Transparency Myanmar

transparency.myanmar@gmail.com

By Robert Taylor,From khamerforkhamer. blogspot.com

ပြီးခဲ့သည့် တနင်္ဂနွေနေ့က စင်္ကာပူနိုင်ငံတွင် ကျင်းပပြီးစီး သွားသည့် အမေရိကန်သမ္မတ အိုဘားမားနှင့် အရှေ့တောင် အာရှ နိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု အပြီးတွင် မြန်မာ နိုင်ငံတွင် အနာဂတ်၌ ဖြစ်ပေါ်လာဖွယ်ရှိသည့် နိုင်ငံရေးတိုးတက်မှုများအတွက် ဖြစ်ချင်သည့် မျှော်လင့် ချက်များကို နိုးဆွပေးလိုက်သလိုဖြစ်ခဲ့သည်။

ယခု အမေရိကန် သမ္မတနှင့် မြန်မာ ဝန်ကြီးချုပ်တို့၏ တွေ့ဆုံမှုသည် ၁၉၆၆ ခုနှစ်က အမေရိကန်သမ္မတ Lyndon Johnson က ဗိုလ်ချုပ်ကြီးနေဝင်းကို အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံအပြီး ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်သောကြောင့် ဖြစ်ပါသည်။ စစ်အေး တိုက်ပွဲ ကာလများ အတွင်းက ကြားနေဝါဒ ကျင့်သုံးသော မြန်မာနိုင်ငံကို အရှေ့တောင်အာရှသို့ တရုတ်၏ ကွန်မြူနစ်ဝါဒ မပြန့်ပွားရေးအတွက် ထိရောက်သော တံတိုင်းသဖွယ် အကာအရံတစ်ခု အဖြစ် အသိအမှတ် ပြုခဲ့ကြပါသည်။ စစ်အေးတိုက်ပွဲ ပြီးဆုံးသွားသောအခါ အမေရိကန် နိုင်ငံခြားရေး မူဝါဒတွင် ကွန်မြူနစ် မပြန့်ပွားရေး လုပ်ငန်းစဉ် ရပ်ဆိုင်းသွားခဲ့ပြီး၊ ကလင်တန်နှင့် ဘွတ်ရှ်အစိုးရများ လက်ထက်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အပြစ်ပေးခံရသော နိုင်ငံတစ်ခု ဖြစ်လာပြီး၊ နောက်ဆုံး အမေရိကန် - အာဆီယံ ဆက်ဆံရေးတွင် အတားအဆီးဖြစ်မည့် ပြဿနာပေးသော နိုင်ငံဖြစ်လာခဲ့ပါသည်။

သမ္မတ အိုဘားမားကမူ ခြားနားသော နည်းလမ်းကို ပြောင်းလဲအသုံးပြုခဲ့ပါသည်။ ဝါရှင်တန် အစိုးရအနေဖြင့် စစ်အစိုးရသည် ၎င်းတို့ အဆက်မပြတ် တောင်းဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကိစ္စကို အလေးထား ဆောင်ရွက်ခြင်း ရှိမရှိ သို့မဟုတ် လာမည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံ၏ အနာဂတ် နိုင်ငံရေးကို ဆွေးနွေးရန် စေ့စပ်ဆွေးနွေး မှုများကို လမ်းဖွင့်ပေး မပေးနှင့် ပက်သက်၍ အမှန်တကယ် မျှော်လင့်မှုများ ထားမထား ရှင်းရှင်းလင်း လင်း မသိနိုင်ပေ။

မြန်မာနိုင်ငံသို့ အမေရိကန် ထိပ်တန်း အာဏာပိုင်နှစ်ဦး စေလွှတ်လိုက်ခြင်း အပေါ်မှလည်း ကောင်း၊ နှစ် ၂၀ ခန့် အုပ်ချုပ်နေသော ကာလအတွင်း မည်သည့် နိုင်ငံခြား တိုင်းပြည်၏ အကြံဥာဏ် စီးပွားရေး အကူအညီမှ မယူခဲ့သော ဗိုလ်ချုပ်များကို စီးပွားရေး မက်လုံးများ ပြသခြင်းဖြင့်လည်း ကောင်း အမေရိကန်တို့ မျှော်လင့်ချက် များများ ထားခဲ့လျှင်မူ ရိုးလွန်းသည်ဟု ပြောရမည် ဖြစ်ပါသည်။ ယခု လတ်တလော အခြေအနေတွင် အမေရိကန်တို့ အနေဖြင့် ဘာတွေပဲလုပ်နေလုပ်နေ၊ နောက်ဆုံး ဖြစ်လိုသည့် ဆန္ဒမှာ SPDC နှင့် မည်သည့် ကန့်သတ်မှုမျှ မထားပဲ စကားပြောလျက်ရှိခြင်းဖြင့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့် အရပ်သားအစိုးရနှင့် ဆက်ဆံရေး တိုးတက်မှု အတွက် ဖျာခင်း  ထားခြင်းပင် ဖြစ်ပေသည်။ ဥရောပသမဂ္ဂ နိုင်ငံများသည်လည်း အမေရိကန်၏ လုပ်ရပ် အတိုင်း အမှီလိုက် လုပ်လိမ့်မည်မှာ သံသယဖြစ်ဖွယ်မရှိပါ။

မည်သို့ဆိုစေကာမူ အမေရိကန် - အာဆီယံ ထိပ်သီး အစည်းအဝေးသည် Obama အတွက် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် တောင်းဆိုမှု ထပ်မံပြုလုပ်ရန် အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပါ သည်။ အဆိုပါ တောင်းဆိုမှုကို ၎င်း၏ လွန်ခဲ့သော ၂ ရက်၊ အာရှခရီးစဉ်အစ မိန့်ခွန်းတွင် ပထမအကြိမ် ထည့်သွင်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို နှစ်ကြိမ်တောင်း ဆိုမှု ပြုခဲ့ရာ တစ်ကြိမ်မှာ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ရှေ့မှောက်တွင် ဖြစ်ပါသည်။ Obama ၏ တောင်းဆိုမှုသည် သူမကို ထောက်ခံသူများနှင့် ဝါရှင်တန်ရှိ ၎င်းကို ဝေဖန်သူများ အပေါ်နိုင်ငံရေးအရ လုပ်ရမည့် တာဝန်တစ်ခု လုပ်ဆောင် ပြလိုက်ခြင်းပင် ဖြစ်ပါသည်။ အမေရိကန်တို့က အစည်းအဝေး နောက်ဆုံး ကြေညာချက်တွင် နိုင်ငံရေး အကျဉ်းသားများကိစ္စကို ပါဝင်စေလိုသော်လည်း ၂၀၁၀ ရွေးကောက်ပွဲကိစ္စသာ ဖော်ပြနိုင်ခဲ့ပါသည်။ သို့သော် ယခုကိစ္စတွင် Bush အစိုးရ လက်ထက်က လုပ်မပြနိုင်ခဲ့သော၊ သံတမန်ရေးရာအရ အခြေအနေကို လိုက်၍ ပြောင်းလဲနိုင်သည်ဟူသော အချက်ကို အတိုင်းအတာ တစ်ခုအထိ ပြသနိုင်ခဲ့ပါသည်။ Asean ဆွေးနွေးပွဲသို့ အမေရိကန်တို့ ပြန်လာခြင်းသည် ဒေသတွင်း အရေးကြီးသော ကိစ္စရပ်များ အပေါ် လေးစားမှုရှိခြင်းကို ပြသခြင်းဖြစ်သလို အာရှတွင် အမေရိကန် ပါဝါအနေဖြင့် ရနိုင်သည့် အရာများနှင့် မရနိုင်သည့် အရာများအပေါ် လက်တွေ့ကျသော ခံယူချက်အား ပြသလိုက်ခြင်းပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံအကြောင်း ပြန်ကောက်ရလျှင် နိုဝင်ဘာလ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်။ တချိန်တည်းတွင် အမေရိကန်တို့၏ အဆက်မပြတ် စိတ်ဝင်စားမှု ရှိနေရာ မျှော် လင့်မှုများ ပိုမို ထွက်ပေါ်လာခဲ့ပါသည်။ သို့သော် အဆိုပါစာတွင် သူမ၏ နိုင်ငံခေါင်းဆောင်တစ်ဦး အပေါ် ချဉ်းကပ်မှုမှာ တန်းတူသူ တစ်ဦးပမာ ဆက်ဆံထားမှုကြောင့် ၁၉၈၈ ကတည်းက သူမနှင့် အစိုးရအာဏာပိုင်များ တွေ့ဆုံမှုများ မအောင်မြင်ခဲ့သလို၊ ယခုအဆိုပြုချက်မှာလည်း လစ်လျူပြုခံရ လိမ့်မည်ဟု ယူဆနေကြသူများလည်းရှိပါသည်။

၂၀၀၇ အောက်တိုဘာလက ဒေါ်အောင်ဆန်းစုကြည်အား အာဏာပိုင်များကို ဆန့်ကျင်ခြင်း၊ အလုံးစုံ ပျက်သုဉ်းရေးကို တောင်းဆိုခြင်းနှင့် အနောက်နိုင်ငံ အစိုးရများအား စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုခြင်းများကို စွန့်လွှတ်ရန် သဘောတူလျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် တွေ့ဆုံရန် သတ်မှတ်ပေးခဲ့သော်လည်း သူမက ဆန္ဒမရှိသောကြောင့် တွေ့ဆုံမှုပျက်ပြယ်ခဲ့ပါ သည်။

SPDC သည် ၂၀၀၃ ခုနှစ်က အချက် ၇ ချက်ပါသော လမ်းပြမြေပုံကို ချမှတ်ပြီး၊ တဖြည်းဖြည်း လုပ်ဆောင် လာခဲ့ရာ ပြီးခဲ့သည့် ၂၀၀၈ မေလက အံ့သြဖွယ် ဆန္ဒခံယူပွဲဖြင့် အခြေခံဥပဒေသစ်ကို အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ နောက်တစ်ဆင့် လမ်းညွှန်မြေပုံအရ ရွေးကောက်ပွဲ ကျင်းပပြီး ဥပဒေပြု အစည်းအဝေးပြီးလျှင် အစိုးရအဖွဲ့ အသစ်ကို ဖွဲ့တော့မည်ဖြစ်ပါသည်။ NLD နှင့် ၎င်းကို ထောက်ခံသူ များက အတည်ပြုပြီးသော အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုမှုများမှာ ဆက်လက် လစ်လျူရှု ထားလိမ့်ဦးမည် ဖြစ်ပါသည်။ အစိုးရသည် နောက်ဆုံး အဆင့်အဖြစ် လာမည့်နှစ်တွင် ရွေး ကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မြန်မာ့ တပ်မတော် လက်အောက်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်လျက် ရှိပါသည်။ ဤလုပ်ငန်းစဉ်သည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အရေးကြီးသော ခြေလှမ်းဖြစ်ပါ သည်။

နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်နှင့် မဲဆွယ်ခွင့်အတွက် ရွေးကောက်ပွဲ ဥပဒေ ထွက်ပေါ်လာမှုကို စောင့်နေကြရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၏ နိုင်ငံရေးနှင့် ပတ်သက်သော စိတ်ဝင်စား မှုမှာ ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် အကောင်းဘက်သို့ ဦးတည်သော ပြောင်းလဲမှုအချို့ကို မျှော်လင့် ကြခြင်းဖြစ်ပါသည်။

သူတို့သည် တော်လှန်ရေးကိုလည်း မမျှော်လင့်ကြပါ။ ဒီမိုကရေစီမြတ်နိုးသူများ ပြင်းပြင်းထန် ထန် ကန့်ကွက်နေသည့် အခြေခံဥပဒေပါအချက်အချို့ကိုလည်း ရုတ်တရက် ပြန်လည် ပြင်ဆင်ရန် မမျှော်လင့်ကြပါ။

မြန်မာတပ်မတော်သည် သမိုင်းကြောင်းလိုအပ်ချက်အရ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အခြေခံဥပဒေအရ ၎င်းတို့၏ လိုအပ်ချက်ကို ထည့်သွင်းထားပြီး ဖြစ်ပါသည်။

SPDC သည် ၎င်းတို့အတွက် ပြုလုပ်ထားသော အစီအစဉ်များကို သော်လည်းကောင်း၊ တိုင်းပြည်အတွက် နှစ်ပေါင်း ၂၀ ကြာ ရန်သူဖြစ်နေသူများနှင့် ပူးပေါင်း ဆောင်ရွက်မည်ဆိုသော မစတင်ရသေးသော ကတိအသစ်များကိုလည်းကောင်း အလျော့ပေးလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ အတွက် မည်သို့စီစဉ်ထားသည်ကို မည်သူမျှမသိရှိနိုင်သေးပါ။ ထို့အတူ နှစ် ၂၀ ကြာ ရန်သူအဖြစ် ရပ်တည်နေသူများမှာလည်း ညှိနှိုင်းဆွေးနွေးမှုအတွက် ယခင်ကြိုးစားမှုများမှာ အရာမထင်ခဲ့ပါ။

အမေရိကန်တို့၏ မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးသည် ဒီမိုကရေစီတိုးတက်ရေးအတွက် အခြေခံများ စတင်ခဲ့ပြီး ဖြစ်သော်လည်း ဗိုလ်ချုပ်များကတော့ ခိုင်မြဲစွာ ချုပ်ကိုင် ထားနေဆဲ ဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment