2 Nov 2009 ,Htet Aung , Irrawaddy
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု၏ သင်္ကေတဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာ ပိတ်ဆို့မှုများကို ရုတ်သိမ်းစေရန် ရည်ရွယ်သည့် လုပ်ငန်းစဉ်တစ်ခုကို အစပျိုးလျက် ရှိကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နိုင်ငံရေးဆွေးနွေးမှုကို စတင်မည်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် သူမ၏ NLD ပါတီအား အနေအထားသစ်တစ်ခု ပြန်လည်ရရှိရန် အမြန်ဆုံးကြိုးစားမည် ဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးမှုပြုလုပ်ရန် အကြိုပြင်ဆင်မှုအနေနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သတိကြီးစွာထား၍ ပထမခြေလှမ်းကို စခဲ့ကြရာတွင် အစိုးရက နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာ အရေးယူမှုများ ရုတ်သိမ်းစေရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ပြင်ဆင်ထားကြောင်း တရားဝင်ကြေညာခဲ့ပါသည်။
သူမသည် ဗိုလ်ချုပ်မှူးကြီးထံမှ ရှားရှားပါးပါး လိုက်လျောမှုတစ်ခုကို ကြိုးစား ရယူခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ သံရုံးများမှ သံတမန်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့ပါသည်။
မကြာမီကာလတွင်း နိုင်ငံရေးဆွေးနွေးပွဲကို စတင်နိုင်ဖွယ်ရှိရာ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာဗိုလ်ချုပ်ကြီးများနှင့် ပြန်လည် သင့်မြတ်ရေးကိစ္စကို အရေးကြီးသည့် သော့ချက် တစ်ခုသဖွယ် အာရုံစိုက်ရမည်မှာ သံသယရှိစရာ မလိုပါ။ အဆိုပါ သော့ချက်မှာ တိုင်းပြည်၏ အနာဂတ် ဖွဲ့စည်းပုံတွင် ပါဝင်ရမည့် တပ်မတော်၏ အခန်းကဏ္ဍပင် ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် ထုတ်ပြန်သော NLD ကြေညာစာတမ်းတွင် ဒီမိုကရက်တစ် နိုင်ငံတော်၏ လက်နက်ကိုင် တပ်ဖွဲ့များကို ထိန်းသိမ်းသွားမည့် ရည်ရွယ်ချက်၊ အစီအစဉ်များကို ကြေညာခဲ့ဖူးပါသည်။
အဆိုပါ မူဝါဒများကို အခိုင်အမာဖော်ပြထားသည့် အစီရင်စာမှာ "ဒီမိုကရေစီ ခေတ်သစ်တွင် ဖွဲ့စည်းမည့် ခေတ်မီ တပ်မတော်" ခေါင်းစဉ်တပ်ထားပြီး NLD က ၁၉၉၈ တွင် ရွေးချယ် တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP ၏ ကာကွယ်ရေး ဆိုင်ရာ ကော်မတီက ရေးသားခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် NLD အား အာဏာလွှဲပြောင်းပေးအပ်ရန် လက်ရှိအစိုးရက ငြင်းဆန် ခဲ့ပါသည်။
ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး ခေါင်းဆောင်သော ကာကွယ်ရေး ကော်မတီက အဆိုပါ အစီရင်ခံစာကို CRPP သို့ ၁၉၉၉ တွင် တင်ပြပါသည်။ အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အနာဂတ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် ပါဝင်ရမည့် တပ်မတော်၏ အခန်းကဏ္ဍကို တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မူဝါဒများနှင့် လမ်းညွှန်ချက်များပေါ်တွင် အခြေခံရမည်ဟု ဖော်ပြထားပါသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လတ်တလော မိန့်ခွန်းကို ပြန်လည် သုံးသပ်ချက်အရ တပ်မတော်က ကာလကြာရှည် စွဲမြဲစွာ ဆုပ်ကိုင်ထားသော အရေးကြီးသည့် အယူအဆ ၃ ရပ်မှာ NLD ၏ မူဝါဒများနှင့် ကွဲလွဲမှုမရှိကြောင်းကို ၂၀၀၈ အခြေခံဥပဒေနှင့် NLD မူဝါဒ အထောက် အထားများက ထုတ်ဖော်ပြသနေသည်ဟု ဆိုပါသည်။
ပထမဆုံး အခြေခံအကျဆုံး အယူအဆမှာ တပ်မတော်သည် မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေးတွင် ပါဝင်ရမည့် ၎င်း၏အခန်းကဏ္ဍကို အရေးကြီးဆုံး ဦးစားပေးကိစ္စ အဖြစ်ထားရှိရန် ဖြစ်ပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး NLD က ကန့်ကွက် ငြင်းဆိုဖူးသော အထောက်အထားများ မရှိပါ။ မည်သို့ပင်ဖြစ်စေ ၁၉၉၀ ကြေညာစာတမ်း၏ အမျိုးသား ကာကွယ်ရေး အခန်းတွင် "တပ်မတော်သည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်" ဟု အတိအလင်း ဖော်ပြထားပါသည်။
ဒုတိယအချက်မှာ (တပ်မတော်အစိုးရ ကြွေးကြော်နေကျ) တပ်မတော်က ကာကွယ် စောင့်ရှောက်ရမည့် အမျိုးသားရေးတာဝန် ၃ ရပ်ဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ အမျိုးသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ပင် ဖြစ်ပါသည်။ ၂၀၀၈ အခြေခံဥပဒေတွင် ပါဝင်ရေးဆွဲထားသော အဆိုပါ တပ်မတော်၏ ဦးစားပေး ကိစ္စရပ်များကို ယခုအကြိမ်တွင်လည်း ကန့်ကွက် ငြင်းဆိုခြင်း လုံးဝပြုလုပ်မည် မဟုတ်ပါ။
တတိယအချက်မှာ ဗိုလ်ချုပ်မှူးကြီး အပါအဝင် တပ်မတော် ထိပ်တန်း ခေါင်းဆောင်များသည် လူထုမိန့်ခွန်းများကို မကြာခဏ တလေးတစား ပြောကြားရန် ဖြစ်ပါသည်။ ဤအချက်ကို အခြေခံဥပဒေ အခန်း ၂၀(ခ) တွင် တပ်မတော်သည် တောင့်တင်း ခိုင်မာသော၊ အရည်အချင်း ပြည့်ဝေသော၊ ခေတ်မီသော အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံသည့် တပ်ဖွဲ့ဖြစ်ရမည်ဟု ဖော်ပြထားပါသည်။
၎င်းတို့၏ ပန်းတိုင်ဖြစ်သော တပ်မတော်ကို အခြေခံသော နိုင်ငံဖြစ်လာရေးအတွက် မြန်မာဗိုလ်ချုပ်ကြီးများသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များအား တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို အပြင်းအထန် ကြိုးပမ်းနေကြပါသည်။
CRPP ၏ ကာကွယ်ရေးမူဝါဒတွင် NLD ခေတ်မှီသော တပ်မတော်ဖြစ်ရမည်။ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရမည်။ တပ်မတော်တစ်ခုသာ ရှိရမည်ဖြစ်ပြီး အခြားလက်နက်ကိုင် တပ်ဖွဲ့များ (တရားဝင်၊ တစ်စိတ်တစ်ပိုင်းတရားဝင်) အားလုံးကို ဖျက်သိမ်း သင့်ကြောင်း ဖော်ပြထားပါသည်။
အခြေခံမူဝါဒအားဖြင့် မြန်မာတပ်မတော်နှင့် NLD အထက်ပါဦးတည်ချက် ၃ ရပ်ပေါ်တွင် တူညီသော သဘောထားရှိသည်ဟု ဆိုရပါမည်။ သို့ရာတွင် လက်တွေ့ အားဖြင့် အဖွဲ့အစည်း ၂ ခု၏ ပြင်းထန်နေသော ဆက်ဆံရေးပေါ်တွင် ဆန့်ကျင်ရန် မူ လိုအပ်သော အရိပ်အငွေ့များကသာ လွှမ်းခြုံနေပါသည်။ နှစ်ပေါင်းများစွာ နိုင်ငံရေးအဖြေ မထွက်ခဲ့ခြင်း၏ ရလဒ်အဖြစ် အပြန်အလှန် ယုံကြည်မှု ကင်းမဲ့လာကြပြီး ကွဲပြားခြားနားမှုများ ပိုမို ကြီးမားလာပါသည်။
အလေးထားရမည့် အချက်တစ်ခုမှာ တပ်မတော်ကို ဒီမိုကရေစီ လှုပ်ရှားမှုပါတီများနှင့် ခွဲခြားရန် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်အဖြစ် လွှတ်တော်ကိုယ်စား လှယ်နေရာ ၂၅% ကိုအခြေခံဥပဒေအား အသုံးချ၍ ဒီမိုကရေစီနည်းလမ်း မကျစွာ တပ်မတော်က သိမ်းပိုက်ထားခြင်းပင် ဖြစ်သည်။
မြန်မာဗိုလ်ချုပ်များက အဆိုပါကိစ္စသည် ၎င်းတို့၏ အမျိုးသားနိုင်ငံရေး မူဝါဒနှင့် တစ်ထပ်တည်း ကျသည်ဟု ယုံကြည်နေပြီး ပြည်သူ့လွှတ်တော်သည် နိုင်ငံရေးပါတီများ အတွက် ဒီမိုကရေစီရေးရာများ ဆောင်ရွက်ရာ နယ်ပယ် အဝန်းအဝိုင်းဖြစ်သည်ဟု ဆိုလိုပါသည်။ အခြားတစ်ဖက်တွင်လည်း ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရန် တင်းကြပ်စွာ တားမြစ်ထားသည့် လက်နက်ကိုင်တပ်များ အပါအဝင် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများကြား နယ်ပယ် ပိုင်းခြားထားသည့် စည်းသည် ဗိုလ်ချုပ်ကြီးများ၏ အာဏာကို ချုပ်ကိုင်ထားမှုကြောင့် မှေးမှိန်သွားနိုင်ပါသည်။
တပ်မတော်နှင့် NLD ဦးဆောင်သော အတိုက်အခံ အဖွဲ့အစည်းများ ကြားတွင် ဆယ်စုနှစ် ၂ ခုမျှ နိုင်ငံရေးကစားကွက် ရပ်တန့်နေခြင်းနှင့် အလွန်အမင်း ယုံကြည်ကင်းမဲ့နေခြင်းတို့ ဖြစ်ပွားခဲ့သောကြောင့် အချို့သော နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက စေ့စပ်ညှိနှိုင်း ပြောင်းလဲနိုင်သော အဖြေတစ်ခုကို အကြံပြုပါသည်။ ၎င်းမှာ အချိန်ကာလ တစ်ခုကို သတ်မှတ်၍ လွှတ်တော်တွင်းမှ တပ်မတော်ယူထားသော ဝေစုနေရာများကို ဖြည်းဖြည်းမှန်မှန် လျော့ချသွားရန်ဖြစ်သည်။
NLD အနေဖြင့် တပ်မတော်အား နိုင်ငံရေး လောကမှ စွန့်ခွာ၍ ယုံကြည်လေးစားထိုက်သော အမျိုးသား ကာကွယ်ရေး အခန်းကဏ္ဍသို့ ရှေ့ရှုစေရန် လိုလားပါသည်။ CRPP ၏ ကာကွယ်ရေး မူဝါဒ အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ "ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် နိုင်ငံတော်အာဏာသည် တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ဟူသော ဒေါက်တိုင် ၃ ခုပေါ်တွင် တည်မှီနေကြောင်း၊ တပ်မတော်နှင့်တကွ ကာကွယ်ရေးကဏ္ဍ၏ ဖွဲ့စည်းဆောင်ရွက်ပုံသည် အုပ်ချုပ်ရေးကဏ္ဍ၏ အောက်တွင် ရှိနေမည်ဖြစ်ကြောင်း သီးသန့်အရေးပေါ် လိုအပ်သော အချိန်တွင်သာ အရေးကြီး တာဝန်ထမ်းဆောင်ရမည် ဖြစ်သောကြောင့် သီးသန့် ဒေါက်တိုင်တခုအဖြစ် ယာယီ ရပ်တည်နိုင်သည် ဟု ဖော်ပြထားပါသည်။
ဝေဖန်စရာ အနည်းအကျဉ်းရှိမှလွဲလျှင် NLD သည် အခြေခံ ဥပဒေ၏ အရေးကြီး အစိတ်အပိုင်းအဖြစ် ဖော်ပြထားသည့် တပ်မတော်သည် နိုင်ငံတော်၏ အဓိက အခန်းကဏ္ဍအဖြစ် ဆက်လက် တာဝန်ယူ ရပ်တည်၍ အရေးပေါ် အခြေအနေတွင် ခေါင်းဆောင်ကဏ္ဍကို ရယူမည်ဟူသော အချက်ကို လက်ခံထားပါသည်။
(ဤနေရာတွင် အရေးပေါ် အခြေအနေဆိုသည်မှာ နိုင်ငံတော်သည် ၎င်း၏ နိုင်ငံရေး ဦးတည်ချက် ၃ ရပ်ကို ခြိမ်းခြောက်လာမှုနှင့် ရုတ်တရက် ရင်ဆိုင်ရသော အခြေအနေကို ဆိုလိုသည်။ နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်နေသည်ဟု မြန်မာဗိုလ်ချုပ်ကြီးများ သတ်မှတ်ထားသော အုပ်စု ၂ ခုရှိပါသည်။ ၎င်းတို့မှာ လက်နက်ကိုင်လူမျိုးစုတပ်ဖွဲ့များ နှင့် နိုင်ငံရေးပါတီများပင် ဖြစ်သည်။ မြန်မာအစိုးရက ခြိမ်းခြောက်မှုဟု ယူဆထားသော အဆိုပါ အကျပ်အတည်း ပြဿနာများကို ဝိုင်းပတ်လျက် သူတို့၏ ရှင်သန်နိုင်မှုကို တည်ဆောက်ခြင်း၊ ဥပဒေအရ ခိုင်မာမှုရှိရန် ပုံစံသွင်းခြင်း တို့ကို ဗိုလ်ချုပ်ကြီးများက လုပ်ကိုင်နေခြင်း ဖြစ်သည်။
တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာစစ်ပြန် စစ်မှုထမ်းဟောင်း ညီလာခံတွင် ပြောကြားပါသည်။ အန္တရာယ် ပေါင်းစုံနှင့် ရင်ဆိုင်ရသော အရေးပေါ် အချိန်တိုင်းတွင် တပ်မတော်က နိုင်ငံနှင့်ပြည်သူကို ကာကွယ် စောင့်ရှောက်မည် ဟုဆိုသည်။
မတ်လ ၂၇ ရက် တပ်မတော်နေ့တွင်လည်း ၎င်းက တပ်မတော်ကို ဂုဏ်ပြုချီးကျူးခဲ့ပြီး ၁၉၂၂ ဂျီစီဘီအေ (GCBA) နစ်ခြမ်းကွဲခြင်း၊ ၁၉၅၈ ဖဆပလ (AFPF) နှစ်ခြမ်း ကွဲခြင်း စသော ဖြစ်စဉ်များကို ထုတ်နှုတ်ပြပါသည်။
၁၉၈၈ ဒီမိုကရေစီ အုံကြွမှုအပြီးတွင် ဖွဲ့စည်းခဲ့သော နိုင်ငံရေး ပါတီများအတွင်း အဓိက ကွဲထွက်မှုများကိုမူ ၎င်းက ဖော်ပြခြင်းမရှိပါ။
အမှန်တကယ်တိုင်းပြည်၏ အဓိကပြဿနာမှာ နိုင်ငံရေးပါတီများ အတွင်းတွင် မဟုတ်ဘဲ နိုင်ငံရေးပါတီများနှင့် တပ်မတော်ကြားတွင် ရှိနေခြင်း ဖြစ်သည်။
ဒီမိုကရေစီ ခေါင်းဆောင်များနှင့် တပ်မတော်အစိုးရတို့ ဆွေးနွေးညှိနိုင်းမှု အစပြုရေး လုပ်ငန်းစဉ်တွင် အဓိက နှောင့်နှေး ကြန့်ကြာစေသူမှာ အစိုးရကိုယ်တိုင်ပင် ဖြစ်ကြောင်း တပ်မတော် ခေါင်းဆောင်များ မြင်နိုင်ပုံ မရပါ။ မြန်မာဗိုလ်ချုပ်ကြီးများသည် တပ်မတော်၏ စောင့်ရှောက်မှုဖြင့် မြန်မာနိုင်ငံကို စည်းမျဉ်းခံ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲပစ်လိုကြပြီး ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းတွင်လည်း ယင်းအချက်ကို တွေ့ရှိရပါသည်။ ဤကိစ္စတွင်မူ NLD ၏ မူဝါဒများနှင့် ကွဲပြားဆန့်ကျင်နေပါသည်။
ယခုရောက်နေသော သမိုင်းလမ်းဆုံတွင် ဗိုလ်ချုပ်မှူးကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အဓိပ္ပါယ် ပြည့်ဝသည့် နိုင်ငံရေး စကားဝိုင်းသည် မရှိမဖြစ် လိုအပ်နေပါသည်။ သို့ဖြစ်၍ တူညီသော သဘောထားများ၊ ကွဲပြားသော အယူအဆများအားလုံးကို သေချာစွာ တွေးတောဆင်ခြင်၍ ဆွေးနွေးပွဲ စကားဝိုင်းတစ်ခု ဖြစ်မြောက်အောင် ကြိုးစားကြပါစို့။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---