Transparency Myanmar

transparency.myanmar@gmail.com

Aler net,25 Nov 2009       

လွန်ခဲ့သော ၁၈ လ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်ကတည်းက စ၍ ကယ်ဆယ်ရေးစခန်းများ၌ နေထိုင်နေရသော မြန်မာပြည်သူ ၁ သိန်းခန့်အတွက် ဗုဒ္ဓဟူးနေ့က ထပ်မံ ပေးအပ်ခဲ့သော အလှူငွေများသည် လမ်းဆုံးသို့ ရောက်နေသူများအတွက် အလင်းရောင် ထွန်းညှိပေးနိုင်ပါလိမ့်မည်။

          သို့ရာတွင် နေအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရသော ကျန်ပြည်သူ ၉ သိန်းခန့်၏ အနာဂတ် မျှော်လင့်ချက်များမှာ မှေးမှိန်နေဆဲ ဖြစ်ပါသည်။ နိုင်ငံတကာ အလှူရှင်များက နာဂစ် အသက်ရှင် ကျန်ရစ်သူများအတွက် နေအိမ်သစ်များ၊ ကျောင်းများ၊ အလုပ်အကိုင် ရရှိရေး အစီအစဉ်များတွင် အသုံးပြုရန် ဒေါ်လာ ၈၈ သန်း ထပ်မံ ပေးအပ်ရန် ကတိပြုခဲ့ပါသည်။ ယခု ရန်ပုံငွေသည် မိသားစုပေါင်း ၁၇၈၀၀ ခန့်အတွက် နေအိမ်သစ်များ ဆောက်လုပ်ရာတွင် ကူညီနိုင်မည် ဖြစ်သည်။

          ကုလသမဂ္ဂ စံနှုန်းဖြစ်သော မိသားစုတစ်စုလျှင် မိသားစုဝင် ၅ ဦးမှ ၆ ဦးနှုန်းထားဖြင့် တွက်ချက် ခန့်မှန်းပါက နေအိမ်သစ်များတွင် လူဦးရေ ၁ သိန်းခန့် နေထိုင်နိုင်မည် ဖြစ်ပါသည်။ သို့ရာတွင် ကုလသမဂ္ဂ သတင်းများအရ လူဦးရေတစ်သန်းခန့်မှာ နေစရာ အကူအညီ လိုအပ်နေဆဲဟု သိရပါသည်။

          ယခုနှစ် အစောပိုင်းက ကုလသမဂ္ဂ စာရင်းကောက်ယူမှုများအရ ဆက်လက် အသုံးပြုနိုင်သော ဆိုင်ကလုန်းဒဏ်ခံ အဆောက်အဦးများ အရေးတကြီး လိုအပ်နေမှုသည် ၂၀၀၉ - ၁၀ အတွက် ဦးစားပေး ကိစ္စ ဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါကိစ္စအတွက် ရန်ပုံငွေ မလုံလောက်မှုကို ကြုံတွေ့နေရဆဲ ဖြစ်သည်ဟုလည်း သိရှိရပါသည်။

          နေအိမ်များဆောက်လုပ်ရေးကိစ္စသည် အစိုးရ၏ တာဝန်သာဖြစ်သည်ဟု အလှူရှင်များက ယူဆထားကြပြီး အလှူရှင်အများစုမှာ မြန်မာအစိုးရ၏ လက်အောက်မှ တဆင့်ခံဆောင်ရမည့် လုပ်ငန်းမျိုးကို ရှောင်ရှားလိုသော ဆန္ဒရှိကြသည်ဟု လူမှုရေးကူညီသူများက ပြောကြားပါသည်။

          အကယ်၍ မိမိတို့တွင်သာ စွမ်းအားရင်းမြစ်များရှိပါက ယခုထက် ပိုမို စွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ကုလသမဂ္ဂ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာ ထောက်ထားရေး ဆိုင်ရာ ညှိနှိုင်းရေးမှူး Bishow Parajuli က ပြောဆိုပါသည်။ မြန်မာနိုင်ငံတွင်းရှိ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အတွက် အဓိကပြဿနာမှာ ငွေကြေး ချို့တဲ့နေခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။

          တစ်ခါက မြန်မာပြည်၏ ဆန်အိုးကြီးဟု တင်စားခဲ့သော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ယခင်နှစ် မေလက နာဂစ်ဆိုင်ကလုန်း ဝင်ရောက် ဖျက်ဆီးခဲ့ရာ လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံး၊ နေအိမ်ပေါင်း ၄၅၀၀၀၀ ခန့် ပျက်စီးကာ လူပေါင်း ၂ သန်းခွဲခန့် စားဝတ်နေရေး ဒုက္ခများနှင့် ရင်ဆိုင်နေရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment