Transparency Myanmar

transparency.myanmar@gmail.com

19 No 2009 BBC News

မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင် ရှုတ်ချထားသည့် အစီရင်ခံစာကို ကုလသမဂ္ဂ ကိုယ်စားလှယ် Vitit Muntarbhorn က ယခင်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ နိုင်ငံ၏ လက်ရှိ အနေအထားသည် အလွန်ပင် ဆိုးဝါးလှသည်ဟု ၎င်းက သမုတ်ခဲ့ပါသည်။

နိုင်ငံတွင်းတွင် အသံများ ငြိမ်သက်နေပြီး သဘောထား ကွဲလွဲသော အသံများ ပို၍ ငြိမ်သက်နေသည်မှာ အံ့အားသင့်စရာ မရှိလှပါ။ သို့ရာတွင် BBC "သတင်းည" အစီအစဉ်က မြောက်ကိုရီးယားမှ နိုင်ငံရေး ခိုလှုံလာသူ နှစ်ဦးနှင့် တွေ့ဆုံ၍ အဆိုပါ နိုင်ငံအတွင်းမှ စိတ်ပျက်ဖွယ် ပုံရိပ်များကို ဆေးရောင်ခြယ် တင်ပြသွားပါသည်။

၎င်းတို့အနက် တစ်ဦးဖြစ်သူ ဂျူအီကင်မှာ နိုင်ငံမှ ထွက်ပြေးလာခဲ့သော ၂၀၀၅ ခုနှစ်အထိ ၇ နှစ်တိုင်တိုင် မြောက်ကိုရီးယား စစ်တပ်တွင် တင့်ကား တိုက်ဖျက်ရေးတပ်မှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

မြောက်ကိုရီးယားသည် အလွန် ကြီးမားသော သမားရိုးကျ စစ်တပ်ကို ပိုင်ဆိုင်ထားပြီး တိုင်းပြည်နှင့် ခွဲမရအောင် ကပ်နေသော ကော်နှင့် တူသည်ဟု ဆိုပါသည်။ သို့ရာတွင် သက်တမ်းကြာလာပြီ ဖြစ်သည့် သမားရိုးကျ လက်နက်များကြောင့် အင်အား ချို့တဲ့လာကြောင်း သိရှိရပါသည်။

ဒုံးကျည် စမ်းသပ်မှုများ

ဂျူအီကင်၏ အဆိုအရ ပြုံးယမ်းသည် သမားရိုးကျ လက်နက် အသစ်အဆန်းများကို လုံလောက်စွာ ပိုင်ဆိုင်ခြင်း မရှိသောကြောင့် အငြင်းပွားဖွယ် နျူကလီးယား လမ်းကြောင်းပေါ်သို့ ရောက်သွားခြင်း ဖြစ်သည်ဟု သိရပါသည်။

သမားရိုးကျ လက်နက်အင်အားတွင် မြောက်ကိုရီးယားက တောင်ကိုရီးယားထက် လက်နက်များ ပိုမို တပ်ဆင်ထားသည်ဟု ကင်က BBC မက်ဆီဒွန်ကို ပြောကြားပါသည်။ သို့ရာတွင် အဆိုပါ လက်နက် အများစုမှာ သက်တမ်း လွန်နေပြီ ဖြစ်၍ ၎င်းအားနည်းချက်ကို ဖာထေး ပြုပြင်သည့်အနေဖြင့် ပြုံးယမ်းသည် ဒုံးကျည်နှင့် နျူကလီးယားလက်နက် ဖွံ့ဖြိုးရေးကို အာရုံစိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါ သည်။

မြောက်ကိုရီးယားတွင် တာဝေးပစ်ဒုံးပျံ အပါအဝင် ပဲ့ထိန်းစနစ်သုံး ဒုံးကျည်ပေါင်း ၈၀၀ ကျော် ရှိမည်ဟု ယုံကြည်ရပါသည်။

ပြီးခဲ့သောလများအတွင်း မြောက်ကိုရီးယားသည် ဒုံးပျံစမ်းသပ်မှုများ အတွဲလိုက် လွှတ်တင်ခဲ့ပြီး မြေအောက် နျူကလီးယား စမ်းသပ်မှုကိုလည်း ပြုလုပ်ခဲ့သဖြင့် နိုင်ငံတကာနှင့် တင်းမာမှုများ မြင့်တက်လာခဲ့ကာ ကုလသမဂ္ဂကလည်း အရေးယူ ပိတ်ဆို့မှု ပြစ်ဒဏ် ချမှတ်ခဲ့ပါသည်။

နိုင်ငံပိုင် ကိုရီးယား စင်ထရယ် နယူးအေဂျင်စီ (KCNA) ၏ ယခုလ သတင်းထုတ်ပြန်ချက်အရ မြောက်ကိုရီးယားသည် အသုံးပြုပြီးသော နျူကလီးယား လောင်စာတောင့်ကို လက်နက် ထုတ်လုပ်နိုင်သည့် ပလူတိုနီယံ အဆင့်သို့ ပြန်လည်သန့်စင်သည့် လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရှိရပါသည်။

ဥပဒေအရ စစ်မှုထမ်းရသူများ

ဂျူအီကင်၏ အဆိုအရ မြောက်ကိုရီးယား စစ်တပ်သည် ၎င်း၏ များပြားလှသော ရှေးဆန်သည့် သမားရိုးကျ လက်နက်များကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီး ပြုံးယမ်းကလည်း လူအင်အား တိုးချဲ့ရန်သာ တိုက်တွန်းခဲ့သည်ဟု ဆိုပါသည်။

တရားဝင်စာရင်းများအရ မြောက်ကိုရီးယား လက်နက်ကိုင် တပ်ဖွဲ့များ၏ အရေအတွက်မှာ ၁.၂ သန်းခန့်ရှိပြီး အဆိုပါ စာရင်းတွင် လျှို့ဝှက် စစ်ထောက်လှမ်းရေး အဖွဲ့မပါဝင်ပါဟု ကင်က ပြောကြားပါသည်။ တစ်နှစ်လျှင် လူပေါင်း ၁ သိန်းခန့် စစ်မှုထမ်း ဥပဒေအရ ဆင့်ခေါ်ခြင်း ခံရပြီး ၁၀ နှစ် အမှုထမ်း ရသည်ဟု သိရှိရသည်။

လူပေါင်းမြောက်များစွာ သေဆုံးခဲ့ရသော ၁၉၉၀ ခုနှစ်များ၏ အစာရေစာ ငတ်မွတ်မှုကပ်နှင့် အာရှ စီးပွားရေးကပ်ကြောင့် မြောက်ကိုရီးယား စစ်တပ်အတွင်းတွင်လည်း အမြောက်အမြား သေဆုံးခဲ့ကြသည်ဟု ကင်က ပြောပါသည်။

ရှေးယခင် ကာလများကမူ စစ်တပ်အတွင်း စည်းကမ်းလိုက်နာမှု အားကောင်းခဲ့သော်လည်း မြောက်ကိုရီးယားတွင် အငတ်ဘေး၊ စီးပွားပျက်ကပ်ဘေး ကျရောက်ပြီးနောက် စစ်တပ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဟု ဆိုပါသည်။

စီးပွားကျဆင်းမှုနှင့်အတူ ငတ်မွတ် ခေါင်းပါးလာခြင်းကြောင့် စစ်တပ်အတွင်း စည်းကမ်းများ လျော့ရဲလာပြီး စစ်သားပေါင်းများစွာ တပ်ကို စွန့်ခွာ ထွက်ပြေးကြသည်ဟု ကင်က ထုတ်ဖော် ပြောကြားခဲ့ပါသည်။

ပြည်တွင်းမှ တင်းမာမှုများ

စီးပွားရေးပြဿနာများနှင့် စားနပ်ရိက္ခာ မလုံလောက်မှုများသည် မြောက်ကိုရီးယား နိုင်ငံသားများအား ဆက်လက် ဒုက္ခပေးနေပါသည်။

မြောက်ကိုရီးယား၏ လူ့အခွင့်အရေး ရလဒ်များကို ထုတ်ဖော် တိုက်ခိုက်လိုက်သော Mantarbhorn သည် မြောက်ကိုရီးယား ပြည်သူ ၂၄ သန်း၏ သုံးပုံတစ်ပုံခန့်ကို "အငတ်ထား"နေသည့် ပြုံးယမ်းအစိုးရကိုလည်း ပြစ်တင် စွပ်စွဲလိုက်ပါသည်။

တစ်ကမ္ဘာလုံးက ဝိုင်းဖယ်ထားသည့် မြောက်ကိုရီးယားအတွက် အရေးကြီးဆုံး နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍမှာ တရုတ်နိုင်ငံ ဖြစ်ပါသည်။

ဘီဂျင်းသည် ပြုံးယမ်း၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်ပြီး ကင်ဂျုံအီးအစိုးရ ရှင်သန်နိုင်ရေးကို ကူညီသည့် အနေဖြင့် တင်းကျပ်သော နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများမှ ကာကွယ်ပေးခဲ့ပါသည်။

သို့သော်လည်း ၂၀၀၆ တွင် ပြုံးယမ်းက ပထမဆုံး နျူကလီးယား စမ်းသပ်မှု ပြုလုပ်ချိန်မှစ၍ ဘီဂျင်းက နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ခဲ့ပါသည်။

အချို့ကျွမ်းကျင်သူများက ရုတ်တရက် မမျှော်လင့်သော ယိုယွင်းပျက်စီးမှုများ ဖြစ်ပွားလာပါက တရုတ်နိုင်ငံက ကြိုးကိုင်သော အာဏာသိမ်းမှု ဖြစ်နိုင်ချေရှိကြောင်း မှန်းဆ ဝင်ကြေးပေးကြပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဂျူအီကင်က မဖြစ်နိုင်ဟု ယူဆကြောင်း၊ သို့သော်လည်း မြောက်ကိုရီးယား ပြည်တွင်း ဆန့်ကျင်တော်လှန်မှုများ ဖြစ်ပွားနိုင်သည်ဟု ဆိုပါသည်။

၎င်းက ဆက်လက်၍ မိမိသည် နိုင်ငံရေးကျမ်းကျင်သူ မဟုတ်ကြောင်း၊ သို့ရာတွင် မြောက်ကိုရီးယား နိုင်ငံတွင် နေထိုင်ခဲ့သော အတွေ့အကြုံအရ တရုတ်နိုင်ငံက နောက်ကွယ်မှ ပံ့ပိုးသော စစ်တပ် အာဏာသိမ်းမှု ဖြစ်ပေါ်ရန် အခွင့်အရေး အလွန်နည်းသည်ဟု မှတ်ချက်ပေးပါသည်။

အတိတ်ကို ပြန်ကြည့်လျှင် စစ်တပ် အာဏာသိမ်းမှုဟု အတိအကျ ပြော၍ မရသော အလားတူ အာဏာသိမ်းရန် ကြံစည်မှုများ ယခင်က ဖြစ်ပွားခဲ့ဖူးသော်လည်း အောင်မြင်မှု မရခဲ့ကြပါဟု ကင်က ပြန်လည် ပြောပြခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment