Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ လက်ရှိ အချိန်ကာလသည် နိုင်ငံရေး အပြောင်းအလဲ ပြုလုပ်ရန် လမ်းဆုံ လမ်းခွထဲသို့ ရောက်ရှိနေသည်။ စစ်အစိုးရက ပိုနေမြဲ ကျားနေမြဲ အခြေအနေမျိုးကို ထိန်းသိမ်း ထားလိုပြီး ပြည်သူလူထုက အသစ်ဖြစ်မည့် အပြောင်းအလဲ တစ်ခုကို ရယူရန် ဆန္ဒရှိသည်။ လူထုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေးကို တောင်းဆိုနေသော်လည်း စစ်အစိုးရကမူ ပြည်သူများ၏ အခြေခံ လွတ်လပ်ခွင့်များ ပေးရန်ပင် တုတ်တုတ်မျှ မလှုပ်ပေ။

ပြည်သူ အများစုက အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) ၏ နိုင်ငံရေး အဆိုပြုချက် များကို အားပေး ထောက်ခံမှု ပြုရန် ပိုမို ဆော်သြလာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်စွဲဖြင့် NLD က ထုတ်ပြန်သော ရွှေဂုန်တိုင် ကြေညာချက်တွင် ၂၀၁၀ တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရေးကိစ္စနှစ်ခုကို စစ်အစိုးရအနေဖြင့် လိုက်လျော ပြုလုပ်ပေးရန် တောင်းဆိုထားသည်။

တစ်ခုမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသော အချက်အချို့သည် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိသောကြောင့် ပြင်ဆင်ရေးဆွဲပေးရန် ဖြစ်ပြီး နောက်တစ်ခုမှာ ရွေးကောက်ပွဲကို နိုင်ငံတကာ၏ ကြီးကြပ်မှု လက်အောက်တွင် သန့်ရှင်းလွန်လပ်ပြီး မျှတမှုရှိစွာ ကျင်းပပေးရန် ဖြစ်သည်။  

စစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးပြီး နိုင်ငံတကာ၏ အထောက်အပံ့ကို ရယူရန် နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းခဲ့သည်။  

"စစ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ အမြန်ဆုံး လွှတ်ပေးပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပြုရပါမည်။ ဤသို့ မဟုတ်ခဲ့ပါက အဆိုပါ ရွေးကောက်ပွဲသည် ဂုဏ်သရေ ရှိလိမ့်မည် မဟုတ်သလို အမေရိကန် ပြည်ထောင်အစု၏ ပိတ်ဆို့ အရေးယူမှု များကိုလည်း ဖယ်ရှားပေးမည်မဟုတ်" ဟု အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Scot Marciel က မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် သတိပေးပြောကြားပါသည်။

နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell နှင့် မစ္စတာ Scot Marciel တို့ မြန်မာနိုင်ငံသို့ သွားရောက် ခဲ့သော်လည်း ခရီးစဉ် အတွင်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးအတွက် ထူးခြားပြောင်းလဲမှု တစ်စုံတရာ ဖော် ထုတ်နိုင်ခဲ့ခြင်း မရှိပေ။ သူတို့ နှစ်ဦးသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ စစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန်အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများ၊ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များနှင့် တွေ့ဆုံ နိုင်ခဲ့သော်လည်း မြန်မာစစ်အစိုးရ၏ နံပါတ်-၁ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် မရရှိခဲ့ပေ။ ဗိုလ်ချုပ်မှူးကြီးနှင့် အမေရိကန် သံတမန်များ တွေ့ဆုံရန် အဘယ့်ကြောင့် စီစဉ်နိုင်ခဲ့ခြင်း မရှိသနည်း ဟူသော မေးခွန်းမှာ ရှင်းရှင်းလင်းလင်း မသိခဲ့ကြရပေ။

ဤသို့ တွေ့ဆုံခွင့် ရရှိခဲ့ပါက နှစ်ဦးနှစ်ဖက် စလုံးတွင် အကျိုးအမြတ်များ ထွက်ပေါ် လာနိုင်သောကြောင့် တွေ့ဆုံမှု မပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု နောက်ဆုံး၌ သတင်းများ ထွက်ပေါ်လာသည်။ 

မြန်မာ့အရေး အကဲခတ် လေ့လာသူများ၏ အဆိုအရ အမေရိကန် သံတမန်များ ဦးဆောင်သော အထူးမစ်ရှင်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ပြီး ကတည်းက ထူးခြား တိုးတက်မှု တစ်စုံတစ်ရာ မထွက်ပေါ်သေးပေ။

စစ်အစိုးရက ဖိနှိပ်ရန်ရှာမှု အမျိုးမျိုးကိုသာ ပိုမိုလုပ်ဆောင် လာသည်ကို တွေ့ရသည်။ မီဒီယာများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) များအပေါ် ကန့်သတ် ပိတ်ပင်မှုများ ပိုမိုပြုလုပ်သည်။ အင်တာနက် သုံးသူများကို ယခင်ကထက် ပိုမိုချုပ်ကိုင်လာသည်။ ဖမ်းဆီးမှု အမျိုးမျိုးကို တိုးမြှင့်ပြုလုပ်သည်။ တိုင်းရင်းသား လူမျိုးစုများ အပေါ်တွင်လည်း စစ်ရေးဖြင့် တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လာသည်။ 

သို့အတွက်ကြောင့် စစ်အစိုးရ ဆန့်ကျင်သူများသည် ယခင်ကထက် ပိုမို သတိထား လာကြရသည်။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် သတိပေး နေထိုင်လျက်ရှိပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် စစ်အစိုးရကို ယခင်ကထက် ပိုမိုဖိအားပေးရန် ဆော်သြလာကြသည်။ 

အကယ်၍ စစ်အစိုးရတွင် ရိုးရှင်း အပြစ်ကင်းသော စိတ်သဘောထားရှိပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို စတင် ပြုလုပ်မည်ဆိုပါက မီဒီယာများသည် အစကတည်းက လွတ်လပ်မှု ရှိကိုရှိရမည် ဖြစ်သည်။ သန်စွမ်းမှုရှိသော ဒီမိုကရေစီစနစ် တစ်ရပ် ထူထောင် နိုင်ရေးအတွက် သတင်း လွတ်လပ်ခွင့်သည် အရေးကြီးသော ကိစ္စကြီး တစ်ရပ် ဖြစ်ပါသည်။ ပို၍ တိတိကျကျ ပြောရပါက မီဒီယာဟူသည် ဒီမိုကရေစီ၏ အဓိက ကျောရိုးဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာချက်၏ အပိုဒ်-၁၉ ကဆိုထားလေသည်။  

"လူတိုင်းလူတိုင်းတွင် မိမိ၏ အမြင်နှင့် အာဘော်ကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေးကို မည်သူကမျှ ဝင်ရောက်စွက်ဖက် ကြိုးကိုင်ခြင်းမျိုး မရှိစေရ။ လူတိုင်းသည် မိမိ၏ အမြင်များ၊ ခံစားချက်များကို မီဒီယာများမှ တစ်ဆင့် အတားအဆီးမရှိ ထုတ်ဖော် ပိုင်ခွင့်လည်း ရှိသည်" ဟု လူ့အခွင့်အရေး ကြေညာစာတမ်းက ဆိုသည်။  

သို့သော် မြန်မာပြည်တွင် အတိုက်အခံ နိုင်ငံရေးသမားများ သာမက သတင်းစာ ဆရာများနှင့် မီဒီယာများပါ စနစ်တကျ ကြိုးကိုင်ဖိနှိပ် ကန့်သတ်မှုများဖြင့် ရင်ဆိုင်နေကြရသည်။ အခြားနိုင်ငံကြီး အများစုတွင်မူ သတင်းစာဆရာများ (သို့မဟုတ်) သတင်း မီဒီယာတွင် လုပ်ကိုင်သူများသည် ကြောက်ရွံ့ ထိတ်လန့်မှု တစ်စုံတရာမရှိဘဲ၊ အစိုးရကို မျက်နှာချို မသွေးရဘဲ လွတ်လပ်စွာ လုပ်ကိုင် နိုင်ကြလေသည်။  

အာဏာရှင် စစ်အစိုးရ စနစ်အောက်သို့ ရောက်နေသော မြန်မာနိုင်ငံတွင်မူ သတင်းစာ ပညာဟူသည် ပင်ပန်းကြီးစွာဖြင့် အသက်ဆက်နေရသည်။ ဂျပန်လူမျိုး သတင်းစာဆရာ Kenji Nagai ဆိုလျှင် ၂၀၀၇ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ရွှေဝါရောင် တော်လှန်ရေးတွင် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ရသည်။ ပြည်တွင်းမှ ဂျာနယ်လစ် အတော်များများမှာလည်း ထောင်သွင်း အကျဉ်းချခံ ထားရသည်။  

မြန်မာ့ မီဒီယာအသင်းအဖွဲ့ (Burma Media Association) နှင့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Sans Frontieres) တို့၏ အဆိုအရ  ပြီးခဲ့သည့် ၂၀၀၈ခုနှစ် နာဂစ်ဆိုက်ကလုန်း မြန်မာပြည်သို့ ဝင်ရောက်တိုက်ခိုက်ပြီးချိန် နောက်ပိုင်း ဂျာနယ်လစ် ၁၂ ဦးနှင့် ကဗျာဆရာ၊ စာရေးဆရာများ အပါအဝင် မီဒီယာသမား အတော်များများမှာ စစ်အစိုးရ၏ မတရား ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ(ကိုသူရ) နှင့် အင်တာနက် ဘလော့ဂ်ရေးသူ ကိုနေဘုန်းလတ်တို့မှာ လည်း နှစ်ကာလ ကြာမြင့်သည့် ထောင်ဒဏ် ပေးခြင်းခံခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၀၈ ဇန်နဝါရီလတွင် ကဗျာဆရာ စောဝေမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို လှောင်ပြောင်သရော်သည့် ကဗျာရေးသားမှုကြောင့် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။ ကဗျာဆရာ စောဝေမှာ ချစ်သူများနေ့ (ဗယ်လင်တိုင်းဒေး) အတွက် ရေးသောကဗျာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လှောင်ပြောင် သရော်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား စစ်အစိုးရက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ် လိုက်သည်။  

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်တွင် အခြေစိုက်သော သတင်းစာ ဆရာများ ကာကွယ်ပေးရေး ကော်မတီ (Committee for the Protection of Journalists)က အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသော အလွတ်တမ်း ဂျာနယ်လစ်နှင့် အင်တာနက် ဘလော့ရေးသူ ကိုပိုင်စိုးဦး ခေါ် ဂျေပိုင် အား စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အတွက် ပြင်းထန်စွာ ဝေဖန်ကန့်ကွက်ခဲ့သည်။

ကိုပိုင်စိုးဦးသည် လင်းလက်ကြယ် (Shinning Star) ဟုအမည်ရသော နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များ ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ကိုပိုင်စိုးဦးအား ဖမ်းဆီး ထိန်းသိမ်းခြင်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရန် ကြိုးပမ်းမှုများကို ထိခိုက်စေသောကြောင့် ၎င်းအား အမြန်ဆုံး လွှတ်ပေးရန် CPJ က တောင်းဆိုထားသည်။  

"မြန်မာစစ်အစိုးရသည် ဒီမိုကရေစီ ဖော်ဆောင်ရေးကို လုပ်ဆောင် နေပါသည်ဟု ထုတ်ဖော် ထားသော်လည်း သတင်းစာဆရာ (ဂျာနယ်လစ်) များကို ထပ်ခါတလဲလဲ ဖမ်းဆီး ထိန်းသိမ်းလျက်ရှိသည်" ဟု CPJ ၏ အရှေ့တောင် အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ် Shawn Crispin ကပြောကြားသည်။

အမည်မဖော်လိုသော အလွတ်တမ်း ဂျာနယ်လစ်ဦး၏ အဆိုအရ ပြီးခဲ့သည့် အောက်တိုဘာ လမှစ၍ အလွတ်တမ်း ဂျာနယ်လစ်များ၊ စာရေးဆရာများ၊ ကဗျာဆရာများ အပါအဝင် မီဒီယာသမား စုစုပေါင်း ၂၀ ခန့်မှာ စစ်အစိုးရ ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

အောက်တိုဘာလ ၂၁ ရက်မှ ၂၈ ရက်အတွင်း ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီး ထိန်းသိမ်းမှု တော်တော်များများ ဖြစ်ပေါ်ခဲ့သည်။  ပြည်တွင်းထုတ် The Voice ဂျာနယ်၊ Foreign Affair ဂျာနယ်၊Favourite ဂျာနယ်၊ ပြည်မြန်မာဂျာနယ် နှင့် ကန္ဓာရဝတီ ဂျာနယ် တို့မှ သတင်းထောက် များလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။  

ဂျာနယ်လစ် ၄ ဦး အပါအဝင် အနည်းဆုံး ၈ ဦးခန့်မှာ စစ်အာဏာပိုင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များ၏ ဖမ်းဆီးမှု ခံခဲ့ရကြောင်း၊ ၎င်းတို့သည် မိမိနေအိမ်တွင် နေထိုင်နေစဉ် အတွင်း ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါ အမည်မဖော်လိုသူ အလွတ်တမ်း ဂျာနယ်လစ်တစ်ဦးက အတည်ပြုပြောကြားသည်။

ဖမ်ဆီး ခံရသူများထဲတွင် အလင်္ကာဝတ်ရည် ဂျာနယ်မှ ကဗျာဆရာနှင့် ကွန်ပျူတာ ဒီဇိုင်နာ ကို ခန့်မင်းထက်၊ Foreign Affair ဂျာနယ်မှ အယ်ဒီတာ ကိုသန့်ဇင်စိုး၊ အလွတ်တမ်းသတင်းထောက် ကိုညီညီထွန်း ခေါ် မီးတုတ် နှင့်ကို ပိုင်စိုးဦး ခေါ် ဂျေပိုင် လည်းပါဝင်သည်။ ကျန်လေးဦးမှာ ကိုအောင်မြတ်ကျော်သူ၊ ကိုသက်ကို၊ ကိုမြင့်သိန်းနှင့် ကိုမင်းမင်းတို့ဖြစ်ကြပြီး ၎င်းတို့မှာ ဒဂုံတက္ကသိုလ် ကျောင်းသားများ ဖြစ်သည်။  

စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်သော လူငယ်များမှာ လင်းလက်ကြယ် အမည်ရ နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် အကူအညီပေးရေး အဖွဲ့ဝင်များ ဖြစ်ကြသည်။ အဆိုပါ လင်းလက်ကြယ်အဖွဲ့ကို ပြီးခဲ့သည့် ၂၀၀၈ မေလတွင်စတင်ထူထောင်ခဲ့ပြီး အဖွဲ့ဝင် ၄၀ ခန့်ပါဝင်သည်။ အဖွဲ့ဝင်အများစုမှာ ရန်ကုန်မြို့တွင် အခြေစိုက်သော သတင်းထောက်များနှင့် လူမှုရေး လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြသည်။ လင်းလက်ကြယ် အဖွဲ့သည် မိဘမဲ့ ကျောင်းသား ကျောင်းသူ ကလေးငယ်များအား ကျောင်းစာအုပ်များ၊ ပညာသင်စရိတ်များ ထောက်ပံ့ပေးလျက် ရှိသည်။ 

စစ်အစိုးရက အစိုးရ ဆန့်ကျင်သူများကို ဖမ်းဆီး ထိန်းသိမ်းမှုပြုသည့် အခါတိုင်း မြန်မာပြည်တွင်း မီဒီယာများကိုလည်း ပစ်မှတ်တစ်ခုသဖွယ် သဘောထားလေ့ ရှိသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက လာမည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် တောင်းဆိုမှုများအား စစ်အစိုးရက မသိကျိုးနွံ ပြုလုပ်လျက်ရှိပြီး သတင်းစာ ဆရာများ ဖမ်းဆီး ထိန်းသိမ်း ခံရမှုများမှာလည်း ပိုမိုဖြစ်ပေါ်လျက် ရှိပါသည်။  

Asian Tribune မှ Burma Media Faces Junta Squeeze ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment