Transparency Myanmar

transparency.myanmar@gmail.com

The Bangkok Post, By Aung Zaw,28 Nov 2009

မြန်မာ တပ်မတော်အစိုးရသည် ၂၀၁၀ တွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သော်လည်းကောင်း၊ ရွေးကောက်ပွဲ ဥပဒေကို သော်လည်းကောင်း၊ ကြေညာခြင်း မပြုသေးသော်လည်း၊ နေပြည်တော်တွင် ပြင်ဆင်မှုများ ထွက်ပေါ်လာနေပြီ ဖြစ်ပါသည်။ ရရှိသော သတင်းများအရ ဖြစ်နိုင်ချေရှိသည့် ရွေးကောက်ပွဲဝင်မည့် သမ္မတ၊ ဒုတိယသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးလောင်းများ စသည်တို့ကို ရွေးချယ်ပြီးကြောင်း သိရှိရပါသည်။

လက်ရှိ စာရင်းသည် ရွေးကောက်ပွဲမတိုင်မီ အပြောင်းအလဲ ရှိနိုင်ပြီး၊ အလားအလာရှိသည့် ကိုယ်စားလှယ်လောင်းများသည် လက်ရှိအစိုးရအဖွဲ့မှ ဖယ်ရှားခြင်း ခံရမည် ဖြစ်ပါသည်။ အရာရာအားလုံးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေါ်တွင် မူတည်ပြီး၊ အရေးကြီးသော ဆုံးဖြတ်ချက်များကို ၎င်းကပင် ပြုလုပ်နေဆဲ ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အသက် ၈၀ နား နီးနေပြီ ဖြစ်ပြီး၊ ၎င်း၏ ဒုတိယလူ မောင်အေးသည် ၎င်းထက် အနည်းငယ်သာ ငယ်ပြီး၊ ရွေးကောက်ပွဲ ပြီးပါက အနားယူလိမ့်မည် ဖြစ်ပါသည်။ သတင်းများ၏ အဆိုအရ နေပြည်တော်တွင် အငြိမ်းစားယူလျှင် နေထိုင်ရန် ကြီးကျယ် ခမ်းနားသော အိမ်ကြီးများ တည်ဆောက်လျက် ရှိသည်ဟု ဆိုပါသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးသည် ၎င်းအနားမယူမီ သူ၏ မိသားစု လုံခြုံ စိတ်ချစွာ နေထိုင်နိုင်ရေးအတွက် အဆင့်မြင့် ရာထူးနေရာများကို ၎င်း၏ ယုံကြည် စိတ်ချရသူများဖြင့် ထားရစ်ခဲ့မည် ဖြစ်ပါသည်။

သန်းရွှေသည် စစ်အစိုးရ၏ နံပါတ်သုံး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွှေမန်းအား ရွေးကောက်ပွဲပြီး ပါက သမ္မတ ဖြစ်လာစေမည် ဖြစ်ပါသည်။

တပ်နှင့် နီးစပ်သော အသိုင်းအဝိုင်းများ၏ အဆိုအရ ၂၀၁၀ ရွေးကောက်ပွဲအပြီး ထွက်ပေါ် လာမည့် ဆီးနိတ်နှင့် အထက်လွှတ်တော်ရှိ တပ်မတော် ကိုယ်စားလှယ်များက အသက် ၆၂ နှစ်ရှိ ဗိုလ်ချုပ်ကြီးရွှေမန်းအား သမ္မတအဖြစ် ရွေးချယ်ရန် အမည်စာရင်း တင်သွင်းကြမည် ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ စစ်တပ်သည် ကျေးရွာ၊ မြို့နယ်၊ တိုင်း၊ ဒေသကြီးများ အဆင့်ဆင့်တွင် ၂၅ %သော နေရာကို ရရှိမည် ဖြစ်ပါသည်။

