Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့အရေး ကိစ္စများ နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် နိုင်ရန် ဥရောပသမဂ္ဂ (အီးယူ)၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် Piero Fassino က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya အား တွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဆွီဒင်နိုင်ငံ သံအမတ်ကြီး၊ သံရုံး တာဝန်ခံ နှင့် ထိုင်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံးမှ အဆင့်မြင့် ခေါင်းဆောင်များလည်း တက်ရောက်ကြသည်။  

အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး တိုးတက်ဖွံ့ဖြိုးမှု အချို့ကို ကြိုဆိုကြောင်း ထုတ်ဖော်သည်။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်း၊ စင်ကာပူနိုင်ငံ၌ ပြုလုပ်သည့် အေပက် ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန် သမ္မတ အိုဘားမားနှင့် မြန်မာနိုင်ငံ ဝန်ကြီးချုပ် သိန်းစိန်တို့ တွေ့ဆုံစကားပြောခွင့် ရရှိခဲ့ခြင်း နှင့် မြန်မာဝန်ကြီးချုပ်က လာမည့် ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကတိကဝတ်ပြု ပြောဆိုခဲ့ခြင်း အစရှိသည်တို့သည် မြန်မာပြည်၏ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်သောကြောင့် ကြိုဆိုရမည် ဖြစ်သည် ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန်သည် ထိုင်းနိုင်ငံ ချာအမ်းတွင်ကျင်းပခဲ့သည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ လာမည့် နှစ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတမှု ရှိမည်ဟု အာမခံသွားခြင်း ဖြစ်သည်။  

မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲများ စီမံခန့်ခွဲရေးနှင့် မြန်မာပြည်တွင်း လူသား အရင်းအမြစ် ကောင်းများ တည်ဆောက်ရေး အစရှိသည့် နယ်ပယ်များတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက အကူအညီပေး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။ 

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) သည် လာမည့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ အဖွဲ့အစည်းတစ်ရပ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိရာ ၂၀၁၀ ၌ ကျင်းပပြုလုပ်မည့် မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲသည် အာဆီယံအတွက် ထူးခြားသော အပြောင်းအလဲကြီးတစ်ရပ် ဖြစ်လိမ့်မည်ဟု ၎င်းက ဆိုသည်။  

အဆိုပါ မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ လွတ်လပ် မျှတမှုရှိရေး၊ ရွေးကောက်ပွဲတွင် နိုင်ငံရေး သမားများအားလုံး ပါဝင်နိုင်ရေး တို့အတွက် အီးယူက အကူအညီ အထောက်အပံ့များ ပေးအပ်ရန် အသင့်အနေအထားတွင် ရှိပါကြောင်း အီးယူ အထူးသံတမန် က ပြောကြားသည်။

မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်သွားရန် အီးယူအနေဖြင့် သက်ဆိုင်သူများ အားလုံးနှင့် အပြုသဘော ဆောင်သော ဒိုင်ယာလော့ခ် ပြုလုပ်ရန် ဆန္ဒရှိပါကြောင်း ၎င်းက အလေးအနက်ထား ပြောဆိုသည်။ 

အီးယူသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့ကို အနီးကပ် အကြံဉာဏ် ပေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၀ ဒီမိုကရေစီ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်မှု ပေါ်ထွန်းရေးအတွက် လှေကားထစ်တစ်ခု ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း အီးယူအထူးသံတမန် မစ္စတာ Fassino ကထုတ်ဖော်ပြောဆိုသည်။ 

မစ္စတာ Fassino သည် ယခင်က အီတလီ နိုင်ငံခြားရေး ဝန်ကြီးဟောင်းတစ်ဦး ဖြစ်ပြီး ပါလီမန် အဖွဲ့ဝင်လည်း ဖြစ်သည်။ ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် အီးယူ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး ပေါ်လစီဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် မစ္စတာ Javier Solana က ခန့်အပ်လိုက်ခြင်း ဖြစ်သည်။  

Thai Press မှ Thailand EU Special Envoy discusses Myanmar issue with Thai Foreign Minister ကို ဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment