိုဘဏ် (BOJ) အုပ်ချုပ်ရေးမှူး Masaaki Shirakawa က ဗဟိုဘဏ်၏ ဘဏ်ခွဲ မန်နေဂျာများ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။ ဂျပန်နိုင်ငံ၏ စက်မှု ကုန်ထုတ်လုပ်မှုမှာ အားနည်း ကျဆင်းနေသော စီးပွားရေး အခြေအနေ နှင့်အတူ ကျဆင်းလျက် ရှိကြောင်း၊ ပုဂ္ဂလိက ဝယ်ယူ စားသုံးမှုမှာလည်း အလားတူ လျော့နည်းလျက် ရှိကြောင်း မစ္စတာ Masaaki Shirakawa က ပြောကြားသည်။

"ဂျပန် စီးပွားရေးဟာ နှေးကွေးတဲ့ ခြေလှမ်းနဲ့ပဲ ဆက်ပြီး အခြေအနေ ကောင်းမွန် လာမယ်လို့ မျှော်လင့်ရပါတယ်။ ပြီးတော့မှ ပုံမှန် တိုးတက် ဖြစ်ထွန်းမှု ရှိမယ့် လမ်းကြောင်းပေါ်ကို ပြန်လည် ရောက်ရှိ သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အောင်မြင် ကျော်ကြားလာပြီး ကုန်ပစ္စည်း အဓိက တင်ပို့တဲ့ နိုင်ငံတွေရဲ့ ဦးဆောင်မှုကြောင့် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး တိုးတက်မှု ပြန်ဖြစ်လာဖွယ် ရှိနေလို့ပါ" ဟု ၎င်းက ဆိုသည်။

ဂျပန် ဗဟိုဘဏ် အနေဖြင့် မိမိ၏ ငွေကြေးဆိုင်ရာ မူဝါဒကို စိတ်ရှည် လက်ရှည်ဖြင့် ဆက်လက် အကောင် အထည် ဖော်သွားမည် ဖြစ်ပြီး ဂျပန် စီးပွားရေးကို စဉ်ဆက်မပြတ် တိုးတက်မှု ရှိသည့် အနေအထားသို့ ရောက်အောင် ပို့ဆောင်သွားမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ စီးပွားရေးနှင့် ဈေးနှုန်းများ ဖြစ်ထွန်းမှုကို အနီးကပ် စောင့်ကြည့် လေ့လာသွားရန် သန္နိဋ္ဌာန် ချမှတ်ထားသည် ဟုလည်း ၎င်းက ဆိုသည်။ ဤအတော အတွင်းမှာပင် BOJ သည် ဒေသဆိုင်ရာ စီးပွားရေး လုပ်ငန်း ၉ ခုအနက် ၇ ခု အပေါ် ငွေပေးချေရန် သတ်မှတ်ချက် များအား လျှော့ချလိုက်သည်။ အကြောင်းမှာ ပို့ကုန် တင်ပို့မှု အားနည်းနေပြီး စားသုံးသူ ကုန်ပစ္စည်းများ အပေါ် ဝယ်လိုအားမှာ ပြောင်းပြန် အနေအထားသို့ ရောက်ရှိ သွားခြင်းကြောင့် ဖြစ်သည်။

ဂျပန် ဗဟိုဘဏ်ခွဲ မန်နေဂျာများ တွေ့ဆုံ ဆွေးနွေးပွဲပြီးနောက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် စီးပွားရေး တစ်ခုလုံး အသင့်အတင့် အနေအထားဖြင့် ပြန်လည် နာလန် ထူလာသည့် အရိပ်အယောင်များ တွေ့ရှိရသည်ဟု အကဲ ဖြတ်ထားသည်ကို တွေ့ရသည်။ သို့သော် ဒေသကြီး ၇ ခု၏ အစီရင်ခံချက်အရ ပြန်လည် နာလန်ထူမှုမှာ လုံးဝ ရပ်တန့်နေခြင်း သို့မဟုတ် လတ်တလော ရပ်တန့်မှု ဖြစ်ပေါ်နေပုံ ရကြောင်း သိရသည်။

Kuwait News Agency မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန်ဒေါ်လာ လွှမ်းမိုး ကြီးစိုးထားသော နိုင်ငံတကာ ငွေကြေးစနစ်သည် အတိတ်ကာလ၏ အကျိုးရလဒ် တစ်ခုဖြစ်ကြောင်း တရုတ်သမ္မတ ဟူဂျင်းတောင်က သုံးသပ် ပြောကြားသည်။ တရုတ်နိုင်ငံသည် ယင်းအမေရိကန် ဒေါ်လာ နေရာကို မိမိ ကိုယ်ပိုင် ငွေကြေး စနစ်ဖြင့် အစားထိုးရန် လုပ်ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့သော် မျှမျှတတဖြင့် ရှည်ကြာသော ဖြစ်စဉ် တစ်ခု ဖြစ်မည် ဟူသော အချက်ကို နားလည် သဘော ပေါက်ထားပါကြောင်း သမ္မတ ဟူဂျင်းတောင်က ဆိုသည်။

ယင်းမှတ်ချက်များကို အမေရိကန် သတင်းစာ နှစ်စောင်က တရုတ်သမ္မတ ဟူဂျင်းတောင် ဝါရှင်တန်သို့ နိုင်ငံတော် ခရီးစဉ်အဖြစ် လာရောက် လည်ပတ်မှု မပြုမီ ထုတ်ဖော် ရေးသားခဲ့ခြင်း ဖြစ်ပြီး ယင်းမှတ်ချက်များသည် အမေရိကန်နှင့် တရုတ် ဟူသော ဆူပါပါဝါ နှစ်နိုင်ငံ အကြား ဆက်လက် ဖြစ်ပေါ်နေသော ငွေကြေးဆိုင်ရာ တင်းမာမှုများကို ထင်ဟပ်စေသည်။

အဆိုပါ မှတ်ချက်များကို Washington Post နှင့် Wall Street Journal တို့က မေးခွန်း မေးမြန်းရာတွင် သမ္မတ ဟူဂျင်းတောင်က တုံ့ပြန် ဖြေကြားခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ဗဟိုဘဏ်က စီးပွားရေးတွင် ဒေါ်လာ ၆၀၀ ဘီလီယံ ထည့်သွင်းရန် ဆုံးဖြတ်ခဲ့မှုကိုလည်း ၎င်းက ထပ်မံ ဝေဖန် ပြောဆိုခဲ့သည်။ အချို့သော စီးပွားရေး လေ့လာ သုံးသပ်သူများက ယင်းလုပ်ရပ်သည် အခြားသော နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရာ၌ ဒေါ်လာငွေ တန်ဖိုး လျော့နည်း သွားစေနိုင်သည်ဟု ဆိုကြသည်။

"အမေရိကန် ပြည်ထောင်စုရဲ့ ငွေကြေးမူဝါဒက ကမ္ဘာလုံးဆိုင်ရာ ငွေကြေး ဖြစ်ထွန်းမှုနဲ့ ငွေကြေး အရင်းအနှီး စီးဆင်းမှု အပေါ် အဓိက ဂယက် ရိုက်ခတ်မှု ရှိနေပါတယ်။ အဲဒီအတွက်ကြာင့် အမေရိကန် ဒေါ်လာ ငွေကြေး ဖြစ်ထွန်းမှုကို ကျိုးကြောင်း ဆီလျော်မှု ရှိပြီး တည်ငြိမ်မှု ရှိတဲ့ အဆင့်တစ်ခုမှာ ထားရှိ သင့်ပါတယ်" ဟု တရုတ်သမ္မတ ဟူဂျင်းတောင်က ပြောသည်။

အရေးကြီးသော ထည့်ဝင်မှု

ထို့ပြင် ယွမ်ငွေတန်ဖိုး ပြင်ဆင် သတ်မှတ်ခြင်းသည် တရုတ်ပြည် ငွေကြေး ဖောင်းပွမှုကို လျှော့ချ ပေးနိုင်သည် ဟူသော အကြံပြု ချက်များနှင့် ပတ်သက်၍ သဘော မတူနိုင်ကြောင်း ၎င်းက ဆိုသည်။

ဘေဂျင်း အစိုးရသည် ယွမ်ငွေတန်ဖိုး ကိစ္စနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု၏ ဖိအားပေးမှုများနှင့် အစောပိုင်းက ကြုံတွေ့ခဲ့ရသည်။ တရုတ် နိုင်ငံသည် မိမိပို့ကုန်များ တင်ပို့မှုကို မြှင့်တင်နိုင်ရေး အလို့ငှာ ယွမ်ငွေ တန်ဖိုးကို ထိန်းချုပ်ထားကြောင်း အမေရိကန် ပြည်ထောင်စုက စွပ်စွဲ ပြောဆိုခဲ့သည်။

လက်ရှိ ယွမ်ငွေကြေး စနစ်အပေါ် ဝေဖန် ပြောဆိုမှုများ ရှိနေသော်ငြားလည်း သမ္မတ ဟူဂျင်းတောင်က ယွမ်ငွေကို ကမ္ဘာလုံး ဆိုင်ရာ ငွေကြေးအဖြစ် သတ်မှတ် ခံရရန် အချိန်ကာလ ကြာရှည်ဦးမည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း ပြောသည်။

"တရုတ်နိုင်ငံဟာ ကမ္ဘာ့ စီးပွားရေး အတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ စီးပွားရေး ထုပ်လုပ်မှု ပမာဏ၊ ကုန်သွယ်ရေး လုပ်ဆောင်မှု ဆိုတဲ့ အကြောင်းကိစ္စအရ လုပ်ဆောင် ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ယွမ်ငွေကြေးဟာ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးမှုမှာ အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်ခဲ့တာပါ" ဟု ၎င်းက ဆိုသည်။

"ဒါပေမဲ့ ယွမ်ငွေကြေးကို နိုင်ငံတကာ ငွေကြေး ဖြစ်လာအောင် လုပ်တဲ့ ကိစ္စဟာ မျှမျှတတနဲ့ ရှည်ကြာမယ့် ဖြစ်စဉ်ကြီး တစ်ခု ဖြစ်မှာပါ" ဟု ဆက်လက် ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Spero News တွင် 2011 ဇန်နဝါရီ 18 ရက်စွဲပါ Asia News ၏ Myanmar:NLD : keep only 'targeted' sanctions against the Burmese military  regime ကို ဘာသာ ပြန်သည်)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ခေါင်းဆောင်များသည် မြန်မာနိုင်ငံ စစ်အစိုးရကို ရည်ရွယ်၍ ချမှတ်သော အရေးယူမှု (Sanctions) များ ဆက်လက် ရှိနေရေးကို ထောက်ခံကြောင်း သို့သော် ပြည်သူ အများစုကို ထိခိုက်သော ကုန်သွယ်ရေး အပေါ် အထွေထွေ ကန့်သတ်မှု များကိုမူ ပြန်လည် ချမှတ်ရန် မသင့်ကြောင်း ဆိုသည်။ မကြာသေးမီ ရက်များ အတွင်းက အာဆီယံ အစည်းအဝေးမှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းရန် သို့မဟုတ် ဖြေလျော့ပေးရန် အဆိုပြုမှု ထွက်ပေါ်လာပြီးနောက် အထက်ပါ NLD ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရန်ကုန်ရှိ Asia News သတင်း အရင်းအမြစ်က ပြည်သူများ ဆင်းရဲမှု ပိုမို ဖြစ်စေရန် အားပေးသော အမေရိကန်နှင့် အီးယူ၏ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော မူဝါဒများကို ပြန်လည် သုံးသပ်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

NLD ၏ အဓိက ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားရာတွင် NLD ပါတီသည် စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့၏ မဟာမိတ်များအပေါ် ရည်ရွယ်၍ ချမှတ်ထားသော အရေးယူမှုများကို  အမြဲတစေ လုံးဝ ထောက်ခံကြောင်း၊ ဆက်လက်၍လည်း ထောက်ခံသွားမည် ဖြစ်ကြောင်း ဆိုသည်။ ကုန်သွယ်ရေးနှင့် ပတ်သက်၍ ကန့်သတ်မှုများသည် ပြည်သူများအပေါ် ထိခိုက်မှု ရှိမရှိ ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း  ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ အမေရိကန်နှင့် အီးယူတို့မှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူမှုများနှင့် ပတ်သက်၍ ငြင်းခုန်မှုများသည် မကြာသေးမီက ရွေးကောက်ပွဲတွင် အရွေးခံရသော ရှမ်းအမျိုးသား ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသား ပါတီနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့က အရေးယူမှုများ ဖယ်ရှားရန် တောင်းဆိုခဲ့ခြင်း အပြီးတွင် ပြန်လည် အသံ ထွက်လာခဲ့သည်။ ပါလီမန် အမတ် နေရာ ၁၀၀၀ ကျော် ရှိသည့် အနက် ၁၂၆ နေရာ အနိုင် ရရှိသော တိုင်းရင်းသား အမတ်များ၏ တောင်းဆိုမှုကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက လက်ခံခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်း စသော ဖြစ်ပေါ် တိုးတက်မှုများကြောင့် အရေးယူမှု မူဝါဒများ ဖယ်ရှားရန် သို့မဟုတ် ဖြေလျော့ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် အမေရိကန်၏ ရပ်တည်မှုမှာ မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။ အိုဘားမား အစိုးရသည် စစ်အစိုးရကို ဆက်ဆံရေး ပြုလုပ်ခဲ့သော်လည်း အရေးယူမှုများသည် အမေရိကန် မူဝါဒ၏ အဓိက အစိတ်အပိုင်းများ ဖြစ်နေဆဲ ဖြစ်သည်။ ဝါရှင်တန်ရှိ သံတမန် သတင်းများအရ အမေရိကန်သည် ၂၂၀၀ ခန့် ရှိသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား အုပ်စုများအား တိုက်ခိုက်ခြင်းများ ရပ်ဆိုင်းခြင်းနှင့် အတိုက်အခံနှင့် မှန်ကန်သော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မှသာ အရေးယူမှုများ ပယ်ဖျက်ရန် စဉ်းစားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ရန်ကုန်ရှိ Asia News သတင်း အရင်းအမြစ်များကမူ ယခုနှစ်များ အတွင်း အရေးယူမှုများသည် ပြည်သူ လူထုကိုသာ အဓိက ထိခိုက်ကြောင်း ရှင်းပြခဲ့သည်။ မြန်မာ အစိုးရကမူ အနောက် နိုင်ငံများ၏ အရေးယူမှုများကို ထောက်ခံခြင်း မရှိသည့် တရုတ်၊ အိန္ဒိယ တို့ကဲ့သို့သော နိုင်ငံများနှင့် ဆက်လက်၍ ကူးသန်း ရောင်းဝယ်ရေးများ ပြုလုပ်လျက် ရှိသည်။ ခေါင်းဆောင်များမှာ တစ်စထက် တစ်စ ချမ်းသာ လာလျက် ရှိသော်လည်း ပြည်သူများမှာမူ ဆင်းရဲသည်ထက် ဆင်းရဲလျက် ရှိသည်။

မြန်မာ ပြည်သူများမှာ နှစ်ဖက်ကြားတွင် ညှပ်လျက် ရှိသည်။ တစ်ဖက်က တဖြည်းဖြည်း အင်အား ကြီးမားလာသော စစ်အစိုးရနှင့် အခြားတစ်ဖက်က အနောက် နိုင်ငံများက ချမှတ်ထားသော အရေးယူမှု များကြောင့် ဒုက္ခ ရောက်ရသော နေ့စဉ်ဘဝများ ကြားတွင် ဒုက္ခ ပင်လယ် ဝေလျက် ရှိသည်။ မကြာသေးမီ ရက်သတ္တပတ်များ အတွင်းက ထကြွမှု အနည်းငယ် ရှိခဲ့ရာ  မြန်မာ့ နိုင်ငံရေး၏ အဓိက ဇာတ်ကောင်များ ဖြစ်သော ကျောင်းသားများ၊ ပညာရှင်များနှင့် ဘုန်းတော်ကြီးများ မဟုတ်ပဲ သာမန် အလုပ်သမားများ ဖြစ်ကြသည်။ မြောက်ပိုင်း ကချင်ပြည်နယ်တွင် တရုတ်နှင့် နယ်စပ်တွင် လူအများစုသည် အလုပ် လုပ်ကိုင်ရသော အခြေအနေနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဆက်တိုက် ရှိခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(VOA News မှ 18 Jan  2011 ရက်စွဲပါ "ILO Wellcomes Burma's Proposed New Labor Laws" သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် အလုပ်သမား သမဂ္ဂများကို ကြီးမားစွာ လွတ်လပ်ခွင့် ပြုမည့် အဆိုပြု ဥပဒေများကြောင့် အားတက် သရော ဖြစ်ရသော်လည်း တပ်မတော်နှင့် အရပ်ဖက် ကဏ္ဍတွင် ကလေးသူငယ် အလုပ်သမားများ အသုံးပြုနေခြင်းနှင့် ပတ်သက်၍ စိုးရိမ် ပူပန်နေရဆဲ ဖြစ်သည်ဟု နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ပြောကြားသည်။

ဆန္ဒပြခွင့် ရှိသော တရားဝင် အလုပ်သမား သမဂ္ဂများကို ခွင့်ပြုမည့် ဥပဒေကို တပ်မတော် အစိုးရက စီစဉ် ပြင်ဆင်လျက် ရှိပြီး ယင်းဆောင်ရွက်ချက်သည် စီးပွားရေး ပြုပြင် ပြောင်းလဲမှု လက္ခဏာများ၏ နောက်ထပ် အဆင့် တစ်ခု ဖြစ်သည်ဟု မြန်မာနိုင်ငံမှ ILO ကိုယ်စားလှယ် Steve Marshall က သတင်းထောက်များအား အင်္ဂါနေ့တွင် ပြောကြားသည်။

ပြီးခဲ့သော နိုဝင်ဘာလက ရွေးချယ် တင်မြှောက်ခဲ့ပြီး ဇန်နဝါရီ လကုန်ပိုင်းတွင် ပထမဆုံး အကြိမ် စည်းဝေးမည့် လွှတ်တော်သစ် မစတင်မှီ ယခု ဥပဒေကို ထုတ်ပြန်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ယခု ဥပဒေသည် မြန်မာနိုင်ငံ၏ အလုပ်သမား အခွင့်အရေး ကိစ္စတွင် အဓိက အဆင့် တစ်ခုကို ဆောင်ရွက် နိုင်ခြင်း ဖြစ်သည်ဟု Marshall ကပြောကြားသည်။

"သိသာ ထင်ရှားတဲ့ အချက် ကတော့ အလုပ်သမားတွေနဲ့ ပြည်သူတွေကို ထိထိ ရောက်ရောက် ကိုယ်စားပြုတဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့် ရမယ့် အချက်ပါ။ ကိုယ်စားပြုမယ့် ကိစ္စတွေကတော့ ဥပမာ ပြောရရင် စုပေါင်း တောင်းဆိုမှုပေါ့၊ ဆန္ဒပြခွင့် ကိစ္စတွေလည်း ပါမှာပါ၊ ဒါဟာ သိပ်ကို အရေးကြီးပါတယ်၊ တကယ်လို့ ဥပဒေ အဖြစ် ထွက်ပေါ်လာပြီ ဆိုရင် လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက် နိုင်မယ့် လမ်းကြောင်းပေါ်မှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခု ပြုလုပ်နိုင်တယ်လို့ ဆိုရမှာပါ" ဟု Marshall က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံမှ တပ်မတော် အစိုးရသည် ILO စံချိန်ညွှန်း သတ်မှတ်ချက် ဖြစ်သည့် နိုင်ငံတကာ အသိအမှတ်ပြု Freedom of Association Covention စာချုပ်ကိုလည်း လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်ဟု သိရှိရသည်။

သို့ရာတွင် Marshall က အထက်ပါ ဥပဒေ ပေါ်ထွက်လာမှုသည် မြန်မာ နိုင်ငံ၏ တိုးတက်သော အလုပ်သမား ဈေးကွက်ကို ဦးတည်သည့် ခြေလှမ်း တစ်ခု ဖြစ်သော်လည်း အလုံးစုံ ပြုပြင် ပြောင်းလဲရေး အစီအစဉ်မှား ကနဦး အစသာ ရှိသေးသည်ဟု ပြောကြားခဲ့သည်။

သမဂ္ဂများနှင့် သင်းပင်း အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ စီးပွားရေးနှင့် နိုင်ငံရေး နယ်ပယ်၏ သွင်ပြင် လက္ခဏာ ဖြစ်နေသောကြောင့် ၎င်းတို့အား တပ်မတော်က တင်းကြပ်စွာ ထိန်းချုပ် ထားသည်ဟု လူ့အခွင့်အရေး အုပ်စုများက ဆိုသည်။

အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များမှာ တပ်မတော်က ခွင့်မပြုသော လှုပ်ရှားမှုများ ပြုလုပ်ခြင်းကြောင့် ထောက်ဒဏ် အပြစ်ပေးခြင်း ခံကြရသည်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား အဖွဲ့ ဖြစ်သည့် AAPP(Burma)က ပြောကြားရာတွင် လက်ရှိ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်အနက် ၄၄ ဦးမှာ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများ ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ILO ၏ အကြီးမားဆုံး ရည်မှန်းချက်မှာ အဓမ္မ ခိုင်းစေမှု အဆုံးသတ်ရေး  ဖြစ်ပြီး အဆိုပါ ကိစ္စကို တပ်မတော် အစိုးရနှင့် သဘော တူညီမှု ရရှိထားကာ ILO ဌာနေ အရာရှိများထံ တိုင်ကြားခွင့် ပြုထားသည်ဟု သိရှိရသည်။ ILO သည် ပြီးခဲ့သော နှစ်က တိုင်ကြားစာ ၃၇၀ လက်ခံ ရရှိခဲ့ပြီး လတ်တလော နှစ်များ အတွင်း သိသာစွာ များပြားလာခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်လက်၍ Marshall က ကလေး သူငယ် အလုပ်သမား ကိစ္စနှင့် မြန်မာနိုင်ငံမှ လက်နက်ကိုင် တပ်ဖွဲ့များတွင် ကလေးစစ်သား စုဆောင်းခြင်း ကိစ္စများနှင့် ပတ်သက်၍ ILO အနေဖြင့် စိုးရိမ် ပူပန်နေရဆဲ ဖြစ်သည်ဟု ပြောကြားသည်။ ယင်းကိစ္စကို လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆွေးနွေးရာတွင် တိုးတက်မှု လက္ခဏာများ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

"ကလေး စစ်သား စုဆောင်းတဲ့ ကိစ္စမှာဆိုရင် ယေဘုယျအားဖြင့် အပေါင်း လက္ခဏာ ဖက်ကို ရောက်လာပါတယ်။ ဥပမာ မနှစ်က ILO ကို တိုင်ကြားခဲ့တဲ့ ကလေး ၇၃ ယောက်ကို စစ်တပ်က ထုတ်ပယ်ပြီး ပြန်လွှတ်ပေးခဲ့တာကို တွေ့ရပါတယ်" ဟု Marshall က ပြောကြားသည်။

တပ်မတော် အစိုးရက ၂၀၁၂တွင် စတင် အကျုံးဝင်မည့် အမျိုးသားရော၊ အမျိုးသမီးများပါ စစ်မှု ထမ်းရမည့် အစီအစဉ်ကို လတ်တလော ကြေညာခဲ့သည်။

တပ်သားသစ် စုဆောင်းမှုနှင့် တပ်ပြေး ပြဿနာများဖြင့် ရင်ဆိုင်နေရသော မြန်မာ့ တပ်မတော်သည် ပွဲစားများ အသုံးပြုကာ အရွယ် မရောက်သေးသော ကလေး သူငယ်များကို စုဆောင်းရန် ကြိုးစားလာခဲ့သည်။ ယခု အဆိုပြုထားသော နိုင်ငံတော်စစ်မှုထမ်း ဥပဒေသည် ကလေးစစ်သား စုဆောင်းမှုအပေါ် တိုက်ရိုက် အကျိုး သက်ရောက်မှု ရှိလာမည်ဟု မျှော်လင့်ကြောင်း Marshall က ပြောကြားသည်။

ဆင်းရဲ မွဲတေမှုကြောင့် မိဘများက ကလေးများအား ပညာသင်ပေးရန် မတတ်နိုင်သည့် အချိန်တွင် ကလေးများ အလုပ်လုပ်ရန် သိမ်းသွင်း ဖြားယောင်း ခံကြရခြင်း ဖြစ်သည်ဟု Marshall က ဆက်လက် ပြောဆိုသည်။

သို့သော်လည်း အဓမ္မ ခိုင်းစေမည့် ကိစ္စမှာ မြန်မာနိုင်ငံ တဝှမ်းတွင် အဓိက ပြဿနာ တစ်ရပ် ဖြစ်နေဆဲဟု သိရှိရပြီး တောနယ် ကျေးရွာများတွင် ရွာသားများအား လမ်းဖောက်ခိုင်းခြင်း၊ တပ်မတော် အတွက် အခြား အလုပ်များ ခိုင်းစေခြင်းနှင့် ထောင်သားများကို ဒေသခံ လုပ်ငန်းများတွင် အသုံးပြုခြင်း စသော ကိစ္စများကို လူ့အခွင့်အရေး အုပ်စုများက ရည်ညွှန်း ကိုးကား အစီရင်ခံ တင်ပြထားကြသည်။

မြန်မာ နိုင်ငံ၏ အလုပ်သမား ရေးရာ ဆောင်ရွက်မှုများကို ထပ်မံ အကဲ ဖြတ်မှုကို ဖေဖော်ဝါရီလတွင် ပြုလုပ်မည်ဟု မျှော်လင့်ရပြီး အလုပ်သမား ရေးရာ ကျွမ်းကျင်သူများ ပါဝင်သည့် ILO မစ်ရှင်က မြန်မာ နိုင်ငံမှ ပြုပြင် ပြောင်းလဲမှုနှင့် အလုပ်သမား ဥပဒေသစ်ကို လာရောက် အကဲဖြတ်မည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Reuters သတင်းဌာနမှ 18 Jan 2011 ရက်စွဲပါ S.E Asians immigrands face most discrimination in Korea သတင်းကို ဘာသာ ပြန်ဆိုသည်)

တောင်ကိုရီးယားတွင် နေထိုင်သော အရှေ့တောင် အာရှ နိုင်ငံသား ၄ ဦးလျှင် ၁ ဦးမှာ ခွဲခြား ဆက်ဆံမှုနှင့် ရင်ဆိုင် နေရပြီး OECD တိုင်းပြည်များမှ နိုင်ငံခြားသားများ၏ အလားတူ ကိန်းဂဏန်းထက် ၃ ဆကျော် ပို၍ များပြားသည်ဟု အင်္ဂါနေ့တွင် ထုတ်ပြန်သော သဘောထား စစ်တမ်း တစ်ရပ်အရ သိရှိရသည်။

Seoul Development Institute (SDI) က ဆိုးလ်မြို့တော်တွင် နေထိုင်သော ပြည်ပ နိုင်ငံသား ၃၃၃ ဦးထံမှ သဘောထား ကောက်ယူခဲ့သော စစ်တမ်းအရ အရှေ့တောင် အာရှ နိုင်ငံများမှ ရွှေ့ပြောင်း နေထိုင်သူများ၏ ၂၅.၉ ရာခိုင်နှုန်းသည် ခွဲခြား ဆက်ဆံခံရမှုနှင့် ရင်ဆိုင် နေကြရပြီး၊ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ဥရောပ နိုင်ငံများ အပါအဝင် OECD တိုင်းပြည်များမှ ရွှေ့ပြောင်း နေထိုင်သူများ အနက် အလားတူ ခွဲခြား ဆက်ဆံခံရသူ ၈.၂ ရာခိုင်နှုန်း ရှိသည်ဟု နှိုင်းယှဉ် သိရှိရသည်။

တရုတ်၊ ထိုင်ဝမ် စသော အရှေ့မြောက် အာရှ နိုင်ငံများမှ လာရောက် နေထိုင်သူများ ၂၀ ရာခိုင်နှုန်း မှာလည်း အလားတူ ခွဲခြား ဆက်ဆံခြင်း ခံကြရသည်ဟု အဆိုပါ စစ်တမ်းက ဆိုသည်။

သဘောထား အဖြေပေးသူ စုစုပေါင်း အနက် ၃၂.၇ ရာခိုင်နှုန်းက အလုပ်အကိုင် ရှာဖွေရာတွင် လည်းကောင်း၊ ၇.၂ ရာခိုင်နှုန်းက ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများကို အသုံးပြုရာတွင် လည်းကောင်း၊ ၆.၉ ရာခိုင်နှုန်းက နေစရာအိမ် ရှာဖွေရာတွက် လည်းကောင်း ခွဲခြား ဆက်ဆံခြင်း ခံကြရသည်ဟု အဖြေပေးကြသည်။

OECD တိုင်းပြည်များမှ လာရောက် နေထိုင်သူများက ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ အသုံးပြုရာတွင် ခွဲခြား ဆက်ဆံခြင်းကို အများဆုံး ကြုံတွေ့ရသည့် အချိန်တွင် အရှေ့တောင် အာရှ နိုင်ငံသားများက နေအိမ် ရှာဖွေရာတွင် လည်းကောင်း၊ အရှေ့မြောက် အာရှနိုင်ငံသားများက ဆေးဝါး ကုသမှု ကဏ္ဍတွင် လည်းကောင်း အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်ဟု လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းတို့အား ဆိုးလ်မြို့ အပေါ် သံယောဇဉ် ရှိပါသလားဟု မေးမြန်းရာ ၂၉.၇ ရာခိုင်နှုန်းက အတန်ငယ် သဘောတူကာ ၂၁.၉ ရာခိုင်နှုန်းက သဘော တူလိုဟန် မပြဘဲ၊ ၁၃.၈ ရာခိုင်နှုန်းက လုံးဝ သဘော မတူဟုလည်း ဖော်ပြထားသည်။

ကမ္ဘာတစ်လွှား နိုင်ငံပေါင်း ၁၆၆ နိုင်ငံမှ အမိ နိုင်ငံမှ အဝေးရောက် နိုင်ငံသား ၂၅၀၀၀၀ ကျော်ခန့် ဆိုးလ် မြို့တော်တွင် နေထိုင်လျက် ရှိကြရာတွင် တရုတ်နွယ်ဖွား ၆၆.၈ ရာခိုင်နှုန်း၊ တရုတ်လူမျိုး ၁၀.၃ ရာခိုင်နှုန်းနှင့် အမေရိကန် ၅.၃ ရာခိုင်နှုန်းတို့ ပါဝင်ကြသည်ဟု တရားရေး ဝန်ကြီးဌာန၏ ၂၀၀၉ ခုနှစ် ကိန်းဂဏန်း များအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.