သမ္မတနေရာအတွက် သုံးဦး အမည်စာရင်း တင်သွင်းရမည် ဖြစ်ရာ၊ အမျိုးသားလွှတ်တော် (Nationalities Parliament or Senate) မှ တစ်ဦး၊ ပြည်သူ့လွှတ်တော်(People's Assembly or House) အဖွဲ့ဝင်ထဲမှ တစ်ဦးနှင့် လွှတ်တော် ၂ ရပ်မှ တပ်မတော် ကိုယ်စားလှယ်တစ်ဦး၊ စုစုပေါင်း ၃ ဦး တင်သွင်းရမည် ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီးရွှေမန်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်းတပည့်ဖြစ်ပြီး ၎င်းသည် ရိုးသားပြီး၊ အမိန့် နာခံတတ်သူတစ်ဦး ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စများတွင် ၎င်း၏ ခြေရာလက်ရာများကို မတွေ့ရသေးသဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်၍ ၎င်း၏ အမြင်ကို မှန်းဆ၍ မရနိုင်သေးပေ။

သို့သော် ဗိုလ်ချုပ်ကြီးရွှေမန်းသည် ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပသော တပ်မတော် အရာရှိကြီးများ၏ နိုင်ငံရေးနှင့် လုံခြုံရေးရာ ပုံမှန် အစည်းအဝေးများတွင် ပိုမို ကိုင်တွယ်လာသည်ကို တွေ့ရပါသည်။ နောင်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ရွေးကောက်ပွဲပြီးလျှင် နောက်ကွယ်မှ ကြိုးကိုင်နေဦးမည့် လက္ခဏာ ရှိပါသည်။

ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် သူ၏ အမျိုးသမီးတို့သည် ဗိုလ်ချုပ်မှူးကြီး၏ မိသားစုနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုများ ရှိပြီး၊ စင်္ကာပူသို့ အတူတကွ ဈေးဝယ် ထွက်လေ့ရှိသည်ဟု သိရပါသည်။

မကြာသေးမီက ဗိုလ်ချုပ်ကြီးရွှေမန်း၏ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက မြောက်ကိုရီးယား ခရီးစဉ်သည် သတင်း စာမျက်နှာများပေါ်တွင် နေရာယူခဲ့ပါသည်။

အခြေခံဥပဒေအရ ဖြစ်ပေါ်လာမည့် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကော်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည် ဖြစ်သည်။ တိုင်းပြည်ကို အခြေခံဥပဒေ ရပ်ဆိုင်းပြီး အရေးပေါ် အခြေအနေ ကြေညာနိုင်သည့် အခွင့်အာဏာလည်း ရှိပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဒုတိယ သမ္မတနှစ်ဦးအနက် အခြားတစ်ဦးမှာ ဗိုလ်ချုပ်ဌေးဦး ဖြစ်ပါသည်။ ၎င်းသည် လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဖြစ်ပြီး၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ၏ အဓိက ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။

ဗိုလ်ချုပ်ဌေးဦးသည် မကြာသေးမီက ဂျပန်သို့ သွားရောက်ခဲ့ပြီး၊ စစ်တပ်မှ လာသော သတင်းများ အဆိုအရ ၎င်းသည် တပ်မတော် အရာရှိတစ်ဦးထက် နိုင်ငံရေးသမားတစ်ဦး၏ အရည်အသွေးများ ရှိသူ တစ်ဦး ဖြစ်ကြောင်း ဆိုပါသည်။

အခြား ဒုတိယသမ္မတတစ်ဦးမှာမူ တိုင်းရင်းသားလူမျိုးတစ်ဦး ဖြစ်မည် ဖြစ်ပါသည်။

ယခင်က မြန်မာနိုင်ငံ၏ ဖဆပလခေတ် ပထမဆုံး သမ္မတနှင့် ဒုတိယအကြိမ် သမ္မတတို့မှာ ရှမ်း လူမျိုးနှင့် ကရင်လူမျိုးများ ဖြစ်ခဲ့ပါသည်။

လေ့လာသူများက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မည်သူဖြစ်လာမည်လဲ ဆိုသည်ကို စဉ်းစားလျက် ရှိကြပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခုအချိန်အထိ စစ်တပ်တွင် အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်နေပြီး၊ ထိုနေရာကို ဆက်ခံမည့်သူမှာ သူ၏ အယုံကြည်ရဆုံး မဟာမိတ်တစ်ဦး ဖြစ်ရလိမ့်မည် ဖြစ်ပါသည်။

ထိုနေရာနှင့် သင့်တော်သူများမှာလည်း အများအပြား ရှိနေပါသည်။ ၎င်းတို့မှာ ဗိုလ်ချုပ်လှဌေးဝင်း၊ ဒုဗိုလ်ချုပ်ကြီးကိုကို၊ ဗိုလ်ချုပ်တင်ငွေ၊ ဗိုလ်ချုပ်ကျော်ဆွေတို့ ဖြစ်ပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ရော ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး နှင့်ပါ ရင်းနှီးသူများ ဖြစ်ကြပါသည်။

ဗိုလ်ချုပ်တင်ငွေသည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဖြစ်ပြီး၊ ဦးစီးချုပ်နေရာအတွက် လေ့လာသူများကြားတွင် တစ်ပြေးနေသူ ဖြစ်ပါသည်။ ၎င်းသည် ပြီးခဲ့သည့် ဗိုလ်ချုပ်မှူးကြီး၏ သီရိလင်္ကာခရီးစဉ်တွင် လိုက်ပါသွားသူ ဖြစ်ပါသည်။

ဗိုလ်ချုပ်တင်ငွေသည် ညောင်ဦးတွင် မွေးဖွားသူတစ်ဦး ဖြစ်ပြီး ဗိုလ်ချုပ်ကျော်ဆွေနှင့်အတူ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ သို့ တက်ရောက်ခဲ့သူ ဖြစ်ပြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် စစ်ဦးစီးမှူး ပထမတန်း တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးရွှေမန်းကို သစ္စာခံသူဟု အများက သိကြပါသည်။

အခြေခံဥပဒေအသစ်အရ၊ ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ် ရေးရာများနှင့် ပြည်ထဲရေးကိစ္စများကို ကိုင်တွယ်ရမည်ဖြစ်ပြီး၊ ကျယ်ပြန့်သော အုပ်ချုပ်မှု အာဏာ ရှိမည် ဖြစ်ပါသည်။

လေ့လာသူများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်း တပည့်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည့်သူအဖြစ် တစ်ပေးကြပါသည်။ ၎င်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၅ သို့ ၁၉၇၁ ခုနှစ်က တက်ရောက်ခဲ့သူ ဖြစ်ပြီး လက်ရှိ စစ်ဆင်ရေး အထူးအဖွဲ့ ၅ ၏ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်ပါသည်။ ၎င်းသည် ခလရ (၁၁) တွင် တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး၊ ရန်ကုန်တိုင်း တိုင်းမှူး၊ ရန်ကုန်၏ လုံခြုံရေး ကိုင်တွယ်သူတို့ ဖြစ်ခဲ့ပါသည်။

အထက်ပါ အစီအစဉ်များသည် ၂၀၁၀ ရွေးကောက်ပွဲဖြင့် ဗိုလ်ချုပ်မှူးကြီး၏ ငြိမ်းချမ်းစွာ အနားယူရေး အစီအစဉ်များ ဖြစ်လိမ့်မည်ဟု ယူဆရပြီး၊ ချောမောစွာ အကောင်အထည် ဖော်နိုင်ခဲ့လျှင် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ၎င်း၏ရှေ့မှ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ်ခင်ညွှန့်တို့၏ ကံကြမ္မာမျိုးကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

လေ့လာသူများက ဗိုလ်ချုပ်မှူးကြီးသည် သူနှင့် သူ့မိသားစုအတွက် လုံခြုံသော ထွက်ပေါက် မဟာဗျူဟာဖြစ်သော ၂၀၁၀ ရွေးကောက်ပွဲကို သေချာအောင် စီမံလိမ့်မည်ဟု ယူဆရသည်ဟု ဆိုပါသည်။ ၎င်း၏ အစီအစဉ်အရ မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့တွင် သူ၏ စိတ်ချရသူများကို ထားရစ်ခဲ့မည် ဆိုခြင်းကြောင့် တိုင်းပြည်ကို စစ်တပ်ကပင် ဆက်၍ အုပ်ချုပ်လိမ့်ဦးမည်ဟု အဓိပ္ပါယ် ကောက်နိုင်ပေသည်။

(ရေးသားသူ အောင်ဇော်သည် ဧရာဝတီမဂ္ဂဇင်း တည်ထောင်သူနှင့် အယ်ဒီတာဖြစ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment