Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့အရေးမှာတရုတ်ကဘာများထပ်လုပ်ဦးမလဲ

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို စိတ်ပါလက်ပါဖြင့် အကာအကွယ် ပေးနေသည့်ကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် စီပွားရေးအရရော ပထ၀ီအနေအထားအရပါ အရေးပါ အရာရောက်သော နိုင်ငံတစ်ခု ဖြစ်သည့်အတွက် ယင်းသို့ လုံခြုံရေးကောင်စီတွင် အကာအကွယ် ပေးနေခြင်း ဖြစ်သည်ဟု အများက ယေဘုယျ နားလည်လက်ခံ ထားကြသည်။

သဘောထား မပျော့ပျောင်းသော စစ်ဗိုလ်ချုပ်ကြီးများက မြန်မာ့ စီးပွားရေးအပေါ် သြဇာလွှမ်းမိုးထားသည့် အကြောင်းကိုလည်း ပြောဆိုခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။

စစ်အစိုးရသည် တရုတ်ပြည်ကို အစ်ကိုကြီး တစ်ဦးသဖွယ် သဘောထားသည်ဟု ယူဆမှုများရှိသော်လည်း အမှန်တကယ်တွင် အစ်ကိုကြီးတရုတ်ကို လုံးလုံးလျားလျား အားကိုးလိမ့်မည်  မဟုတ်ပေ။     

စစ်တပ်က တွင်တွင်ကျယ်ကျယ် ပြောဆိုနေသော ၂၀၁၀ ဒီမိုကရေစီ ရွေး ကောက်ပွဲကို ကြည့်ရသည်မှာလည်း မည်သို့မျှ ပယ်ဖျက်၍ ရနိုင်မည် မဟုတ်ပါ။

ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး ကစားကွင်းတစ်ခု ထွက်ပေါ်လာမည် ဖြစ်သည်။ တစ်ခု စိတ်ဝင်စားစရာ ကောင်းသည်မှာ ထိုဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တရုတ်ကြီးက ဘာဆက်လုပ်မည်နည်း ဆိုသည့် မေးခွန်းဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံကဲ့သို့ ကြိုးကိုင် ဒီမိုကရေစီဖြစ်လာမည့် မြန်မာအား အိမ်ဘေးနားမှ ယခင်အတိုင်း ရပ်ကြည့်သွားမည်လော။ ရွေးကောက်ပွဲအပြီး မြန်မာအပေါ် အနောက် ကမ္ဘာ၏ သြဇာလွှမ်းမိုးမှုများ ပိုမိုဖြစ်ပေါ်လာပါက တရုတ်ခေါင်းဆောင်ကြီးတွေ အောင့်အီး သည်းခံနိုင်ကြမည်လော။ မေးခွန်းတွေက တသကြီး ထွက်လာသည်။

သေချာသလောက်ရှိသည့် အထောက်အထားများအရ ဆိုပါက တရုတ်ကြီးသည် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်နှင့် ပတ်သက်ပြီး ငြိမ်သက်နေမည်  မဟုတ်ပေ။

သိသာထင်ရှားပြီး ရိုးရှင်းလွန်းသော ကိစ္စတစ်ခုမှာ မြန်မာစစ်အစိုးရနှင့် အမေ ရိကန် အစိုးရအကြား မကြာသေးခင်က ထိတွေ့ ဆက်ဆံမှုများအပေါ် တရုတ်နိုင်ငံ၏ တုံ့ပြန်မှုပင်ဖြစ်သည်။

မြန်မာနှင့်  အမေရိကန် ဆက်ဆံရေး ထူးခြားသည့် အနေအထား ဖြစ်လာပြီးနောက် တရုတ်ပြည်က ရုရှားနှင့်ပူးပေါင်းသည်။ထို့နောက် ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးကာ လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီရွေးကောက်ပွဲ လုပ်ငန်းစဉ်ကိုအကောင်အထည်ဖော်ရန် တိုက်တွန်းလိုက်သည်။

ဤသို့ တရုတ်ကြီးက တိုက်တွန်းလိုက်ခြင်းမှာ မြန်မာစစ် အစိုးရက အမေရိကန် ပြည်ထောင်စုနှင့် မိတ်ဖွဲ့သလို ဖြစ်ရန်ကြိုးပမ်းနေမှုအား မကျေနပ်သောကြောင့် ဒဏ်ခတ်လိုက်ခြင်းပင် ဖြစ်သည်။       

ပို၍ စိုးရိမ်စရာကောင်းသည့် ကိစ္စမှာ တရုတ်-မြန်မာ နယ်စပ်ဒေသမှ ၀ ပြဿနာပင် ဖြစ်သည်။သတင်းပေးပို့ချက်များအရ ၀ တပ်မတော်သည် တရုတ်နိုင်ငံထဲတွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး မြန်မာပြည်နယ်မြေထဲတွင် လက်နက်စက်ရုံ တည်ဆောက်ထားသည်။

ဝ တပ်မတော်သည် တရုတ်အစိုးရ၏ အထောက်အပံ့ကို ရယူရန် ကြိုးစားလျက် ရှိသည်။ ဤပြဿနာကို မြန်မာ စစ်အစိုးရက ကောင်းစွာ သိရှိထားပြီး စိုးရိမ် ပူပင်မှုများလည်း ကြီးထွားနေသည်။ 

မြန်မာစစ်အစိုးရက တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများအား နယ်စပ်ဒေသစောင့် အထူးတပ်ဖွဲ့အဖြစ် ထားရှိရန် ကြိုးပမ်းနေသည့် အချိန်ကာလတွင် အဘယ့်ကြောင့် ဤအခြေအနေမျိုး ထွက်ပေါ်လာရ သနည်း။       

မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို နယ်စပ်ဒေသတွင် အစောင့်တပ်အဖြစ် ထားရှိလိုသည်။

မြန်မာစစ်တပ်၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် ထားလိုခြင်းဖြစ်သည်။ အမှန် ပြောရလျှင် တရုတ်နိုင်ငံက မြန်မာနယ်စပ်  ဒေသပြဿနာတွင် ၀င်ရောက် ခြယ်လှယ်မှုမျိုး မရှိလျှင်တောင်မှ တိုင်းရင်းသား လက်နက်ကိုင်များအား နယ်စပ်ဒေသ စောင့်တပ်ဖွဲ့ အဖြစ် သိမ်းသွင်းရေးမှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်ပေ။     

ဖြစ်နေသည့်ပုံစံကို ကြည့်ရသည်မှာ တရုတ်နိုင်ငံသည် လိုအပ်ပါက စစ်အေးခေတ်  မဟာဗျူဟာမျိုးဖြင့် မြန်မာနိုင်ငံကို အကြပ်ရိုက်အောင် ပြုလုပ်နေခြင်းဖြစ်သည်။ သို့အတွက် ၀ တပ်မတော်ကို တရုတ်ပြည်၏ ကိုယ်စားလှယ် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု အနေဖြင့် အသုံးပြုကောင်း ပြုလာနိုင်သည်။

တရုတ်အစိုးရက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် သို့မဟုတ် ကန့်သတ် ပိုင်းခြားရန် မဖြစ်နိုင်ဟကောင်းစွာ သိထားသည်။ သို့သော် အကယ်၍ ၀ လက်နက်ကိုင် တပ်ဖွဲ့ကသာ မြန်မာပြည်တွင်း၌  စစ်ရေးပဋိပက္ခ ဖန်တီးပါက နိုင်ငံ တကာ အသိုင်းအ၀ိုင်းအနေဖြင့် ကြားဝင်စွက်ဖက်ရန် မလွဲမသွေ ခက်ခဲမည်ဖြစ်သည်။

ဤသို့သော အနေအထားမျိုး ဖြစ်ပါက အမေရိကန်ပြည်ထောင်စုက မည်သို့မျှ စွန့်စားမှု ယူမည်မဟုတ်ပေ။ ထို့အတူ အိန္ဒိယကလည်း အာရှ၏ စူပါပါဝါ တရုတ်ကြီးနှင့် ကပ်လျက်ဖြစ်နေသော ပြဿနာကို လက်ရှောင်မည်သာ ဖြစ်သည်။

ဤအနေအထားမျိုး ဖြစ်လာစေရန် တရုတ်ပြည်က ၀ တပ်ဖွဲ့ကို အသုံးချရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။   ဆိုရလျှင် ၀ တပ်ဖွဲ့ကို ကျောထောက်နောက်ခံ ပြုပြီး ဖြစ်နိုင်ခြေရှိသော စစ်ရေး ဆောင်ရွက်ချက်များ လုပ်ကိုင်စေခြင်းသည် မြန်မာ စစ်အစိုးရကို ခြိမ်းခြောက်နေသလို ဖြစ်သည်။ "အဆွေတော်၏ မိတ်ဆွေ အစစ်အမှန်တွေသည် မည်သူမည်ဝါ ဖြစ်သည်ကို သတိရပါ။ သင်၏သစ္စာ တရားသည် မည်သည့် အရာနှင့် ချီနှောင် ထားသည် ကိုလည်း သိပါ။ မဟုတ်ပါက ကျွန်ုပ်တို့အနေဖြင့် အဆွေတော်ဆောင်း ထားသော ရတနာ သရဖူကြီးကို ချွတ်ပစ်လိုက်နိုင်သည်။ ထိုအခါတွင် အဆွေ တော်လည်း မည်သည့်အရာကိုမျှ စွမ်းဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ" ဟူသော ရှင်းလင်း ပြတ်သားသည့် သတိပေးချက်မျိုးကို တရုတ်က မြန်မာစစ်အစိုးရအား ပေးပို့လာနိုင်သည်။

မြန်မာ-တရုတ် အရေးနှင့်ပတ်သက်ပြီး အတိုက်အခံ နိုင်ငံရေးအင်အားစု အများစုက တရုတ်နိုင်ငံသည် ၀ ဒေသမှ တစ်ဆင့် ၀င်ရောက်ကာ မြန်မာနိုင်ငံ အထက်ပိုင်းကို သိမ်းပိုက်လိမ့်မည်ဟု သုံးသပ်ကြသည်။     

လတ်တလော အခြေအနေကို ကြည့်ပါက တရုတ်နိုင်ငံက မြန်မာ့အရေးကိစ္စ တွင် မည်သည့်ခြေလှမ်း လှမ်းမည်ကို ဟောကိန်းထုတ်ရန် ခက်ခဲ နေပါသေးသည်။ သို့သော်လည်း လာမည့်နှစ်များတွင် မြန်မာစစ်အစိုးရ အနေဖြင့် လွန်စွာ အရေးပါသော နိုင်ငံရေးနှင့် သံတမန်ရေးရာ ကိစ္စများဖြင့် နပန်းလုံးနေရမည်မှာ အသေအချာပင်ဖြစ်သည်။

 

Irrawaddy သတင်းဌာနမှ What will china do next? ကို ဘာသာပြန်ဆိုထား ခြင်းဖြစ်သည်။ 

 

 

 

 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment